Saturday 18 May 2013

မိနဲ့  ဖနဲ့  မောင်နဲ့ နှမ နဲ့  အတူမနေရတဲ့ အခါ မိသားစုဟာ အလွမ်းဇာတ်ဖြစ်လာ

  မိနဲ့  ဖနဲ့  မောင်နဲ့ နှမ နဲ့  အတူမနေရတဲ့ အခါ  မိသားစုဟာ အလွမ်းဇာတ်ဖြစ်လာ                                                                                                                                   
     (၁)

မောင်လေးလား
အဖေက အရေးကြီးလို့ တဲ့  ဖုန်းဆက်ပါဦးတဲ့
အခု..နိုင်ငံခြားကဒ် ထည့်ထားတာ
အေး..အေး...အခုပဲဆက်လိုက်မယ်၊ ဖုန်းချလိုက် ဖုန်းချလိုက်..အမ ။


   (၂)

တူ.....တူ.......တူ.............၊
ဟယ်လို..
ဟယ်လို..ဟုတ်..အဖေလား..ကျွန်တော်ပါ..ဟုတ်
အေးကွ..လူလေး..၊ မင်းအသံက အက်အက်ကြီး ဖြစ်နေပါလား
အခုမှ အိပ်ယာထတာအဖေ ..အဲဒါကြောင့်
(မိုးက ဖွဲဖွဲလေးကျနေ..ညနေ)
အေး..မင်းညီမလေး..အခု ပြန်ခေါ်မလို့ ၊ သူကလည်း ပြန်လာချင်ပြီတဲ့
(ကျွန်တော့် ညီမလေးက နယ်စပ်မြို့ တစ်မြို့  မှာ အိမ်ဖော်)
ဗျာ..အော်..ကောင်းတာပေါ့အဖေ ၊ ပြန်ခေါ်လိုက်လေ
ပြန်ခေါ်တာကဟုတ်တယ်ကွ၊ သူ့ အတွက် ကြိုယူထားတဲ့ ပိုက်ဆံ
ဟာ..
(အာမေဋိတ်သံ)
ဟိုတစ်ခါ ကျွန်တော်ပို့ ပေးတာ၊ အဲဒါ ညီမလေး ပြန်ခေါ်ဖို့ လေ အဖေ
(အဖေ့ဘက်မှ အသံ  ခဏတိတ်သွား)
အဲ..အဲဒီ ပိုက်ဆံက ယာကွက်ပြန်ရွေးလိုက်ရလို့ 
အဖေရယ်..ညီမလေးပြန်ခေါ်ဖို့ ထက်
ယာကွက်ပြန်ရွေးဖို့ က အရေးကြီးလို့ လား
လူကို အဲဒီလို ကြိုငွေယူပြီးထားတာ မကောင်းဘူး အဖေ
ကျွန်တော် တကယ်စိတ်မကောင်းဘူး
အေးပါကွာ ၊ မင်းအစဉ်မပြေလည်း မပို့ ပါနဲ့ 
အာ..အဖေ..၊ ကျွန်တော် အစဉ်ပြေအောင်လုပ်တာက လွယ်ပါတယ်
အဆင်ပြေချင်ရင် ကျွန်တော် ဒီမှာ ဆက်နေလိုက်ရုံပဲ
ကျွန်တော် နောက်နှစ်လပြီးရင် ပြန်လာတော့မလို့ အဖေ ၊ အခုတော့..
အော်..အေး ၊ ပြန်ခဲ့လေကွာ.. မင်းအမေနဲ့ စကားပြောဦးမလား
ရတယ်အဖေ ၊ အဖေနဲ့ ပဲ ဆက်ပြောမယ်
(ကျွန်တော် ငြင်းလိုက်တော့ အဖေ့အနားမှာ ရှိနေတဲ့ အမေစိတ်မကောင်းဖြစ်မှာ တွေးမိ)
အဖေရယ်..
ညီမလေးကို အဲဒီလိုထားတာ ကျွန်တော် တကယ်စိတ်မကောင်းဘူး
အဖေလည်း မထားချင်ပါဘူး၊ သူက ပျော်တယ် ဆိုလို့ 
အခုမှ မပျော်တော့ဘူး ဖြစ်သွားတာ
အဖေ..အဖေ ကျွန်တော် ပြောမယ်..၊ နော်
ပျော်တာ မပျော်တာထက်.. အဖေ
ကြိုငွေယူထားတာပဲ
ညီမလေးပြန်ခေါ်မယ်ဆိုပြီး ပို့ ပေးထားတဲ့ ပိုက်ဆံ
အဲဒါပါ..အဲဒါ စိတ်မကောင်း ဖြစ်တာ
အော်...အေး..အဲဒါ ထားလိုက်ပါကွာ ၊ မင်းမလည်ရင် မပို့ ပါနဲ့ 
ဟော..အဖေက လုပ်ပြီ
လည်တာမလည်တာက ကျွန်တော် ဒီမှာ ဆက်နေ၊ မနေ အပေါ်မှာ မူတည်တယ်အဖေ
အခု..ပါမစ်ကလည်းမရ ၊ ဆက်နေရင်လည်း အဖမ်းအဆီးတွေကများ...
မင်း...လူလေး...မင်း..စာအုပ်ပြန်လုပ်ထားတယ်ဆို
ဟုတ်တယ် အဖေ၊ စာအုပ်ပြန်လုပ်ထားတယ်
ဒါပေမဲ့ ..၊ သူဌေးက ငွေတွေ ဖြတ်ထားပြီး စာအုပ်လက်ထဲမရောက်သေးဘူး
လိမ်တာလိုလို ၊ သံရုံးကပဲ ပါမစ် ချမပေးတာလိုလို ဖြစ်နေတယ်
ဒါဆို..၊ မင်း..လူလေး..အပေါ်လမ်းကရော ပြန်လာလို့ ရပါ့မလား
အဲဒါ..အဲဒါ  မသေချာဘူး အဖေ
ပြန်လာမယ်ဆိုရင်တော့ ဘယ်ကဖြစ်ဖြစ် ပြန်လာရမှာပဲ
အောက်လမ်းက အသေအပျောက်များတယ်ဆို ၊ ဟုတ်လား
အဲဒါ ကံတရားပဲ အဖေ ၊အဲဒါ ကံတရားပဲ
မင်း.. ၊ ပြန်လာခဲ့ပါကွာ၊ ဆက်နေရင်လည်း အန္တရာယ် ဖြစ်မှာ စိုးတယ်
အန္တရာယ်တော့  အန္တရာယ် ပေါ့ အဖေ
အန္တရာယ်နဲ့  နေလာခဲ့တာပဲ သုံးနှစ်ကျော်နေပြီ မဟုတ်လား
ပြန်ခဲ့ပါ လူလေးရာ....
(ကျွန်တော့် မျက်လုံးများက မဆီမဆိုင် မိုးပေါက်တွေကို လက်နဲ့ ထိုးခံမိ)
အဲ..အေး..အဲဒါဆို ဖုန်းချလိုက်မယ်နော် လူလေး
နေဦးအဖေ.. နေပါဦး ၊ ကျွန်တော်ပြောဦးမယ်
အဖေ ပြောတဲ့ပိုက်ဆံ ပို့ ပေးပါ့မယ်
ဒါပေမဲ့ ကျွန်တော့်ကို အချိန်တော့ ပေးပါ အဖေ
(အဖေ့ဘက်က အင်းမလုပ် အဲမလုပ်၊ တိတ်ဆိတ်ငြိမ်သက်သွား)
မင်းညီမလေးဆီ ဖုန်းဆက်ကြည့်သေးလား
(အဖေ စကားလမ်းကြောင်းပြောင်းသွား)
ဆက်လို့ မရဘူး  အဖေ
ဖုန်းဆက်လိုက်တိုင်း ..မရှိဘူး  .. မသိဘူး..ပဲ ပြောတယ်
အေးကွာ..၊ အဖေလည်း မထားချင်ပါဘူး ..ဒါပေမဲ့
ဟုတ်..ဟုတ်တယ် အဖေ ၊ မထားနဲ့ 
ပြန်ခေါ်လိုက်နော် အဖေ..ကျွန်တော်
ကျွန်တော် အဖေပြောတဲ့ ပိုက်ဆံ ပြည့်ရင် ပို့ ပေးလိုက်ပါ့မယ်
သြော်...အေး.. အဲဒါဆို  ..မင်း
မင်း ပြန်လာမဲ့ ရက်က
ဟုတ်..ဟုတ် အဖေ.. ကျွန်တော်
ကျွန်တော် ပြန်လာမဲ့ ရက်က..အင်း..အဲ
ကျွန်တော် ပြန်လာမှာပါ
ကျွန်တော် ပြန်လာမှာပါ
လောကဓံနဲ့ အဆင်ပြေတဲ့ အခါ
ကျွန်တော် အပြီးပြန်လာမှာပါ..အဖေ
ဒါပဲနော်..အဖေ
အားလုံး ကျန်းမာ ကြပါစေ  ။   ။


                                                 လူခါး                                                                     

No comments: