Tuesday 25 April 2017

ကျွန်တော့်နာမည်ကို စာအုပ်တွေထဲမှာ ရှာတွေ့ ခဲ့တယ်




(က)
တစ်နေ့ ။ တစ်နေ့ ဆိုပေမဲ့ မှတ်မှတ်ရရ၂၀၀၁ခုနှစ်လောက်ကတစ်နေ့ ။
မကွေးပညာရေးကောလိပ်ထဲကို ကျွန်တော်ရောက်သွားခဲ့တယ်။ ကျွန်တော့်အမဝမ်းကွဲတစ်ယောက် ကျောင်းအပ်တာကို လိုက်လာသွားခဲ့တာပါ။အဲဒီမှာ ၈တန်းနှစ်ကတစ်ကျောင်းတည်းတက်ခဲ့ရတဲ့ အမတစ် ယောက်နဲ့ အမှတ်မထင်တွေ့ တယ်။ သူက တက္ကသိုလ်ဒုတိယနှစ် ဖြစ်နေပါပြီ။ အဲဒီအမက
မောင်လေး နင်ရောဘယ်နှစ်ရောက်နေပြီ လဲ တဲ့ ။ ကျွန်တော်ဖြေလိုက်တယ်။ ကျွန်တော်၉တန်းနဲ့ ကျောင်းထွက်လိုက်တာ အမ လို့ ။ ဟယ်တဲ့။အပြန်လမ်းမှာ အဲဒီအမရဲ့ ဟယ် ဆိုတဲ့ အသံက ကျွန်တော့်နားထဲကမထွက်ဘူး။ နှမြောလိုက်တာ တဲ့။ ကျောင်းလာအပ်တဲ့ အမကလည်း ကျွန်တော့်ကို အားနာကြည့်နဲ့ ကြည့်ရင်းပြောသေးတယ်။ နင် အတန်းတစ်ခုခု ရောက်နေပြီ လို့ ပြော
လိုက်ရမှာတဲ့။ သူလည်း သိမှာမှ မဟုတ်တာတဲ့။ ကျွန်တော် ဘာပြန်ပြောဖြစ်ခဲ့သလဲ မမှတ်မိတော့ဘူး။သေချာတာကတော့ ကျွန်တော် တကယ် ကြေကွဲ ခဲ့ရပါတယ်။ဘဝမှာပထမဆုံးမှတ်မှတ်ရရ ရှိခဲ့ရခဲ့ဖူးတဲ့ နောင်တပါပဲ။ ငါ ဘာလို့ ကျောင်းကနေထွက်ပြေးခဲ့မိတာလဲ။ ကျွန်တော်ကိုယ် ကျွန်တော် ပြန်မေးမိတယ် ။ ဒါပေမယ့် ကျွန်တော့်မေးခွန်းကို ကျွန်တော်ကိုယ်တိုင်မဖြေရဲခဲ့ပါဘူး
(ခ)
တစ်နေ့ ။ ဒီတစ်ခါတစ်နေ့ ကတော့ ၂၀၀၂ ခုနှစ်က တစ်နေ့ ပါ။အညာရွာကလေးက အဖေနဲ့ အမေရဲ့ အိမ်အောက်က တန်းလျားပေါ်မှာကျွန်တော် ဝမ်းလျားမှောက်ပြီး အိပ်နေမိတယ်။ အိပ်နေမိတယ်ဆိုပေမယ့် မပျော်ဘူး။ စိတ်က လွင့်နေတယ်။ မျက်လုံးတွေက သေနေတယ်။အာရုံတွေက ကြောင်နေတယ်။
ကျွန်တော် အလုပ်ပြုတ် လာတာပါ။ တောင်တွင်းကြီးမှာရှိတဲ့ ဦးကြီးဖြစ်သူရဲ့ ပွဲရုံကနေ ကျွန်တော် အလုပ်ပြုတ်လာတာ။ တစ်နေ့ ကို လုပ်အားခ၂၀၀ ကနေ အလုပ်ပြုတ်ချိန်အထိဆို တစ်နေ့  ၅၀၀ သို့ မဟုတ် ၆၀၀လောက်ရနေပြီ ထင်ပါတယ်။
တန်းလျားပေါ်မှာမှောက်နေရင်း ကျွန်တော်တွေးနေမိတာက ငါ ဘာလုပ်မလဲ ဆိုတာပါပဲ။ ငါ ဘာလုပ်မလဲ ။ငါ ဘာလုပ်မလဲ။ ကျွန်တော်အကြိမ်ကြိမ်တွေးနေမိတယ်။ ဒါပေမဲ့ အဖြေမရဘူး။
နွေကြီးပေါ့။ အရမ်းပူပါတယ်။ အဖေနဲ့ အမေ က မျက်နှာချင်းဆိုင်ရှိနေတဲ့တန်းလျားတစ်လုံးစီပေါ်မှာ ငေးမောတိတ်ဆိတ်ငြိမ်သက်လို့ ။သူတို့ ဘာတွေးနေတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။သေချာတာကတော့ သူတို့ အားကိုးတဲ့ သားတစ်ယောက် သူတောင်းစားခွက်ပျောက်သလိုဖြစ်လာတာကို စိတ်မကောင်းဖြစ်နေကြတာနေမှာပါပဲ။
အဲဒီ အချိန်မှာပဲ သေနေတဲ့ ကျွန်တော့် မျက်လုံးထဲကို စာရွက်တစ်ရွက်လေလွင့်လာပါတယ်။ အဝါရောင်လေး။မကွေး အဝေးသင် တက္ကသို လ် မှာတက်နေတဲ့ ကျွန်တော့်အထက်က အမ ဖြစ်သူရဲ့  ထုတ်မဖတ်တဲ့ ကျောင်းစာအုပ် အထူကြီးတွေနဲ့ အတူပါလာတဲ့ ဘယ်တော့မှ နားထောင်လေ့မရှိတဲ့ တိတ်ခွေ မှာပါတတ်တဲ့ စာရွက်လေး။ အဲဒီစာရွက်မှာ စာတန်းလေးတစ်ခုပါတယ်။
ပညာလို အိုသည်မရှိတဲ့။
အဲဒီစာကိုဖတ်ပြီးပြီးချင်း တန်းလျားပေါ်လှဲနေရာကနေ ချက်ချင်းထပြီး အဖေနဲ့ အမေ့ကို ကျွန်တော်ပြောလိုက်တယ်။
ကျွန်တော် ကျောင်းပြန်နေချင်တယ် လို့ ။
အဖေနဲ့ အမေဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်လုံးပြူးကုန်တယ်။ အမေက ဟင်း လို့ တစ်ခွန်းဟစ်ပြီး သူ့ ဆေးလိပ်သူ ဆက်သောက်နေတယ်။ အဖေက ဘာမှမပြောဘူး။အိမ်ရှေ့ တလင်းထဲက လေတိုက်ရင် လွင့်လွင့်ပါနေတဲ့ အ၀ါရောင်မန်ကျည်းရွက်အကြွေတွေကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေပါတယ်။
ခဏကြာမှ အဖေက မေးတယ်။ မင်းအသက် ဘယ်လောက်ရှိပြီလဲတဲ့။ ကျွန်တော်လည်း အားရဝမ်းသာဖြေလိုက်တယ်။
၁၉ နှစ်။
(ဂ)
ကျွန်တော့်ကို အမေကျောင်းလိုက်ပို့ တယ်။ ကျောင်းက ကျွန်တော်တို့ ရွာနဲ့ ၃ နာရီလောက် လှည်းနဲ့ သွားရတဲ့ မြို့ ကလေးမှာ။ ကျွန်တော်ကျောင်းသွားတက်တာ အထက်တန်းကျောင်းသားတစ်ယောက်နဲ့ မတူဘဲ တက္ကသိုလ်သွားတက်မယ့်ကျောင်းသားတစ်ယောက်နဲ့ ပိုတူနေမယ်ထင်ပါတယ်။ အသက်က ၁၉ နှစ်။ တက်ရမှာက ၉ တန်း။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ အသက် ၁၅ နှစ်မှာ ၉တန်းတက်ရင်းလက်စကျောင်းထွက်ခဲ့တာဆိုတော့ ပြန်တက်တော့လည်း ၉တန်းကပဲ ပြန်တက်ရပါတယ်။
ကျောင်းမှာ ကျွန်တော့်ထက်ကြီးတာဆိုလို့ ဆရာ ဆရာမတွေ ပဲရှိတယ်။ ဒါတောင် မူလတန်းပြတွေက ကျွန်တော့်ထက် ငယ်ကြတယ်။အချို့ ကျောင်းသူ ကျောင်းသားတွေက ကျွန်တော့်ကို ဆရာ ထင်ကြပါတယ်။
သူတို့ ဘာထင်ထင်ပါ၊ ကျွန်တော် ကတော့ ကျောင်းသားပဲ။ ကျွန်တော့်ကို ကျွန်တော် ကျောင်းသား အသစ်ကလေး လို့ ပဲ ထင်တယ်။ စာနဲ့ ၃ နှစ်ကျော် ဝေးနေရတဲ့ ကျွန်တော်ဟာသူများတွေ မုန့် စားဆင်းရင်တောင်မဆင်းရဲဘူး။ စာကိုပဲ လုပ်နေမိတယ်။ ၉ တန်းကတော့သာသာယာယာ ပါပဲ။ အောင်သွားတယ် ။ ၁၀ တန်းရောက်တယ်။ ၁၀ တန်းမှာ ကျွန်တော့်အသက် ၂၀။
(ဃ)
တစ်နေ့ ။ ဒီတစ်ခါတစ်နေ့ ကတော့ ဆယ်တန်းကျောင်းသားကြီးရဲ့ တစ်နေ့ ပါ။ဆရာမက ကျွန်တော်တို့ အတန်းသားအားလုံးရှေ့ မှာခုံလေးတစ်လုံးနဲ့ ထိုင်နေတယ်။ ကျွန်တော်တို့ က ဆရာမရှေ့ မှာ မတ်တပ်ရပ်လို့ ။ အခန်းအပြင်ဘက်မှာပေါ့။
အဲဒီ အချိန်မှာ ကျွန်တော်တို့ ကျောင်းပေါ်ကို တိုက်လေယာဉ်ပျံတွေ ဝဲနေကြတယ်။ စစ်ရေးလေ့ကျင်တာမျိုးဖြစ်မယ်ထင်တယ်။ ကျွန်တော် လေယာဉ်တွေကို မော့ကြည့်လိုက်မိတယ်။ သိပ်လှတယ်။လေယာဉ်တွေဟာ လေထဲမှာ ကျွမ်းထိုး ဝေ့ဝိုက်ဝဲနေကြတယ်။ ကျွန်တော် ဆရာမအနားကပ်ပြီး မေးလိုက်မိပါတယ် ။ဆရာမ အဲဒီလေယာဉ်ပျံတွေက ဘယ်လို လူတွေမှ မောင်းခွင့်ရှိတာလဲ ခင်ဗျ လို့ ။ ဆရာမက ဖြေတယ်။မင်းတို့ လို တောသားတွေ ပေါ့တဲ့။ ကျွန်တော်တကယ်ပျော်သွားတယ်။ တကယ်လား ဆရာမဆိုတော့ တကယ်ပေါ့တဲ့။ ဒါဆို မောင်းခွင့်ရအောင် ဘယ်လိုကြိုးစားရမလဲ ဆိုတော့ အမှတ်ကောင်းအောင်ကြိုးစားတဲ့။ အမှတ် ၃၈၀ ရအောင် ကြိုးစားတဲ့။
အမှတ် ၃၈၀ဆိုတဲ့ ဆရာမအသံဟာ ကျွန်တော့် နားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။အဲဒီနေ့ ကစပြီး ကျွန်တော့်ကျောင်းစာအုပ်တိုင်းမှာ ၃၈၀ လို့ ရေးထားတယ်။၃၈၀။၃၈၀ ဆိုပြီးတော့ပေါ့ဗျာ ။
အဲဒီနေ့ ကစပြီး ဘော်ဒါဆောင်ကကျွေးတဲ့ မနက်စာတောင် ကျွန်တော်မစားဖြစ်တော့ဘူး။ မနက်စာစားချိန်ကို စာကျက်ချိန်ထဲ ထည့်လိုက်တယ်။ မထည့်လို့ လည်းမရဘူးလေ။ ဘော်ဒါမှာ ကျွန်တော်ကအညံ့ဆုံး။ သချာင်္ ၁ မှတ်တန် မေးခွန်း ၅၀ ဖိုးမေးပြီး တစ်ပုဒ်မှားတစ်ချက်ကို ကျွန်တော် ၄၄ ချက်အရိုက်ခံရခဲ့တယ်။ အကြီးဆုံးနဲ့ အညံ့ဆုံးကျောင်းသားဟာ ကျွန်တော်ပေါ့။ အတူနေ ၁၅/၁၆ အရွယ်ကျောင်းသားတွေက ခင်ဗျားတော်တော်ညံ့ပါလား ဆိုတဲ့ မျက်လုံးတွေ နဲ့ တိတ်တဆိတ် တွန်းအားပေးကြတယ်။ကျွန်တော် အချိန်တွေကိုခြွေတာသထက်ခြွေတာပစ်လိုက်တယ်။
ညအိပ်ချိန် ၁၁ နာရီ သတ်မှတ်ပြီး မီးပိတ် စနစ်နဲ့ အစောင့်ထား အိပ်ခိုင်းပေမဲ့  အိမ်ကနေ လက်နှိပ်ဓာတ်မီးပြန်မှာပြီး အဆောင်မီးပိတ်တာနဲ့ စောင်ခြုံထဲမှာ ကိုယ့်ဓာတ်မီးနဲ့ ကိုယ် စာခိုးကျက်တယ်။ မနက်၅ နာရီ ထရတဲ့ အတွက် အိပ်ချိန်ဟာ တစ်နေ့  ၃ နာရီ သာသာပဲ ရှိနေတတ်တယ်။
အကျိုးဆက်ကတော့ ၁၀ တန်းတက်နေတုန်းမှာ ကျွန်တော် ဆေးရုံတက်လိုက်ရတယ်။ တိုးတက်မှုကတော့ နှစ်ဝက် စစ်ဆေးခြင်းမှာ တစ်ဘော်ဒါလုံး ကျွန်တော် အဆင့် ၂ ရခဲ့တယ်။ရမှတ်က ၄၁၃မှတ်။ ဒါပေမယ့်ကျွန်တော် က ၃၈၀ လောက်သာ လိုချင်ခဲ့တာပါ။ ၃၈၀ဟာ ကျွန်တော့်ဘဝပေါ့။
(င)
စာမေးပွဲကြီးပြီးသွားတော့ အလုပ်ထုတ်ခဲ့တဲ့ ဦးကြီးက ပြန်လိမ်မာလာတဲ့ ကျွန်တော့်ကို အလုပ်ပြန်ခန့် တယ်။လုပ်အားခ တစ်နေ့ ၈၀၀ ထင်တယ်။အဲဒီမှာ ကျွန်တော့်ကျောင်းသားဘဝကို မေးတယ်။ စာမေးပွဲ ဖြေနိုင်လားကနေအစ ၁၀တန်းအောင်ရင် ဘာလုပ်မလဲ အထိပေါ့။ ကျွန်တော်က တိုက်လေယာဉ်ကြီးမောင်းချင်ကြောင်းပြောတော့ တက်ရမယ့်အမှတ်မှီရင် သူ လုပ်ပေးမယ်တဲ့။ ဦးကြီးဆီက အဲဒီစကားကိုကြားပြီးတဲ့ နောက်ပိုင်း ကျွန်တော့်အိပ်မက်တွေဟာ ပိုပြီးတော့ ချိုလာကြတယ်။ ကျွန်တော့် ချွေးတွေဟာ အရောင်တောက်လာကြတယ်။ ကျွန်တော်ထမ်းနေရတဲ့ အိတ်တွေဟာ ပေါ့ပါးနေခဲ့ကြတယ်။ အဲသလိုနဲ့ ဆယ်တန်းအောင်စာရင်းထွက်မယ့်နေ့ ကို ၃၈၀ ..၃၈၀ နဲ့ မြည်ရင်းကျွန်တော်စောင့်နေခဲ့တယ်။
တကယ်လည်း ကျွန်တော် အောင်ခဲ့ပါတယ်။ အောင်စာရင်းသွားကြည့်တဲ့ နေ့ က ကျွန်တော့်ကို မင်းအောင်လား မေးတဲ့ လူရှိရင် ကျွန်တော်စိတ်ဆိုးတယ်။ အောင်လားမေးရမှာ မဟုတ်ဘူး။D ဘယ်နှစ်လုံးပါလည်းမေးရမှာ လို့ စိတ်ထဲက ပြောနေမိတတ်တယ်။တကယ်တန်းကျတော့ D တစ်လုံးမှ မပါ ပါဘူး။ သို့ သော် ကျွန်တော့်ဦးကြီးကတော့ အမှတ်စာရင်းသာ မှီပါစေ ငါ့တူ တဲ့။
ကျွန်တော့်ကို ကျွန်တော် ယြုံကည်ထားခဲ့တယ်။ အမှတ်၃၈၀တော့ ရမယ် လို့ ပေါ့။
(စ)
အမှတ်စာရင်း စာရွက်ကို ကိုင်ပြီး ကျွန်တော်ရပ်နေတယ်။ ဦးကြီးရဲ့ ကောင်တာစားပွဲရှေ့ မှာ ကျွန်တော်ရပ်နေတယ်။ ကျွန်တော် မှန်းထားတာက ၃၈၀ ။ တကယ်ရတော့ ၃၇၀ ကွက်တိ။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို D မှန်းထားပေမယ့် အနည်းငယ်စီ လိုနေခဲ့တယ်။ ဦးကြီးက ကျွန်တော့်ကိုတစ်လှည့် အမှတ်စာရင်းကို တစ်လှည့်ကြည့်ရင်းတစ်ခုခုကို တွေးနေတယ်။ သူတွေးလို့ ဝမှ မင်းဘာလုပ်မလဲတဲ့...မေးတယ် ။
ကျွန်တော် ရေကြောင်းသိပ္ပံတက်ချင်တယ်။
လေကြောင်းသိပ္ပံမရတဲ့ အတွက် ရတဲ့ ရေကြောင်းကို တက်မယ်ဆိုတဲ့စိတ်ကူးက အမှတ်စာရင်းနဲ့ တွဲပါလာတဲ့ တက်ရောက်နိုင်တဲ့  သက်မွေးသင်တန်းကျောင်းတွေ ထဲက ရေကြောင်းကို ကျွန်တော်ရွေးထားခဲ့ပါတယ်။ လေယာဉ်ပျံကြီးမောင်းခွင့်မရရင် တိုက်ရေယာဉ်ကြီးမောင်းမယ်ဆိုတဲ့ စိတ်ကူးမျိုးနဲပေါ့။
ကျွန်တော့်စကားကိုကြားတဲ့ ဦးကြီးက အဲဒီအချိန်တုန်းက တောင်တွင်းကြီးတစ်မြို့ လုံး လက်ချိုးရေလို့ ရတဲ့အရေအတွက်လောက်သာရှိတဲ့ သူ အမြတ်တနိုးစီးတဲ့ viver ဆိုင်ကယ် သော့ကိုထိုးပေးတယ်။
ပန်းတောမှာရှိတဲ့ မင်းအဒေါ်ဆီကိုသွား ပြီးမေး။ငါတစ်ယောက်တည်းတော့မတတ်နိုင်ဘူး။ သူလည်း မင်းအဒေါ်တော်တာပဲတဲ့။
ကျွန်တော် ဆိုင်ကယ်နဲ့ အဒေါ့်ပွဲရုံဆီ ပြေးခဲ့တယ်။လမ်းမှာဆိုင်ကယ်ပေါက်လို ဖာရသေးတယ်။ တော်သေးတာပေါ့။အိတ်ထဲမှာ ၇၀၀ ပါလို့ ။
အဒေါ့်ဆီရောက်တော့ အမှတ်စာရင်းစာရွက်ကို ထိုးပေးလိုက်ပြီးကျွန်တော်ဖြစ်ချင်တာတွေ ပြောဖြစ်ခဲ့တယ်။ အဒေါ်ကလည်း အကိုကမှ အဲလိုပြောရင် ငါလည်း လုပ်ပေးမှာပေါ့တဲ့။
ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးနေ့ ပေါ့။ ၉တန်းနဲ့ ထွက်ပြေးပြီးအလုပ်လုပ်ခဲ့တဲ့ကောင်။ အမိုက်အမဲ။ မလိမ်မာခဲ့တဲ့ကျွန်တော်ဟာ ဘဝတစ်ဆစ်ချိုးပြောင်းတော့မယ် ဘာညာဆိုတာထက် ဖြစ်ချင်တာလေး ဖြစ်ခွင့်ရတော့မှာဆိုတော့ ပျော်တာပေါ့။
ကျွန်တော်ဆိုင်ကယ်ကို အလှပဆုံးစီးပြီး ဦးကြီးဆီ ပြန်ပြေးခဲ့တယ်။တစ်လမ်းလုံးကျွန်တော့်မျက်လုံးထဲမှာမြင်နေတာကသဘောင်္ဖြူဖြူကြီးတစ်စင်းရဲ့ ဦးမှာ ယူနီဖောင်းဖြူဖြူနဲ့ ခန့် ခန့်ညားညား ရပ်နေတဲ့ ကျွန်တော့်ကို ကျွန်တော်ပါပဲ။
ပြန်ရောက်တော့ ဦးကြီးကောင်တာစားပွဲ နဲ့ မနီးမဝေးမှာ ဆိုင်ကယ်ကိုရပ်ပြီး ဦးကြီးကို အဒေါ်ကလည်း ကူမယ့်အကြောင်းပြောပြရင်း အမှတ်စာရင်း စာရွက်ကို သူ့ ရှေ့ ကောင်တာစားပွဲပေါ်တင်ပေးလိုက်တယ်။
(ဆ)
ဦးကြီးက ငြိမ်နေတယ်။ အကြာကြီးပဲ။ ကျွန်တော်လည်း ဦးကြီးရှေ့ မှာ ရပ်နေမိတယ်။ အကြာကြီးပဲပေါ့။ရင်တွေ တဒိတ်ဒိတ်ခုန်နေမိတာကို ဝန်ခံပါတယ်။
မင်း ဟိုဆိုင်ကယ်ကို ကြည့်
ဦးကြီးက ကျွန်တော်ရပ်ခဲ့တဲ့ ဆိုင်ကယ်ကို လက်ညှိုးထိုးရင်းပြောလိုက်လို့ ကျွန်တော်လည်း ဆိုင်ကယ်ဆီဘုမသိဘမသိလိုက်ကြည့်ရတယ်။
အဲဒီဆိုင်ကယ် ဒီကနေ့  ၂၂ သိန်းတန်တယ်။ဒါပေမယ့် သူဟာသူ ဘယ်လောက်တန်တန် ဓာတ်ဆီမရှိရင် တစ်လက်မမှ မရွေ့ ဘူး။ တန်ဖိုးမရှိဘူး ကွ ။မင်းဘဝကလည်း အဲဒီဆိုင်ကယ်လိုပဲ။ မင်းဟာမင်းဘယ်လောက်တော်တော်အမှတ်ကောင်းကောင်း နောက်ကထောက်ပံ့နိုင်တဲ့ မိဘကမပြည့်စုံရင် ဓာတ်ဆီမရှိတဲ့ ဆိုင်ကယ်လိုပဲ။ ဒီတော့ ငါ့တူရာ အဝေးသင်တက်ပြီး ရိုးရိုးဘွဲ့ လေးယူ။ပြီးရင် ငါ့လိုပဲ ပွဲရုံပိုင်ရှင်ဖြစ်အောင်လုပ်ပါကွာ ။
ဟာ
ကျွန်တော့်တစ်ကိုယ်လုံးလေထဲလွှင့်သွားသလိုပဲ။ကျွန်တော့်မျက်လုံးထဲက မျက်ရည်တွေ ကျလာတယ်။ အမှတ်စာရင်းစာရွက်ကိုပြန်ယူပြီး ကိုင်ထားတဲ့ ကျွန်တော့်လက်ဟာ တဆတ်ဆတ် တုန်နေတယ်။ မျက်ရည်ဟာ ရိုးရိုးကျတာမဟုတ်ဘူး။ တာကျိုးလာတဲ့ရေလို ဒလဟော ကျတာ။ ကျွန်တော်ရှိုက်တယ်။ အသံမထွက်ဘူး။ကျွန်တော်ငိုတယ်။ ချော့မယ့်သူမရှိဘူး။
အဲဒီနောက် ကျွန်တော် ဘာဖြစ်သွားမှန်း ကျွန်တော့်ကိုယ် ကျွန်တော် မသိတော့ဘူး။ ကျွန်တော်အသက်ရှိရဲ့ သေခဲ့တယ်။
အဲဒီတုန်းက အထက်တန်းပြတစ်ယောက်ရဲ့ ဝင်ခွင့်အမှတ်ဟာ၃၄၀ ပဲရှိတယ်။ ဒါပေမယ့် ကျွန်တော် အထက်တန်းပြ ဖြစ်မလာခဲ့ဘူး။ ဘာဆိုဘာမှ ဖြစ်မလာခဲ့ပါဘူးလေ။
ကျွန်တော်ဖြစ်သွားတာက ချဉ်ဖတ်ကလေး။ အမျိုး ရဲ့ ချဉ်ဖတ်။ ရွာရဲ့ ချဉ်ဖတ်။ မြို့ ကလေးရဲ့ ချဉ်ဖတ်။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ချဉ်ဖတ်။ ကျွန်တော့်ကို ပေါင်းသင်းချင်သူ
မရှိသလောက်အထိ။
ကျွန်တော်ဆိုးခဲ့တယ်။ ကျလာတဲ့ အင်္ဂလိပ်စာမေဂျာဆိုတာလေးကိုတောင် ကျွန်တော်လှည့် မကြည့်ခဲ့တော့ဘူး။ ဘယ်သူကမှအဆက်အဆံမလုပ်ချင်တော့တဲ့ လူ့ မိုက်အမဲတစ်ကောင်အသေ အချာ ဖြစ်ခဲ့တာပေါ့။
ကျွန်တော့်ကို ဘယ်သူမှ ဆုံးမလို့ မရဘူး။ အဖေဟာ ကျွန်တော့်ကြောင့် ခဏခဏတက်ခေါက်ရတယ်။ အမေဟာ ကျွန်တော့်ပေါင်မှာခေါင်းအပ်ပြီး ရှိုက်ကြီးတငင် ငိုခဲ့ရတယ်။ ကျွန်တော်ဟာ
တစ်ဘဝလုံးစာထက်ပိုပြီး ဆိုးသွမ်းခဲ့မိပါတယ်။
ဒါပေမဲ့ ကျွန်တော်ကံကောင်းခဲ့တယ်။အဲဒီလို ဆိုးသွမ်းနေတဲ့ ကျွန်တော့်ကို လမ်းမှန်ရောက်အောင်ပို့ ပေးခဲ့တဲ့ အရာပေါ်လာခဲ့ပါတယ်။
အဲဒါကတော့ စာအုပ်တွေပါပဲ။
(ဇ)
ကျွန်တော် စာအုပ်တွေကို ချစ်တယ်။ စာအုပ်တွေကလည်း ကျွန်တော့်ကို ချစ်ကြတယ်။ ကျွန်တော်စာတွေဖတ်ဖြစ်ခဲ့တယ်။မှတ်မှတ်ရရ တောင်တွင်းကြီးက စာပေသမားတွေနဲ့ သိခွင့်ရခဲ့တယ်။ကဗျာ ဆရာ နေပန်ဦး ။ ဆရာ မောင်ယဉ်ဌေး တောင်တွင်း။ စာတွေ ဖတ်ခဲ့တယ်။ ဖတ်ရင်း ဖတ်ရင်းဖြစ်ချင်တာ ဖြစ်ခွင့်မရတဲ့ လူငယ်တွေရဲ့ ခံစားချက်တွေကိုစာအုပ် တွေထဲမှာ ကျွန်တော် ရှာတွေ့ ခဲ့တယ်။ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတာဟာ ကျွန်တော်တစ်ယောက်တည်းမှ မဟုတ်ဘဲလို့ သိလာတယ်။ဖြစ်ချင်တာ မဖြစ်ရရုံနဲ့ ဘဝပျက်လုမတက် လမ်းပျောက်မိုက်မဲဆိုးသွမ်းခဲ့မိတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ရွံတယ်။ ဒီဘဝကို သေပစ်လိုက်ပြီး နောက်ဘဝကို ချက်ချင်းကူးလို့ ရရင် ဆိုတာမျိုးအထိ ကျွန်တော် တွေးဖူးတယ်။
ကျွန်တော့်ရဲ့ အဆင်မပြေမှုတွေကိုလည်း တစ်ယောက်ယောက်ကို ပြောပြချင်တယ်။ ပြောလည်းပြောပြခဲ့ဖူးတယ်။ အချို့ က နားထောင်ပြီး ရယ်တယ်။ အချို့ က နားတောင်မထောင်ခဲ့ကြဘူး။
ဘယ်တော့မှ လူရာပြန်ဝင်မလာတော့မယ့် လူဆိုးလူသွမ်းလေးတစ်ယောက်လို ဆက်ဆံခဲ့ကြတယ်။ ကျွန်တော် စိတ်ဓာတ်မကျဘူး။ကျွန်တော် စာတွေ ဆက်ဖတ်ခဲ့တယ်။စာတွေဖတ်ခြင်းအားဖြင့် ပိုက်ဆံမရှိပေမဲ့ နှစ်လိုဖွယ်ကမ္ဘာလောကတစ်ခုရှိနေတယ်ဆိုတာကို ကျွန်တော်ရှာတွေ့ ခဲ့တယ်။
အဆင်မပြေမှုတစ်ခုကြုံတိုင်း ၊ လူရယ်စရာတစ်ခုကို ပြုလုပ်မိတဲ့ အချိန်တိုင်း စာအုပ်တစ်အုပ်အုပ်ကို ဖတ်ပစ်လိုက်ခြင်းဟာ ကျွန်တော့်အတွက် စိတ်ဖြေရာဖြစ်လာတယ်။
(စ်)
စာအုပ်တွေက ကိုယ့်အားကိုယ် ကိုးတတ်ဖို့ ကျွန်တော့်ကို သင်ကြားပေးခဲ့တယ်။ လူတစ်ယောက်ရဲ့ ဘဝတစ်ခုဟာအခွင့်အရေးတစ်ခုကို ဆုံးရှုံးသွားရုံမျှနဲ့  ပြိုပျက်မသွားသင့်ကြောင်း စာအုပ်တွေကြောင့် ကျွန်တော် သိလာတယ်။ ဒါကြောင့်ကျွန်တော် စာအုပ်တွေနဲ့ မိတ်ဆွေ ဖြစ်လာတယ်။ စာအုပ်တွေ ကိုအငမ်းမရ ဖတ်တတ်လာတယ်။ ကျွန်တော့်ထက် ဘဝပျက်ခဲ့တဲ့ 
လူငယ်တချို့ ရဲ့ နာမည်ကို စာအုပ်တွေထဲမှာကျွန်တော်တွေ့ ခဲ့တယ်။သူတို့ ကို ကျွန်တော်ရိုကျိုးတယ်။
(ည)
နိုင်ငံရေးကြောင့် အရက်ကြောင့် အချစ်ကြောင့် ငွေကြောင့် အမှတ်စာရင်းကြာင့် စသဖြင့် လမ်းလွဲသွားခဲ့၊ဘဝတစ်ဖက် ပျက်သွားတဲ့ လူငယ်တွေ အားလုံးရဲ့  နာမည်တွေအားလုံး
စာအုပ်ထဲမှာ ရှိနေတယ် လို့ ကျွန်တော် ယုံကြည်တယ်။
(ဋ)
(နောက်ဆုံးတော့....) ကျွန်တော့်နာမည်ကိုလည်း စာအုပ်တွေထဲမှာ ရှာတွေ့ ခဲ့ပါတယ်။
လူခါး
FACES .မုခ မဂ္ဂဇင်း
MARCH 2017

No comments: