Monday 31 March 2014

မလေးရှားသို့ အမှတ်ရချက်များ


ဘ၀မှာ
ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို
ထူးအိမ်သင်က
ချစ်ခြင်းမေတ္တာနှင့်  ဥာဏ်ပညာ လို့ ဖြေတယ် ။

လူခါးက အဲဒီမေးခွန်းကို
ဟောသလို ဖြေလိုက်မယ်
မိတ်ဆွေ ၊ အနုပညာနှင့် ရိုးသားခြင်း ။

သတိရခြင်းကွပ်လပ်မှာ
ကလစ်တစ်ချက်ထောက်လိုက်တော့
ဖရီးကောလ်လင်းများ
စက်ရုံကောလ်လင်းများ
ဧဂျင့်ကောလ်လင်းများနဲ့ 
အိုဗာစတေးများ ဆိုပြီး ကျလာတယ် ။

အရိပ်လိုချင်လို့ အကိုင်းမချိုးခဲ့ ဖူးဘူး
အကိုင်းချိုးချင်လို့ အရိပ်မခိုခဲ့ ဖူးဘူး ။

တစ်ယောက်ကို တစ်ယောက် ငြိခဲ့ 
ဒါဟာ သံယောဇဉ်။

တစ်ယောက်ရင်ဘတ်ကို တစ်ယောက်က
ဖယောင်းတိုင်မီးကူးသလို ကူးပေးခဲ့ ရ။

တစ်ယောက်ထမင်းတစ်နပ်ကို တစ်ယောက်က
အသက်ကယ်ဆေးလို ခွဲဝေစားသုံးခဲ့ ရ ။

တစ်ယောက်ကားခကို တစ်ယောက်က
ကြွေးဆပ်သလို ထုတ်ပေးခဲ့ ရ ။

အကြိမ်ကြိမ်လဲကျတာကို
အကြိမ်ကြိမ် ဆွဲထစေခဲ့ တာ မိတ်ဆွေ ။

အကြိမ်ကြိမ်လဲကျတာကို
အကြိမ်ကြိမ် ဆွဲထစေခဲ့တာ အနုပညာ ။

အကြိမ်ကြိမ်လဲကျတာကို
အကြိမ်ကြိမ်ဆွဲထစေခဲ့တာ  ရိုးသားခြင်း ။

ငါတို့ လေ..၊
ဘယ်သူသိနိုင်မှာလဲ
စာပေဟောပြောပွဲ လက်မှတ်တစ်စောင်ကို
လမ်းဘေးတောင်းရမ်းစားသလို ရောင်းခဲ့ ရ ။

အရှုံးခံထုတ်တဲ့  မဂ္ဂဇင်းတစ်စောင်ကို
သုံးပြီးသားကွန်ဒုံးတစ်ခု လို အကြည့် ခံခဲ့ ရ ။

နာတယ်
KLCC  ကြီးကို နာတယ်
ကိုတာရာယာ ကြီးကို နာတယ်
မိုင်ဒင်းကြီးကို နာတယ်
KL စန်ထရယ်ကြီးကို နာတယ်
KTM ကြီးကို နာတယ်
LRT ကြီးကိုနာတယ်
ကွာလာလမ်ပူကြီးကို နာတယ်
မင်းကို လက်ထပ်ပေါင်းသင်းမိခဲ့တာ
ငါ နာတယ် မလေးရှားရေ။

မင်းဟာ
မုဒိမ်းကောင်
မင်းဟာ
ပြန်ပေးသမား
မင်းဟာ
ခါးပိုက်နှိုက်
မင်းဟာ
ဓါးပြ
မင်းဟာ
ပါးစပ်ပွဲစား
မင်းဟာ
လိမ်ညာဝံ့သူ ခွေးအကြီးပေါ့ ။

မင်းဟာ ငါတို့ မျက်နှာကို အက်ဆစ်နှင့် ပက်သောသူ
မင်းကို ကမ္ဘာမကြေသ၍ ငါမုန်းမိရဲ့ ။

မင်းသိလား
မင်းတို့ သိတဲ့  ဂျလန်းယူသန့်  ဆိုတာ
ငါတို့ ရဲ့   ဦးသန့် 
မင်းသိလား
မင်းတို့ သိတဲ့  THE LADY  ဆိုတာ
ငါတို့ ရဲ့  ဒေါ်အောင်ဆန်းစုကြည် ။

မင်းတို့ မြေမှာ
ငါတို့ သွေးဟာ အရောင်ဆိုး ခံခဲ့ရ ။

မင်းတို့ မြေမှာ
ငါတို့ အသားဟာ ကျွန်လိုရောင်းဝယ်ခြင်းခံရ ။

မင်းတို့ မြေမှာ ငါတို့  ဆီကလူတွေ
ခွေးလို ၊ နွားလို ၊ ၀က်လို ၊ ကြက်ကလေးတစ်ကောင်လို
ရှင်သန်ရ ၊ ပြေးလွှားရ ၊ ရုန်းကန်ရ ၊ ထိတ်လန့် ငိုကြွေးခဲ့ ရ ။

ဘီယာဆိုင်တွေမှာ
KTV  တွေမှာ
မာဆပ် တွေမှာ
ချောင်ကစ်မှာ
ဘူကစ်ဘင်တန်းမှာ
ဂန်တင်းဟိုင်းလန်းမှာ
လန်ကာဝီမှာ
သြော်..ငါတို့် အမျိုးတွေ
သူတို့ ကိုယ် သူတို့  မြန်မာဆိုတာ မေ့ကြ
ကိုယ့်မင်း  ကိုယ့် ချင်း
ကိုယ့်ထီး  ကိုယ့်နန်း ကိုယ့်ကြငှန်း နဲ့ ဆိုတာ မေ့ကြပေါ့ ။

အရင်တုန်းက
သီပေါနဲ့  စုဖုရားကို
သူများတွေက အတင်းအဓမ္မ လာဖမ်းသွားတာ
အခုကငါတို့ ကို
သူများလက်ထဲ အတင်းအဓမ္မ ထိုးထည့် ခံခဲ့ရတာ။


မလေးရှားရေ
မင်းဟာ အောင်နိုင်သူကြီးပါ
မင်းဟာ စစ်ကိုအောင်နိုင်သူကြီးပါ ။

ဒီမယ် မလေးရှား
မသိရင် မှတ်ထား
မင်းရဲ့ ဖိနှိပ်မှုအောက်ကနေ
မီလျံနာကြီးတွေ မထွက်ခဲ့ ပေမယ့်
ကဗျာဆရာတွေ စာရေးဆရာတွေ ထွက်ခဲ့တယ် ။

သူတို့ မင်းအကြောင်းကို ဖွဲ့ ဆိုကြတယ်
မင်း ညံ့ကြောင်း
ဟန်ဆောင်ကောင်းကြောင်း
လူစကားနားမလည်ကြောင်း
ခွေးလို စာရိတ္တရှိကြောင်း
ဆင်လို မှုံယိုတတ်ကြောင်း
အုပ်စုဖွဲ့ ပြီး ကိုက်တတ်ကြောင်းတွေပေါ့ ။

မင်းလာရင်   အသေခံဗုံးခွဲမယ့်လူလည်း ရှိရဲ့ 
မင်းလာရင်   အရေခွံနွှာပစ်မယ် ဆိုတဲ့ လူလည်း ရှိရဲ့ 
မင်းလာရင်   လည်ပင်း ထွန်တုံးတင်နင်းပစ်မယ် ဆိုတဲ့ လူလည်းရှိရဲ့ 
မင်းလာရင် မြွေပွေးကြီးကြီးကိုက်ရစေ့မယ် ဆိုတဲ့ လူလည်း ရှိရဲ့  ။   

 အို   မလေးရှား
ငါ့ အသက်နဲ့ ခန္ဒ္ဒာ တည်သ၍
သင့်အား လက်စားချေ ခွင့် ရရပါစေသား   ။     ။


                                                       လူခါး

                                    31.03.2014 , (M0NDAY . YANGON)


1 comment:

စံပယ်ဖြူ said...

ဘ၀မှာ အရေးကြီးဆုံးက မိတ်ဆွေ၊အနုပညာနဲ့ ရိုးသားခြင်း၊ သိပ်မှန်တာပေါ့။ ရိုးသားခြင်းက အသက်နဲ့ထပ်တူ ရှိနေရမှာ။

မလေးရှားက နာကျည်းချက်တွေကို လှည့်စားချေစရာ အကြိတ်အခဲတွေအဖြစ် သိမ်းမထားစေချင်ဘူး။ နာစရာတွေကို လွမ်းစရာနဲ့ဖြေပြီး၊ အမတော့ ဆက်နေနေတုန်း လူခါးရေ။
စာတွေလာဖတ်ပြီး ဝေဖန်ပေးအုံးနော်။

ခင်မင်စွာဖြင့်