Saturday 18 May 2013

ရှို့မီး၊ ကမ္ဘာ့အနိမ့်ပိုင်းသို့ လောင်ကျွမ်းသည်

PDF Print E-mail

၁။ ဦးတင်ထွန်းက အံဆွဲကို အသံမမြည်အောင် အသာဆွဲဖွင့် လိုက်ပြီးတော့ ထောင်တန်တွေ၊
ငါးရာတန် တွေ ကြားထဲက ထောင်တန်အသစ် စက်စက်တစ်အုပ်ကို ယူပြီး အင်္ကျီရင်ဘတ်ထဲ ထိုးထည့်လိုက်တယ်။ “သိများသွား လေမလား”ဆိုတဲ့အတွေးနဲ့ ထမင်းစားခန်းထဲကို ကြည့်လိုက်တော့ သူ့မိန်းမနဲ့ မယားပါသမီး အငယ်မက ထမင်းစားလို့။ “တော်သေးတာပေါ့” လို့ တွေးပြီး နေ့စဉ်ထုတ် သတင်းစာကို ကောက်ကိုင် လိုက်တယ်။     တကယ်တော့ သတင်းစာ ကိုသာ ဖတ်နေရတာ သူ့စိတ်က သတင်းစာ ထဲမှာ မရှိဘူး။  လုပ်လို့ ကိုင်လို့  အစစ အရာရာ အဆင်မပြေ ဖြစ်နေတဲ့ သူ့ပွဲရုံ လုပ်ငန်း အကြောင်းကိုသာ တွေးနေမိတယ်။ ဒီနှစ်ကျမှပဲ စီးပွားရေး ကပ်ဆိုးကြီးက ဗြုန်းစားကြီး ကျလာတော့တယ်။ ခါတိုင်းနှစ်တွေ  နှမ်းလှောင် လှောင်၊ ပဲလှောင်လှောင် တစ်တင်းကို နှစ်သောင်းရင်း နှစ်သောင်းမြတ် ပြီးသား ပဲ။ ဒီနှစ်ကတော့ လှောင်နိုင်ရင် မြတ် တယ်ဆိုတဲ့ သူတို့လိုပွဲစားကြီးတွေ လှောင်နိုင်လေ ရှုံးလေဖြစ်ရတဲ့နှစ်ပဲ။
စီးပွားရေးက အဆင်မပြေ ပါဘူး ဆိုမှ  အစ်မ ကလည်း နေမကောင်း ဖြစ်လာတယ်။ အစ်မကြီး အမိအရာ ဆိုတာ တော့ သူ လက်ခံ တယ်။ မိဘတွေ မရှိတော့ တဲ့နောက် ပိုင်း ဒီအစ်မသာ အမေ၊ ဒီအစ်မသာ အဖေ မဟုတ် လား။ သူ ငယ်ငယ် ကတည်း က ဒီအစ်မ ကပဲ ချေး၊ သေး သုတ်သင်ပြီး ထိန်းကျောင်း ချီပိုး ခဲ့တာ။ ဒီလို သူ့အပေါ် ပြုစု ယုယခဲ့တဲ့ အစ်မကိုမှ တစ်လှည့်ပြန်ပြီး မပေးကမ်း မစောင့် ရှောက်ရင် ဘယ်တရား ပါ့မလဲလို့ သူ တွေးမိ တယ်။

မိန်းမလုပ်တဲ့ သူကလည်း သူ့အမျိုးတွေဆို တိုက်ရှေ့က ဖြတ်သွား တာတောင် မကြိုက်ချင်ဘူး။ ပေးနိုး နိုး၊ ကမ်းနိုးနိုး ထင်နေတာ။ အဲဒီတော့ သူ့ခမျာ လုပ်ငန်း လည်ပတ်နေတဲ့ ငွေတွေထဲက စာရင်း ဖျောက်သင့် တာဖျောက်၊ ဈေးနှုန်း လျှော့သင့် တာလျှော့၊ ဈေးနှုန်း ပိုရေးသင့် တာရေးပြီး တစ်လကို တစ်သိန်း သူ့ အစ်မကို ကြည့်ရှု စောင်မခဲ့ တာ တစ်နှစ်နီး ပါးရှိပေါ့။ပွဲရုံလုပ်ငန်းနဲ့ ပတ်သက် တဲ့ စာရင်း ဇယားကို လွယ်လွယ်ကူကူ တွက်ချက် လို့ရ ပေမဲ့ သူ့အစ်မပေးရမဲ့ ပိုက်ဆံ အတွက်ကျတော့ လကုန်ခါနီးလေ ဦးနှောက်စား လေပဲ။ ဒီလိုအလုပ် ဆိုတာက ပိုင်အောင်လုပ်မှ ခြေရာခံ လို့မရမှာ မဟုတ်လား။ သိသွားပါမှဖြင့် သူ့မိန်းမနဲ့ မယားပါ သမီးတွေ ရဲ့ တံတွေး ကွက်မှာ ပက် လက်မျော ရချေရဲ့။ ရင်ဘတ်ထဲ ထည့်ထား တဲ့ ငွေတစ်သိန်းကို အသာ စမ်းကြည့်ပြီး ထမင်းဝိုင်းက ထလာတဲ့ သူ့မိန်းမကို “မိန်းမရေ ကိုကြီး ဈေးကွက် ကလေး ဘာလေး သိရအောင် ဈေး ကွက်ဖြန့် ချိရေးဘက် သွား လိုက်ဦးမယ်” လို့ ပြောပြီး သူ့အစ်မ အိမ်ဘက် ထွက်လာ ခဲ့တယ်။

၂။
မယဉ်မြ တစ်ယောက် အခုမှပဲ ဆုတောင်း ပြည့်တော့ တယ်။ ဒီဟာကြီး အပြင်ကို တစ်နည်းနည်းနဲ့ ထွက်ပါစေ လို့ ဆုတောင်း နေရတာ။ အခုမှပဲ ဆုတောင်း ပြည့်တော့ တယ်။ ဈေးကွက် စနည်းနာ တာဆိုတော့ ကြာတော့ကြာ မှာပဲ။ ကြာလေ ကောင်းလေ ပဲ။ အဲဒါမှ သူလိုနေတဲ့ ငွေက ရမှာ။
သူလိုနေတဲ့ ငွေဆိုလို့ တကယ်တမ်း လိုတာက သူမဟုတ်ဘူး။ သူ့သမီး အကြီးမက လိုတာ။ မနေ့ ညနေက ပွဲရုံပိတ် ခါနီးတော့ အကြီးမ လာတယ်။ “အမေရယ် အလုပ်အကိုင် ကလည်း မဖြစ်ဘူး။ သမီး ယောက်ျားက လည်း အစွမ်းအစမရှိဘူး။ ပွဲရုံလေးကလည်း ဒီနေ့ဝယ်၊ ဒီနေ့ ရောင်းတာကိုပဲ ရှုံးရှုံးနေ တော့ ရပ်ထားရတယ်။ လော လောဆယ် စားဖို့ သောက်ဖို့နဲ့ ဆိုင်ခန်းငှားခ ပေးဖို့ တစ်သိန်း လောက် ပေးပါဦး” ဆိုပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့ ပြန်သွားတာ။
သမီးတို့ မှာလည်း ညည်းမယ်ဆို ညည်းစရာ ပေါ့။ ပွဲရုံနဲ့ ပတ်သက်တဲ့ အတွေ့အကြုံမှ မရှိတာရယ်။ မဖြစ် မနေမို့သာ ဖွင့်ပေးထား ရတာ။ ဘာမှကို မသိဘူး။ အဲဒီလို မလုပ်လို့ ကလည်း မရ ဘူးလေ။ သူနဲ့ အခုပေါင်းနေ တဲ့ ဦးတင်ထွန်းက ဒုတိယ အိမ်ထောင် ဆိုတော့ သမီးတို့ ရဲ့ ပထွေးပေါ့။ သမီးအပျို ကလေးတွေနဲ့ ပထွေးနဲ့ ဘယ်လိုမှ မသင့်တော်လို့ အကြီးမ ကို မြန်မြန် ယောက်ျားပေးစား ပြီး ပွဲရုံကလေး ထလုပ်ပေး လိုက်တာ။
တကယ်တော့  ပွဲရုံ ကလေးက ဟန်ပြ သက်သက် ပါ။ ဒီလိုပဲ လကုန် ခါနီးပြီဆို အကြီးမက သူ့လုပ်ငန်း မကောင်းကြောင်း၊ သူ့ ယောက်ျား မကောင်းကြောင်း တွေပြောပြီး ငွေတစ်သိန်းပေး ဖို့ လာလာပြီး သတိပေး သ လို လုပ်တတ်တာ ခု သူတို့တောင် သမီးဦးလေး ရနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေ နဲ့တော့ ကိုယ့်သမီးကို ပေးရမှာပဲလေ။ အရေးကြီးတာက ဟိုပထွေးလုပ်တဲ့ ဦးတင်ထွန်း ကြီး မသိဖို့ဘဲ မဟုတ်လား။
ဦးတင်ထွန်း ထားခဲ့တဲ့ ကောင်တာ စားပွဲပေါ်က သော့ တွဲလေးကို ကောက်ကိုင်ပြီး ထိုင်ခုံမှာ ၀င်ထိုင် လိုက်တယ်။ လက်ကား စာရင်းထဲက တစ်ထောင်တန် အသစ်တွေချည်း သပ်သပ် စည်းထားတဲ့ တစ်သိန်းထုပ် ကလေးကို အပေါ် အင်္ကျီ ဘေးကပ်ထဲ ထည့်လိုက်တယ်။
အံဆွဲသော့ ကလေးကို စားပွဲပေါ် ပြန်တင်ထားတုန်း ပဲ ရှိသေးတယ်။ ဗြုန်းဆို အပြင်က ပြန်လာတဲ့ ဦးတင်ထွန်းရဲ့ မော်တော်ဆိုင်ကယ် သံကြောင့် လန့်သွားရတယ်။ “ကံသီပေလို့ တာပေါ့” လို့ တွေးရင်း ကောင်တာ စားပွဲ နားကနေခွာပြီး အိမ်အပေါ် ထပ် တက်ခဲ့လိုက်တယ်။

၃။
“ကျွိ... ၀ုန်း” ဆိုတဲ့ တံခါးကို ဆွဲဖွင့်လိုက်တဲ့ အသံကြားတော့ မြမြသက် ဖြင့် လန့်သွားတာပဲ။ မေမေ များ သိသွားပြီ လားလို့။ ခပ် တည်တည်နဲ့ မီးခံ သေတ္တာနား ကခွာပြီး စာကြည့်စားပွဲမှာ ပြန်ထိုင်နေ လိုက်တယ်။မေမေက လှေကားက တက်လာပြီး သူတို့အခန်းထဲ တန်းဝင် သွားတာပဲ။ အဲဒီတော့မှ မီးခံသေတ္တာ သော့လေးကို နေသား တကျပြန် ထားလိုက်ရတယ်။ အခုရက်ထဲ အမေ့ကိုကြည့်ရတာ ဘာကို အလိုမကျ ဖြစ် နေမှန်းကို မသိဘူး။မနေ့ညနေ မမပြန်သွား ကတည်းက မျက်နှာ မကောင်းဖြစ်ပြီးတော့ အခန်း အောင်းနေတာ။ မေမေရယ် မေမေ့ ရင်ထဲမှာ ဘာတွေခံစား နေရတယ်၊ ဘာတွေ ပူပန်နေရ တယ်ဆိုတာ သမီးမေးချင် ကူညီချင်ပေမဲ့ သမီး ရင်ထဲမှာ မေမေ့ ထက်မနည်းတဲ့ ဝေဒနာ တွေ ခံစားနေရတယ် မေမေ။သမီးကို မောင်က သိပ် ချစ်တာ။ ကျောင်းမှာပဲဖြစ် ဖြစ်၊ ကျူရှင်မှာပဲဖြစ်ဖြစ် မြလေး၊ မြလေးနဲ့ တစ်မြ လေးတည်း မြလေးနေတာ။ ခဲတံချွန်တာ ကအစ အချဉ်ထုပ် ၀ယ်ပေးတာ အဆုံး အကုန်လုံး မောင်က တာဝန် ယူပေးတာ။ ဟိုနေ့ကတော့ ကျူရှင် မှာ မောင့်မျက်နှာမကောင်း ဘူး မေမေ။ သမီးလည်း မောင့်မျက်နှာ မရွှင်ရင် ဘယ် လိုမှနေလို့ထိုင်လို့မရဘူး။ မောင့်ဆီက သမီးသိချင်တာ သိလိုက်ရတော့ မောင့်ကို အရမ်းသနားသွားတယ် မေမေ။လာမဲ့ စနေနေ့ မောင့်မွေးနေ့တဲ့ မေမေ။ အဲဒါမောင့်မှာ လှလှပပ ၀တ်စရာ အ၀တ်အစား တစ်စုံဖိုး လောက် အသည်းအသန် လိုနေတာတဲ့။ အ၀တ်အစားတစ်စုံ ဘယ် လောက်ရှိမှာလဲ မေမေရယ်။ အလွန်ဆုံး တစ်သိန်းဆို လှလှ ပပရှိမှာပေါ့။ သမီးမောင့်ကို ကတိပေးလိုက်တယ်။ “မောင် ရယ် အဲဒီငွေကလေးလောက် ကတော့ မြလေး တာဝန်ထား ပါ” လို့။ မောင့်မျက်နှာလေး ၀င်း ထိန်သွားလိုက်ပုံများ မေမေ့ ကို ပြချင်တယ်။ မေမေ့ ယောက်ျားကြီး မျက်နှာနဲ့များ ကွာပါ့။ ဟော ဒီကတွေးလို့ ကောင်းတုန်း အိမ်က အလုပ် သမားက အပေါ်တက်လာ ပြန်ပြီ။ ခြေသံက ပြင်းပြင်း၊ လူပုံက မည်းမည်း တုတ်တုတ် နဲ့ တကယ့် ကူလီသမားပုံ ပေါက်ပါ့။ သူ့မျက်နှာမြင် ရတာ ကျက်သရေမရှိဘူး။ ပိုက်ဆံထုပ်ကလေး လွယ် အိတ်ထဲထည့်ပြီး အပြင်ထွက် လာခဲ့တယ်။ ဒီအချိန်လောက် ဆို မောင် မျှော်နေရောပေါ့။

၎။
အောင်နိုင်တစ်ယောက် တော်တော်ကို မောဟိုက်နေပြီ။ တဒီးဒီးကျနေတဲ့ နဖူးက ချွေးတွေက ကြမ်းပေါ် တစ်စက်စက်။ ဘယ်လိုမှ ကျင့်သား မရသေးတဲ့ ပခုံးထမ်း ခေါင်းရွက်အလုပ်ကို လုပ်ရတာ ရွာမှာ တောင်သူ လုပ်ရတာထက် ပင်ပန်းတယ်။ ပင်ပန်းတယ်ဆိုပြီး တော့လည်း မနားရဲဘူး။ အလုပ်က ဒီနေ့မှ စဆင်းတာ ဆိုတော့ လက်ကြောမတင်း ဘူး ထင်သွားရင်ဒုက္ခ။ အောက်ထပ်ကနေ အပေါ်ရောက်အောင် တက်လိုက်ရတဲ့ လှေကားထစ် ကချည်း ဆယ့်ကိုးထစ် ကြီးများ တောင်ရှိတယ်။ အောင်နိုင် ကြည့်ဖူးတဲ့ ရုပ်ရှင် ထဲကလို မတ်တတ်ရပ်ပြီး လိုက်လို့ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဆန်အိတ် ကလေးထမ်း ပြီး မတ်တတ် ရပ်လိုက်နေရုံ ပေါ့။ အခုတော့ ဆန်အိတ်က လေးပါတယ်ဆိုမှ ဒူးကပါ မခိုင်ချင်တော့ဘူး။ ထမ်းတက်လိုက် ရတာ ဖတ်ဖတ် ကို မောလို့။ ဒါကြောင့်လည်း အရင် အလုပ်သမားတွေ မမြဲတာ ဖြစ်ရမယ်။ ထမင်းစားတာ တောင် ဆယ်မိနစ်နဲ့ အပြီးစား တဲ့။ ဘာတတ်နိုင်မှာလဲ သူ့ ဆန်စား ရဲရတော့မှာပေါ့။ ရွာ မှာထက်စာရင် ဒီမှာက မြွေ မကြောက်ရဘူး မဟုတ်လား။ ပခုံးပေါ်က ဆန်အိတ် ကို ချပြီး အောင်နိုင် အောက် ပြန်ဆင်းလာခဲ့တယ်။ ပွဲရုံ ပိုင်ရှင် ဦးတင်ထွန်းကြီးက ပိုက်ဆံထည့်တဲ့ ဆာလာအိတ် ကြီးမပြီး အပေါ်ထပ်တက် သွားလေရဲ့။ သူတို့များ ချမ်းသာလိုက်သမှ ပိုက်ဆံကို ဆာလာအိတ် နဲ့တောင် ထည့်ယူရ တယ်။

အောင်နိုင်တစ်ယောက် အောက်ထပ်ရောက်လို့ ရေတစ်ခွက်သောက်ပြီး ချွေး တိတ်အောင် ထိုင်နေတုန်းပဲရှိ သေးတယ်။ အိမ်အပေါ်ထပ် ကနေ လှေကားအတိုင်း ပြေး ဆင်းလာတဲ့ ခြေသံကြားရ တယ်။
“မယဉ်မြ၊ မယဉ်မြ၊ မယဉ်မြရောဟေ့”
ဦးတင်ထွန်းရဲ့ အာခေါင်ခြစ်ပြီး အော်လိုက်တဲ့ အသံကြီးက ပွဲရုံတစ်ခုလုံးကို ခါယမ်း ပစ်လိုက်သလိုပဲ။ အောင်နိုင့်ရင်ထဲ အထိတ် ထိတ်အလန့်လန့်နဲ့ ဖြေမိဖြေ ရာ ဖြေချပစ်လိုက်တယ်။
“ကျွန်တော် မတွေ့မိဘူး ဗျ”
အောင်နိုင့်ရဲ့ ဖြေသံ နောက်က မယဉ်မြရဲ့ အိပ်ချင် မူးတူးအသံကြီးက ကပ်ပါ လာတယ်။

“ဘာဖြစ်တာတုံး ကိုကြီးရဲ့”
“ဘာဖြစ်ရမလဲဟ မီးခံသေတ္တာထဲမှာ ငွေနှစ်သိန်း ကွာနေတယ်”
မယဉ်မြက ကွက်ခနဲ ပျက်သွားတဲ့မျက်နှာကို အချိန်မီပြင်လိုက်ရင်း-
“တော့ အောက်အံဆွဲထဲ က ပိုက်ဆံတွေရော အကုန်ပါ လို့လား”
“ပါတာပေါ့ဟ၊ အောက်ကငွေရော အပေါ်ကငွေရော ပေါင်းတဲ့အထဲကမှ နှစ်သိန်းအတိ လျော့နေတာ”

ဦးတင်ထွန်းရဲ့စကား လည်းဆုံးရော မယဉ်မြက ပွနေတဲ့ဆံပင်ကို လက်နဲ့သပ်သပ် ချရင်း အပြင်က ပြန်ရောက် လာတဲ့ သူ့သမီး အငယ်မကို ဖြစ်ကြောင်း ကုန်စင်ရှင်းပြနေ တယ်။ သမီးအငယ်မက ကြွက်ပုပ်နံ့ ရတဲ့ မျက်နှာမျိုးနဲ့ ရှုံ့မဲ့ပြီး နားထောင်နေတယ်။
“ဒီမှာလည်း ဒီလူတွေပဲ ရှိတာ၊ တော်ရော ဘာသုံး သေးလဲ”
မယဉ်မြက ရန်သူ့စခန်း ကို အပိုင်စီးမိ ထားသလို လေသံမျိုးနဲ့ ဦးတင်ထွန်းကို မေးတယ်။
“ဟ ငါက စာရင်း ဇယားနဲ့ လုပ်တဲ့ကောင်ဟ၊ သုံးရင်လည်း လုပ်ငန်း အတွက် သုံးတာပဲရှိတယ်”
ဦးတင်ထွန်းက ပြော ပြောဆိုဆို ကောင်တာစားပွဲ မှာ ၀င်ထိုင်လိုက်တယ်။
“သမီးကလည်း ကျောင်းစာ တစ်ဖက်နဲ့ဆိုတော့ မေမေတို့ကို မကူညီနိုင်ဘူး။ သမီး မကူညီနိုင်လို့ ဒီလိုဖြစ် ရတာ”
မြမြသက်က အကယ် ဒမီမှန်းထားတဲ့ မင်းသမီး တစ်ယောက်ရဲ့ အမူအရာနဲ့ သူ့အမေကို လေချိုသွေး တယ်။ အောင်နိုင်ကတော့ အကောင်းနဲ့ အညံ့ရောထားတဲ့ နှမ်းပုံကြီးပေါ်မှာ တွေတွေ ကြီးရပ်လို့။

ဦးတင်ထွန်း စဉ်းစားမိ တယ်။ တကယ်တမ်း ကွာတာက သုံးသိန်း။ သူ့အစ်မကို ပေးတဲ့ တစ်သိန်းအပြင် နှစ်သိန်းအလို ပြနေသေး တယ်။ ဒါ ဘယ်သူ့လက် ချက်လဲ။ အလုပ်အကိုင်က မကောင်းရတဲ့အထဲ။ ဦးတင် ထွန်း သူ့အတွေးနဲ့သူ သက် ပြင်းကြီးချလိုက်ရင်း မယဉ်မြ နဲ့ မြမြသက်ကို ကောင်တာဆီ လာဖို့ လက်ဟန် ခြေဟန်နဲ့ ခေါ်လိုက်တယ်။
ပြီးတော့ ဦးတင်ထွန်း က မေးခွန်းထုတ်လိုက်၊ မယဉ်မြတို့ သားအမိက ဖြေလိုက်နဲ့ ဆွေးနွေးပွဲက နာရီ ၀က်လောက်ကြာသွားတယ်။ နောက်ဆုံး ဦးတင်ထွန်းက ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချလိုက်သလိုမျိုးနဲ့ ဖုန်းကို ကောက်ကိုင် လိုက်တယ်။ မယဉ်မြနဲ့ မြမြသက်ကတော့ ကျောက်ချထားတဲ့ သင်္ဘော နှစ်စင်းလို ကောင်တာစားပွဲ ဘေးမှာ တွေတွေဝေေ၀ ရပ် နေကြလို့။
သိပ်မကြာလိုက်တဲ့ အချိန်ကလေး အတွင်းမှာပဲ ပွဲရုံရှေ့ကို ယူနီဖောင်းဝတ်နဲ့ လူတချို့ ရောက်လာ ကြတယ်။ ဦးတင်ထွန်းက ထိုင်နေရာက နေ ပျာပျာသလဲ ထလိုက်ပြီး နှမ်းပုံကြီးပေါ်ကို လက်ညှိုး ထိုးရင်း ပြောလိုက်တယ်။
“အောင်နိုင်ဆိုတာ သူပဲ”


လူခါး
(ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)

1 comment:

စံပယ်ဖြူ said...

ကောင်းတယ်လူခါးရေ၊ ဆက်ကြိုးစားနော်။ ကွန့်မန်းရေးပေးတာ ကြိုက်ရဲ့လားတော့ မသိဘူး။


ခင်မင်လျှက်