Wednesday 10 August 2011
ကဗျာဆရာဖြစ်ရခြင်းအကြောင်း
တချို့  ချို၊ပေါ့၊ကျ   အကြိုက်တစ်မျိုးစီနဲ့ 
သားကောင်ရှာကြ၊
တစ်ချို့  စင်မြင့်ထက်မှာနေရာရ
ဘယ်ဘဝက  ကံအလိုကျလဲ
အားလုံး  ဇာတ်ဆရာ  ခိုင်းသမျှ...က...။
တစ်ချို့ ကိုယ့်ကိုယ်ကို  လှုပ်နှိုးပြီး
တစ်ချို့ ဗီဇာအတုတွေနဲ့   လမ်းသလားကြ
တစ်ချို့ သနပ်ခါးနံ့ တွေက  အညှီနံ့ တွေရလို့ ရ...။
ဆိုင်းမဆင့် ဗုံမဆင့် ရွာတဲ့မိုးလို
တစ်ချို့ ကိုယ့်ဘဝကို  လက်စသတ်ကြ
နာမည်နဲ့ ရုပ်ပုံ လွဲနေတာက  လွဲရင်
အားလုံးဟာ  အလွဲတွေပဲလို့ 
မျိုးချစ်စိတ်ကို  ဗန်းပြလို့ ပြ
တစ်ချို့ မိဘကို  အိုးမည်းသုတ်ဖို့ 
ကိုယ်တိုင်ကိုယ်ကျ  အိုးမည်းလုပ်ကြ...။
တစ်ချို့  ကိုယ့်နာမည်ကို စာလုံးမည်းတွေနဲ့ ရေးခဲ့ကြ
တချို့   ပုဆိုးခြုံထဲက  လက်သီးပြလို့ ပြ
တချို့ ....။တချို့ ...။....။
ဒီလိုနဲ့ .....ပြန်သွားတဲ့  ကောင်မလေး
ဘာတွေ  ရသွားသလဲ  မသိဘူး။
ကျွန်တော်က  ရင်နင့်ခြင်း
ကဗျာတွေ   ရတယ်....။....။
                                          လူခါး
1 comment:
စံပယ်ဖြူ said...
လူခါးရဲ့ဆိုက်ထဲရောက်လာလို့ ကဗျာဖတ်သွားတယ်နော်။
ဘ၀နဲ့ ရေးတဲ့စာတွေကို နောင်များလည်း လာဖတ်ပါအုံးမယ်။