Showing posts with label အရေးအသားများ. Show all posts
Showing posts with label အရေးအသားများ. Show all posts

Friday, 21 August 2020

မရွံ့သော ဒူးများ


                    

 ၂၀၁၆ ခုနှစ် ၊ မေလ၊ ၂၇ ရက်
 အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှစ်ယောက် ဟီရိုးရှီးမားမှာ ပြုလုပ်တဲ့ အဏုမြူဗုံး ကျဲ
ချခြင်းခံရတဲ့ နှစ် ၇၀ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ရာ ရင်ပြင်ထက်ကို အတူ တက်လာကြတယ်။ အထက်အောက် အနက်ရောင် ဝမ်းဆက်ကို 
ဝတ်ထားတဲ့ ဂျပန်အမျိုးသမီး တစ်ယောက်က ဝမ်းနည်းခြင်း အထိမ်းအမှတ်ပန်းခွေကို သမ္မတ အိုဘားမားဆီ လာပေးတယ်။ နောက်ထပ် အနက်ရောင်
ဝမ်းဆက်ကို ဝတ်ထားတဲ့ဂျပန် အမျိုးသားတစ်ယောက်ကလည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဆီ ပန်းခွေ လာပေးတယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ် သ
င်္ကေတနှစ်ခုပေါ်ကို ဝန်ကြီးချုပ်နဲ့သမ္မတတို့နှစ်ယောက် ပန်းခွေတွေကို တိတ်ဆိတ်စွာ သွားထားရင်း အလေးပြုကြပြီး နှစ်ယောက်သား လက်ဆွဲ နှုတ်ဆက်
ကြတယ်။ ပြီးတော့ အမေရိကန်သမ္မတ အိုဘားမားက တက်ရောက်လာကြသူတွေကို စကားပြောတယ်။ နာကာဆာကီနဲ့ဟီရိုးရှီးမား မြို့တွေ ပေါ်ကို အ
မေရိကန်က အဏုမြူဗုံး ကျဲခဲ့ခြင်းအတွက် ကျွန်တော်အလွန်ဝမ်းနည်းပါတယ်..တဲ့။

 ကျွန်တော်ရယ်၊ ပုဂံညောင်ဦးဘက်က အစ်ကိုတစ်ယောက်ရယ် အဲဒီအစီအစဉ်ကို ဂျပန်တီဗီကနေ ကြည့်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်
တို့မျှော်လင့်နေတဲ့ စကားကို အိုဘားမား ပြောမသွားခဲ့ဘူး။ ဂျပန်ပြည်သူတစ်ရပ်လုံးက ကြားချင်နေတဲ့ စကားကို အမေရိကန်သမ္မတ ဘားရက်အိုဘား
မားက ပြောမသွားခဲ့ပါဘူး။ ဂျပန် တစ်နိုင်ငံလုံးကြားချင်တာက 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားဖြစ်ပေမယ့်  အိုဘားမားပြောသွားတာက 'လွန်စွာ စိတ်
မကောင်းဖြစ်ရပါတယ် ' ဆိုတဲ့ စကားပဲဖြစ်ခဲ့တယ်။ ဂျပန်ပြည်သူတွေ လိုချင်တဲ့ စကားကို အမေရိကန်ရဲ့ပထမဆုံး လူမည်းသမ္မတက ပြောမသွားခဲ့ဘူး။  
ဘာလို့ ပြောမသွားခဲ့တာလဲ။

 ' မင်းတို့ကြည့်ထား အိုဘာမားက တောင်းပန်လိမ့်မယ် ' ဆိုတဲ့ အလုပ် အတူလုပ်တဲ့ ဂျပန်တစ်ယောက်ရဲ့ ပြောစကားအရ ကျွန်တော်တို့နှစ်
ယောက်က တကူးတက စောင့်ကြည့် နားထောင်နေကြတာပါ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားကို အိုဘားမားကပြောမသွားခဲ့
ဘဲ တောင်းပန်စကားအစား ဝမ်းနည်း စိတ်မကောင်းကြောင်းကိုပဲ လေးလေးနက်နက်ပြောသွားခဲ့တယ်။

 အိုဘားမားက ဘာလို့တောင်းပန်စကားကို ပြောမသွားခဲ့တာလဲ။ တောင်းပန်ခြင်းကို အိုဘားမား ဘာကြောင့် ငြင်းပယ်သွားခဲ့တာလဲ၊ ကျွန်
တော် စဉ်းစားနေမိတယ်။

 စဉ်းစားရင်း ကျွန်တော် ဂျပန်ရောက်စ အချိန်တုန်းက အကြောင်းအရာတစ်ခုက အတွေးထဲ ပြန်ဝင်လာတယ်။ ကျွန်တော် အလုပ်လုပ်ရတာ
က ပင်လယ်ကမ်းစပ်မှာ ငါးဆွဲရတဲ့ အလုပ်။ ပင်လယ်ထဲကနေ ငါးဖမ်းပြီး ပြန်လာတဲ့ ပင်လယ်ကူး ငါးဖမ်း သင်္ဘောကြီးတွေပေါ်က ငါးတွေကို ကရိန်းနဲ့ချ
ပေးတာကို ကျွန်တော်တို့က ငါးဆွဲတဲ့ တစ်တောင်လောက် ရှည်တဲ့ ချိတ်နဲ့ချိတ်ပြီး ဆွဲရတယ်။ ဆွဲပြီး စနစ်တကျ စီတန်းထားတဲ့ငါးတွေကို ချိန်၊ ဈေးနှုန်း
သတ်မှတ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ခါးလောက်မြင့်တဲ့ ဆယ်ပေပတ်လည်ရှိတဲ့ ကော်ပုံး အပြာကြီးတွေထဲကို ထည့်ပေးရတယ်။ အဲဒီလို ထည့်နေတုန်း 
ပုံးထဲကို ရေပိုက် တစ်ချောင်း အမြဲ တပ်ထားရလေ့ရှိတယ်။ငါးတွေရဲ့ အပေါ်ရောက်အောင် ရေဖုံးသွားတဲ့အထိ ပိုက်ကို တပ်ထားပေးရတာမျိုး။ ရေက ငါး
တွေရဲ့အထက်ကနေ ဖုံးမိသွားမှ ရေပိုက်ကို ပြန်ဖြုတ်ရတယ်။ ပိုက်က ထွက်တဲ့ရေက ထွက်အားပြင်းလွန်းတော့ မကြာခဏဆိုသလို ပိုက်က ပြုတ်ကျ ကျွတ်
ကျတတ်လို့ကျွန်တော်တို့က ဂရုစိုက် ကြည့် နေရလေ့ရှိတယ်။ 

 တစ်နေ့သားတော့ အဲဒီလို တပ်ထားတဲ့ ပိုက်ဟာ ပုံးထဲကနေ ပြုတ်ကျပြီး ရေးအားနဲ့ဘေးကို လွင့်ပြီး တရွှီးရွှီးမြည်ရင်း တရမ်းရမ်း ပက်ဖျန်း
နေတော့တယ်။ ဖြစ်ချင်တော့ ပိုက်ပြုတ်သွားတဲ့ အချိန်က ဂျပန်အမျိုးသမီးတစ်ယောက် ပုံးဘေးနားကနေ ဖြတ်သွားတဲ့အချိန် ဖြစ်နေတယ်။ အဲဒီဂျပန်အ
မျိုးသမီးကို ရေနည်းနည်း စိုသွားတယ်။ သိပ်အများကြီး မဟုတ်ဘူး။ နည်းနည်းမှ တကယ်ကို နည်းနည်းလေး။ ပိုက်က အရှိန်နဲ့ ကျွတ်ထွက်လာတာမို့ဂျ
ပန်အမျိုးသမီးက လန့်ပြီး အော်လိုက်တဲ့ အသံကသာ ဘေးကလူတွေကို ပိုပြီး လှုပ်ခတ်သွားစေတာဖြစ်တယ်။ အော်လိုက်တဲ့ အသံကြောင့်မှမဟုတ်ရင် 
ကျွန်တော်တို့လည်း သတိထားမိမှာ မဟုတ်ဘူး။

 ကျွန်တော်နဲ့အတူအလုပ်လုပ်ရတဲ့ ယမစံဆိုတဲ့ ဂျပန်က ကျွန်တော့်အနားကို ပြာပြာသလဲ ကပ်လာရင်း  ' ရေပိုက်ပြုတ်သွားပြီး..ဟိုမှာ စင်ကုန်
ပြီ၊ မင်းသွားပြီးတောင်းပန်လိုက်ပါ' ဆိုပြီး ရေစိုသွားတဲ့  ဂျပန်အမျိုးသမီးကို  အတင်းသွားပြီး တောင်းပန်ခိုင်းတော့တယ် ။ မောကလည်း မောမောနဲ့
ကျွန်တော် 'ဖု'သွားမိတယ်။ သူ့အလိုလို ပြုတ်ကျတဲ့ ရေပိုက်က ဘေးကဖြတ်သွားတဲ့လူကို စိုတာ ကျွန်တော့်ကို လာပြီးတောင်းပန်ခိုင်းနေတာ မဟုတ်လား ။ 
 ကျွန်တော်မသွားဘဲ ရပ်နေမိတယ်။ 'ဘာလို့တောင်းပန်ရမှာလဲ၊ ငါလုပ်တာမှ မဟုတ်တာ ' လို့တစ်ခွန်းတည်း ပြန်ပြောလိုက်တယ်။ 'မင်းလုပ်
တာ မဟုတ်ပေမယ့် မင်းတပ်ခဲ့တဲ့ပိုက်က ပြုတ်ကျပြီး စိုတာလေ၊သွားပါတောင်းပန်လိုက်ပါ' ဆိုပြီး ယမစံက ထပ်ကွန့်လာပြန်သေးတယ်။ ဒါပေမဲ့ ကျွန်တော် 
လုံးဝမသွားဘူး။ ယမစံကို အဖက်မလုပ်တော့ဘဲ ကိုယ့်အလုပ်ကို ဆက်လုပ် နေလိုက်တော့တယ်။

 အဲဒီတော့မှ ယမစံက ကျွန်တော့်အနားကနေ ထွက်သွားပြီး  ခပ်လှမ်းလှမ်း ရောက်သွားတဲ့ ဂျပန်အမျိုးသမီး ရှိရာကို လိုက်ပြီး ခါးတကုန်းကုန်း
နဲ့တောင်းပန်နေတော့တယ်။ ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်ပြီး အပိုတွေလုပ်လွန်းတဲ့ ယမစံကို စိတ်ထဲက မဲ့ပစ်လိုက်မိတယ်။ 'အဲဒီလောက်တောင် 
လိုလို့လား ယမစံရယ် ' လို့လည်း တစ်ယောက်တည်း ပြုံးလိုက်မိသေးတယ်။

 ယမစံမှ မဟုတ်ဘူး။ ဂျပန်လူမျိုးတွေ အကုန်လုံး တောင်းပန်ခြင်းမှာ အလွန် ရက်ရောကြသူတွေ ဖြစ်ကြတယ်။ အလုပ်မှာ လည်း အလုပ်မှာမို့။
သူဌေးက တောင်းပန်တယ်။ တစ်ခုခုခိုင်းချင်တိုင်း ' ဇော်စံ၊ ဂေါ်မန်းနာစိုင်းနယ်၊ ဇော်စံ၊ ဂေါ်မန်းနာစိုင်းနယ် ' ဆိုပြီး လုပ်လေ့ရှိတယ်။ ကျွန်တော်က အလုပ် 
ခိုင်းခါနီး ပျားရည်နဲ့ဝမ်းချတာပဲ လို့ဟု မြင်တယ်။ အပိုအလုပ်တွေ လာလုပ်နေတာပဲ လို့မြင်တယ်။ သူက သူဌေးပဲ။ ခိုင်းပေါ့ ။ သူခိုင်းတာ ကျွန်တော် လုပ်
မှာပေါ့ လို့တွေးဖြစ်တယ်။

 သူဌေးတင်မဟုတ်ပါဘူး။ သူဌေးအောက်က အလုပ်သမားခေါင်းဆောင် 'ခေးစံ'ဆိုတဲ့ ဝတုတ်လည်း အတူတူပဲ။ ဘာပဲပြောပြော၊ ဘာပဲခိုင်းခိုင်း
 'ဂေါ်မန်း ၊ ဂေါ်မန်း-ဆောရီး၊ဆောရီး ' နဲ့။ ရုတ်စွအဆုံး ကျွန်တော့် ဘေးနားကနေ သူ့ဘာသူ ခပ်မြန်မြန် ဖြတ်လျှောက်တာကိုတောင်' ဂေါ်မန်းနယ်-
ဆောရီးနော်' လို့လုပ်တတ်တယ်။

 မျက်လုံးထဲ နားထဲ ခဏခဏ မြင်ပါ ကြားပါ များလာတော့ ဂျပန်လူမျိုးတွေရဲ့တောင်းပန်ခြင်း ဓလေ့ကို ကျွန်တော် စေ့ငုရတော့တယ်။ ကျွန်
တော်တို့ဆီမှာ ပြောလေ့ နှုတ်ဆက်လေ့ရှိတဲ့ ' ထမင်းစားပြီးပြီလား..နေကောင်းလား' ဆိုတဲ့စကားလိုပဲ သူတို့ဆီမှာက တောင်းပန်ပါတယ် ဆိုတဲ့ စကား
ကို နှစ်နှစ်ကာကာ ပြောဆို သုံးနှုန်းလေ့ရှိကြတယ်။ ကျွန်တော်နဲ့အလုပ်အတူ လုပ်ဖြစ်တဲ့ ဂျပန်တစ်ယောက်ကို 'မင်းတို့ ဘယ်အချိန်ကတည်းက တောင်း
ပန်ပါတယ် ဆိုတဲ့စကားကို ပြောတတ်ခဲ့တာလဲ ' လို့မေးကြည့်တော့ 'စကားပြောတတ်စ အချိန်ကတည်းက' လို့ဖြေလိုက်တာမို့ကျွန်တော်လန့်သွားမိတယ်။
 
 '' ဟုတ်တယ် ..ဆရာရဲ့၊ တစ်ခါက ကျွန်တော့်ဆိုင်ကို ဂျပန် ရာကူဆာ တစ်ယောက် လာပြီး စားသောက်နေတာ ။ စကားလည်း အကျယ်ကြီး
ပြောတယ်။ ရယ်လိုက်ရင်လည်း အကျယ်ကြီး။ သူစားသောက်နေတုန်း နောက်ထပ် သူ့ထက်ကြီးတဲ့ 'ရကောက်' ကြီးတစ်ယောက် ထပ်ရောက်လာတာကို 
သူက မသိလိုက်ဘူး ။ ဟိုလူက သူ့ကိုခေါ်လိုက်တော့မှ သိသွားပြီး ဒူးထောက် ထိုင်ချလိုက်တာဗျာ..အိမ်မွေးကြောင်ကလေး ကျနေတာပဲ။ ဟိုလူက သူ့
ခေါင်းကို ပွတ်ပွတ်ပြီး ဘာတွေ ပြောနေမှန်းမသိဘူး။ သူ့ခဗျာ မော့တောင် မကြည့်ရဲဘူးဗျ။ ကျွန်တော်လည်း ဖိုသူကြီးထဲက အစ်ကိုတစ်ယောက်ကို
မေးကြည့်တော့ အပြစ်လုပ်မိလို့တောင်းပန်နေတာတဲ့။ ဒါတောင် ဒီဘက်ခေတ် ရောက်လာလို့တဲ့။ အရင်ခေတ်တွေကဆို အဲဒီလို 'ရကောက်'အချင်းချင်း
တောင်းပန်ရရင် ငယ်တဲ့'ရကောက်'က သူ့သဘောနဲ့သူ လက်ဆစ် တစ်ဆစ် ဖြတ်ပေးရတယ်တဲ့ဗျာ..''

 တိုကျိုမြို့တော်ကြီးဆီ အလည်ရောက်တုန်း စာပေမိတ်ဆွေတစ်ယောက်က ပြန်ပြောပြတဲ့ တောင်းပန်ခြင်းနဲ့ပတ်သက်တဲ့ သူ့မျက်မြင်အဖြစ်
အပျက်ကို ကျွန်တော် ကြားခဲ့ရတာပါ။ သူပြောပြတဲ့ အကြောင်းအရာက သိပ်မရှည်လျားလှပေမယ့်လည်း ကျွန်တော်ရဲ့အတွေးတွေက မဆုံးနိုင်တော့ဘူး။ 
တောင်းပန်းခြင်းနဲ့ပတ်သက်တဲ့  တခြား အကြောင်းအရာတွေ အထိ စိတ်က ရောက်သွားတယ်။

 ကျွန်တော် ငယ်ငယ်တုန်းက ရွာမှာ သြင်္ကန်ပွဲ ကျင်းပနေတဲ့ ကာလကြီးဆီက အဖြစ်အပျက်ကလေးအထိ စိတ်က ပြန်ရောက်သွားတယ်။ သြင်္ကန်
ကာလ ညတစ်ညမှာ ရွာတောင်ပိုင်းက ကာလသားတစ်ယောက်နဲ့ ရွာမြောက်ပိုင်းက ကာလသားတစ်ယောက် စကားများရင်း လက်ပါ ခြေပါ ဖြစ်ကုန်ကြ
တယ်။ ရွာဓလေ့အရ ရိုက်ကြ နှက်ကြရင်း နောက်ဆုံး ရွာတောင်ပိုင်းက ကာလသားရဲ့ခေါင်းကို အရိုက်ခံလိုက်ရတယ်။ အရိုက်တာ ခံလိုက်ရတာ ဘယ်သူ
က ရိုက်လိုက်မှန်း  ညမှောင်မှောင်ထဲ သေချာ မသိဘူး။ မသဲကွဲဘူးပေါ့။ ညကလည်းည။ လူကလည်းစုံ။ ရွာဓလေ့အရ ဘယ်သူက ဝင်ရိုက်သွားမှန်းမသိဘူး။ 
သေချာတာကတော့ မြောက်ပိုင်းက ကာလသားရဲ့လက်ချက် မဟုတ်ဘူး။ ဒါပေမဲ့ အမှုဖွင့်ရတော့မယ် ဆိုတော့ တေ့တေ့ဆိုင်ဆိုင် ရန်ဖြစ်တဲ့ ရွာမြောက်ပိုင်း
က ကာလသားကိုပဲ အမှုဖွင့်ရတော့မယ်။

 ရွာတောင်ပိုင်းက ကာလသားရဲ့မိဘတွေက လာညှိတယ်။ သူတို့သားရဲ့ဒဏ်ရာကလည်း သိပ်မများဘူး။ တစ်ရွာတည်းသားချင်းတွေ အမှုလည်း
မဖွင့်ချင်ဘူး။ တောင်းပန်ပေးပါ။ သူတို့သား ကျေနပ်တဲ့အထိ လာတောင်းပန်ပေးပါတဲ့။ ရွာမြောက်ပိုင်းက ကာလသားကလည်း သူ ရိုက်တာ မဟုတ်ဘူး။ 
မတောင်းပန် နိုင်ဘူး။ ကြိုက်တဲ့ နေရာ တိုင်တဲ့။ ဟိုဘက်ကလည်း တောင်းပန်ခိုင်းလို့မရတဲ့ အဆုံး တိုင်လိုက်တာ ထောင် တစ်လ ကျသွားတယ်။

 အခုမှ ပြန်တွေးကြည့်တော့ အလွန် နှမြောတသ ဖြစ်စရာ ကိစ္စပါလားလို့ကျွန်တော် တွေးမိတယ်။ တောင်ပန်ပါတယ် ဆိုတဲ့စကားတစ်ခွန်းနဲ့
ထောင်ထဲမှာ ရက်ပေါင်းသုံးဆယ် နေရတဲ့ ကာလကို လဲရက်လေခြင်းလို့ စိတ်မကောင်း ဖြစ်မိတယ်။ တောင်းပန်ခြင်းကို ကျွန်တော်တို့ဘာလို့မုန်းတီးနေ
ခဲ့ကြတာပါလိမ့်။ ကျွန်တော်တို့တွေဟာ တောင်းပန်ခြင်းကို အသေအလဲ မုန်းခဲ့ကြတာတော့ သေချာတယ်။ ဘာလို့ပါလဲ။

 ပြီးခဲ့တဲ့ နှစ်တွေတုန်းက လူသိရှင်ကြားဖြစ်သွားတဲ့ တောင်းပန်ခြင်းနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုလည်း ပြန်သတိရမိသေးတယ်။ ကျွန်တော်တို့
အားထားဖတ်ရှုရတဲ့သတင်းစာတစ်စောင်ရဲ့CEO ဆိုတဲ့ လူ တစ်ယောက်က အစိုးရဘက်က ဝန်ကြီးတစ်ယောက်ရဲ့လက်ပါတ်နာရီ တစ်လုံးကို အကြာင်းပြု
ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ဆောင်းပါးတစ်စောင် ရေးသားတာကို ဖတ်လိုက်ရတယ်။ အဲဒီ ဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့ပါ ဖြန့်ဝေလိုက်တာမို့ကမ္ဘာ့
မီဒီယာ စာမျက်နှာတွေအထိ ရောက်ရှိသွားတာကို စာဖတ်သူ တော်တော်များများ သတိထားမိလိုက်မယ်လို့ထင်ပါတယ်။ ဒါကို အသရေ အဖျက်ခံရတယ် 
ဆိုပြီး ဝန်ကြီးဆိုတဲ့လူက တရားစွဲမည်လို့ကြေငြာလိုက်တော့ ဆောင်းပါးရေးသူ CEO က ပြန်ပြီး တောင်းပန်လိုက်တာကို တွေ့လိုက်ရ ၊ ဖတ်လိုက်ရတယ်။ 
အဲဒီအထိ ပြဿနာမဟုတ်သေးလို့ကျွန်တော်ယူဆမိတယ်။ ပြဿနာက အဲဒီလို တောင်းပန်လိုက်တဲ့ CEOကို ဝိုင်းဝန်း ရယ်သွမ်းသွေးကြခြင်းပဲ ဖြစ်ပါတယ်။
 
 'ရေးတုန်းက ရေးပြီးကြောက်တယ်' ဆိုပြီး ပျက်ရယ်ပြုကြခြင်းပဲဖြစ်ပါတယ်။ အမှားကို အမှားမှန်းသိလို့တောင်းပန်တာကို ကျွန်တော်တို့ဆီမှာ 
ကြောက်တယ်လို့ ဘာအတွက်ကြောင့် သတ်မှတ်ကြတာပါလဲ ။ အမှားကို တောင်းပန်တာကိုမှ ကြောက်တတ်ရန်ကောလို့ကျွန်တော်တို့လူ့အသိုင်းအဝိုင်း
က ပျက်ရယ် ပြုတတ်ကြတာမျိုး မဟုတ်ဘူး။ အမှန်ကို ပြောဆိုမိလို့ပြန်လည် တောင်းပန်ပေးခဲ့ရတာကိုလည်း ပျက်ရယ်ပြုတတ်ကြတာပါပဲ။

 အဲဒီဖြစ်ရပ်ကလည်း လူသိရှင်ကြား ဖြစ်ရပ်တစ်ခုပါပဲ။ တိုင်းပြည်အတွက် အရေးပါတဲ့ လက်ရှိအစိုးရအဖွဲ့က ပုဂ္ဂိုလ်တစ်ယောက်က လက်နက်
ကိုင် အဖွဲ့အစည်းဘက်က အြက်ီးအကဲတစ်ယောက်ကို ပြောလိုက်တဲ့ စကားနဲ့ပတ်သက်ပြီးတော့ပေါ့။ ပြောလိုက်တဲ့ စကားက အင်မတန်မှန်ကန်တဲ့ စကား
ဖြစ်ပေမယ့်လည်း အချိန်အခါအရပြောသင့်တဲ့ စကားမျိုးတော့ဖြင့်လည်း မဟုတ်သေးဘူး။ အပြောခံရတဲ့သူက မနှစ်သက်ကြောင်း တုန့်ပြန် ပြောဆိုလိုက်
တာမို့ပြောမိသူက ပြန်တောင်းပန်လိုက်တော့ ပြေလည် ကြေအေးသွားကြတယ်။ 

 ဒါကိုလည်း ကျွန်တော်တို့လူ့အသိုင်းအဝိုင်းက ပျက်ရယ်ပြုတတ်ကြပြန်တာပဲ။ ပြောတုန်းက ပြောပြီး ကြောက်တတ်ရန်ကောတဲ့။ မမှန်မကန်
စွပ်စွဲမိတာကို ပြန်တောင်းပန်လိုက်တော့လည်း တောင်းပန်သူကို အပြစ်ဆိုကြတယ်။ မှန်ရာကို ပြောမိပေမယ့်လည်း အချိန်အခါအရ မပြောသင့်သေးတဲ့ 
စကားဖြစ်နေလို့ ပြန်တောင်းပန်လိုက်တော့လည်း အပြစ်လို့ ဆိုကြပြန်တာပဲ။

 ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ တောင်းပန်ခြင်းကို ဘယ်လိုနားလည်ထားကြပါသလဲ။ 

 တောင်းပန်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော့် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုလည်း ရှိပါသေးတယ် ။ ကျွန်တော် ဂျပန်နိုင်ငံကို ရောက်ပြီး နှစ်နှ စ်အကြာ
မှာ အထင်ကရ ကားစက်ရုံတစ်ရုံမှာ အလုပ်လုပ်ခွင့်ရခဲ့တယ်။ တစ်နေ့တော့ ကျွန်တော့်အလုပ်ဆိုက်ဘက်ကို ဂျပန်တက္ကသိုလ်က ဘွဲ့ရပြီး ကျွန်တော်တို့
စက်ရုံမှာ အလုပ်လုပ်ဖို့လာရောက်လေ့လာတဲ့ အလုပ်သင် ဂျပန်လူမျိုးတွေ ရောက်လာကြတယ်။

 ဒီနေရာမှာ သူတို့ဆီက ကျောင်းပြီးသွားလို့လုပ်ငန်းခွင်ထဲ ဝင်တော့မယ့် ဘွဲ့ရတဲ့ လူငယ်တွေ အကြောင်းကို ပြောပြချင်ပါသေးတယ်။ သူ
တို့ဆီက ကျောင်းသားတွေက ကျောင်းပြီးတာနဲ့သူတို့နှစ်သက်ရာ လုပ်ငန်းခွင်ကို အရင်ဆုံး အလုပ်သင် တစ်ယောက်အနေနဲ့ဝင်လေ့လာရပါတယ်။ 
တစ်စက်ရုံလုံးမှာ ရှိတဲ့ အလုပ်တွေ ကို စမ်းသပ်လုပ်ကြည့်ရပါတယ်။ စမ်းသပ်လုပ်ကြည့်ပြီး နှစ်သက်သဘောကျပါမှ လုပ်ကိုင်ရလေ့ရှိတယ်။ စမ်းသပ်လုပ်
ကိုင်ပြီး သဘောမကျရင် မလုပ်ဘဲ တခြားနှစ်သက်ရာ အဆင်ပြေရာကို ထပ်လေ့လာ စမ်းသပ်လုပ်ကြည့်ခွင့်ရှိပါတယ်။

 အဲဒီသဘောမျိုးနဲ့ကျွန်တော့်အလုပ်ခွင်ထဲကို ဘွဲ့ရပြီးစ ကျောင်းသားတစ်ယောက် ရောက်လာခဲ့တယ်။ ဂျပန်နိုင်ငံရဲ့ထုံးစံအရ သူဘာသာသူ 
ဘာဘွဲ့ပဲ ရလာရလာ အလုပ်ထဲမှာတော့ ကျွန်တော်က အရင်ရောက်နေ ၊လုပ်နှင့်နေတဲ့သူဖြစ်တာမို့ကျွန်တော်က ' စန်ပိုင်၊ သူ့ထက်စောတဲ့ ၊ သူ လေး
စားရမယ့်သူ' ဖြစ်ပါတယ်။ ကျွန်တော်က သူ့ကို အလုပ် သင်ပေးရပါတော့တယ်။ 

 တစ်နေ့တော့ ကျွန်တော် အလုပ်လုပ်နေရာကို ပစ္စည်းတွေ ထည့်ရမယ့်ပုံးတွေ သူ တွန်းယူလာလာတယ်။ ပုံးတွေကို တွန်းလှည်းကလေးပေါ်
ကိုတင်ပြီး တွန်းလာတာပါ။ ကျွန်တော်က သူတွန်းလာတဲ့ ပုံးတွေထဲကို ပစ္စည်းတွေ စီထည့်ပေးရပါတယ်။ အဲဒီနေ့ကတော့ သူပဲ အလောတကြီး တွန်းလာ
သလား၊ အစကတည်းကပဲ ပုံးတွေက မသပ်မရပ် ဖြစ်လာသလား သေချာ မသိဘူး။ သူတွန်းလာတဲ့  ပုံးတွေဟာ လှည်းပေါ်ကနေ ပြုတ်ကျပြီး ကျွန်တော်
အလုပ် လုပ်နေရာဆီကို လွင့်လာပြီး ပုံးတစ်ပုံးက ကျွန်တော့် ဘယ်ဘက်ခြေထောက်ကို လာထိပါတယ်။ 

 ကျွန်တော်လည်း လန့်ပြီး နောက်ကို ခြေနှစ်လမ်းလောက် ခုန်လိုက်မိတယ်။ ဘယ်လိုက ဘယ်လိုဖြစ်တာမှန်း ကျွန်တော် မသိဘူး။ ခုန်လိုက်ပြီး 
ပြန်ကြည့်လိုက်တော့မှ သူက ကျွန်တော့်ရှေ့မှာ ဒူးနှစ်ဖက်ထောက်ပြီး ရောက်နေတယ်။ ပါးစပ်ကလည်း '' ဂေါ်မန်းနာစိုင်း၊ ဂေါ်မန်းနာစိုင်း '' လို့ပြောရင်း
တရစပ် တောင်းပန်နေတယ်။

 သူရဲ့အပြုအမူ ၊ သူရဲ့စကားလုံးက ကျွန်တော့်ကို အချိန်အတော်ကြာ ငိုင်သွားစေခဲ့တယ်။ ပြီးမှ ကျွန်တော်သူ့ကို သွားထူမပေးပြီး ကျွန်တော်
တို့ကိုယ့်အလုပ်ကို ဆက်လုပ်ကြရတယ်။ အချိန်တွေ အတော် ကြာမြင့် လာခဲ့ပေမယ့်လည်း အဲဒီ အဖြစ်အပျက်ကို ကျွန်တော် ခုထိမေ့လို့မရခဲ့ဘူး။ မမေ့
တဲ့အပြင် တောင်ပန်းခြင်းကို ကျွန်တော် ချစ်တောင် ချစ်တတ်သွားခဲ့ပါသေးတယ်။

 တောင်ပန်းခြင်းကို အရှုံးပေးခြင်းလို့ ကျွန်တော် အရင်က နားလည်ထားခဲ့ဖူးတယ်။ တောင်းပန်ခြင်းဆိုတာ တစ်ဖက်သားကို ဒူးထောက် အရှုံး
ပေးခြင်းပဲ လို့ကျွန်တော့် အရိုးထဲက စွဲနေခဲ့ဖူးပါတယ်။ ကိုယ့်ဘက်က မှန်နေသ၍ ဘယ်သူတစ်ဦးတယောက်ကိုမှ တောင်းပန်စရာမလိုဘူးဆိုတဲ့ အယူ
အဆကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ လူ့ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းခဲ့တာမို့လားမသိပါဘူး။ တောင်းပန်ခြင်းကို ကျွန်တော် အင်မတန်
မုန်းတီး နေခဲ့ဖူးတယ်။ 

 တောင်းပန်ပါတယ် ဆိုတဲ့စကားက တိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့ ဒါမှမဟုတ် အပြစ်တစ်ခုကို ကျူးလွန်တဲ့ ၊ ဒါမှမဟုတ် သူတပါးကို စိတ်အနှောက်
အယှက် ဖြစ်အောင် လုပ်ခဲ့ကြတဲ့ သူတွေ အတွက်ပဲလို့ခါးဝတ်ပုဆိုးကို မြံမြဲစွာ ဝတ်ဆင်လာခဲ့တဲ့ ယုံကြည်မှုမျိုးနဲ့ ကျွန်တော် ယုံကြည်လာခဲ့မိတယ်။  ကိုယ့်
ဘက်က ဘာအမှားမှ မလုပ်ဘဲ တောင်းပန်ပါတယ်ဆိုတဲ့ စကားကို အပျော်သဘောနဲ့တောင် ပြောစရာမလိုဘူးလို့တစ်သက်လုံး ဆွဲကိုင်လာခဲ့တဲ့ ကျွန်
တော်ဟာ အခုတော့ တောင်းပန်ခြင်းကို ချစ်တတ်နေခဲ့ပြီ။

 တောင်းပန်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော့် အမြင်စိမ်းတွေဟာ ကြည်လင်တဲ့ အာရုံကနေတဆင့် စိတ်ရေယာဉ်မှာ လိုက်လျောညီထွေ စီးဝင်လို့
နေခဲ့ပြီ ဖြစ်ပါတယ်။ တောင်းပန်ခြင်းဆိုတာ ဒူးထောက်အရှုံးပေးခြင်း မဟုတ်မှန်း ကျွန်တော် သိမြင်လာနေခဲ့ပြီ ဖြစ်ပါတယ်။ တောင်းပန်ခြင်းဟာ ငြိမ်းချမ်း
ရေးပဲ။ တောင်းပန်ခြင်းဟာ ချစ်ခြင်းမေတ္တာပဲ။ 

 တောင်းပန်ခြင်းကို ကျွန်တော် ချစ်ခင် သိမြင် ခံစားလာတတ်ခဲ့ပြီ ဖြစ်သလို ခေတ်အဆက်ဆက် အမှောင်မြစ်ထဲ စီးဝင် ပျော်ဝင်နေကြသူများ
လည်း သိမြင်နားလည် ပြောင်းလဲလာခဲ့ရင် သိပ်ကောင်းမှာပဲလို့ကျွန်တော် တွေးမိတယ်။ 

 ကျွန်တော်တို့လူ့အဖွဲ့အစည်းအနေနဲ့အချိန်ကာလတွေ စီးဆင်းပြောင်းလဲ လာတာနဲ့အတူ  တောင်းပန်ခြင်းကို ဘယ်လို ပြောင်းလဲ ရှုမြင်နေ
ပြီလဲဆိုတာ ကျွန်တော် အသေအချာ စိတ်ဝင်စား နေမိပါတယ်။ သေချာတာကတော့ တောင်းပန်ခြင်းကြောင့် စစ်ပွဲတွေ ဖြစ်လာနိုင်စရာ မရှိတာကိုတော့ 
ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။

 လူခါး
 ၂၀၂၀၊ဂျပန်စံတော်ချိန်ည ၇နာရီ ၅၃ မိနစ်


 

လမ်းကောက်


 

 ဦးတင်ဝင်းတဲ့။ ကျနော့် အဖေရဲ့ညီအစ်ကို မောင်နှမတွေထဲက အစ်ကို အကြီးဆုံး။ အစ်ကိုကြီး အဖအရာတို့ဘာတို့ဆိုတာ ကျနော့် ဦးကြီးနဲ့
သိပ်လိုက်တဲ့ ရာထူးပေါ့။ တောမှာမွေးပြီး တောမှာ ကြီးတယ်ဆိုပေမယ့် ဦးကြီးရဲ့ဥပဓိရုပ်က မြို့သားတွေထက် သန့်တယ်။ ကျော်ဟိန်းတို့နေအောင်
တို့လို  ရုပ်မျိုး။အသားဖြူတယ်။ အရပ်အမောင်းကောင်းတယ်။ တည်ကြည်ခန့်ငြားတယ်။ သူ့ခေတ် သူ့အခါက ဆယ်တန်းအောင်တယ်။

 ဦးကြီးက ဆယ်တန်းကို ကျနော်တို့နယ်မြို့ကလေးကနေ အောင်တာ။ ဆယ်တန်းလည်း အောင်ပြီးရော နယ်မြို့ကလေးကနေပိုကြီးတဲ့မြို့
တစ်မြို့မှာ အလုပ်သွားလုပ်တယ်။ လုပ်ရတဲ့ အလုပ်က ဂိတ်စာရေး။ အဲဒီခေတ် အဲဒီအခါက ဂိတ်စာရေးဆိုတာက အနည်းဆုံး ရှစ်တန်း အောင်လောက်မှ
ခန့်တာ။ ဦးကြီးက ဆယ်တန်းအောင်ဆိုတော့ ဂိတ်မှူးတွေ ကားသမားတွေက ပိုချစ်ခင်ကြတာပေါ့။ လူကလည်း သန့်၊ အလုပ်ကလည်း ကြိုးစား၊ တော
လည်း တောသေားလေး ဆိုတော့ကာ။ 

 ဦးကြီးအလုပ် လုပ်ရတဲ့ ဂိတ်က ပြည်တို့ရန်ကုန်တို့နဲ့ကျနော်တို့မြို့ကလေးကို ကုန်ကားတွေနဲ့ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးရတဲ့
ဂိတ်။ ပဲဖတ်၊နှမ်းဖတ်၊ပြောင်းဖူးစေ့၊ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ အစုံပေါ့။ကုန်ပစ္စည်းမှာတဲ့ လူတွေကို ကားအဆင်ပြေအောင်လုပ်ပေးတာတို့၊ တိကျမြန်ဆန်
အောင်၊ကုန်ပစ္စည်းအမှား အယွင်းမရှိအောင်တို့ကို ဦးကြီးက သေချာဂရုစိုက်ပေးတယ်။ 

 အဲဒီ ဂိတ်မှာ လုပ်တာ အချိန်ကြာလာတော့ ဦးကြီးရဲ့ခေါင်းထဲမှာ လင်းလင်းချင်းချင်း ဖြစ်သွားတဲ့ အရာတစ်ခုရှိလာတယ်။ အဲဒါက ဘာလဲဆို
တော့ ငါလည်း ဂိတ်စာရေးလေးကနေ ကုန်ပစ္စည်း အရောင်းအဝယ်လုပ်တဲ့ ပွဲစားတစ်ယောက် ဖြစ်နိုင်တာပဲ ဆိုတဲ့ အသိ။ အဲဒီလိုနဲ့ဦးကြီးက သူ့ဂိတ်ကနေ
သယ်ယူပို့ဆောင်ပေးခဲ့ရဖူးတဲ့ ကုန်ပစ္စည်းတွေကို သူကိုယ်တိုင်လည်း ကုန်သွယ် ရောင်းဝယ်ဖို့ ကြိုးစားတော့တယ်။

 ပြည်ကို သွားတယ်။ သူ့လစာကလေးနဲ့တတ်နိုင်သလောက် ပဲဖတ်တို့၊နှမ်းဖတ်တို့စားအုန်းဆီတို့လို ကုန်ပစ္စည်းတွေကို ဝယ်တယ်။ မြို့ကလေး
က ကုန်သည်ပွဲစားတွေ ဆီမှာ ပြန်ရောင်းတယ်။ တစ်ခေါက်ကနေ နှစ်ခေါက်၊ နှစ်ခေါက်ကနေ အကြိမ်ကြိမ် ဖြစ်လာတော့ ဦးကြီးဟာ မြို့ကလေးရဲ့အချက်
အချာကျတဲ့ နေရာမှာ ဆိုင်ခန်းလေးတစ်ခန်းကို ငှားလိုက်ပြီး ဆိုင်လေးတစ်ဆိုင် စဖွင့်တယ်။ 'ဗီတာမင်'တဲ့။ 

 အစပိုင်းမှာတော့ ပြည်တို့ရန်ကုန်တို့ကနေ မှာလို့ရတဲ့ ကုန်တွေဖြစ်တဲ့ ဆီတို့ပဲတို့ပြောင်းဖူးစေ့တို့သာ ရောင်းတာ။ နောက်ကျတော့ မြို့
ကလေးပတ်ချာလည်က ထွက်တဲ့ ကုန်ပစ္စည်းတွေကို ပေါက်ဈေးနဲ့ဝယ်ပြီး ရန်ကုန်တို့ပြည်တို့ကို ပြန်ရောင်းတဲ့ အလုပ်ပါ တွဲလုပ်လာတယ်။ လူကလည်း
ငယ်တုန်း၊ ပေါင်းသင်းဆက်ဆံရေးကလေးကလည်း ရှိဆိုတော့ နေ့ချင်းညချင်းအောင်မြင်သွားတယ်။ မြို့ကလေးမှာ ရှိတဲ့ ရပ်ကွက် ဆယ်ရပ်ကွက်မှာ ဦး
ကြီးဆိုင်ရဲ့နာမည် 'ဗီတာမင်'လို့မေးလိုက်ရင် မသိသူ မရှိသလောက်ပဲ။ ရိုးသားတယ်။ ကတိတည်တယ်။ ဈေးမှန်တယ်။ အလေးမှန်တယ်။ ပစ္စည်းကောင်း
တယ်။

 အဲဒီအငှားဆိုင်လေးမှာပဲ စီးပွားရေးလုပ်ငန်းလေး တသွင်သွင်စီးနေတုန်း ဦးကြီးက အိမ်ထောင်တွေဘာတွေကျပြီး ဘဝကို ပုံမှန်အတိုင်းပဲ ဖြတ်
သန်းခဲ့တယ်။ အဆင်ပြေနေတဲ့ကာလမှာပဲ ဦးကြီးငှားတဲ့ ဆိုင်ပိုင်ရှင်က ဆိုင်ခန်းခကို တန်ရာတန်ကြေးထက် ပိုတောင်းတယ်။ ခဏခဏ ညှိနှိုင်းလို့မရတဲ့
အဆုံး လမ်းဘေး အချက်အချာကျတဲ့ နေရာမှာ မြေတစ်ကွက် ဝယ်လိုက်ရတယ်။ အစတော့ မြေဝယ်၊ အဆောက်အဦးဆောင်နဲ့စီးနေတဲ့မြစ်ကလေး ရပ်
တော့မလို ဖြစ်သွားသေးပေမယ့် ဦးကြီး ရဲ့ဇွဲ၊လုံ့လ၊ ဝီရိယနဲ့ကြိုးစားမှုတို့ကြောင့် နေရာပြောင်းလိုက်မှ ကိုယ်ပိုင်ဆိုင်ကလေး ဖြစ်မှ ပိုလို့တောင် နာမည်
ရလာခဲ့သေးတယ်။

 ဦးကြီးတစ်ယောက် သူ့ကိုယ်ပိုင်ပွဲရုံနဲ့ပွဲစားလောကမှာ လူတစ်လုံးသူတစ်လုံး အတော်ဖြစ်မှ ကျနော်က ဦးကြီးပွဲရုံကို ရောက်လာတယ်။ ကလေး
ဘဝကတည်းက ဦးကြီးနဲ့မနီးမဝေးမှာ ကြီးပြင်းခဲ့ရလို့ဦးကြီးအကြောင်းတွေ သိနေကြားနေ မြင်နေခဲ့ပေမယ့် လက်တွေ့ကျကျ အတူနေခွင့်ရခဲ့ တစ်ယောက်
သဘောကို တစ်ယောက်နားလည်ခဲ့တာက ကျနော် ကိုးတန်းကျောင်းသား ဘဝမှာမှပါ။

 ဦးကြီးက မနက်လေးနာရီထိုးတာနဲ့လမ်းလျှောက်ထွက်တယ်။ မနက် ၇ နာရီထိုးတာနဲ့ပွဲရုံရှေ့ကွက်တိ ပြန်ရောက်တယ်။ မိုးရွာရွာ နေပူပူ အဲ
ဒါ သူ အမြဲလုပ်နေကျ အလုပ်တွေထဲက တစ်ခုပဲ။ သူ ပြန်ရောက်ချိန် မနက် ၇ နာရီမတိုင်ခင် ကျနော်တို့က ပွဲရုံကို ရောက်အောင်သွားရတယ်။ ပွဲရုံရောက်
တာနဲ့ဆိုင်ခင်း။ ဆီကန်တွေ ရှေ့ထုတ်။ ကောင်တာတွေ သန့်ရှင်းရေးလုပ်။ လက်လီရောင်းမယ့် ပိဿာထုတ်ကလေးတွေ ချိန်။ တံမြက်စည်းလှည်း။ အား
လုံးပြီးတော့မှာ စားတော်ပဲပြုတ်ကို ကြက်သွန်နီနဲ့သုပ်ပြီး မနက်စာ အတူစားကြ။ ဦးကြီးက မြို့သားတာ ဖြစ်လာတာ သူ့ကျင့်တာက တောသားတစ်ယောက်
အတိုင်းပဲ။ မပြောင်းဘူး။

 တစ်နေကုန် အလုပ် လုပ်တယ်။ နေ့လယ် နေ့ခင်း ရောင်းသူဝယ်သူပြတ်ချိန် တစ်ရေးလောက်မှေးပေမယ့် ခဏပဲ။ ကောင်တာပေါ်မှာ မေးလေး
တင်မှေးရုံ ဒါမှမဟုတ် ဘေးနားက နှစ်ယောက်ထိုင် တန်းလျားလေးပေါ် ကွေးကွေးလေး အိပ်။ ဒီလောက်ပဲ။ မြို့မှာ လူရာဝင်တဲ့ လူတစ်ယောက် ဖြစ်လာ
ပေမယ့် ဝတ်စားဆင်ယင်မှုကအစ အပြောအဆိုအထိ အလွန်ရိုးရှင်းတယ်။ဦးကြီးနဲ့ကျနော် အတူနေခဲ့တဲ့ ကာလတစ်လျှောက် လက်ဖက်ရည်ဆိုင် ထိုင်တာ
တို့၊စားသောက်ဆိုင် ထိုင်တာတို့တစ်ခါမှ မမြင်ဖူး မကြားဖူးဘူး။

 တောင်သူတစ်ယောက် ကုန်ပစ္စည်းလာရောင်းရင် သူကိုယ်တိုင်လည်း တောင်သူလယ်သမားသားတစ်ယောက်ဆိုတော့ အကုန်မေးတာ။ မိုးလေ
အဆင်ပြေလား။ ကြွေးမြီ ကင်းရဲ့လား။ စသဖြင့်ပေ့ါလေ။ ဦးကြီးဟာ ဥပုသ်ရက်တွေဆို ဥပုသ်စောင့်တတ်သေးတာ။ မိသားစု ဆွေမျိုး ဘာကိုမှ လိုလေသေး
မရှိ ကြည့်ရှုစောင်မ တတ်သူတစ်ယောက်ပေါ့။

 တစ်နေ့တော့ ဦးကြီးဆိုင်ဘေးက ဆိုင်ခန်းအသေးလေးထဲကို ကောင်တာစားပွဲ အသေးလေးတစ်လုံးနဲ့ လူနှစ်ယောက် ရောက်လာတယ်။ ထင်
မထားဘဲ ရောက်လာတာဆိုတော့ ကျနော်ရော ဦးကြီးရော အံ့အားသင့်တာပေါ့။ အံအားသင့်ရုံပါပဲ။ အလုပ်တွေ မအားတော့ ဘာကိစ္စနဲ့ရောက်လာလဲ ဘာ
လဲတောင် စိတ်မဝင်စားမိကြဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပေ့ါ။

 ကျနော်တို့မြို့ကလေးက မနက် ကိုးနာရီလောက်ဆို ရထားရော ကားရော စုံပြီးရောက်လာ ဆိုက်လာတတ်ချိန်ဖြစ်လို့အဲဒီအချိန်ဟာ မြို့ကလေး
မှာ၊ ပွဲရုံတွေမှာ ရောင်းသူဝယ်သူ အစည်ကားဆုံးအချိန်ပဲ။ ဦးကြီးရဲ့ပွဲရုံထဲမှာဆို လူတန်းကြီးက လမ်းပေါ်အထိ ရောက်နေတတ်တယ်။
 ဒါပေမဲ့ ဦးကြီး ပွဲရုံဘေးကို ဆိုင်အကျဉ်းလေးရောက်လာတဲ့ အချိန်ကစပြီး အခြေအနေက ပြောင်းသွားတယ်။ လာသမျှ ရောင်းသူ တောင်သူ
တွေဟာ အဲဒီဆိုင်ကျဉ်းကလေးထဲမှာပဲ စုပြုံတိုးကြတယ်။  ဦးကြီးပွဲရုံမှာ ရောင်းသူ နည်းသွားတယ်။ 

 အကြောင်းရင်းကို သိရအောင် စုံစမ်းကြည့်တော့ အဲဒီအခန်းကျဉ်းလေးထဲက လူနှစ်ယောက်က ညီအစ်ကို အရင်းတွေ။ ဒါပေမဲ့  သူတို့အပြင်
ငှားထားတဲ့ တခြားလူတွေလည်း ရှိသေးတယ်။ အဲဒီလူတွေက ရထားဂိတ်တို့ကားဂိတ်တို့မှာ 'လမ်းကောက်'လုပ်နေကြတာမို့သူတို့ဆိုင်ကလေးမှာ ရှိမ
နေတတ်တာ။

 လမ်းကောက်ဆိုတာက ရထားပေါ်က ဖြစ်ဖြစ် ကားပေါ်က ဖြစ်ဖြစ် အထုပ်ကလေးရွက်ပြီး ဆင်းလာတဲ့လူ ဆိုရင် အဲဒီ လမ်းကောက်တွေက
ကပ်သွားတယ်။ ဘာတွေလဲ။ နှမ်းတွေလား ပဲတွေလား။ ဘယ်ရွာကလဲ။ မိတ်ဖွဲ့တယ်။ပစ္စည်းကို ကြည့်တယ်။ ပြီး ရင် မတန်တဆ ဈေးပေးလွှတ်လိုက်တယ်။ 
ဥပမာ မတ်ပဲတစ်ပိဿာ ကိုးရာဆိုရင် လမ်းကောက်တွေက တစ်ထောင်ပေးလိုက်တယ်။ သူတို့ချက်ချင်းယူထားလိုက်တာမျိုး မဟုတ်ဘူး။ ဗီတာမင် ပွဲရုံ
သိလား။ အဲဒီ ပွဲရုံဘေးက ဆိုင်ကျဉ်းလေးထဲကိုသွား စသဖြင့် လမ်းညွှန် လွှတ်လိုက်တာ။ အဲဒီလိုနည်းနဲ့သူတို့ဆိုင်ကျဉ်းကလေးဟာ တမဟုတ်ချင်း လူ
သိများ ထင်ရှားလာတယ်။ ရောင်းသူတွေ အကြိုက် ဖြစ်လာတယ်။

 ဦးကြီးနဲ့ကျနော်က စုံစမ်းရတော့တယ်။ မတ်ပဲတစ်ပိဿကို ကိုးရာပေါက်တာကို တစ်ထောင်ပေးဝယ်တယ်။ ပြန်ရောင်းတော့ ဘယ်လိုများ
ရောင်းသလဲပေါ့။ မြို့ကလေးက ထွက်တဲ့ ကုန်ပစ္စည်းတိုင်းဟာ ရန်ကုန် ဒါမှမဟုတ် ပြည် ၊မန္တလေးတို့ဘက်ကို သွားတာများတယ်။ အဲဒီဒေသတွေက
ပင်ရင်းတွေကလူတွေဟာ ဈေးကို ဘယ်မှာဖြစ်ဖြစ် သိပ်မခွာဘဲ ပေးကြတာများတယ်။ ဒါဆို ဝယ်ဈေး ပိုပေးဝယ်ရင် ရောင်းဈေးကျတော့ ပိုရအောင် ဘယ်
လိုလုပ် ရောင်းကြသလဲ။ ကျနော်တို့စိတ်ဝင်စားတယ်။

 အဲဒီမှာ ကျနော်တို့သွားတွေ့တာက အံ့သြဖို့အတော်ကောင်းတယ်။မတ်ပဲဆိုရင် မတ်ပဲနဲ့ပုံစံတူ အရောင်တူတဲ့ မြေကြီး သို့မဟုတ် ကျောက်
ကို သီးသန့်လုပ်ရောင်းတဲ့လူတွေ ကျနော်တို့မြို့ကလေးမှာ ရှိနေခဲ့တာကို ကျနော်တို့သွားတွေ့တယ်။ အဲဒီ ပစ္စည်းက တကယ့် ပဲအစစ်ထက် ဈေးချို
တယ်။ ထက်ဝက်ကျော် ချိုတယ်။ မတ်ပဲက ကိုးရာဆို အဲဒီပစ္စည်းက သုံးရာလောက်ပဲ။  ကျနော်တို့ထက် ဈေးပိုပေးတဲ့ လူတွေဟာ အစစ်ထဲကို အဲဒီ
အတုတွေ ရောရောင်းလို့ရနေတာမို့ဝယ်တဲ့ နေမရာမှာ ဈေးပိုပေးနိုင်နေတာကို သွားတွေ့ခဲ့တယ်။ ကိုးရာပေါက်တဲ့ မတ်ပဲကို ထောင့်ငါးရာ ဝယ်လည်း 
သူတို့က မြတ်နေဦးမှာပဲ။ 

 မကြာဘူး။ အဲဒီက ဆိုင်ခန်းကျဉ်းလေးထဲမှာ နှမ်းဆီတို့ပဲဆီတို့ပါ ရောင်းလာတယ်။ သူတို့ရောင်းတဲ့ဆီတွေဟာ ကျနော်တို့ဆိုင်က ဆီထက်
ဈေးချိုတယ်။ ပုလင်းအပြည့် ဗူးအပြည့်ပေးတယ်ဆိုပြီး နာမည်ကြီးပြန်တယ်။ အရင်က ကျနော်တို့ဆီက ဝယ်နေကျ ဖောက်သည်တွေဟာ သူတို့ဆီရောက်
သွားပြန်တယ်။

 ဒါကို တစ်ခါ စုံစမ်းလိုက်တော့ သူတို့က နှမ်းဆီဆိုလည်း နှမ်းဆီအစစ်ချည်း ရောင်းတာ မဟုတ်ပြန်ဘူး။ စားအုံးဆီ ရောတယ်။ ပဲဆီဆိုလည်း 
စားအုန်းဆီ ရောတယ်။ ခဲတတ်တဲ့ သဘာဝရှိတဲ့ စားအုန်းဆီကို နှမ်းဆီတို့ပဲဆီတို့နဲ့ရောပြီး ပြန်မခဲအောင် ဓာတုဆေးတွေသုံးတယ်။

 ကျနော်က ကြားရတဲ့သတင်းတွေ လုပ်ထုံးလုပ်နည်းတွေကို လေ့လာပြီး ဦးကြီးကို ပြန်ပြောပြရတယ်။ ခေတ်အခြေနေအရ ကျနော်တို့လည်း
လုပ်မှရမယ်။ မလုပ်ရင် ကျနော်တို့ကျန်နေခဲ့မှာပဲလို့ပြောရတယ်။ဦးကြီးဟာ အဲဒီကိစ္စကို အတော်လေးစဉ်းစားတယ်။ ကျနော့်ကို သူများတွေ ရောင်းနေတဲ့
အရည်အသွေးမျိုး၊ ဈေးနှုန်းမျိုးရအောင် လုပ်ခိုင်းလို့လုပ်ပေးရဖူးတယ်။ ဒါပေမဲ့ ဦးကြီးဟာ အဲဒီပစ္စည်းကို အစစ်ပါလို့ပြောမရောင်းဘူး။ ဒါက အစစ်နဲ့
အတုကို စပ်ထားတဲ့ စပ်ဆီပါ။ ဈေးက အစစ်ထဲမှာ အတု ရောထားလို့ချိုနေတာပါ ဆိုပြီး ပြောရောင်းတယ်။ အံ့သြစရာပါပဲ။ လူတွေက ပြောရောင်းတဲ့ ဆီ
အတုထက် မပြောဘဲရောင်းတဲ့ ဆီအတုကိုပဲ အစစ်အမှတ်နဲ့ဝယ်ကြစားကြတယ်။ စိတ်ဝင်စားကြတယ်။ ဦးကြီးလည်း အတုကို နောက် လုံးဝ ထပ်မလုပ်ခိုင်း
တော့ဘဲ အစစ်သီးသန့်ကိုပဲ အာမခံတယ်၊ စစ်တယ် ဆိုတာမျိုးကိုပဲ ပြောရောင်းတယ်။ လူတွေက စိတ်မဝင်စားကြဘူး။ ဈေးသက်သာပြီး များများရတဲ့ စပ်
ဆီကိုပဲ စိတ်ဝင်စားကြတယ်။ ဝမ်းသာအားရ အားပေးကြတယ်။

 အခုတော့ ကျနော့် ဦးကြီးလည်း မရှိတော့ဘူး။ လောကရဲ့လှည့်ဖျားတတ်တဲ့ မာယာတွေ ကြားထဲမှာ သူ့ပွဲရုံလေးကို ရိုးသားစွာ ရှင်သန်မွေးမြူ
ရင်း သူ့ဘဝရဲ့နေဝင်ချိန်အထိ ပွဲရုံလေးမှာပဲ ရိုးသားမှု၊ ကြိုးစားမှုနဲ့ရှင်သန်နေထိုင် ဖြတ်သန်းသွားခဲ့တယ်။ ဦးကြီးမရှိတော့တဲ့ နောက်ပိုင်း ကျနော်လည်း 
မြို့ကလေးကို မရောက်ဖြစ်တော့ဘူး။ စာရေးသူ တစ်ယောက်အနေနဲ့ရှင်သန်ရပ်တည် လာခဲ့တာ ဆယ်နှစ်ကျော်ရှိလာခဲ့ပြီ။ အရင်က မြို့ကလေးရဲ့ပွဲစား
လောကမှာသာ တွေ့ရတတ်တဲ့ လမ်းကောက်လို လူတွေကို နေရာစုံ ကဏ္ဍစုံမှာ တွေ့မြင်လာရတယ်။

 မျိုးစေ့မချဘဲ အပင်ချိုင်ချင်သူတွေ များလှတဲ့ ခေတ်ကာလမှာ လက်ခုပ်သံတွေကလည်း ရက်ရက်ရောရောပါပဲ။

                                                                                             လူခါး
 (ဦးကြီးသို့)
ဂျပန်စံတော်ချိန်ည ၇:၄၆