Saturday, 20 June 2026

စာအုပ်ဒီဇိုင်း

 













ဧရာဝတီမြစ်ကြီးသိပါသည်အတွက် ကျေးဇူးစကား



ကျွန်တော်၏ အသက် ခုနစ်နှစ်အရွယ်ခန့်တွင် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်းရှိ လမုတန်းဆိုသည့်ကလေးသို့ ဘဘုန်းနှင့်အတူ လိုက်ပါနေထိုင်ခွင့် ရခဲ့ပါသည်။ ရွာကလေး၏ ထိပ်တွင် အရှေ့နှင့်အနောက်စီးနေသော ကြည်လင်စိမ်းမြလှပသည့် ဧရာဝတီမြစ်ကြီး ရှိနေပြီး ရွာ၏အလယ်တွင် တစ်ရွာလုံး အားကိုးအားထားပြုကြရသော ချောင်းကြီးတစ်ချောင်းက တောင်နှင့်မြောက် စီးလျက်ရှိနေပါသည်။


လမုတန်းရွာကလေးသည် ဆန်စပါး၊ အသားငါးကအစ သောက်ရေ၊ သုံးရေအထိ ကျွန်တော်၏ ချက်မြှုပ်ဇာတိဖြစ်သော မကွေးတိုင်းထဲတွင် ရှိသည့် အညာရွာကလေးထက် အဆပေါင်းများစွာ သာယာစိုပြည်သည့် နေချင့်စဖွယ်ရွာ ကလေးတစ်ရွာ ဖြစ်ပါသည်။


ကျွန်တော်သည် ထိုရွာကလေးရှိ မူလတန်းကျောင်းကလေးတွင် ပညာရည်နို့ သောက်စို့ခဲ့ရပါသည်။ ထိုရွာသူ ရွာသားများက ကျွေးသော ထမင်း၊ ဟင်းများကို စားခဲ့ရ ပါသည်။ ထိုရွာသူ ရွာသားများ ခင်းသော လမ်းမထက်၌ ခလုတ်မထိဆူးမငြိ လျှောက်ခဲ့ရ ပါသည်။ ထိုရွာသူ ရွာသားများနည်းတူ ဧရာဝတီမြစ်ရေကို အတူတကွ သောက်သုံး ကူးခပ်ခွင့်ရခဲ့ပါသည်။ ထိုရွာသူ ရွာသားများအားလုံးမှာ ကျွန်တော်၏ ထမင်းရှင်များ ဖြစ်ခဲ့ကြပါသည်။


ကျွန်တော်၏ ထမင်းရှင်များအတွက် ကျွန်တော် ငယ်စဉ်က ပြန်ပေးခဲ့ရသည်မှာ “ဆွမ်းတော်ဗျိုး…” ဆိုသည့် အော်သံကလေးတစ်ခုမျှသာ ဖြစ်ပါသည်။ ကျွန်တော်သည် “ဆွမ်းတော်ဗျိုး…” ဟု အော်ရင်း လမုတန်းရွာကလေး၏ အရိပ်အောက်၌ လေးနှစ်လေးမိုး ခိုခွင့်ရခဲ့ပါသည်။


အတူစားခဲ့ကြဖူးသော၊ အတူသွားခဲ့ကြဖူးသော ကျွန်တော်နှင့် ရွယ်တူများကအစ၊ ကျွန်တော့်အောက် ငယ်သူများအပါ၊ ကျွန်တော့်အား အမြဲတစေ စောင့်ရှောက်ခဲ့ကြသော ကျွန်တော့်ထက် ကြီးသူများ အားလုံးဆီသို့ ကျွန်တော့်အနေဖြင့် တစ်နေ့တော့ အရောက် ပြန်ပြီး ပြေးတွေ့လိုက်မည်ဟု စိတ်ကူးထားခဲ့ပါသည်။


သို့သော် ထိုစိတ်ကူးသည် ဆယ်စုနှစ် နှစ်စု ကျော်သည်အထိ ဖြစ်မလာနိုင်ခဲ့ သေးပါ။ နောက်လည်း ဖြစ်လာမည်လားဟု ကျွန်တော် သေချာမသိပါ။ လူဆိုသည်မှာ ကွေးသော လက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဟု ရှေးပညာရှိကြီးများက ဆိုခဲ့ကြသည် မဟုတ်လား။


သို့နှင့်ပင် ယခုစာအုပ်ကလေးကို ကျွန်တော်ရေးဖြစ်ခဲ့ပါသည်။ ယခု စာအုပ်ကလေးကို “သူ၏ထမင်းတစ်နပ်ကို စားဖူးပြီး သူ၏ကျေးဇူးကို သိတတ်သော” ဟု ကျွန်တော်တို့ သိခဲ့၊ သင်ခဲ့ရသည့် သမိုင်းသင်ခန်းစာထဲက ငါးစီးရှင် ကျော်စွာ၏ ကျွန်ယုံဖြစ်သူ ငခင်ညိုက သူ၏ ထမင်းရှင်ဖြစ်သော အသင်္ခရာစောယွန်းအပေါ်၌ ကျေးဇူးသိတတ်သည့် စိတ်၊ စေတနာမျိုးဖြင့် ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။


ကျွန်တော့်အပေါ်၌ တင်ရှိခဲ့ဖူးသော လမုတန်းရွာကလေး၏ ကျေးဇူး အစုစုတို့အား ယခုကဲ့သို့ စာအုပ်ကလေးတစ်အုပ်ဖြင့် သတိတရရေးပြီး ဆပ်ခွင့်ရခဲ့သည့်တိုင် အလုံးစုံ ကျေနိုင်မည်ဟုလည်း အထင်မရောက်ဝံ့ပါ။ လမုတန်းရွာကလေးက ကျွန်တော့်အပေါ်၌ တင်ရှိဖူးခဲ့သော ကျေးဇူးအနန္ဒတို့မှာ ထိုမျှလောက်မက ကျွန်တော့်ရင်၌ စွဲစိုက်၊ ထင်ကျန် ရစ်နေပါသည်။


ထိုကျေးဇူး အစုစုတို့အား အောက်မေ့တမ်းတသောစိတ်ကို ဦးထိပ်ပန်ဆင်လျက် ယခုစာအုပ် ကလေးကို ကျွန်တော်၏ အလွမ်းရင်ထက် မှတ်ကျောက်တင်၍ ရေးခြစ်သီကုံးခဲ့ခြင်း ဖြစ်ပါသည်။ ဤစာအုပ်ကလေး ရေးဖြစ်စေရန်အတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီခဲ့ကြသော ညီမလေး ဖြူစန်း၊ သူငယ်ချင်း စိုးပိုင်နှင့် အစ်ကိုကြီး ကိုအောင်မြင့်ဦးတို့ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။


 


#လူခါး

#ဧရာဝတီမြစ်ကြီးသိပါသည်_စာအုပ်မှ

၂၀၂၆-၀၅-၃၀

လူအိုရုံစောင့်သမ(၄)

(၄)

သင်တန်းကျောင်းအဆောင်ကြီးထဲမှ ကားထွက်လာသည်နှင့် နှင်းဝေတို့ သူငယ်ချင်းအားလုံး၏ စိတ်ထဲတွင် ပေါ့ပါးလန်းဆန်းသွားခဲ့တာကတော့ အမှန်ဖြစ်သည်။ ချိဘမြို့ကလေး၏ မြို့တွင်းလမ်းမထက်တွင် နှင်းဝေတို့ သူငယ်ချင်းငါးယောက်ကို သယ်ဆောင်လာသည့် ကားကြီးသည် တငြိမ့်ငြိမ့်ရွေ့နေ၏။ 

 လမ်းမများသည် နှစ်လမ်းသွား၊ သုံးလမ်းသွားများဖြစ်ကြပြီး အတော်ကျယ်ကြ၏။ လူကူး ကုန်းတံတားကြီးများကိုလည်း နေရာတော်တေတာ်များများတွင် တွေ့ရသည်။ ကားများကြားထဲတွင် ဆိုင်ကယ်များလည်း မောင်းနေကြသည်။ စက်ဘီးများကတော့ လူသွားလမ်းပလက်ဖောင်းပေါ်တွင် စီးနင်းနေကြသည်။ လမ်းလျှောက်နေသသည့် လူရယ်လို့ သိပ်များများစားစား မတွေ့ရပေ။ မီးပွိုင့်များသည် မြန်မာပြည်မှာကဲ့သို့ ဝါ၊စိမ်း၊နီ ပင်ဖြစ်ကြလေသည်။ သို့သော် မီးပွိုင့်မစိမ်းဘဲ လမ်းကူသူတော့ လုံးဝမရှိပေ။ ကားဟွန်းတီးသံမကြားရ၊ ဆူညံအော်ဟစ်နေသံ မကြားရပေ။

 “စျေးဝယ်ဖို့က ဆယ့်ငါးမိနစ်ပဲ အချိန်ရမယ်နော်..၊ ငါလည်း မင်းတို့နဲ့အတူ ဆိုင်ထဲမှာ ရှိနေမှာမို့ နေရာရှာမတွေ့ရင် ငါ့ကို လာမေးကြပါ..”

 စျေးဝယ်ရမည့်ဆိုင်ရှေ့သို့ ရောက်ပြီး ကားရပ်သည်နှင့် ဂျပန်အမျိုးသမီးကြီးက အမိန့်စကားဆန်ဆန်ပြောသည်။ ဆိုင်ကိုကြည့်လိုက်တော့ ဒိုင်စို ဆိုသော စာလုံးကြီးကို ပန်းရောင်ဖြင့်ရေးသားထားသော ဆိုင်ဖြစ်သည်။ ယန်းတစ်ရာဆိုင်ဟုလည်း သိရသည်။ ဘာယူယူ ယန်းတစ်ရာတဲ့။ နှင်းဝေတို့ငါးယောက်သည် ဂျပန်အမျိုးသမီးကြီးအား “ဟိုက်” ဟု ပြောလျက် ယန်းတစ်ရာဆိုင်ထဲသို့ ပြေးဝင်ခဲ့ကြတော့၏။

 ယန်းတစ်ရာဆိုင်ဟု ဆိုသော်လည်း ရှိသမျှ ပစ္စည်းအကုန် ယန်းတစ်ရာ တန်များချည်း မဟုတ်ပေ။ ယန်းတစ်ရာတန်မှသည် ယန်းတစ်ထောင်တန်အထိ ရှိသည်။ များသောအားဖြင့်က ယန်းတစ်ရာတန်တွေ များ၏။ ဖိနပ်၊ထီးကဲ့သို့ လူသုံးကုန်ပစ္စည်းမှ အစ၊ ဆပ်ပြာ၊ရေပုံး၊တစ်သျှူး၊ စက်ဘီးလေထိုးတံ၊ အိုးခွက်ပန်းကန်အထိ တစ်အိမ်လုံး သုံးနိုင်သည့် ပစ္စည်းအထိ စုံစုံလင်လင် ဝယ်နိုင်သည့် ဆိုင်ကြီးဖြစ်သည်။ 

 “ဂျပန်မှာ နာမည်ကြီးတယ်၊ ဒါပေမဲ့ တရုတ်ထုတ်တွေ”

 ရန်ကုန်သင်တန်းကျောင်းတွင် စာသင်ပေးသည့် ဂျပန်ဆရာမလေးက ထိုသို့ ပြောဖူးသည်။

 နှင်းဝေတို့ငါးယောက်သည် စာအုပ်၊ခဲဖျက်၊ခဲတံ၊ဘောပန်၊ပေတံ စသဖြင့် သင်တန်းကျောင်းတွင် သုံးရမည့်အရာများကို ဦးစားပေး ရှာဝယ်ကြရသည်။ လိုအပ်သည့် အရာများကို လွယ်လွယ်ရှာမတွေသဖြင့် လူစုခွဲပြီး ရှာကြရသည်။ တစ်ယောက်က တွေ့လာ၍ ကျန်သူများအား လာခေါ်လျှင် ထိုလာခေါ်သောသူက တွေ့လာခဲ့သော နေရာအား ပြန်မရှာတတ်သဖြင့် စိတ်မော လူမော ဖြစ်ကြရသေးသည်။ 

 “ဆယ့်ငါးမိနစ် ပြည့်တော့မယ်နော်..၊ ဆယ့်ငါးမိနစ်ပြည့်တော့မယ်နော်..”

 အိသူက အကြောက်အလန့်ရှိသူပီပီ နာရီတကြည့်ကြည့်နှင့် အော်တတ်သည်။ နှင်းဝေတို့အဖွဲ့ထဲတွင် အင်ကြင်းမွှေးက အနေအအေးဆုံးနှင့် ဂျပန်စာ(ခန်းဂျိ) အတော်ဆုံးဖြစ်သဖြင့် ဘာဖြစ်ဖြစ် သူ့ကို မေးရသည်။ သူကလည်း စာသာရသော်လည်း ဂျပန် စကားကျတော့ စီစီထက်လောက် မရပေ။

 ဆိုင်က ယန်းတစ်ရာဆိုင်ဟုဆိုသော်လည်း  အတော်ကျယ်သည်။ အုပ်စုထဲမှ လမ်းခွဲ၍ ထွက်သွားသည့် လူတစ်ယောက်ကို အလွယ်တကူ ရှာမတွေ့နိုင်တော့ပေ။ အထူးသဖြင့် နှင်းဝေတို့လို ဂျပန်ရောက်စ လူများအတွက် ဤ ဆိုင်ကြီးက သာ၍ပင် ကျယ်နေသယောင်ထင်ရသည်။ ဘယ်လိုဖြစ်စေ ပေးထားသည့်အချိန် ဆယ့်ငါးမိနစ်ပြည့်သည်နှင့် အားလုံးကားပေါ် ပြန်ရောက်ပြီး ဖြစ်နေကြရသည်။

 ထိုမှတဆင့် ကားမောင်းသည့် ဂျပန်အမျိုးသမီးကြီးက နှင်းဝေတို့အဖွဲ့ကို စားသောက်ကုန်ဆိုင်တစ်ဆိုင်သို့ လိုက်ပို့ပြန်သည်။ ထိုဆိုင်တွင်လည်း ဆယ့်ငါးမိနစ်သာ အချိန်ပေးသဖြင့် တစ်ဖွဲ့လုံး လိုအပ်သည်ကို အပြေးအလွှား ဝယ်ကြရပြန်သည်။ အထူးသဖြင့် ဝယ်ဖြစ်ကြသည်က ရှင်းရာမန်းဟုခေါ်သည့် ခေါက်ဆွဲချဉ်စပ်ထုတ်အနီများသာ ဖြစ်သည်။

 “မြန်မာပါးစပ်နဲ့ကိုက်တယ်..၊ များများဝယ်ခဲ့ကြ”

 စီနီယာအစ်မများက ထိုသို့ပြောရင်း သူတို့အတွက်လည်း ဝယ်ခဲ့ရန် မှာ လိုက်ကြသေးသည်။ ကားမောင်းသည့် အမျိုးသမီးကြီးက "ကိုယ့်အတွက်လိုတာပဲ ဝယ်၊ တခြားသူတွေမှာတာကို မဝယ်နဲ့.." ဟု မှာသေးသော်လည်း ထိုအမျိုးသမီးကြီး မသိအောင် ဝယ်ရသေးသည်။ 

 နှင်းဝေတို့ငါးယောက်သည် ထိုဆိုင်ထဲမှ အထွက်တွင် ကျန်သောအရာများ များများစားစား မပါခဲ့ကြ။ ခေါက်ဆွဲခြောက် နှစ်ထုပ်၊ သုံးထုပ်စီနှင့် အာလူးကြော်ထုပ်များသာ ပါခဲ့ကြသည်။ ဆယ့်ငါးမိနစ်အမီ ကားပေါ် ပြန်ရောက်ကြရသည်။ 

 ဒိုင်စို၏ ကားများရပ်နားရန် ပြုလုပ်ထားသည့်ပါကင်ကြီးကလည်း ကျယ်သည်။ ကားများကလည်း ပါကင်နှင့်အပြည့်။ အရောင်အသွေးစုံလှသည်။ ဂျပန်မဟုတ်သော အခြားလူမျိုးများကိုလည်း ကားများနှင့်တွေ့ရသည်။ ကားများကို နေရာချပေးနေသော လမ်းပြအဘိုးကြီးတစ်ယောက်က အနီရောင် အလံကလေးကို ဝှေ့ယမ်းနေပြီး ဝီစီကို မှုတ်နေသဖြင့် တဝီဝီအသံကို ကြားနေရသည်။ နေကတော့ ပူနေတုန်းပင်။ မြင်မြင်တကာ ဆိုင်များတွင် ခန်းဂျိများဖြင့် ရေးထားသော ဆိုင်းဘုတ်များသာ ပြည့်နေ၏။ "ဂျပန်စာ မဖတတ်တတ်ရင် အကန်းလိုပဲ ..” ဆိုသည့် သင်တန်းဆရာ၏ စကားကို နှင်းဝေ ပြန်ကြားမိသည်။

 အပြန်လမ်းတွင်တော့ ကားမောင်းသည့် ဂျပန်အမျိုးသမီးကြီးက နှင်းဝေတို့အဖွဲ့ကို စကားများစပြောသည်။ တစ်ယောက်ချင်းစီကို နာမည်များမေးသည်။

  “ရည်းစားရှိကြလား.." 

 နာမည်များကို မေးပြီးတော့ မေးခွန်းတစ်ခုမေးလိုက်သဖြင့် အားလုံး မင်တက်မိသွားကြသည်။ 

 “ရည်းစား ရှိကြလားလို့ မေးတာပါ”

 ဂျပန်အမျိုးသမီးကြီးက ခပ်ဟဟရယ်ရင်း ထပ်မေးပြန်သည်။

 “မရှိဘူး၊ မရှိဘူး ..” နှင့် တစ်ယောက်တစ်ခွန်း ဖြေလိုက်တော့ တဟားဟား နှင့် အသံထွက်အောင်ပင် ရယ်သည်။ထို့နောက် မေးခွန်းတစ်ခု ထပ်မေးပြန်သည်။  

 “မြန်မာနိုင်ငံမှာ မိန်းကလေးက စပြီး ရည်းစားစကား ပြောလို့ရလား”

 “ဟင်”

 ထိုမေးခွန်းကိုကြားတော့ အားလုံးက “ဟင်” ဟု အသံထွက်မိကြသည်။နှင်းဝေထိုင်နေရာဘက်သို့ လှည့်ပြီး ထပ်မေးသဖြင့် ​နှင်းဝေကပင် "မရပါဘူး” ဟု ခပ်မြန်မြန် ဖြေလိုက်ရသည်။

 “မို့တိုင်းနိုင်း” 

 “နှမျောစရာကြီး”ဟု သူ့ဘာသူ ပြောပြီး ဂျပန်အမျိုးသမီးကြီးက အသံကျယ်ကျယ်ဖြင့် ရယ်ပြန်သည်။ သူနှင့်အတူ နှင်းဝေတို့ငါးယောက်လည်း လိုက်ရယ်မိကြသည်။ သို့သော် ရယ်သံများမှာ တစ်ခဏသာပဲဖြစ်သည်။ မကြာမီ သင်တန်းကျောင်းသို့ ပြန်ရောက်ကြရတော့မည်ဆိုသည့် အတွေးများဖြင့် ငါးယောက်စလုံး မောမိကြပြန်သည်။

 အိပ်ခန်းနှင့် ရေချိုးခန်းမှအပ နေရာတိုင်းတွင် cctv များတပ်ထားသော သင်တန်းကျောင်းကြီးသည် နှင်းဝေတို့ ငါးယောက်အတွက် တကယ်ပင် ငရဲခန်းကြီး မဟုတ်လား။ ငရဲတစ်လဆိုသည်ကလည်း ယနေ့မှ စခဲ့တာ မဟုတ်လား  ။ မနက်ဖြန် ဘာဖြစ်ဦးမလဲ ဘယ်သူမှမသိ။ ကားကြီးကတော့ သင်တန်း​ကျောင်းကြီးရှိရာဆီသို့ တငြိမ့်ငြိမ့် ပြန်နေလေ၏။ 


 #လူခါး


အခန်း(၅) ဆက်ရန်

ကူးယူဖော်ပြခြင်း မပြုပါရန်

လူအိုရုံစောင့်သမ(၃)

(၃)


 နံနက် လေး နာရီထိုးသည်နှင့် သင်တန်းကျောင်းကြီး၏ ပတ်ဝန်းကျင်က စတင်လည်ပတ်လာတော့သည်။ ထမင်းချက်တာဝန်ကျသူများ၊ သန့်ရှင်းရေးတာဝန်ကျသူများက သူတို့တာဝန်ကျရာ အလုပ်များကို စတင်၍ လုပ်ကိုင်နေကြပေပြီ။ နှင်းဝေတို့ သူငယ်ချင်းငါးယောက်ကတော့ မည်သည့်တာဝန်မှ မယူရသေးပေ။ သည်ကနေ့တွင် လိုအပ်သည့် ဝေယျာ ဝစ္စများဝယ်ယူရန် နှင်းဝေတို့အဖွဲ့ကို ပြင်ပသို့ စျေးဝယ်လိုက်ပို့မည်ဖြစ်သည်။ 

 “ရေချိုးကြတော့လေ..၊နောက်ကျနေရင် မချိုးလိုက်ရဘဲနေမယ်”

 နှင်းဝေနှင့် ကုတင်းချင်းကပ်လျက်နေသည့် စီနီယာအစ်မတစ်ယောက်က လှမ်းအော်၍ သတိပေးသဖြင့် ရေချိုးခန်းဆီသို့ အပြေးတစ်ပိုင်း လာခဲ့ကြရသည်။ သို့သော် နောက်ကျသွားခဲ့ပြီ။ ရေချိုးခန်းရှေ့တွင်  လူပေါင်းနှစ်ဆယ်ခန့် တန်းစီနေကြသည်။ တစ်ယောက်ခန်းရှေ့တွင်ကား တန်းစီနေသူက ပို၍ပင် များသေး၏။

 နှင်းဝေတို့အဖွဲ့မှာ လူအုပ်နှင့်အတူ အတင်းတိုး၍ တန်းစီလိုက်ကြသော်လည်း တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြသည်။ ရှေ့မှ တန်းစီနေကြသူများက ရေချိုးခန်းကြီးထဲသို့ သုံးယောက်တစ်တွဲ၊ လေးယောက်တစ်တွဲ ဝင်သွားနေကြသည်။ ခက်ပြီ။ အထဲမှာ ဘယ်လိုချိုးပါလိမ့်ဟု တွေးရင်း နှင်းဝေ နောက်ကို လှည့်ကြည့်တော့ အင်ကြင်းမွှေးက နှင်းဝေ၏နောက်မှာ ကပ်ရပ်ပါလာသည်ကို မြင်ရသည်။

 “ဝင်ကြလေ..၊ ဝင်ကြ..”

 ဂျပန်လို မပီကလာ ပီကလာဖြင့် အော်လိုက်သော ဗီယက်နမ်အသံတစ်သံက ခပ်ကျယ်ကျယ် ခပ်စူးစူးထွက်လာသဖြင့် လန့်ဖျတ်ပြီး နှင်းဝေရော၊ အင်းကြင်းမွှေးပါ ရေချိုးခန်းထဲသို့ ကမန်းကတန်း တိုးဝင်မိကြသည်။ ရေချိုးခန်းတံခါးကို ပိတ်သံကြားရပြီး အထဲကို မျက်လုံးဝေ့လိုက်တော့ အထဲမှာ နှင်းဝေရယ်၊ အင်ကြင်းမွှေးရယ်၊ ဗီယက်နမ်အမျိုးသမီးနှစ်ယောက်ရယ်၊ လူက စုစုပေါင်း လေးယောက်ဖြစ်နေမှန်း သိလိုက်ရသည်။

 “ဟာရခု...ဟာရခု..”

 ရေချိုးခန်းတံခါးကို ဆွဲပိတ်လိုက်သည့် အသက်နှစ်ဆယ်ငါးနှစ်ခန့်ရှိမည်ထင်၇သည့်  ခပ်ချောချော ဗီယက်နမ်အမျိုးသမီးလေးက “မြန်မြန်လုပ်..၊ မြန်မြန်လုပ်”ဟု ဆိုကာ ပြောပြောဆိုဆို သူ့ကိုယ်ပေါ်၌ ခြံထားသော တဘက်အဝါကြီးကို ဖယ်လိုက်ပြီး ခါးအောက်ပိုင်းတွင် ပတ်ထားသည့် တဘတ်ကြီးကိုလည်း ခွာချလိုက်သည်။

 “ဟယ်..”

 “အမလေး”

 နှင်းဝေနှင့် အင်ကြင်းမွှေးက မျက်လုံးများကို ချက်ချင်းလွှဲကာ အာမေဍိတ်သံများဖြင့် အော်မိကြသည်။ 

 “နနိ”

 နောက်ထပ် ရှိနေသည့် ဗီယက်နမ်အမျိုးသမီးလေးက “ဘာဖြစ်ကြတာလဲ” ဟု အသံစူးစူးဖြင့်အော်ကာ သူလည်း တစ်ကိုယ်လုံး ဗလာထီးတည်းကြီး ဖြစ်သွားတော့၏။ နှင်းဝေနှင့် အင်ကြင်းမွှေးတို့မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ပင်မကြည့်ရဲကြပေ။ မျက်လုံးများကို ရေချိုးခန်း၏ ကြမ်းပြင်ပေါ်သို့ ပို့လွှတ်ထားလိုက်မိကြသည်။

 ရေချိုးခန်းထဲတွင် ရေပန်းနှစ်ခုမှ ရေများ တဖျောဖျော ကျနေသံနှင့်အတူ ဆပ်ပြာတိုက်သံ၊ ဗီယက်နမ်အမျိုးသမီးအချင်းချင်း စကားပြောသံများက တစ်ခဏအတွင်း ပွက်လောရိုက်သွားသည်။

 “ဘာလုပ်နေကြတာလဲ..ရေချိုးလေ..၊ အပြင်မှာ နောက်လူတွေစောင့်နေကြတယ်.."

 ဗီယက်နမ်အမျိုးသမီး နှစ်ယောက်သည် ရေလည်းချိုးနေရင်း နှင်းဝေနှင့် အင်ကြင်းမွှေးကို အော်ပြောသည်။ ထို့နောက် သူတို့ပါလာသော အဝတ်အစားအချို့ကို ရေချိုးခန်းထဲတွင်ပင် တဗြန်းဗြန်းနှင့် လျှော်တော့၏။ သူတို့၏ အသားများမှာဖြူပြီး ကိုယ်လုံးကိုယ်ပေါက်များမှာလည်း လှကြသဖြင့် ကြည့်ပျော် ရှုပျော်ရှိသည်။

 နှင်းဝေလည်း မတတ်နိုင်တော့။ လုံချည်ကို ရင်ရှားကာ ထိုအတိုင်းပင် ရေချိုးလိုက်သည်။ နှင်းဝေလုပ်သည်ကို ကြည့်ပြီး အင်ကြင်မွှေးကလည်း နှင်းဝေကဲ့သို့ပင် ချိုးသည်။ ဆပ်ပြာတိုက်မိသည်လား မတိုက်မိဘူးလားပင် မသိကြတော့ ။ ရေပန်းကိုတစ်လှည့် ရေဘဲလ်ကို တစ်လှည့် လုယက်လှည့်ကြရင်းနှင့်ပင် ရေချိုးခြင်း အမှုကြီး ပြီးသွားကြတော့သည်။ နှင်းဝေ ရေချိုးခန်း၏ အပြင်ရောက်တော့ လူက ရှက်စိတ်ကြောင့် မွှန်ထူနေသည်။ အင်ကြင်းမွှေးသည် လည်း မျက်နှာကြီးနီရဲကာ တဆတ်ဆတ် တုန်နေသည်။

 “အဝတ်တွေ အပေါ်ထပ်က လသာဆောင်မှာ သွားလှန်းကြနော်”

 နှင်းဝေနှင့် အင်ကြင်မွှေးတို့ကို လူအသစ်များမှန်းသိသည့် စီနီယာ အစ်မတစ်ယောက် အပေါ်သို့ လက်ညှိုးထိုးပြရင်း ပြောသည်။ 

 “ဟုတ်ကဲ့..အမရေ..ကျေးဇူးပါ”

 နှင်းဝေနှင့် အင်ကြင်းမွှေးလည်း ဗီယက်နမ်အမျိုးသမီးနှစ်ယောက် တက်သွားသော အပေါ်ထပ်ဆီသို့ တက်လိုက်သွားရသည်။ ဗီယက်နမ်အမျိုးသမီးလေးများသည် နေ့စဉ်ပြုနေကျ ကိစ္စကို ပြုနေသည့်အလား ပကတိ ငြိမ်သက်၍သာ လှုပ်ရှားနေကြသည်။ တဘက်စများလွတ်နေသော သူတို့၏ အသားဖြူဖြူများပေါ်တွင် ရေစက်ရေပေါက်များက ပိန်းကြာရွက်ပေါ်တွင် တင်နေသည့် ရေစင်များကဲ့သို့ သီးလျက်ရှိသည်။

 “ဗီယက်နမ်မတွေ မရှက်ဘူးလား မသိဘူးတော့”

 လသာဆောင်သို့ တက်နေရာမှပင် အင်ကြင်းမွှေးက နှင်းဝေကို အညာသံတိုးတိုးဖြင့် မေးလာသည်။ 

 “အေးဟာ...ငါဖြင့်”

 နှင်းဝေ ဆက်မပြောရဲတော့။ သူတို့အားလုံး လသာဆောင်သို့ ရောက်လာကြသည်။ လသာဆောင်မှာ သင်တန်းကျောင်းကြီး၏ အပေါ်ဆုံးအထပ်တွင် ရှိသည်။ တစ်ထပ်လုံးမှာ လဟာပြင်ကြီးဖြစ်သည်။ အဝတ်တန်းများတွင် အရောင်စုံအဝတ်များကို ဘေထုပ်ဆိုင်နှင့် မှားလောက်အောင်ပင် တန်းစီး၍ လှန်းထားသည်ကို တွေ့ရသည်။ အဝတ်လှန်းနေရင်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ပတ်ဝန်းကျင်တွင် အိမ်ဟူ၍ တစ်အိမ်မျှ မေတွ့ရပေ။ သစ်ပင်ကြီးများ၊ လယ်ကွင်းများနှင့် ခြံဝင်းအလွတ်ကြီးများကိုသာ တွေ့ရသည်။ ဪ..တကယ့်ထောင်ပါလားဟု နှင်းဝေ တွေးလိုက်မိသည်။ ကားအစောင်းများကို ထပ်ထားသည့် ခြံကြီးကလည်း တိတ်ဆိတ်လို့။

 “မိဝေရေ..ရွာတောင် လွယ်းသွားတယ်တော့”

 အင်ကြင်းမွှေးကလည်း နှင်းဝေကဲ့သို့ပင် ပတ်ဝန်းကျင်ကိုကြည့်ရင်း မှတ်ချက်ချသည်။ နှင်းဝေနှင့် အင်ကြင်မွှေးနှင့် အိပ်ခန်းထဲပြန်ရောက်တော့ စီစီထက်၊ အိသူနှင့် ချိုမာတို့ သုံးယောက်က ရေချိုးနေရာမှ ပြန်ရောက်နှင့်နေကြပြီ။ သူတို့သည် အဝတ်စိုများကို လသာဆောင်သို့ တက်လာ၍ မလှန်းကြ။ သူတို့မည်သို့ ရေချိုးကြသနည်းဆိုသည်ကို နှင်းဝေနှင့် အင်ကြင်းမွှေး မေးချိန်ပင်မရ။ စီစီထက်က စကားစသည်။

 “ဟဲ့..ညည်းတို့ ရေဘယ်လိုချိုးလဲ..မှန်မှန်ပြော၊ ဂျပန်ရေချိုးနည်း ချိုးခဲ့ကြတယ် မဟုတ်လား..အဟိ”

 စီစီထက်က နှင်းဝေတို့ သူငယ်ချင်း ငါးယောက်တွင် အသက်အကြီးဆုံးလည်း ဖြစ်သလို အစအနောက်လည်းသန်သည်။ ခေတ်လည်းမီသည်။ ရန်ကုန်သူဖြစ်သဖြင့် လည်လည်ဝယ်ဝယ် ရှိသူလည်း ဖြစ်သည်။ ရုပ်ရည်ကလည်း သန့်ပျံ့ပြီး အနေအထိုင်မှာ အထက်တန်းဆန်၍ ပွင့်လင်းသည်။ ပခုံးပေါ်အထိ ဝဲကျနေသော ဆံပင်ခွေခွေလေးများနှင့် သွယ်တန်းသော နှုတ်ခမ်း၊ ပြည့်မို့သော မျက်နှာကလေးကြောင့် စီစီထက်၏ အမူအယာတို့မှာ ပို၍ ချစ်စရာ ကောင်းနေလေသည် ။

 “အမလေး ကျုပ်က လုံချည်ကြီးနဲ့တိုင်း ချိုးတာပါတော်”

 အင်ကြင်းမွှေးက အသာစါာစွာနှင့် ကမန်းကတန်းငြင်းသည်။ နှင်းဝေကတာ့ “ချိုးစရာလားမထက်ရဲ့” ဟုသာ ရယ်ရင်း ပြောဖြစ်သည်။  အိသူက သူ့အိမ်မှ ပါလာသော ကျောက်ပျဉ်အသေးလေးကို ထုတ်ကာ သနပ်ခါးသွေးနေ၏။ ချိုမာက ခရီးဆောင်အိတ်ကြီးကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် အင်္ကျီရွေးရင်း အလုပ်ရှုပ်နေသည်။

 “လူသစ်တွေ..လူသစ်တွေ၊ ထမင်းစားပြီးရင် အပြင်လိုက်ပို့မယ်တဲ့၊ အသင့်ပြင်ထားပါ”

 ညကတည်းက မှတ်မိနေသော ခေါင်းဆောင်အမျိုးသမီး၏ အသံစွာစွာကို ကြားလိုက်သဖြင့် နှင်းဝေတို့ လန့်သွားမိသည်။ အသံလာရာကို ကြည့်လိုက်တော့ သူက နှင်းဝေတို့ကိုပင် မကြည့်။ သူပြောချင်တာ ပြောပြီး အခန်းထဲမှ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။ နောက်ကျောပြင် လှလှပေါ်ဝဲကျနေသော ဆံပင်ရှည်ရှည်များကိုသာ တစ်ပိုင်းတစ်စ မြင်လိုက်ရသည်။

 “ဟုတ်ကဲ့အစ်မရေ...”

 ချိုမာက အတွင်းခံအင်္ကျီကို ချိတ် ချိတ်နေရာမှ လှမ်းအော်လိုက်သော်လည်း ကြားမည်မထင်။ နှင်းဝေတို့ငါးယောက်သည် အဝတ်အစားများ လဲပြီးသည်နှင့် ထမင်းစားခန်းဆီသို့ ထွက်လာခဲ့ကြ၏။ 

 ထမင်းစားခန်းထဲတွင်လည်း လူက အပြည့်။ ဗီယက်နမ်၊ အင်ဒိုနီးရှား၊မြန်မာတို့၏ အသံပေါင်းစုံကို ဆူဆူညံညံ ကြားနေရသည်။ ထမင်းစားခုံများမှာ စာရေးစားပွဲလို ခုံတန်းရှည်များကို ဆက်၍ စီထားခြင်းဖြစ်သည်။ ထမင်းပန်းကန်တစ်လုံးနှင့် တူတစ်စုံကို ခုံပေါ်တွင် အသင့်ချထားသည်ကို တွေ့ရ၏။  နှင်းဝေတို့အဖွဲ့သည် အရင်ဆုံး ထမင်းစားပန်းကန်လုံးနှင့်တူကို ယူပြီး ထမင်းထားသောနေရာကို သွားပြီး ထမင်းအရင်ထည့်ရသည်။ ပြီးမှ ဟင်းထားသည့်နေရာသို့ သွားပြီး ဟင်းယူရသည်။ ဟင်းမှာ ဂေါ်ဖီထုပ်ကို ခပ်ထူထူလှီး၍ ကြော်ထားခြင်းဖြစ်သည်။ ဆီမထိသည့်နေရာလည်းရှိ၊ ထိသည့်နေရာလည်းရှိသည်။ သူတို့အားလုံး ဂေါ်ဖီထုပ်ကြော်ကို များများထည့်မိကြသည်။ အသားဟင်းက ကြက်သားဟင်းဖြစ်သည်။

 "ဒီကနေ့က ဗထက်ချိုက်တွေ ချက်တာဟေ့..၊ ဗထက်ချိုက်ကြက်ဟ..၊ ဖွာတာတာနဲ့..၊ ဆေးလည်း ဆိုးထားတယ်”

 အစ်မတစ်ယောက်က နှင်းဝေတို့အနီးမှ ဖြတ်သွားရင်း အားလုံးကြားအောင် အော်ပြောသည်။  တကယ်လည်း ဟုတ်ပါသည်။ ကြက်သားမှာ နှင်းဝေတို့တစ်ခါမှ မစားဖူးသည့် ကြက်သားမျိုးဖြစ်သည်။ အရသာကရေလုံပြုတ်ထားသလား ထင်ရလောက်အောင်ပင် ပေါ့သည်။ ဖွယ်လည်း ဖွယ်သည်။ ကြက်သားဟင်းကို မထည့်ချင်ထည့်ချင်နှင့် ထည့်ယူလာခဲ့ကြပြီး ငါးယောက်သား အတူ ထိုင်စားဖြစ်ကြသည်။

 “ဝေါ့..”

 ချိုမာက ရုတ်တရက် ဝေ့ါခနဲ လုပ်ရင်း သူ့ပါးစပ်ထဲမှ ကြက်သားဖတ်ကို လက်ထဲထွေးချလိုက်သည်။ 

 “သွေးတွေနဲ့”

 ချိုမာ့စကားကိုကြားမှ အားလုံးက ကိုယ့်ပန်းကန်ထဲမှ ကြက်သားဖတ်ကို တူဖြင့် ထိုးကြည့်လိုက်ကြသည်။

 “ဟယ်..ဟုတ်ပါတော့”

 အင်ကြင်မွှေးက အရင်ဆုံးထောက်ခံသည်။

 “ငါတို့တော့ နူကုန်တော့မှာပဲဟယ်”

 စီစီထက်ထံမှ အသံထွက်လာသည်။ နှင်းဝေ၏ ပန်းကန်ထဲမှ ကြက်သားဖတ်သည်လည်း သူတို့နှင့် အတူတူပင် ဖြစ်သည်။ ကြက်သားဟင်းမှာ မကျက်ဘဲ ချထားခြင်းဖြစ်သည်။ အထဲတွင် သွေးများပင် မခြောက်သေး။ နှင်းဝေတို့ငါးယောက်လုံး ထမင်းကို ဆက်မစားနိုင်တော့ပေ။ ထမင်းများကို အမှိုက်များပစ်သော ခြင်းကြီးထဲတွင် သွန်ပစ်မိကြသည်။

 “ဘယ်သူတွေလဲ..ထမင်းတွေ သွန်နေတာ”

 အော်မေးလိုက်သံနှင့်အတူ သူတို့အနီးသို့ မျက်နှာ ရှစ်ခေါက်ချိုးနှင့် ဂျပန်အမျိုးသမီးတစ်ယောက် ဒေါနှင့်မောနှင့်ရောက်ချလာသည်။

 “ဘယ်သူ သွန်တာလဲ..ထမင်း၊ ဘယ်သူ သွန်တာလဲ”

 နှင်းဝေတို့ငါးယောက်မှာ မီးတောက်တစ်ခုကဲ့သို့ ဝင်းနေသော သူ၏ မျက်လုံးများအောက်တွင် အငွေ့ပျံ့သွားတော့မတတ် ကြောက်ရွံနေမိကြသည်။ သူ့ကို ယခုမှ မြင်ဖူးခြင်းဖြစ်သည်။ သူ ဘယ်သူလဲ။ မျက်နှာက မာသည်။ မျက်လုံးများက စူးသည်။ နှုတ်ခမ်းများက ပါးသည်။ အသက်က လေးဆယ်ငါးနှစ်ခန့်ဖြစ်မည်။

 “ထမင်းက ပိုက်ဆံပေးဝယ်ရတာ မသိဘူးလား..၊ အခုကရောက်စမို့ သတိပေးရုံပဲ၊ နောက်ဆိုရင် အပြစ်ပေးခံရမယ်..၊ အခုချက်ချင်း ရုံးခန်းထဲလာခဲ့၊ အပြင်သွား စျေးဝယ်ရမယ်”

 ဂျပန်အမျိုးသမီးမှာ ငေါက်ငမ်းပြီးသည်နှင့် ထမင်းစားခန်းထဲမှ ပြန်ထွက်သွားတော့၏။ 

 “ထမင်းမသွန်ရဘူး ညီမလေးတို့၊ cctv တွေ ရှိတယ်”

 ဘေးနားတွင် ထမင်းထိုင်စားနေသော အစ်မတစ်ယောက်က ပြောလိုက်ရင်း အထက်ကို လက်ညှိုးထိုးပြသော်လည်း နှင်းဝေတို့်ငါးယောက်မှာ မော့၍ မကြည့်ရဲပေ။ အိသူက မျက်ရည်များပင် ကျနေပြီ။ နှင်းဝေက အံကိုသာ အသာ ​ကြိတ်ထားလိုက်မိသည်။ စီစီထက်က ဒေါသဖြင့် ထမင်းစားခန်းထဲမှ အရင်ဆုံး ထွက်သွားသဖြင့် နှင်းဝေတို့လည်း သူ့နောက်မှ လိုက်ခဲ့ကြသည်။ အင်ကြင်းမွှေးက သူတို့ထိုင်ခဲ့သော ခုံများကို စတစ်တကျ ပြန်ထားပြီးမှ နောက်က လိုက်လာသည်။

 “ဗြုန်း..ဗြုန်း..”

 အိပ်ခန်းထဲသို့ ပြန်ရောက်သည်နှင့် စီစီထက်က သူ၏ ခရီးဆောင်အိတ်ကြီးကို နှစ်ချက်ဆင့်ကန်လေသည်။ 

 “မလုပ်နဲ့အစ်မရဲ့..၊ ကိုယ့်ခြေထောက်ပဲ နာနေပါ့မယ်”

 ချိုမာက စီစီထက်၏ လက်မောင်းကို ဝင်ဆွဲလိုက်မှ ရပ်သွား၏။ နှင်းဝေနှင့် အင်ကြင်းမွှေးက ကုတင်အောက်ထပ်တွင် ဝင်ထိုင်ကြသော်လည်း ကျန်သည့်သူများက မတ်တပ်။ 

 “တကယ့်ငရဲပဲ..အစ်မတို့ရေ..”

 အိသူက မျက်ရည်များကို သုတ်ရင်း နှာခေါင်းရှုံ့ပြီး ပြောသည်။ 

 “ခဏပါတော်..တစ်လပြီးရင် ပြီးပါပြီ..၊ လာ ရုံးခန်းထဲသွားရအောင်..၊ စျေးဝယ်သွားရမှာ”

 အင်ကြင်းမွှေးက သူ့ပင်ကိုအမူအယာအတိုင်း လေသံအေးအေးဖြင့် အားလုံးကို နှစ်သိမ့်၏။ တကယ်ဆို သူကိုယ်တိုင်ပင် မျက်နှာက ပြိုတော့မည့် တိမ်ကဲ့သို့ ဖြစ်နေလေ၏။

 “လာပါဆို..လာ သွားကြမယ်”

 အင်ကြင်းမွှေးက နောက်တစ်ခေါက် ထပ်ခေါ်လိုက်တော့မှ ကျန်လေးယောက်က အင်ကြင်းမွှေးခေါ်ရာနောက်သို့ လိုက်လာခဲ့ကြသည်။ 

 ရုံးခန်းထဲတွင်ကား နှင်းဝေတို့မမြင်ဖူးသော အသက်ငါးဆယ်ခန့် ဂျပန်အမျိုးသမီးကြီးတစ်ယောက် စောင့်နေသည်။ သူ့ကိုကြည့်ရသည်မှာတော့ သဘောကောင်းမယ့်ပုံရှိသည်ဟု သူတို့အားလုံး တွေးလိုက်မိသည်။

 “အားလုံးကို ထောက်ပံ့ကြေး ငါးသောင်း ပေးမယ်လို့ စာချုပ်ထားခဲ့တာနော်..၊ အခု အဲဒီခြောက်သောင်းကို လက်ခံပါ၊ ပြီးရင် ဒီမှာ လက်မှတ်ထိုးပါ”

 အမျိုးသမီးကြီးက နှင်းဝေတို့ ငါးယောက်ကို ယန်းငွေခြောက်သောင်းအတိစီ ပေးပြီး လက်မှတ်ထိုးခိုင်းသဖြင့် လက်မှတ်ထိုးလိုက်ရသည်။ 

 “ကဲ ပြီးရင် အဆောင်ရှေ့ကစောင့်နေပါ.._၊ စျေးဝယ် လိုက်ပို့မယ်”

 အမျိုးသမီးကြီးက ပြောလိုက်သဖြင့် နှင်းဝေတို့လည်း အဆောင်ကြီးထဲမှ ထွက်ကာ အဆောင်ရှေ့ရှိ အဝင်တံခါးကြီးရှေ့မှ စောင့်နေမိကြသည်။ ဂျပန်နေသည် သူတို့အားလုံး၏ ခေါင်းပေါ်သို့ အတားအစီးမဲ့ လွင့်ကျနေ၏။ 

 ခဏနေတော့ ထိုအမျိုးသမီးကြီးက အံစာတုံးကားလေးကို မောင်းပြီး နှင်းဝေတို့ငါးယောက်အနီးသို့ ရောက်လာသည်။ ကား၏ နောက်ခန်းတံခါးက အလိုအလျောက် လျှောခနဲပွင့်သွားပြီး “တက်ကြပါ” ဟု အမျိုးသမိးကြီးကလေသံချိုချိုဖြင့် ပြောသည်။

 ထုံစံအတိုင်းပင်။ သည်တစ်ခါလည်း နှင်းဝေက ကားခေါင်းခန်းထဲတွင် ထိုင်ရပြန်သည်.။ နှင်းဝေတို့အားလုံး ကားပေါ်ရောက်မှ ကားကြီးက အဆောင်ထဲမှ စထွက်သည်။ နှင်းဝေသည် ကားပေါ်မှနေ၍ အဆောင်ကြီးကို လည်ပြန် ကြည့်မိ၏။  အပြာရောင်သုံးထပ် အဆောင်ကြီးကို ကြည့်ငေးရင်း“ဒီအဆောင်ကြီးကို ပြန်မလာရတော့ရင် သိပ်ကောင်းမှာပဲ..” ဟု တစ်ယောက်တည်း  တွေးနေမိသည်။ နှင်းဝေ လုပ်ငန်းခါင်ထဲသို့ မြန်မြန် ရောက်ချင်လှပြီ။ လုပ်ငန်းခွင်ထဲတွင် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရမည့်အလုပ်ကို လုပ်ချင်သည်။ မည်သည့် အလုပ်မျှ မလုပ်ရဘဲ သူတပါးအမိန့်နှင့် ကိုယ့်ကိုယ် ရှင်သန်နေရသောဘဝကို မုန်းသည်။

 “ပြန်မလာချင်တော့ဘူးဟာ..၊ စိတ်ညစ်လာပြီ “

 နှင်းဝေက တွေး နေတုန်းပင်ရှိသေးသည်။ စီစီထက်ထံမှ ခပ်ပြတ်ပြတ် အသံထွက်လာသည်။

 “တစ်လပါပဲဗျာ..”

 ချိုမာက အားလုံးကို စိတ်သက်သာပါစေတော့ ဟူသည့် လေသံဖြင့် ခပ် အေးအေးဖြင့် ဝင်ပြောသည်။ 

 “ဟုတ်သားပဲ..၊ တစ်လပဲဟာကိုး၊ ဒီတစ်လလေး အားတင်းကြရအောင်”

 အင်ကြင်မွှေးက ဆိုတော့ အားလုံးက အသံတိတ်နေကြပြန်၏။ အိသူကတော့ ယခုထက်ထိ မည်သည့်စကားမှ ပြန်မဆို။ ခြောက်သွေ့စပြုနေသော မျက်ရည်စများက သူ့မျက်ဝန်းတစ်ဝိုက်တွင် စွန်းပေနေဆဲ။ အိမ်တွင် အငယ်ဆုံးလေးတစ်ယောက်အဖြစ် ရွှေပေါ်မြတင်နေခဲ့ရသော အိသူတစ်ယောက် ဂျပန်ဆိုသည့် လောကဓံကို မည်မျှ ရင်ဆိုင်နိုင်မည်လဲ သူကိုယ်တိုင်ပင် သိမည်မထင်ပေ။

 “တစ်ရက်ပဲ ရှိသေးတယ် အစ်မတို့ရယ်..၊ တစ်လဆိုရင် ညီမလေး သေမလားပဲ..”

 အိသူ၏ အသံက ငိုသံရောလျက် ထွက်လာသည်။  သို့သော် ထိုအသံကို မည်သူမျှ မကြားလိုက်ကြတော့။  ဂျပန်အမျိုးသမီးကြီး  ဖိနင်းလိုက်သော အံစာတုံးကားကြီး၏ လီဗာအော်သံအောက်တွင် အိသူ၏ အသံလေးက တိမ်ဝင် ပျောက်ကွယ်သွားလေသည်။ 


#လူခါး

#လူအိုရုံစောင့်သမ


 အခန်း( ၄) ကို ဆက်လက်ဖော်ပါပါမည်။ 

ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါသည်။

လူအိုရုံစောင့်သမ(၂)



(၂)


  

 Toyota Alphard ကားအနက်ကြီးက ပြေးလွှားနေရာမှ စက်သံငြိမ်ကျသွားပြီး ရပ်သွားသည်။ နှင်းဝေသည် မှိတ်ထားသော သူ၏မျက်လုံးများကို အသာဖွင့်ကြည့်လိုက်၏။ ကားကြီးသည် စည်းများ စနစ်တကျ ဆွဲထားသော ပါကင်ကြီးတစ်ခုတွင် ရပ်သွားခဲ့ပြီ။ နှင်းဝေ၏ မျက်လုံးများထဲတွင် အဦးဆုံး မြင်လိုက်ရသည်က အဆောက်အအုံကြီးတစ်ခုဖြစ်၏။ ထိုအဆောက်အအုံကြီးတစ်ခုလုံးကို အပြာရောင်ဆေးများ သုတ်ထားသည်။  အထပ်အမြင့်က သုံးထပ်ရှိသည်။ အထပ်တိုင်းတွင် မှန်များ တပ်ထားသော  ပြတင်းပေါက်များကို တွေ့ရသည်။ အဆောက်အအုံကြီး၏ ပတ်ဝန်းကျင်တွင်ကား လူနေအိမ်များကို မတွေ့ရပေ။ အဆောက်အအုံကြီးမှာ သစ်ပင်များ၊ လက်ကွင်းများနှင့် ခြံကွက်အလွတ်များ၏ ကြားတွင် တစ်ဆောင်တည်း ထီးတည်းကြီး ရှိနေခြင်းဖြစ်၏။ မလှမ်းမကမ်းတွင်ကား ကားအဟောင်းများကို ထပ်၍ ပုံထားသော ဝင်းကြီးတစ်ခုကို တွေ့ရသည်။

 ကားကြီးပေါ်မှ အဆင်းမှာပင် သုတ်ခနဲ တစ်ချက်တိုက်လိုက်သည့် ခပ်ရှရှလေကို နှင်းဝေသတိထားမိသည်။ တစ်ကိုယ်လုံး စိမ့်ခနဲ အေးသွား၏။  ဂျပန်လေပဲ။ နှင်းဝေသည် လတ်ဆတ်သော ထိုလေကို ခပ်ပြင်းပြင်း ရှုချလိုက်သည်။ 

 “သင်တန်းရောက်ပြီနဲ့ တူတယ်ဟေ့..”

 စီစီထက်က ကားပေါ်မှ ဆင်လိုက်ရင်း အားလုံးကြားအောင် ပြောသည်။ 

အားလုံး၏ အကြည့်များက သုံးထပ်အဆောက်အအုံကြီးဆီသို့ ရောက်သွားကြ၏။ ယမဂတစံက ကားပေါ်မှ ဆင်းလာပြီး ကား၏ နောက်ဖုံးတံခါးကြီးကို ဖွင့်ပေးသည်မို့ အိတ်များ၊ အထုပ်များကို ချလိုက်ကြသည်။ အိတ်များချပြီးသည်နှင့် အိတ်များကို ဆွဲရင်း ယမဂတစံ ခေါ်ရာနောက်သို့ လိုက်ခဲ့ရသည်။တွေ့ပါပြီ။ မြန်မာပြည်၌နေစဉ် ရန်ကုန် သင်တန်းကျောင်းမှာ နေစဉ်ကတည်းက မြင်ခဲ့ဖတ်ခဲ့ စိတ်ကူးယဉ်ခဲ့ရသော သင်တန်းကျောင်း၏ နာမည်နှင့် သင်တန်းကျောင်း၏ လိုဂို။ 

 “Sakura  Training  School”

  လိုဂိုကို ဆာကူရာပန်း၏ ဖွင့်ဖတ်များပါသည့် ကြယ်ပုံစံဖြင့် ဖော်ထားပြီး အရောင်မှာလည်း ဆာကူရာပန်းရောင်ပင် ဖြစ်သည်။ နှင်းဝေတို့ ငါးယောက်စလုံး သည် ယခုသင်တန်းကျောင်းတွင် တစ်လတိတိ နေကြရမှာဖြစ်ပြီး လုပ်ငန်းခွင်အတွက် လိုအပ်သည်များကို လေ့လာသင်ယူကြရမှာဖြစ်သည်။ သင်တန်းတစ်လပြီးမှ လုပ်ငန်းခွင်ရှိရာသို့ သွားကြရမည်ဖြစ်သည်။

 နှင်းဝေသည်  သင်တန်းကျောင်းကြီးကို တစ်ချက် မော့ကြည့်လိုက်၏။ 

 “သင်တန်းတစ်လကတော့ ငရဲကျသလိုပဲဟေ့..”

 စီနီယာများ၏ ပြောစကားများက နားထဲ ပြန်ကြားလာမိပြန်သည်။ ယခုအထိတော့ အားလုံးက အေးအေးဆေးဆေးပဲ ရှိနေသေးသည်မို့ နှင်းဝေတို့အဖွဲ့အတွက်တော့ ငရဲဟု မထင်မိကြသေးပေ။ 

 နှင်းဝေတို့အဖွဲ့သည် ယမဂတစံ၏ နောက်မှ လိုက်လာကြရင်း အဆောက်အအုံကြီး၏ အောက်ဆုံးထပ်ရှိ ရုံးခန်းထဲသို့ ရောက်လာကြသည်။ ရုံးခန်းသည် သိပ်အကျယ်ကြီးတော့ မဟုတ်။ စားပွဲများကို အလယ်တွင်ချထားပြီး တစ်ယောက်ထိုင် ကုလားထိုင်အသေးလေးများကို ပတ်ချာလည်တွင် ချထား၏။ ရုံးခန်းထဲတွင် မျက်နှာခပ်မာမာနှင့် အသက်လေးဆယ့်ငါးနှစ်ခန့် ဂျပန်အမျိုးသမီးကြီးတစ်ယောက်ကို အဆင်သင့်တွေ့ရသည်။ အပေါ်အင်္ကျီအဖြူလက်ရှည်နှင့် အနက်ရောင် ဘောင်းဘီအရှည်ကို ဝတ်ထားပြီး ကိုင်းအနက်ပါသော ပါဝါမျက်မှန်အထူကြီးကို တပ်ထား၏။ 

 သူသည် နှင်းဝေတို့ငါးယောက်ကို နှုတ်ဆက်စကားပင် မဆိုပေ။ အိတ်များ ထားရန် တစ်နေရာသို့ ညွှန်ပြသည်။  ထိုအမျိုးသမီးကြီးပြသော နေရာတွင်ထားကာ လူများက ရုံးခန်းထဲတွင် ပြန်၍ တန်းစီရပ်နေရသည်။

 ထိုအမျိုးသမီးကြီးနှင့် စကားပြောမှ နှင်းဝေတို့ငါးယောက်ကို လာကြိုသူ ယမဂတစံမှာ ဤသင်တန်းကျောင်းကြီး၏ ပိုင်ရှင်သူဌေးမမှန်း သိလိုက်ကြရသည် ။ မူလကပင် ခပ်စိမ်းစိမ်း ဖြစ်နေကြသော နှင်းဝေတို့ အားလုံးမှာ သူဌေးမဆိုသည်ကို သိလိုက်သည်နှင့် ပို၍ စိုးရွံ့မိသော စိတ်များ ကိုယ်စီဝင်လာကြသည်။ ယမဂတစံက ရုံးဝန်ထမ်းအမျိုးသမီးကြီးကို စကားအချို့ပြော၍ နှင်းဝေတို့ငါးယောက်အဖွဲ့ကို တစ်ချက်ပြုံးပြပြီးနောက် ရုံးခန်းထဲမှ ပြန်ထွက်သွား၏။ ထိုအချိန်တွင် နှင်းဝေတို့ အဖွဲ့ထဲမှ အငယ်ဆုံးလည်းဖြစ်၊ သွက်လည်း သွက်သည့် အိသူက ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်ပြီး ထိုင်လိုက်၏။

 “ဘယ်သူက ထိုင်ခိုင်းလို့လဲ..၊ အခုထ”

 ရုံးဝန်ထမ်းအမျိုးသမီးကြီးက အိသူကို တစ်ချက်စိုက်ကြည့်ကာ လေသံမာမာဖြင့် အော်သည်။ လေသံက မာဆို အတော်ပင် မာပါသည်။ သူ၏ အသံကြောင့် နှင်းဝေတို့အားလုံး လန့်သွားကြ၏။ 

 “ဟိုက်”

 အိသူက “ဟိုက်” ဟု တစ်ချက်ပြောကာ ထိုင်နေရာမှ ကမန်းကတန်း ထလိုက်သည်။  ထိုင်ခုံပင် လဲကျလုမတတ်ဖြစ်သွားသဖြင့် အနားရှိ နှင်းဝေက ထိန်းလိုက်ရသည်။ အားလုံး၏ မျက်လုံးများထဲတွင် ထင်မှတ်မထားသည့် အဖြစ်ကို မြင်လိုက်၊ ကြားလိုက်သည်မို့ ကြောင်အမ်းအမ်း ဖြစ်သွားမိကြသည်။ ငရဲကျသလိုပါပဲဆိုသော စကား၏ အစလေလား ဟု တစ်ဖွဲ့လုံး တွေးလိုက်မိကြပြန်သည်။

 "ဒီစာရွက်တွေမှာ အချက်အလက်တွေ ဖြည့်ပါ”

 ရုံးဝန်ထမ်းအမျိုးသမီးကြီးက စာရွက်များပေးသဖြင့် ထိုစာရွက်များတွင် မိမိတို့နှင့် သက်ဆိုင်သည်များကို ဖြည့်ကြရသည်။ ဖြည့်ပြီးတော့လည်း မထိုင်ကြရသေးပေ။ ငါးယောက်စလုံး ခြေထောက်များပင် ညောင်းလှပြီ။ လေယာဉ်ပေါ်မှ ဆင်းလာပြီး ကားထဲတွင် မိနစ်လေးဆယ်ခန့်ထိုင်ခဲ့ကြရသေးသည်။ ရုံးခန်းထဲ ရောက်ရောက်ချင်း မိနစ်နှစ်ဆယ်ခန့် မတ်တပ်ရပ်နေရပြီး စာရွက်များကို ဖြည့်ကြတော့လည်း မထိုင်ရသေးပေ။

 “အိမ်ကို ဖုန်းဆက်ပါ”

 စာရွက်စာတမ်းများ ပြင်ဆင်ရေးသားပြီးသည်နှင့် ထိုအမျိုးသမီးကြီးက နှင်းဝေတို့ ငါးယောက်ကို ကီးပက်ဖုန်းလေးတစ်လုံးပေးပြီး မြန်မာပြည်မှ မိဘများထံ အပြင်ကောလ်မှနေ၍ ဖုန်းဆက်ခိုင်းသည်။

 “တစ်မိနစ်ပဲနော်..၊ မပိုစေနဲ့”

 ဖုန်းဆက်ရသည်က တကယ်ကို တစ်မိနစ်ပဲ ဖြစ်သည်။ 

 “ဂျပန်ကိုရောက်ပါပြီ..၊ အားလုံးအဆင်ပြေပါတယ်”  ဆိုတာလောက်ပဲပြောရသည်။ ဒါသည်ပင် လူတိုင်းမဟုတ်။ ပဲခူးသူချိုမာနှင့် တောင်တွင်းကြီးသူအင်ကြင်းမွှေးတို့နှစ်ယောက်က ဖုန်းဝင်သော်လည်း မြန်မာပြည်ဘက်မှ မိဘများက ချက်ချင်း ဖုန်းမကိုင်သဖြင့် ထပ်ခေါ်ခွင့်မရတော့ပေ။

 “ပြီးရင် လိုက်ခဲ့ကြ”

 အိမ်သို့ ဖုန်းဆက်ပြီးသည်နှင့် ထိုအမျိုးသမီးကြီးခေါ်ရာနောက်သို့ လိုက်ခဲ့ကြရာ ဖိနပ်များထားသော နေရာဖြစ်သည်။ သူတို့ငါးယောက်ကို ကွင်းထိုးဖိနပ် အဝါရောင်ကြီးများ တစ်ယောက်တစ်ရံစီ ပေးသည်။

 “ဖိနပ်မှာ ကိုယ့်နာမည်ကို ရေးကြ”

 သူ၏ ပြောစကားများကို အလုံးစုံနားလည်သည် မဟုတ်သော်လည်း ထိုအတိုင်းသာ နှင်းဝေတို့ မှတ်ယူမိကြ၊ လိုက်လုပ်ဖြစ်ကြသည်။ နှင်းဝေတို့ အံ့ဩရသည်မှာ ဖိနပ်မှာ မည်သည့် အတွက်ကြောင့် နာမည်ကြီးတွေ ရေးခိုင်းတာပါလိမ့်ဆိုသည့် ကိစ္စဖြစ်သည်။ ကိုယ့်နာမည်ကို ဖိနပ်မှာ ရေးရမှာဆိုတော့ အားလုံး မျက်နှာ ရှုံ့မိကြသည်။ သို့သော် မည်သူမျှ အသံမထွက်ရဲကြပေ။ သူခိုင်းသည့်အတိုင်းပင် ဖိနပ်ပေါ်တွင် ကိုယ့်နာမည်ကို ဆော့ပင်အနက်ကြီးဖြင့် ရေးကြရသည်။ 

 “သင်တန်းတက်နေတဲ့ တစ်လလုံးလုံး စာသင်ခန်းထဲမှာ ဒီဖိနပ်ကိုပဲ စီးရမယ်”

 လေသံက မာသည်ဆိုတာထက်ပင် မာလွန်းလှပါသည်။ ဂျပန်ကိုရောက်လာသဖြင့် ကျေနပ်နေမိသော နှင်းဝေတို့ သူငယ်ချင်းငါးယောက်၏ ရွှင်မြူးသော စိတ်ကလေးများက တစ်ရက်မပြည့်မီမှာပင် ဝေ့လွင့်သွားကြတော့သည်။

 “ခဏနေရင် မင်းတို့ရဲ့ ခုမိအိုင်က လာခေါ်မယ်..၊ ဒီမှာ စောင့်နေကြပါ..”

 နှင်းဝေတို့အဖွဲ့  ဖိနပ်များယူပြီး ရုံးခန်းထဲ ပြန်ရောက်သည်နှင့် ထိုသို့ပြောပြီး သူက သူလုပ်စရာရှိသည်များကိုသာ လုပ်နေတော့သည်။ နှင်းဝေတို့ငါးယောက်ကို ထိုင်လည်းမပြော။ အားလုံး မတ်တပ်ရပ်နေရသည်။ နှင်းဝေတို့လည်း မထိုင်ရဲကြပေ။ စီစီထက်က သူ၏ မျက်နှာကို ရှုံ့မဲ့ကာ ထိုအမျိုးသမီးကြီး၏ အမူအယာမျိုး အသံတိတ် လုပ်ပြနေသဖြင့် စိတ်တိုနေသည့်ကြားမှ ရယ်ချင်စိတ်ကို ထိန်းထားရသေးသည်။

 သိပ်မကြာမီပင် နှင်းဝေတို့ငါးယောက်ကို တာဝန်ယူ၍ခေါ်သည့် ဂျပန်ဘက်မှ တာဝန်ခံလေးယောက်က ကားကြီးတစ်စီးဖြင့် ရောက်လာကြသည်။ ဂျပန်သုံးယောက်နှင့် မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်သည်။ မြန်မာစကားပြန် အမျိုးသမီးမှာ အသက်က သုံးဆယ့်ငါးလောက်ဖြစ်မည်။ ဂျပန်ရောက်နေသည်မှာ ဆယ်နှစ်ကျော်ပြီဟု သိရသည်။ ဂျပန်တွင် ကျောင်းတက်၊ ဘွဲ့ယူပြီး လုပ်ငန်းခွင်ဝင်နေခြင်း ဖြစ်သည်။ အပြုံးချိုချို၊ စကားချိုချိုလေးဖြင့် ရုပ်ချော သဘောကောင်းသူ ဖြစ်သည်။

 “ကိုယ့်အစ်မလိုသဘောထားပြီး သိချင်တာမှန်သမျှ အားမနာတမ်းမေးကြနော်..ညီမလေးတို့”

 စကားပြန်အစ်မ၏ စကားကို ကြားလိုက်ရသည်နှင့် သင်တန်းကျောင်းတွင် ဆုံခဲ့ရသည့် အမျိုးသမီးကြီးကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရသည်များကို သူတို့ငါးယောက်လုံး မေ့သွားကြတော့၏။ ဝမ်းသာပျော်ရွှင်စွာဖြင့် စကားပြန်အစ်မကို နှုတ်ဆက်မိကြသည်။

 သူတို့ပါလာသည့် ကားကြီးက တစ်နေရာသို့ မောင်းသွားပြီး သိပ်မကြာမီပင် အဆောင်အအုံမြင့်မြင့်များရှိသော မြို့ထဲရပ်ကွက်တစ်နေရာသို့ ရောက်လာသည်။ နှင်းဝေတို့ သင်တန်းကျောင်းကြီးရှိသည့် ရပ်ကွက်၏ ပင်မရုံးဟု နောက်မှ သိရသည်။ ထိုရပ်ကွက်ရုံးတွင် လေယာဉ်ကွင်းမှ ပေးလိုက်သည့် အိုင်ဒီကတ်တွင် သင်တန်းကျောင်း၏ လိပ်စာကို ရိုက်နှိပ်ပေးလိုက်သည်။ ထိုအခါမှ နှင်းဝေတို့ရောက်နေသည်မှာ တိုကျိုမြို့နှင့် သိပ်မဝေးသည့် ချိဘခရိုင်ထဲမှ မြို့ကလေးတစ်မြို့မှန်းသိရ၏။ 

 ထိုရုံးတွင် နောက်ထပ် ဖောင်များကိုလည်း ဖြည့်ကြရသေးသည်။ အားလုံးပြီးမှ ဆိုင်တစ်ဆိုင်သို့ ခေါ်လာကာ နေ့လယ်စာ ကျွေးသည်။ ဆိုင်က ဂျပန်အစားအစာကိုသာ ရ၍ ဂျပန်လူမျိုးဝန်ထမ်းများသာရှိသည့်ဆိုင် ဖြစ်သည်။

 “ကိုယ်ကြိုက်တာ ကိုယ်မှာလို့ရတယ်နော်..ညီမလေးတို့..၊ ပိုက်ဆံကို အစ်မတို့ သူဌေးရှင်းမှာ၊ စားသာ စားကြ”

 စကားပြန်အစ်မက ရင်းနှီးဖော်ရွေစွာဖြင့်  ပြောသော်လည်း နှင်းဝေတို့အားလုံးမှာ အစားအသောက်စာရင်းကိုကြည့်ရင်း ဘာမှန်းရမှန်း မသိကြပေ။ ဟိုဟာလိုလို ဒီဟာလိုလိုနှင့် နောက်ဆုံးတော့ မြန်မာပါးစပ်နှင့် ကိုက်မည်ထင်ရသော ကုလားဟင်းကဲ့သို့ အနှစ်ဆမ်းထားသည့် ထမင်းကိုသာ မှာဖြစ်ကြသည်။ သို့သော် မည်သူမျှ ကုန်အောင်မစားနိုင်ကြ။ ကြိုက်သလောက် ထယူ၍ ရသော စွပ်ပြုတ်ကိုသာ အထပ်ထပ်ယူကာ သောက်မိကြသည်။ 

 ထိုခဏတွင်တော့ သင်တန်းကျောင်း၏ ရုံးခန်းထဲမှ အဖြစ်အပျက်များကို ခဏမေ့ထားလိုက်နိုင်သဖြင့် နှင်းဝေတို့အားလုံး ပြုံးပျော်နိုင်လိုက်ကြပါသည်။ သို့သော် ခဏပင်။ စားသောက်ပြီးကြသည်နှင့် နှင်းဝေတို့ငါးယောက်ကို သင်တန်းကျောင်းသို့ ပြန်လိုက်ပို့ပြီး ဆက်သွယ်ရန်ဖုန်းနံပတ်များပေးကာ သူတို့အားလုံး ပြန်သွားကြတော့သည်။ နှင်းဝေတို့အားလုံး ရုံးခန်းထဲတွင် တဖန်ပြန်၍ မတ်တပ်​ပြန်ရပ်နေကြရပြန်သည်။

 “အခု အိပ်ခန်းတွေကို လိုက်ပြမယ်..၊ အိတ်တွေယူပြီး လိုက်ခဲ့ကြပါ"

 သင်တန်းပြန်ရောက်တော့လည်း မနက်က တွေ့ခဲ့သည့် ရုံးဝန်ထမ်းအမျိုးသမီးကြီးနှင့်ပင် ပြန်ဆုံသည်။ 

 “တွေ့ပြန်ပြီတော့”

 အင်ကြင်းမွှေးက အညာလေသံဖြင့် ခပ်တိုးတိုးပြော၏ ။ ကျန်လေးယောက်မှာ အင်ကြင်းမွှေး၏စကားကို ခွန်းတုံ့မပြန်နိုင်ပေ။ ငြိမ်သက်သော အမူအယာများဖြင့်သာ အထုပ်များကိုယ်စီ ဆွဲ၍ ထိုမျိုးသမီးကြီး၏နောက်မှ လိုက်လာကာ အဆောက်အအုံကြီး၏ ပထမထပ်ထဲသို့ပင် အခြားတစ်ဖက်ရှိ ဝင်ပေါက်ကြီးမှ လှည့်ဝင်ကြရပြန်သည်။ 

 “အိပ်ခန်းတွေက တတိယထပ်မှာလည်း ရှိတယ်၊ ပထမထပ်မှာလည်း ရှိတယ်။ မင်းတို့နေရမှာက ဒီ ပထမထပ်မှာပဲ”

 ဂျပန်အမျိုးသမီးကြီးက အားလုံးကို မျက်နှာချင်းဆိုင်ကာ ရှင်းပြသည်။ အိပ်ခန်းများထဲသို့ ရောက်သည်နှင့် မြင်ကွင်းကို ကြည့်ပြီး နှင်းဝေတို့ အားလုံး၏ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ အိပ်ခန်းကြီးထဲတွင် နိုင်ငံခြားရုပ်ရှင်များထဲတွင် မြင်ခဲ့ရဖူးသည့် နှစ်ထပ်ကုတင်များက ပြည့်နေလေသည်။

 “ဒီမှာ အိပ်ကြရမှာ..၊ အခုတော့ အဆင်ပြေသလိုနေပါ..၊ ခဏနေရင် စာသင်နေတဲ့လူတွေ ပြန်လာလိမ့်မယ်..၊ အဲဒီတော့မှ လွတ်တဲ့ ကုတင်ကိုမေးပြီး အိပ်ပါ..၊ အောက်ထပ်မှာ နှစ်ယောက် အိပ်ရမယ်..၊ အပေါ်ထပ်မှာ တစ်ယောက်ပဲ အိပ်ရမယ်”

 ပြောပြီးသည်နှင့် ဂျပန်အမျိုးသမီးကြီးက အိပ်ခန်းကြီးထဲမှ ပြန်ထွက်သွားတော့သည်။

 “ဟူး”

 “အမလေး..အမေရေ”

 “တကယ်မှ ငရဲပါပဲအေ..”

 “ထောင်နဲ့တောင် တူသေးသတော့”

 နှင်းဝေတို့ ငါးယောက်ထံမှ အသံများ တစ်ယောက်တစ်ပေါက် ထွက်လာကြသည်။ နှင်းဝေသည် အိပ်ခန်းကြီးထဲသို့ သူ၏ မျက်လုံးများကို ဝေ့ကြည့်လိုက်မိသည်။ သစ်သားဖြင့် ပြုလုပ်ထားသည့် နှစ်ထပ်ကုတင်ကြီးများက ခေါင်းချင်းဆိုင်လျက် ရှိနေကြသည်။ အပေါ်ထပ်သို့တက်ရန် လှေကားကြီး တစ်ခုစီ ထောင်ထား၏။ ကုတင်များပေါ်တွင် အိပ်ယာလိတ်များက ခွေလျက်။ လိုက်ကာမရှိ၊ ခန်းဆီးမရှိ။ အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ ခရီးဆောင်အိတ်များမှာ ကုတင်းဘေးတွင် ထောင်တာတောင်၊ ကုတင်ခြေရင်းတွင် လဲတာလဲနှင့် ရှိနေကြသည်။ ရေလဲတဘက်များကိုတော့ ကုတင်တိုင်းလိုလိုတွင် ဖြန့်လျက်တင်ထားကြသည်။မှန် ပြတင်းပေါက်များကလည်း ညောင်းနေကြ၏။ 

 နှင်းဝေတို့ ငါးယောက်သည် အိတ်များကို တစ်နေရာတွင်စုထားကာ ကုတင်များ၏ အောက်ထပ်တွင် ဝင်ထိုင်မိကြသည်။ အားလုံးမှာ ခုထိ စကားကောင်းကောင်း မပြောနိုင်ကြသေးပေ။ ဖိနပ်သံ တဖျပ်ဖျပ်ကို ကြားသည်နှင့် စကားတိုးတိုးပြောနေသည်ကိုပင် ရပ်ထားမိသည်အထိ ကြောက်စိတ်ဝင်မိကြသည်။ လေယာဉ်ပေါ်မှ ဆင်းချိန်တုန်းက ရထားခဲ့သည့် ပျော်ရွှင်စရာ ခံစားမှုသည် သင်တန်းကျောင်းအရောက်မှာပင် ပျောက်ကွယ်သွားတော့သည်။

 “ဟော..ရောက်လာကြပြီလား..”

 သိပ်မကြာမီမှာပင် စာသင်ခန်းမှ ပြန်လာကြသော စီနီယာ အစ်မများ အိပ်ခန်းကြီးထဲသို့ ရောက်လာကြသည်။ ထိုအခါမှ နှင်းဝေတို့အားလုံးမှာ အားကိုး​တွေ့ကြသူများပမာ လန်းလန်းဆန်းဆန်း ရှိလာကြသည်။

 “လာကြ..လာကြ...နေရာတွေပြမယ်” ဟုဆိုကာ နှင်းဝေတို့ငါးယောက် လိုအပ်သည်များကို ပြောပြ သင်ပြကြ၏။ သူတို့ပြသည့် ပိုင်ရှင်လွတ်သည့်ကုတင်များတွင် နေရာယူကြရသည်။ နှင်းဝေက ကုတင်အပေါ်ထပ်တွင် နေရာရပြီး စီစီထက်နှင့် အိသူက နှင်းဝေ၏ အောက်ထပ်တွင် နှစ်ယောက် အိပ်ရမည်ဖြစ်သည်။ ချိုမာနှင့် အင်ကြင်းမွှေးက အခြားကုတင်တစ်လုံး၏ အောက်ထပ်တွင် နေရာရသည်။

 “တစ်လပြည့်တဲ့လူတွေ ထွက်သွားရင်တော့ အကုန်လုံး တစ်ယောက်တစ်ထပ် အိပ်ရမှာပါ..၊ အခုတော့ ခဏ သည်းခံကြဦး”

 စီနီယာ အစ်မများက သဘောကောင်းကြပါသည်။ သူတို့သိသမျှ သင်ပေးကြပြီး လိုအပ်တာမှန်သမျှ ကူညီဖြည့်ဆည်းပေးကြသည်။ အိပ်ခန်းကြီးထဲရှိ သင်တန်းသား အကုန်လုံးမှာ မြန်မာလူမျိုးများချည်း မဟုတ်ကြပေ။ ဗီယက်နမ်လူမျိုးများနှင့်  အင်ဒိုနီးရှားများလည်း ရှိကြသည်။ အများဆုံးကတော့ မြန်မာလူမျိုးများနှင့် ဗီယက်နမ်လူမျိုးများ ဖြစ်ကြ၏။ ဗီယက်နမ်များသည် စကားပြောလျှင် အတော်ကျယ်သည်ကို စတွေ့သည့်နေ့မှာပင် သူတို့အားလုံး သတိထားမိကြသည်။ အင်ဒိုနီးရှားလူမျိုးများမှာ ခေါင်းမြီးခြုံအနက်များနှင့် ဖြစ်သည်။

 "လာဟေ့..ရေချိုးခန်း၊ အိမ်သာနဲ့ မျက်နှာသစ်တဲ့နေရာ လိုက်ပြမယ်”

 စီနီယာ အစ်မများက ခေါ်သဖြင့် ရေချိုးခန်းနှင့် အိမ်သာနေရာကို လိုက်ကြည့်ရသည်။ ရေချိုးခန်းမှာ ရေပန်းနှစ်ခု တပ်ထားသော အနံလေးပေ၊ အလျားရှစ်ပေခန့် ကျယ်သည့် အခန်းကြီးတစ်ခန်းဖြစ်သည်။ ရေတစ်ခါချိုးလျှင် နှစ်ယောက်၊ သုံးယောက် တစ်ပြိုင်တည်း ဝင်ချိုးရမည်ဟုဆိုသဖြင့် နှင်းဝေတို့ငါးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း စိတ်ဓာတ်များ ကျမိတော့သည်။ 

 “ဘာမှပူမနေနဲ့ အစ်မတို့ရောက်စကလည်း ဒီလိုပဲ..၊ နောက်တော့ နေသားကျသွားမှာ..ဟဲဟဲ”

 လိုက်ပြသည့်အစ်မက ရယ်ရင်းပြုံးရင်း ပြောသော်လည်း နှင်းဝေတို့ငါးယောက်မှာ မရယ်နိုင်ကြပေ။ အသံတိတ်လျက်သာ ခေါင်းများကို ညိတ်ပြမိကြ၏။

 အိမ်သာကလည်း ဘိုထိုင်အိမ်သာဆိုပေမဲ့ နှစ်လုံးသာရှိသည်။ ကျောင်းသားများက နှင်းဝေတို့လာသည့် ဘိုးဘွားစောင့်ရှောက်ရေးအလုပ်က သင်တန်းသားချည်းပင် တစ်ရာခန့်ရှိသည်ဟု သိရသည်။ ကျန်သည့် အလုပ်များဖြစ်သည့် စားသောက်ကုန်၊ စက်ရုံတို့နှင့်လာသော သင်တန်းသားများလည်း ရှိသေးသည်။ တစ်ခုကောင်းသည်က ယောက်ျားလေးသင်တန်းသားများကို အခြားတစ်နေရာတွင် အဆောင်ခွဲထားခြင်းဖြစ်သဖြင့် တော်သေး၏။

 ရေချိုးခန်းမှာ အခြားတစ်နေရာတွင်  တစ်ယောက်ချိုး အခန်းကျဉ်းလေးရှိသော်လည်း တန်းစီသူများသည်ဟု ဆိုသည်။ ပို၍ ဆိုးသည်က တစ်နေ့လျှင် မနက်စောစော တစ်ကြိမ်ပဲ ရေချိုးကြရမည်ဖြစ်သည်။ မနက်လေးနာရီခွဲနောက်ပိုင်းမှစ၍ ကြိုက်သည့်အချိန်တွင် ထချိုးနိုင်ပြီး ခုနစ်နာရီထိုးသည်နှင့် ရေချိုးတာလည်းရပ်၊ အဝတ်လျှော်တာလည်း ရပ်၊ ထမင်းလည်း စားပြီးဖြစ်၍ စာသင်ခန်းဝင်ရန် အသင့်ဖြစ်နေရမည် ဖြစ်သည်။

 “ဒါမှ တကယ့်ငရဲပဲ”

 အသန့်အပြန့်နှင့် အလှအပကြိုက်သော စီစီထက်က အသံထုတ်၍ပင်  ညည်းလေသည်။ အင်ကြင်းမွှေးက ဟင်းခနဲ သက်ပြင်းချ၏။ အိသူကတော့ မျက်နှာငယ် လေးနှင့်။ နှင်းဝေနှင့် ချိုမာသည် နေရာများလိုက်ပြပေးသော စီနီယာအစ်မ၏ နောက်တွင် မျက်နှာပျက်ပျက်နှင့် ကပ်လျက်သာ လိုက်ပါခဲ့ကြသည်။

 မျက်နှာသစ်တော့လည်း ရေချိုးခန်း၏ ရှေ့မှ ရေဘဲနှစ်ခုသာပါသော ဘေစင်တွင်ပင် သစ်ကြရမည်။ တန်းစီရမည်။ တန်းမစီနိုင်ပါက ရေချိုးခန်းထဲ ဝင်၍ သစ်ကြရမည်။ အဝတ်လျှော်စက်ကလည်း တစ်လုံးတည်းသာ ရှိသဖြင့် ရေချိုးနေစဉ်မျာပင် ဆပ်ပြာမှုန့်ကိုသုံးကာ လက်ဖြင့်လျှော်ရမည်ဟု ဆိုသည်။ ညဘက်တွင်ပင် ရေကို မည်သူမျှ မသိအောင် ချိုး၍ မရပေ။ ရေချိုးခန်း၊အိမ်သာနှင့် အိပ်ခန်းထဲမှလွဲ၍ ကျန်သည့်နေရာများတွင် cctv များ တပ်ထား၏။

 အိပ်ခန်ထဲသို့ ပြန်ရောက်ကြတော့ နှင်းဝေတို့အားလုံး စကားမပြောနိုင်ကြတော့ပေ။ ကိုယ့်အတွက် သတ်မှတ်ထားသည့် အိပ်ယာများထဲသို့ ဝင်ကာ ခွေနေမိကြသည်။ ဗီယက်နမ်များ၏ စကားသံများ၊ အင်ဒိုနီးရှားများ၏ စကားသံများ၊ မြန်မာများ၏ သံများဖြင့် အိပ်ခန်းကြီးသည် ညဦးချိန်ထဲတွင် အသက်ဝင်လွန်းနေခဲ့၏။

 နှင်းဝေ၏ အောက်ထပ်တွင် နေရာရသော အိသူနှင့် စီစီထက်ထံမှ စကားသံတိုးတိုး ထွက်လာနေသည်။ နှင်းဝေကတော့ မည်သူနှင့်မျှ စကားပြောချင်စိတ်မရှိသဖြင့် အိပ်ယာထက်တွင်ပင် အသံတိတ်နေမိသည်။ မြန်မာပြည်မှထည့်လာခဲ့သော ဖုန်းကတ်ကို အင်တာနက်ဖွင့်ပြီး အိမ်က အဖေနှင့်အမေများ လိုင်းပေါ်ရှိမလား ကြည့်မိတော့ မရှိကြပေ။

 "အစစ အရာရာ အဆင်ပြေပါတယ်..” ဟု စာပို့ထားလိုက်သည်။ စာရိုက်နေရင်းမှပင် မျက်ရည်များက ပေါက်ပေါက် ပေါက်ပေါက်နှင့် ပါးပြင်ပေါ် လှိမ့်ကျလာသည်။ လာမိတာ မှားပြီလား။

 နှင်းဝေသည် ကျလာသည့် မျက်ရည်များကို မသုတ်မိပေ။ သည် သင်တန်းကျောင်းတွင် တစ်လတိတိ နေရမည်။ ယနေ့သည် ပထမဆုံးရက်ဆိုသော်လည်း မနက်ဖြန်မှ တစ်ရက်ဟု စတင်သတ်မှတ်မှာ ဖြစ်သည်။ သည်နေ့က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၆ ရက်ဆိုတော့ နောက်လ ၆ ရက်မှ သင်တန်းပြီးမှာပေါ့။ 

 “တစ်လ သင်တန်းကတော့ ငရဲကျနေသလိုပဲ” 

 စီနီယာအစ်မများ၏ စကားများက နှင်းဝေ၏ နားထဲတွင် ပီပီသသကြီး ပြန်ကြားလာမိပြန်သည်။ 

 “အားလုံး အိပ်ကြမယ်၊ မီးပိတ်မယ်နော်..ဖုန်းတွေလည်း ပိတ်ထားပါ..၊ လုံးဝ မဖွင့်ပါနဲ့”

 ည ဆယ်နာရီထိုးသည်နှင့် သင်တန်းက ဆရာမများခန့်ထားသည့် ခေါင်းဆောင်ဆိုသူ မြန်မာအမျိုးသမီးက အသံစူးစူးဖြင့် အားလုံးကြားအောင် အော်ပြောသည်။ သူ၏ အသံကလည်း မာတာပါပဲလား။ နှင်းဝေတစ်ယောက် အတွေးမဆုံးမီမှာပင် အိပ်ခန်းကြီးသည် တမဟုတ်ချင်း မှောင်အတိကျလာပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။

 နှင်းဝေသည် သူ၏ မျက်လုံးများကို မှိတ်လိုက်၏။ သို့သော် အိပ်မပျော်။ မနက်ဖြန် မနက်ဖြန်ဟု စိတ်ထဲမှ ရေရွတ်နေမိသည်။ မနက်ဖြန်သည် ငရဲကျသလိုပဲဆိုသော တစ်လကို စတင်ရမည့် ပထမဆုံးနေ့ ဖြစ်၏။ နှင်းဝေသည် ထိုမနက်ဖြန်ကို ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများဖြင့် စောင့်မနေချင်တော့။ ယခုပင်ပြေး၍သာတွေ့လိုက်ချင်တော့၏။


#လူခါး

#လူအိုရုံစောင့်သမ


တစ်ခန်းလုံးဖြစ်စေ ၊ အပိုဒ်လိုက်ဖြစ်စေ၊ ကော်ပီကူးခြင်း၊ ဖြတ်ညှပ်ကပ် ပြန်သုံးခြင်း၊ ဆင်တူရိုးမှားပြုလုပ်ခြင်းများ

မပြုရန် မေတ္တာရပ်ခံပါသည်။ လွတ်လပ်စွာ (share) မျှဝေ

နိုင်ပါသည်။


     #လူခါး

လူအိုရုံစောင့်သမ(၁)


 (၁)


 ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှ ဂျပန်နိုင်ငံသို့ ပျံသန်းလာခဲ့သော Air Asia လေယာဉ်ကြီးသည် ဂျပန်နိုင်ငံ ၊ ချိဘခရိုင်အတွင်းရှိ နာရိတလေဆိပ်ကြီးဆီသို့ ဂျပန်စံတော်ချိန် နံနက် ၈နာရီတိတိ အချိန်တွင် ဆိုက်ရောက်လာခဲ့လေသည်။ Aia Asia လေယာဉ်ကြီးပေါ်မှ ဆင်းလာကြသူများမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသည်များပါသကဲ့သို့ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လာရောက်၍ အလုပ်လုပ်ကိုင် ၊အသက်မွေးကြမည့် မြန်မာအမျိုးသမီးငယ်လေး ငါးယောက်တို့လည်း ပါဝင်ကြသည်။

 သူတို့အားလုံးသည် ကုတ်အင်္ကျီအနက်ရောင်နှင့် စတိုင်ပန်အနက်ရောင်တို့ကို တူညီစွာ ဝတ်ဆင်ထားကြ၏။ အသက်များမှာ နှစ်ဆယ့်ငါးနှစ်မှ သုံးဆယ်အတွင်းခန့်သာ ဖြစ်ကြသည်။ ထို ငါးယောက်ထဲတွင် မန္တလေးတိုင်းထဲရှိ ရွာကြီးတစ်ရွာတွင် မွေးဖွားကြီးပြင်းခဲ့သော နှင်းဝေဆိုသည့် အမျိုးသမီးငယ်တစ်ယောက်လည်း ပါရှိလေသည်။

 နှင်းဝေသည် အသက်၂၇ နှစ်အရွယ် ၊ ဘွဲ့ရပညာတတ် မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ ဘိုးဘွားစောင့်ရှောက်ရေးအလုပ် လုပ်ကိုင်ရန်အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ နှင်းဝေ၏ အသားသည် မန္တလေးနယ်သူ ဖြစ်သည့်နည်းတူ ညိုသည့်ဘက်သို့ ရောက်၏။ နှင်းဝေ၏ ဆံပင်များမှာ ထူထဲညိုမောင်းပြီး ကျောလယ်ခန့်အထိ ရှည်လျားသည်။ မျက်လုံးများမှာ ဝင်းပလျက်ရှိပြီး ၊ မျက်ခုံးများမှာထူထဲနက်မှောင်သည်။ နှင်းဝေ၏ ကိုယ်ခန္ဓာသည် မြန်မာအမျိုးသမီးများတွင် တွေ့ရတတ်သော ကိုယ်လုံးကိုယ်ထည်တို့၏ အလှထက် အချိုးအဆစ်ကျနစွာဖြင့်  ပို၍ ဖွံ့ထွားလေသည်။ ။ နှင်းဝေ၏ အရပ်မှာ ငါးပေနှစ်လက်မခန့်ရှိပြီး တည်ငြိမ်သော်လည်း ဆွဲဆောင်မှုရှိသော ဟန်ပန်ကို နှင်းဝေထံတွင် အမြဲတွေ့နေရတတ်၏။ နှင်းဝေတွင် အသက်ခြောက်ဆယ်ခန့် မိဘနှစ်ပါးရှိပြီး မိဘများမှာ မျိုးရိုးစဉ်ဆက် တောင်သူလယ်လုပ် ဓားမခုတ်များသာ ဖြစ်ကြ၏။ နှင်းဝေသည်  ရွာတွင်နေစဉ်က မိဘများ၏ အလုပ်ကို ကူညီလုပ်ကိုင်ရင်း နေ့စားကျောင်းဆရာမလေးအဖြစ် သူ၏ရွာတွင်သာ အသက်မွေးနေထိုင်စားသောက် လုပ်ကိုင်ခဲ့သူ ဖြစ်လေသည်။

 နာရိတလေဆိပ်သို့ ရောက်ရှိပြီး ဂျပန်မြေကို ခြေချမိသည်နှင့် နှင်းဝေသည် “ငါ..လုပ်နိုင်ခဲ့ပြီ”ဟု စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။ တစ်ဆက်တည်းမှာပင် သက်ပြင်းမောကြီးတစ်ခုကိုလည်း ဟူးခနဲ မှုတ်ထုတ်ပစ်လိုက်မိပြန်သည်။ နှင်းဝေနှင့်အတူတူ သင်တန်းတက်ခဲ့ကြပြီး ဘိုးဘွားစောင့်ရှောက်ရေး အလုပ်တစ်ခုတည်းကိုပင် အတူတူလုပ်ကိုင်ရန် လာခဲ့ကြသည့် ကျန်သူငယ်ချင်းလေးယောက်ကို ငဲ့ကြည့်လိုက်တော့ သူတို့အားလုံး၏ မျက်နှာများတွင်လည်း“ငါတို့လုပ်နိုင်ခဲ့ပြီ..” ဆိုသည့် ကျေနပ်ပီတိဖြစ်နေကြသော မျက်လုံးများကို အထင်းသား မြင်လိုက်ရသည်။ 

 နာရိတလေဆိပ်ရောက်သည်နှင့် နှင်းဝေတို့ငါးယောက်သည် ကျောပိုးအိတ်ကိုယ်စီလွယ်ရင်း လေဆိပ်၏ လ.ဝ.က ကောင်တာ၌ တန်းစီစောင့်ဆိုင်းပြီး ဖောင်ဖြည့်ကြရသည်။ ပြည်ဝင်ခွင့်အတွက် ကတ်လုပ်ရန်ဟုဆိုကာ ဓာတ်ပုံရိုက်ကြရသည်။ ပြီးသည်နှင့် ဇိုင်းလျူးကတ်ဆိုသည့် ဂျပန်ပြည်တွင်းနေထိုင်ခွင့်ပြုမည့် အိုင်ဒီကတ်ကလေးကို တစ်နှစ်သက်တမ်းနှင့် ရခဲ့ကြသည်။

 “အလွန်အရေးကြီးတဲ့ ကတ်ဖြစ်လို့ သေသေချာချာလေး သိမ်းကြပါ” 

 လ.ဝ.က ဝန်ထမ်းအမျိုးသမီးကြီးက အင်္ဂလိပ်လိုတစ်လှည့် ဂျပန်လို တစ်လှည့် ရှင်းပြပေးနေသဖြင့်  “ဟိုက်..” ဟု တစ်ယောက် တစ်ခွန်း ပြန်လည်ပြောဆိုကြရင်း နှင်းဝေတို့ သူငယ်ချင်းငါးယောက်မှာ ထိုနေရာမှထွက်လာခဲ့ကြသည်။ ထို့နောက်  ခရီးဆောင်အိတ်ကြီးများကို ရှာဖွေရန် သွားကြရသည်။ 

 နှင်းဝေတို့ ငါးယောက်အဖွဲ့သည် မြန်မာပြည်မှ ထွက်လာကတည်းက ရုံးဝတ်စုံအနက်ရောင် ဝမ်းဆက်များကို ဆင်တူ ဝတ်ထားခဲ့ကြပြီး အဖွဲ့လိုက်လာကြခြင်းဖြစ်သည်မို့ ဘယ်နေရာသွားသွား တစ်ရောင်တစ်သွေးတည်း အုပ်စုလိုက်ကြီး ဖြစ်နေလေသည်။ အခြားခရီးသွားများက နှင်းဝေတို့ငါးယောက်အား ကွက်ကြည့်ကြည့် လုပ်သွားကြတတ်သည်။ နှင်းဝေတို့ သူငယ်ချင်းငါးယောက်သည် သည် ကိုယ်အတွေးနှင့်ကိုယ်မို့ ပတ်ဝန်းကျင်ကို လိုသည်ထက်ပို၍ ဂရုမစိုက်နိုင်ကြပေ။ မျက်စိများ၊ နားများကို စွင့်ကာ ၊ဖွင့်ကာဖြင့် လေဆိပ်ကြီးထဲတွင် ဟိုဟိုသည်သည် သွားလာ လှုပ်ရှားနေမိကြသည်။

 နာရိတလေဆိပ်ကြီးသည် အသားအရောင်မျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ ဖိနပ်သံမျိုးစုံ၊ ဆံပင်ပုံစံမျိုးစုံ၊ ရယ်သံမျိုးစုံ၊ ခရီးဆောင်အိတ်မျိုးစုံနှင့် မျက်နှာမျိုးစုံတို့ကို တစ်နေရာတည်းတွင် တွေ့နိုင်သည့် နေရာပေပဲဟု နှင်းဝေ၏ စိတ်ထဲမှ တွေးလိုက်မိသည်။ လေဆိပ်ကြီးသည် ထိန်ညီးသော လျှပ်စစ်မီးရောင်ထဲတွင် နတ်ပြည်ကို စိတ်ကူးနှင့်ရောက်ရသည့်အလား ထင်မှတ်မှားလောက်အောင်ပင် လင်းလက်လျက် ရှိသည်။ 

 နာရိတလေဆိပ်ကြီးသည် သန့်ရှင်းသပ်ရပ်ပြီး ကျယ်လွန်းလှသဖြင့် ခရီးဆောင်အိတ်များရှိသည့်နေရာကိုပင် အလွယ်တကူ ချက်ချင်း ရှာ၍ မတွေ့ခဲ့ပေ။ နောက်ဆုံးမှ ခရီးဆောင်အိတ်များထွက်လာသည့် အဝိုင်းပတ်ကြီးပေါ်တွင် ယူသူမရှိဘဲ ထပ်တလဲလဲ လှည့်နေသော နှင်းဝေတို့ငါးယောက်အဖွဲ့၏ အရောင်စုံလှသော ခရီးဆောင်အိတ်ကြီးများကို တွေ့ကြရသည်။ 

 သူတို့ငါးယောက်သည် ခရီးဆောင်အိတ်များရတော့မှ လေဆိပ်၏ အပြင်ဘက် ထွက်ပေါက်ရှိရာသို့ အထုပ်ကိုယ်စီဆွဲလျက် ခပ်သုတ်သုတ်ထွက်လာခဲ့ကြသည်။ သည်အချိန်ဆိုလျှင် သူတို့ငါးယောက်ကို လာကြိုမည့်သူက ဆိုက်ရောက်နေရာ၌ ရောက်နှင့်နေလောက်ပြီဆိုသည့် အတွေးများက သူတို့ငါးယောက်၏ ခေါင်းထဲတွင် ထပ်တူညီစွာ ရှိနေကြသည်။

 “Welcome to Japan” ဆိုသည့် စာတန်းကြီးကို မြင်လိုက်တော့ အခြားသူများတော့မသိ၊ နှင်းဝေ၏ရင်ထဲ၌ နွေးခနဲ ဖြစ်သွားမိ၏။ ဪ…အိပ်မက်ထဲက ဂျပန်။ စိတ်ကူးထဲက ဂျပန်။

 သည်ဆိုင်းဘုတ်ကြီးကို မြင်ရဖို့ နှစ်နှစ်ကျော်ကျော်ခန့် မရပ်မနားကြိုးစားခဲ့ရသည့် နေ့များသည် ယခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပကောဟု နှင်းဝေ စိတ်အားတက်စွာ တွေးလိုက်မိသည်။

 နတ်ကြီးလွန်းသည်ဟု ပြောကြသည့် ဂျပန်။ သွားမည့်သူတိုင်း လွယ်လွယ်နှင့် မရောက်ဘူးဆိုသည့် ဂျပန်။  ဘယ်သူ့ကို မေးလိုက် မေးလိုက် လူတိုင်းသွားချင်နေသည့် ဂျပန်။ ယခုတော့ နှင်းဝေတို့ သူငယ်ချင်းငါးယောက်သည် ထိုဂျပန်မြေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး  ရောက်လာခဲ့ကြချေလေပြီ။

 “အိသူတို့ ဂျပန်ရောက်ပြီကွ..”

 နှင်းဝေတို့ ငါးယောက်အဖွဲ့ထဲမှ အသက်အငယ်ဆုံးဖြစ်သည့် အိသူက လက်သီးလက်မောင်းတန်းရင်း အော်လိုက်သဖြင့် တစ်ဖွဲ့လုံး ခပ်တိုးတိုး ဝိုင်းရယ်မိကြသေးသည်။ အိသူကတော့ ကလေးငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေ၏။ ပိန်ပါးသောကိုယ်ဖြင့် ပုပျပ်သောအရပ်ရှိသော အိသူမှာ အမှတ်တမဲ့ကြည့်လျှင် ဆယ်ကျော်သက်ကလေးငယ်တစ်ယောက်ပမာ ရှိလေသည်။ အဝတ်အစားများမှာ အိသူနှင့်စာလျှင် ပွယောင်းနေသဖြင့် လူကြီးတစ်ယောက်၏ အဝတ်အစားများကို ယူဝတ်ထားသော ကလေးငယ်တစ်ယောက်ပမာ အိသူမှာ အများအမြင်တွင် ရယ်ချင်စရာကလေး ဖြစ်နေလေသည်။ ချစ်စရာဟန်ပန်ကလေးကလည်း အိသူနှင့်အတူ ခွဲတွဲကပ်ပါလျက် ရှိသည်။ အိသူဆွဲလာခဲ့သော အနက်ရောင် ခရီးဆောင် အိတ်ကြီးမှာ အိသူထက် နှစ်ဆမျှပင် ကြီးနေသေးရာ လူကောင်သေးသေး အိတ်ကြီးကြီးနှင့် အိသူ၏ပုံမှာ နှင်းဝေတို့ ငါးယောက်အဖွဲ့ထဲတွင် တမျိုးတစ်ဘာသာ ဖြစ်နေလေသည်။

 လေဆိပ်ကြီး၏ အပြင်ဘက်သို့ရောက်သည်နှင့် နှင်းဝေတို့ သူငယ်ချင်း ငါးယောက်၏ အမည်များကို အထက်အောက်တန်းစီ၍ အင်္ဂလိပ်စာဖြင့် ရေးထားသော စာရွက်ကြီးကို ကိုင်ထားသည့် အသက် ငါးဆယ်ခန့် ဂျပန်အမျိုးသမီးကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများသည် လေဆိပ်ထဲမှ ထွက်လာသူများကို မပြတ်ကြည့်ကာ ဟိုဟိုသည်သည် ရွေ့လျားနေ၏။

 ထိုအမျိုးသမီးကြီးကို မြင်လိုက်သည်နှင့် နှင်းဝေတို့ ငါးယောက်သည် လှိုက်ခနဲဖြစ်သွားကြသည်အထိ ဝမ်းသာ ပျော်ရွှင်မိကြသည်။ “ဟိုမှာ..ဟိုမှာ.." ဟုဆိုကာ တစ်ယောက်ကိုတစ်ယောက် လက်တို့၍ အသိပေးမိကြသည်။ သူတို့နှင့် တိုက်ရိုက် သက်ဆိုင်သည့် ဂျပန်လူမျိုးတစ်ယောက်ကို ဂျပန့်မြေ၊ ဂျပန့်ရေပေါ်တွင် ပထမဦးဆုံးအနေဖြင့် အရှင်လတ်လတ်​ကြီး မြင်ဖူးကြသည်မို့ နှုတ်ဆက်စကားလည်း ချက်ချင်း မဆိုမိကြပေ။ ဝမ်းသာစိတ်များကိုယ်စီဖြင့် ပြူးကြောင်ငေးမော၍သာ ကြည့်ရင်း ထိုသူ၏အနားသို့ ခပ်တိုးတိုး ကပ်သွားမိကြသည်။

 “အိုဟိုင်းယော..”

 ဂျပန်အမျိုးသမီးကြီးက ဝင်းပသော သူ၏မျက်နှာဝိုင်းဝိုင်းကို သွားများပေါ်သည်အထိ တစ်ချက်ပြုံးလိုက်ရင်း နှုတ်ဆက်စကားကို ပျူပျူငှာငှာ ဆိုသည်။ ထိုအမျိုးသမီးကြီးထံမှ ကြားလိုက်ရသော “မင်္ဂလာပါ” ဆိုသည့်အသံသည်ပင် နှင်းဝေတို့ငါးယောက်အဖို့ အထူးအဆန်းသဖွယ်ဖြစ်နေခဲ့သည်။ 

 “အိုဟိုင်းယော ဂိုဇိုင်းမတ်စ်”

 “အိုဟိုင်းယော ဂိုဇိုင်းမတ်စ်”

 နှင်းဝေတို့သူငယ်ချင်းအားလုံး၏ ဂျပန်စာအရည်အချင်းမှာ  N3 အောင်ထားပြီးခဲ့ကြသူများ ဖြစ်သဖြင့်  ဂျပန်စကားကို အမြန်ကြီးမဟုတ်သည့်တိုင် နားလည်သဘောပေါက်အောင်တော့ နားထောင်နိုင်ကြ၊ ပြောတတ်ကြပါသည်။ စတင်နှုတ်ဆက်လာသော ထိုအမျိုးသမီးကြီးကို “မင်္ဂလာပါ..”ဟု အပြုံးပန်းကိုယ်စီပွင့်ရင်း ခပ်မြန်မြန်ပင် တစ်ယောက်တစ်ခွန်း ပြန်၍ နှုတ်ဆက်ဖြစ်ကြသည် ။

 ထိုအမျိုးသမီးကြီးက သူ၏နှာခေါင်းထိပ်ဖျားလေးအား ညာဘက် လက်ညှိုးလေးနှင့် အသာဖိကပ်ထောက်ပြရင်း သူ၏နာမည်ကို ရွတ်ပြရင်း စကားတစ်ခွန်းထပ်ပြောသည်။

 “ယမဂတလို့ ခေါ်ပါတယ်..၊ နွေးနွေးထွေးထွေးဆက်ဆံပေးပါ" 

 “ယောရောရှိခု အိုနဲဂအိရှိမတ်”

 “ယောရောရှိခု အိုနဲဂအိရှိမတ်”

 နှင်းဝေတို့ငါးယောက်အဖွဲ့ကလည်း “နွေးနွေးထွေးထွေး ဆက်ဆံပေးပါ” ဟု ပြိုင်တူ ပြန်ပြောလိုက်ကြရင်း ပြိုင်တူ ပြုံးပြမိကြသည်။ 

 ထို့နောက် ယမဂတစံက နှင်းဝေတို့ကို သူ၏နောက်မှ လိုက်ခဲ့ကြရန်ပြောကာ “ကားပါကင်နေရာဆီသို့ သွားကြရအောင်..” ဆိုသဖြင့် သူ၏နောက်မှ ငါးယောက်အဖွဲ့တစ်ဖွဲ့လုံး လိုက်ခဲ့ကြရသည်။ 

 ယမဂတစံ၏ အရပ်သည် မြင့်မားသော စာရင်းထဲတွင်ပါ၏။ သူ၏ ဆံပင်မှာ ကျောလယ်အထိ ရှည်လျား၍ ရွှေအိုရောင် ပါးပါး ဆိုးထားသေးသည်။ ခန္ဓာကိုယ်မှာ မပိန်လွန်း မဝလွန်းဘဲ ကြည့်ပျော် ရှုပျော်ဖြစ်သည့်အမျိုးအစားထဲက ဖြစ်သည်။ သူစီးထားသော ရွှေအိုရောင် ဒေါက်ဖိနပ်မှ ထွက်နေသည့် တဒေါက်ဒေါက် အသံမှာ နှင်းဝေတို့ငါးယောက်၏ အိတ်ဆွဲသံများ၊ ရှူးဖိနပ်သံများထက်ပင် ကျယ်နေသေးသည်။ သူ၏ အဝတ်အစားများမှာမူ သူ့အရွယ်နှင့်စာလျှင် အနည်းငယ် ခေတ်ဆန်လွန်း နေလေသည်။ စကပ်တိုတိုအောက်ရှိ ခြေသလုံးသားများဆီမှ အကျောစိမ်းစိမ်းများကို အနောက်ဖက်မှနေ၍ အထင်းသား မြင်နေရသည်။

 နာရိတလေဆိပ်၏ ကားပါကင်ကြီးက အကျယ်ကြီး ဖြစ်သည်။ ကားများကို အထပ်သုံးလေးထပ်ခွဲ၍ ရပ်ထားသည်ကို မြင်ရသည်။ ဓာတ်လှေကားအတိုင်း အဆင်းအတက်ပြု၍ ရသဖြင့်သာ တော်သေးသည်။ 

 “တီ..တီ..”

 

 တစ်နေရာရောက်သည်နှင့် ကားအနက်ကြီး တစ်စီးထံမှ အချက်ပြမီး ပွင့်သွားသည့် အသံကြားလိုက်ရပြီး ကားကြီး၏ ဘက်မှန်တံခါးများက ကျီခနဲမြည်ကာ  အလိုအလျောက် ပြန့်ကားလာကြလေသည်။ 

 “ဒိုးစို”

 ယမဂတစံက ကားတံခါးလက်ကိုင်မှ လက်ဗွေနေရာကို သူ၏ လက်မဖြင့် ထိလိုက်ပြီး ကားနောက်ခန်းကို လက်ညွှန်​ပြရင်း “အိတ်တွေတင်ကြပါ” ဟု အဓိပ္ပါယ်ရသည့် အမူအယာမျိုး လုပ်ပြသဖြင့် နှင်းဝေတို့အဖွဲ့သည် ခရီးဆောင် အိတ်ကြီးများကို ကား၏ နောက်ခန်းထဲတွင် တင်ရန်ပြင်ကြရသည်။ ကားကြီး၏ နောက်ခန်းသည်လည်း ကျယ်လှသည်။ အိတ်များကို ကား၏ နောက်ခန်းထဲတွင် ထည့်ပြီးသည်နှင့် နှင်းဝေတို့အဖွဲ့ ကားပေါ်တက်ရန်ပြင်ကြသည်။

 “နင်တက်”

 “နင်တက်ပါ..”

 “နက်တက်ဟာ..”

 ယမဂတစံက ကားဒရိုင်ဘာနေရာတွင် ထိုင်ပြီး ကားစက်ကိုပင်နှိုးပြီးနေပြီ။ နှင်းဝေတို့အဖွဲ့သည် ယခုထိ ကားပေါ်မရောက်သေးပေ။ ကားခေါင်းထဲမှ ယမဂတစံ၏ ဘေးထိုင်ခုံနေရာတွင် သူထိုင် ငါထိုင်နှင့် တစ်ယောက်နှင့်တစ်ယောက် တွက်ကပ်နေမိကြသည်။ နောက်ဆုံးတွင် နှင်းဝေကပင် ယမဂတစံရှိနေသော ကားခေါင်းခန်းထဲတွင် ဝင်ထိုင်လိုက်ရတော့၏။ နှင်းဝေတို့အားလုံး ကားပေါ်ရောက်သည်နှင့် ကားကြီးက ရပ်ထားရာမှ စက်နိုးလာကာ သိမ့်ခနဲ တစ်ချက်တုန်၍  စထွက်လေတော့သည်။

 “ကောင်းလိုက်တဲ့ ကားကြီးနော့.၊ ငါ့ကားကြီးဆိုကောင်းမှာ”

 ကားကြီး၏ နောက်ခန်းထဲတွင်ထိုင်သည့် အမြဲ စိတ်ကူးယဉ်တတ်သည့် ပဲခူးသူ ချိုမာ့ ထံမှ အသံတိုးတိုးလေး ထွက်လာသည်။ 

 “အေးနော့..အိနေတာပဲ”

 ချိုမာ၏ အပြောကို နှင်းဝေတို့အဖွဲ့ထဲမှ အကြီးဆုံးနှင့် အသွက်လက်ဆုံးဖြစ်သည့် ရန်ကုန်သူ စီစီထက်က ဝင်ပြီး ထောက်ခံသည်။ အိသူနှင့် အင်ကြင်မွှေးတို့နှစ်ယောက်ထံမှတော့ မည်သည့်အသံမျှ ထွက်မလာကြပေ။ နှင်းဝေသည် သူ၏ခေါင်းလေးကို အသာစောင်းပြီး ကားကြီး၏ နောက်ခန်းထဲသို့ လှည့်ကြည့်လိုက်တော့ သူငယ်ချင်းလေးယောက်သည် ကားထဲမှ လှမ်းမြင်နေရသော စိမ်းသက်သက် ဂျပန်မြေ၏ မြို့တွင်း ကားလမ်းမများ၊ အဆောက်အဦးများ၊ စျေးဆိုင်များနှင့် လူနေအိမ်များကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။

 ဂျပန်နိုင်ငံ၏ ကားလမ်းများသည် ဘယ်မောင်းဖြစ်သည်ကို ဂျပန်မလာမီ သင်တန်းကျောင်းမှာ ကတည်းကပင် ကြို၍ သိထားပြီး ဖြစ်ကြသော်လည်း လက်တွေ့ကြုံရသည့်အခါ အထူးအဆန်းဖြစ်မိသည်ကတော့ အမှန်ပဲဖြစ်သည်။ တစ်ဖက်လမ်းမှ မောင်းလာနေသည့် ကားကြီး၊ ကားငယ်များက နှင်းဝေတို့စီးလာသည့် ကားကြီးကို ဝင်တိုက်တော့မလားဟုပင် ထင်မိသည်။

 ယမဂတစံသည် နေကာမျက်မှန်အနက်ရောင်ကို တပ်ကာ ကားကို ကျွမ်းကျင်စွာမောင်းနေ၏။ သူ့လက်ချောင်းဖြူဖြူကလေးများ၏ အောက်တွင် ကားစတီယာရင်လက်ကိုင်သည် ဘယ်မှညာ၊ ညာမှ ဘယ်သို့ လှည့်လည်ဝိုက်ပတ်လျက်ရှိသည်။ 

 အချိန်က နွေရာသီကုန်စ အောက်တိုဘာလ ဖြစ်သော်လည်း ဂျပန်၏ ရာသီဥတုကတော့ အပူဘက်မှာပင် ရှိနေသေးသည်။  သစ်ရွက်ခြောက်တစ်ချို့သည် ကားလမ်းမပေါ် တွင် လေနှင့်အတူ ဖြတ်ပြေးနေကြ၏။ ကားလမ်းဘေးတွင် လူနေအိမ်များအပြင်၊ လယ်ကွင်းများ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်များကိုလည်း နေရာမလပ်တွေ့မြင်နေရသည်။ 7-Eleven၊ Lawson နှင့် Family Mart တို့ကဲ့သို့သော နှစ်ဆယ့်လေးနာရီဖွင့်သော ဆိုင်များကိုလည်း မကြာခဏတွေ့ရသည်။

 ကားစထွက်ပြီး မကြာခင်မှာပင် လေအေးပေးစက်မှထွက်လာသော အေးစက်စက်လေ၏ အရသာကို နှင်းဝေတို့ သူငယ်ချင်းငါးယောက် ရသည်။ နှင်းဝေသည်  သူ၏ မျက်လုံးများကို မှိတ်ကာ ခန္ဓာကိုယ်ကို ထိုင်ခုံနောက်ပေါ်သို့ မှီချလိုက်၏။

 “ခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်..”

 နောက်ခန်းထဲတွင်ထိုင်နေသည့် စီစီထက်က ကျေနပ်သွားဟန်ဖြင့် မကြားတကြားဆိုသည်။ သူ့အဆိုကိုတော့ မည်သူမျှ မထောက်ခံကြ။ အားလုံး အတွေးကိုယ်စီဖြင့် ရှိနေကြသည်။

 ကားကြီးသည် စက်သံမှအပ မည်သည့်အသံမှ မကြားရအောင်ပင် ငြိမ်သက်လွန်းလှသည်။ ကား​ကြီးထဲမှ ခပ်သင်းသင်းထွက်နေသည့် မွှေးရနံ့တစ်ခုကိုလည်း ထိုအခါမှ နှင်းဝေ သတိထားမိသည်။ နှင်းဆီပန်းရနံ့ပေပဲ။ နှင်းဝေသည် သူ၏  မျက်လုံးကို ပြန်ဖွင့်ပြီး ရှာကြည့်မိသေးသည်။ မတွေ့။ အနံ့ကတော့ နှင်းဆီပန်းရနံ့ဆိုတာ သေချာသည်။ ချိုးမွှေးသော နှင်းဆီပန်းရနံ့ကို နှင်းဝေ သိပ်ကြိုက်သည်။ သို့သော် မည့်သည့်နေရာက ထွက်လာနေမှန်း  မသိ။

 နှင်းဝေ သည် သူ၏ မျက်လုံးများကို ပြန်မှိတ်ထားလိုက်၏။ နှင်းဝေ၏ စိတ်သည် ကိုယ်နှင့်မကပ်။ တစ်ခါတစ်ရံ အမိမြေသို့ လွင့်၏။ တစ်ခါတစ်ရံ လက်ရှိအခြေအနေသို့ ပြန်ရောက်လာပြီး တစ်ခါတစ်ရံတွင်မူ သင်တန်းတက်ခဲ့ရသော ရန်ကုန်မြို့မှ ပျော်ရွှင်ဖွယ် ကာလများဆီသို့ လျှက်ပြက်သကဲ့သို့ ပြန်ရောက်၏။ တွေးမိ၏။ မောမိ၏။ ဂျပန်နိုင်ငံသို့ ထွက်ခွာခွင့်ရရန် စောင့်ဆိုင်းခဲ့ရသော  စိုးရိမ်ပူပန်ခဲ့ရသည့် ကာလများကို ပြန်ပြောင်းသတိရရင်း သက်ပြင်းမောကြီးတစ်ခုကို “ဟင်း” ခနဲ ချမိပြန်၏။ “ဘာပဲဖြစ်ဖြစ်ကွယ်.. အခုတော့ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီပဲ..” ဟုလည်း တွေးဖြစ်ပြန်သည်။ 

 “ငါတို့ အားလုံး လုပ်နိုင်ခဲ့တာပဲ..” ဟု ထပ်တွေးလိုက်ရင်း အတွေးစကို နှင်းဝေ ဖြတ်လိုက်သည်။ မျက်လုံးများကို တစ်လမ်းလုံး မဖွင့်တော့ဘဲ မှိတ်ထားလိုက်သည်။ 

 ကားကို တည်ငြိမ်စွာမောင်းနေသော ယမဂတစံက ကားမှရေဒီယိုကို ဖွင့်ထားသဖြင့် အမျိုးသားအဆိုတော်တစ်ယောက်ဆိုနေသည့် ဂျပန်သီချင်းတစ်ပုဒ်အသံကို ခပ်သဲ့သဲ့ကြားနေရသည်။ နှင်းဝေတို့၏ ရန်ကုန်သင်တန်းကျောင်းတွင် ဂျပန်သီချင်းများကို သင်ပေးခဲ့ဖူးသော်လည်း ယခုကြားနေရသော သီချင်းကိုမူ တစ်ယောက်မျှ မကြားဖူးပေ။ 

 သူတို့သူငယ်ချင်းငါးယောက် ရှိနေသည်က ကားတစ်စီးပေါ်မှာ မဟုတ်တော့သလိုပင်။ တည်ငြိမ်သော ကား၏ အရွေ့နှင့် ညိမ့်ညောင်းသော လမ်းမကြီး၏  စိတ်ချ လုံခြုံရသော အရသာကို သိသိသာသာကြီး ခံစားနေရသည်။ သို့သော် သူတို့အားလုံး၏စိတ်ထဲတွင်တော့ စိတ်ချရသော လွပ်လပ်မှုမျိုးကိုတော့ မည်သူမျှ မရ။ သူတို့သူငယ်ချင်း ငါးယောက်၏ စိတ်ထဲတွင် စိုးတထိတ်ထိတ် ရှိနှင့်နေသော အရာတစ်ခုက ဂျပန်မရောက်မီကပင် ရှိနှင့်နေလေသည်။ 

 ဂျပန်နိုင်ငံသို့ ကြိုရောက်နှင့်နေပြီး လုပ်ငန်းခွင်တွင် ဝင်ရောက် အလုပ် လုပ်နေပြီဖြစ်သော သူတို့သင်တန်းကျောင်းထွက် စီနီယာ အမတစ်ယောက် ပြောသည့် စကားတစ်ခွန်းက သူတို့ငါးယောက်၏ အတွေးထဲတွင် လှည့်လည်ရစ်ပတ် နှောက်ယှက်နေလေသည်။

 “သင်တန်းကျောင်းတစ်လကတော့ ငရဲကျသလိုပဲဟေ့”

 လေယာဉ်ပေါ်မှာ အတူထိုင်နေကြစဉ်ကပင် ထိုစကားကို  ရန်ကုန်သူ စီစီထက်က ပြောလာခဲ့သေးသည်။ နှင်းဝေကတော့ ဘာမျှ မတွေးလိုတော့။  ဂျပန်ကိုတောင် ရောက်လာမှတော့ ကျချင်တဲ့ငရဲသာ ကျပါစေတော့ဟု တွေးရင်း သူ၏ မျက်လုံးများကို  အသာ ပြန်မှိတ်ထားလိုက်သည်။ 

 Toyota Alphard တံဆိပ် ခုနစ်ယောက်စီး ဇိမ်ခံကားအနက်ကြီးကတော့ ငရဲခန်းနေ့ရက်များဟု အများက တင်စားခေါ်ဝေါ်ကြသည့် သင်တန်းကျောင်းကြီး ရှိရာဆီသို့ တရိပ်ရိပ်ပြေးနေလေ၏။ ထိုကားကြီးပေါ်တွင်ကား ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်လာသော မြန်မာအမျိုးသမီးလေးငါးယောက်သည် အတွေးတစ်မျိုးစီ၊ ခံယူချက်တစ်မျိုးစီ၊ ယုံကြည်ချက်တစ်မျိုးစီဖြင့် လိုက်ပါလာ​ခဲ့ကြလေသည်။


                            (၂) ဆက်ရန်

(မှတ်ချက်)

ဤစာအုပ်ပါအကြောင်းအရာများကို လွတ်လပ်စွာ မျှဝေနိုင်သော်လည်း စာကြောင်းလိုက် ကူးယူခြင်း၊ စာပိုဒ်လိုက် ကူးယူခြင်း၊ အခန်းစဉ်အလိုက် ကူးယူအသုံးပြုခြင်း၊ စိတ်ကူးတူ၊ ပုံစံတူ ပြန်လည်ရေးသားခြင်းနှင့်  ဖြတ်ညှပ်ကပ် ပြုလုပ်ခြင်းများ (လုံးဝ) ခွင့်မပြုပါ။ အပတ်စဉ် တနင်္ဂနွေ့ညတိုင်း  ကျန်အခန်းဆက်များကို တင်ဆက်ပေးသွားပါမည်။ 

ကျေးဇူးတင်လျက်


 #လူခါး

 ၂၀၂၆၊၀၆၊၀၇၊ဂျပန်

Saturday, 30 May 2026

ပိုက်ဆံလွှဲတဲ့နေ့


()


မီးငယ် အမေ့ထံ ပိုက်ဆံမလွှဲဖြစ်တာ ကြာပြီ။ သည်နေ့တော့   ပိုက်ဆံလွှဲရမည်။ ဂျပန်မှာ ကျောင်းတစ်ဖက်နှင့် အချိန်ပိုင်းအလုပ် လုပ်ရင်း  စုထားခဲ့သော ယန်းကလေးကို အမေ့ထံသို့ လွှဲရမည်။ ယန်းစျေးကို စုံစမ်းလိုက်တော့ စျေးက ကျနေသည်။ မြန်မာငွေ တစ်သိန်းကို ယန်း လေးထောင်တဲ့။ သို့သော် မတတ်နိုင်။ မီးငယ် ပိုက်ဆံလွှဲရန်သာ ဆုံးဖြတ်လိုက်သည်။ အလုပ်က အပြန်ပင် ဝင်လွှဲလိုက်တော့၏။



()


သည်နေ့ ဒေါ်စောတင်၏ လက်ဖဝါးများ ယားနေသည်။ ငယ်စဉ်က ကြားဖူးသည်က လက်ဖဝါးများယားလျှင် ငွေဝင်တတ်သည်တဲ့။ ယခုထိတော့ ထိုစကား မမှန်သေးပေ။ ကုပ်နေရသည်သာ အဖတ်တင်၏။ ထိုအချိန်တွင် ဒေါ်စောတင်၏ ဖုန်းထဲသို့ မက်ဆေ့တစ်စောင် ရောက်လာသည်။ 

အမေ..သမီး ငွေလွှဲလိုက်တယ်.. သွားထုတ်လိုက်နော်.."

ဟော..”

ဒေါ်စောတင် အပျော်ကြီး ပျော်သွား၏။ လက်ယားနေတာနဲ့ ကွက်တိပဲဟုတွေးကာ သားတော်မောင်ဆီသို့ ဖုန်းခေါ်လိုက်၏။ သို့သော် ဖုန်းက မဝင်။ စက်ပိတ်ထားသည်တဲ့ သူကိုယ်တိုင်ပင် သွားထုတ်တော့မည်ဟု တွေးကာ ဒေါ်စောတင် ဘဏ်သို့ ထွက်လာခဲ့သည်။ 


()


ဒေါ်စောတင် ဘဏ်တွင် ငွေထုတ်သည်။ ထုတ်လာသည့် ငွေကိုတွက်ကာ လုပ်ရမည်များကို တွေးမိ၏။ စားဖို့လည်းတွေး၊ စုဖို့လည်းတွေး၊ ကျန်းမာရေးအတွက်လည်း တွေးရသည်။ စုဖို့ဆိုသည်ကား အတွေးထဲတွင်သာ ရှိသည်။ တက်လာသော ကုန်စျေးနှုန်းနှင့် လစဉ်ပေးရသော ဘာကြေးညာကြေးများကလည်း ရှိသေး၏။

တကယ်ဆို သမီးဆီက ငွေမရောက်သည်မှာ ကြာပြီ။ ဗီဇာကိစ္စ၊ ကျောင်းကိစ္စနှင့် သမီးသည်လည်း အဆင်ပြေရုံလေးသာ ရှိနေကြောင်း ဒေါ်စောတင် သိသည်။ သမီးကို အပြစ်လည်း မတင်ရက်။ သူ့ခမျာ သူတပါးတိုင်းပြည်မှာ ငယ်ငယ်ရွယ်ရွယ်နှင့်  ရုန်းကန်နေရသည်။

ဒေါ်စောတင် အိမ်ပြန်ရောက်တော့ သားတော်မောင်က ပြန်မရောက်သေးပေ။ သားတော်မောင်က ယခင်နေခဲ့ဖူးသော သိပ်မဝေးသည့်မြို့မှ ယခုမြို့ကလေးသို့ မိသားစု၏ အိမ်ထောင်စုစာရင်းပြောင်းရန် သွားနေခြင်းဖြစ်သည်။ အဆက်အသွယ်မပြတ်လုပ်ဖို့  မှာထားလျက်နှင့်ပင် စိတ်ပူအောင် လုပ်ပြန်ပြီဟု ဒေါ်စောတင် တွေးဖြစ်သည်။

ထိုအချိန်မှာပင် ဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ ဖုန်းက နံပတ်အသစ်။ ကြိုးဖုန်းနံပတ်ဖြစ်သည်။ ဒေါ်စောတင် ဖုန်းထူးလိုက်သည်။

ဟလို

အမေ့..”

သားတော်မောင်၏ အသံဖြစ်သည်။ ယခင်က ကျယ်လောင် ကျယ်လောင်ပြောတတ်သော သားတော်မောင်၏ အသံမှာ တိုး၍ တုန်နေသည်။

အေးသား.. ပြန်လာနေပြီလား..”

ဒေါ်စောတင်၏ အမေးကို သားတော်မောင်ဘက်မှ ချက်ချင်းမဖြေပေ။ အသံ တိတ်နေသည်။ 

သား..ဘယ်ရောက်နေတာလဲ.. အဆင်ပြေလားလို့

ဒေါ်စောတင် အလောတကြီး ထပ်မေးလိုက်သည်။

သား..ပြန်လာလို့ မရတော့ဘူးအမေ..”

ဟင်.."

သားတော်မောင်ထံမှ ကြားလိုက်ရသည့် ထင်မှတ်မထားသော စကားကြောင့် ဒေါ်စောတင် ခေါင်းနပမ်းကြီးသွား၏။

ဘာဖြစ်..ဘာဖြစ်လို့လဲ.. ဘာလို့ ပြန်လာလို့ မရတာလဲ

ဒေါ်စောတင် အလောတကြီး မေးလိုက်သည်။

()

ဒေါ်စောတင် သူ့သားရှိနေသည့် မြို့ကလေးသို့ ရောက်သွားသည်။ အသက်သုံးဆယ့်ငါးနှစ်ခန့်ရှိသော သူ့သားကို ပြန်ရဖို့ သိန်းတစ်ရာပုံပေးခဲ့သည်။ တစ်ပတ်ကြာလျှင် သူ့သားကို ဆေးအကြောင်းပြချက်နှင့် ပြန်ပေးမည်ဟု သိရသည်။ သို့သော် သူ့သားကို ပြန်မရသည့်အပြင် ပုံပေးထားသည့် ပိုက်ဆံပင် ဆုံးခဲ့သည်။ 

သမီးထံမှ  ရောက်လာသော သိန်းငါးဆယ်အပြင် ရှိသမျှ ရွှေထည်ကလေးပင် ထွက်သွားခဲ့၏။ သူ့သားသည် ရှမ်းပြည်နယ်၏ တစ်နေရာဆီသို့ အပို့ခံလိုက်ရသည်။ အိမ်ရောက်ရောက်ချင်း ဒေါ်စောတင် မည်သည့်အလုပ်မျှ မလုပ်နိုင်ပေ။ အိမ်ရှေ့ ကွပ်ပျစ်တွင် စိတ်ပျက်လျက်ပျက် ထိုင်နေမိသည်။

ထိုင်နေစဉ်မှာပင် ဒေါ်စောတင်၏ လက်ဖဝါးများက ယားလာကြပြန်သည်။ ဒေါ်စောတင်သည် ယားလာသော သူ့လက်ဖဝါးကို သေချာဖြန့်ကြည့်လိုက်၏။ သူ့လက်ဖဝါးသည် သူ့လက်ဖဝါးမဟုတ်တာ့။ လူတစ်ယောက်၏ မျက်နှာဖြစ်နေသည်။ဒေါ်စောတင်သည် သူ့လက်ဖဝါးသူ တံတွေးဖြင့် ထွေးပစ်လိုက်လေသည်။

ထွီ..”



#လူခါး