Saturday 31 December 2011

''အဲဒီလူမှာနာမည်ရှိတယ်''

 
အောင်ဝေးက ပြောတယ်
တော်တဲ့ကြယ်တွေမှာ နာမည်ရှိတယ်
အဲဒီလူမှာလည်း နာမည်ရှိတယ်
အဲဒီလူက
ဒေးကာလ်နက်ဂျီရဲ့  မိတ္တဗလဋီကာကျမ်းကို သိတယ်
မြသန်းတင့်ရဲ့  ဓားတောင်ကိုကျော်၍မီးပင်လယ်ကို ဖြတ်မည်ကိုသိတယ်
ဖေမြင့်ရဲ့  အားပြင်းတဲ့ မြှားတစ်စင်းကို သိတယ်
ဂီတနက်သန် ကိုစောငြိမ်းရဲ့  ချစ်ပြုံးနှင်းဆီကိုသိတယ်
အဲဒီလူက
ဆရာဇော်ဂျီရဲ့  ဗေဒါလမ်းကို သိတယ်
တာရာမင်းဝေရဲ့  သိုးဆောင်းစကားပုံထဲက
အက်(ဖ်)၊အေ၊အိုင်၊ဒီ  faid  ကိုသိတယ်
စည်း၊ဝါး။နရီရဲ့ ဟန်ချက်ညီမှုကို သိတယ်
အဲဒီလူက
အနာဂတ်အိပ်မက်တွေကို စားသောက်ဆိုင်မှာရှာတယ်
ပေါင်မုန့် ဖုတ် စက်ရုံမှာရှာတယ်
ဂျပန်ပို့ ကုန် သွင်းကုန်စက်ရုံမှာရှာတယ်
ယုတ်စွအဆုံး
အိပ်နေရင်းတောင် ယောင်ယောင်ပြီး ထ ရှာတယ်။
အဲဒီလူပေါ့
ကဗျာတစ်ပုဒ်ထဲမှာ ကျွန်တော့်ကို ခြုံခိုတိုက်ခိုက်ခဲ့ဘူးတယ်
ကျွန်တော်နဲ့  သူ့ ဆန္ဒတွေကို မျဉ်းပြိုင်နှစ်ကြောင်းလို
မာဆတ်ဆတ် (အပြုံးမပျက်) ကိုယ်လိုရာ ဆွဲခဲ့ကြဖူးတယ်
အဲဒီလူပေါ့
အရင်ကလည်း ဘာမှ မဖြစ်ခဲ့ဘူး
အခုလည်း ဘာမှ မဖြစ်ဘူး
နောင်လည်း ဘာမှ မဖြစ်နိုင်တော့ဘူး ဆိုပြီး
စစ်မရောက်ခင် မြားကုန်ခဲ့ဘူးတယ်
အဲဒီလူပေါ့
ပြန်ခါနီး ကျွန်တော့်ကို ပြောတယ်
စပျစ်သီးကချဉ်တယ်
ကောင်းသန့် ကတော့  ပြောဖူးတယ်
စပျစ်သီး အစိမ်းက ချဉ်တယ်
အမှည့်ကတော့ချိုပါတယ်
အဲဒီလူပေါ့
ကျွန်တော့်ကို
ပညာရှိအမတ်ကြီး ဦးပေါ်ဦးလို
နှုတ်ဆက်၊လက်ပြ၊ထွက်ခွါသွားတယ်
ဘာမှ သယ်မသွားဘူး  နော်  တဲ့
အဲဒီလူ မသိတာ တစ်ခုရှိတယ်
သူ့ မှာ နာမည် တကယ်ရှိတယ်.......။....။

                                                    လူခါး

                                                     (လမ်းသစ်ဂျာနယ်)အတွဲ ၅၊၂၀၀၉

No comments: