Saturday 25 August 2012
''ငါတို့ တကယ်ညံ့ခဲ့ကြပြီ''
အဲဒီအတိုင်းပဲ
ထွေးထုတ်ရမလိုလို မျိုချပစ်ရတော့မလိုလိုနဲ့ 
ငါတို့ တကယ်ညံ့ခဲ့ကြ
သူများပတ်(စ်)ပို့ ဆိုတော့ ငါတို့ လည်းပတ်(စ်)ပို့ 
သူများကိုရီးယားဆိုတော့ ငါတို့ လည်းကိုရီးယား
သူများဂျပန်သွားပြီဆိုတဲ့အခါ ငါတို့  ဂျပန်ကိုသွားချင်ပြန်ရော
ငါတို့ အိမ်က ဘာဖြစ်တယ် ညာဖြစ်တယ်
ငါတို့ အိမ်က ညာဖြစ်တယ် ဘာဖြစ်တယ်
ငါတို့ အမေကညံ့ခဲ့လို့ 
ငါတို့ အဖေကညံ့ခဲ့လို့ 
ငါတို့ ညံ့ခဲ့တယ်လို့  ငါတို့ တိတ်တဆိတ်ကြေကွဲ
ငါတို့ မှ မလုပ်တော့ရင် ငါတို့ ကို ကမ္ဘာက မေ့သွားတော့မှာလိုလို
ငါတို့ ဟာ ငါတို့ ကိုယ် ငါတို့  အထင်ကြီး
ငါတို့ ဟာ ငါတို့ ကိုယ် ငါတို့ ကယ်တင်ရှင်လိုလို
ဟိုလိုလိုဒီလိုလိုနဲ့ အိင်္ဂလိပ်လိုမှ မပြောတတ်ရင် ရှက်စရာလို့ ထင်လာကြ ငါတို့ 
ဟိုလိုလိုဒီလိုလိုနဲ့ နိင်ငံခြားမှ မရောက်ဖူးရင် လူရာမဝင်တော့ဘူးလို့ ပဲထင်လာကြ ငါတို့ 
ငါတို့ လက်ထက်မှာ ငါတို့ နိုင်ငံ
ငါတို့ လက်ထက်မှာ ငါတို့ တိုင်းပြည်
ငါတို့ လက်ထဲမှာ နောင်လာမယ့် ကလေးတွေရဲ့ အနာဂတ်
အဲသလိုနဲ့ ငါတို့ ကိုယ့်ဒူးကို တစ်ကိုယ်ရည်ချွန်ခဲ့ကြ
ကိုယ့်ဓါးကို တစ်ကိုယ်ရည်သွေးခဲ့ကြ
နည်းပညာလိုလို
အတတ်ပညာလိုလို
အိုင်တီလိုလို
ဂလိုဘယ်လိုက်ဇေးရှင်းလိုလိုနဲ့ 
ငါတို့  ဒေါ်လာတွေ စားခဲ့ကြ
ငါတို့  ဒေါ်လာတွေ လွှဲခဲ့ကြ
ငါတို့ ဒေါ်လာတွေ ဖြုန်းခဲ့ကြ
ငါတို့ ပေါင်တံဖြူဖြူလေးတွေကို အငမ်းမရ ငေးမောဖက်တွယ်စိတ်ကူး ပြစ်မှား
ငါတို့ လက်ထဲမှာ လက်ပ်တော့ တစ်လုံးနဲ့ 
ငါတို့ လက်ထဲမှာ အိုင်ပက်တစ်လုံးနဲ့ 
ငါတို့ လက်ထဲမှာ ကွန်ဒုံးကိုတောင် မရှက်မကြောက် ကျစ်ကျစ်ပါအောင် ဆုပ်ခဲ့
ငါတို့ က ကောင်းဘွိုင်
ငါတို့ က ဘရက်ပစ်
ငါတို့ ကအိုဘားမား
ငါတို့ ရှိနေသမျှ ဟီရိုရှီးမားလို ငါတို့ မြေ ငါတို့ ရေ ငါတို့ လေ
ငါတို့ နေတဲ့ နေရာမှာ
ငါတို့ က ခံတပ်
ငါတို့ က ဗို့ အားတစ်သောင်း
ငါတို့ က ကြက်ခေါင်းဆိတ်မခံ
သူများကို လူလည်မလုပ်ချင်ပေမယ့် ငါတို့ ကိုတော့ လူလည်လာမလုပ်နဲ့ လို့ 
ခပ်တည်တည်ပဲ ငါတို့ 
ငါတို့ မျှော်နေတဲ့ ဒီမိုကရေစီ
ငါတို့ မျှော်နေတဲ့ လွတ်လပ်မျှတပွင့်လင်းညီညာစည်းလုံး
ငါတို့ ကျခဲ့ရတဲ့ ငါတို့ မျက်ရည်
ငါတို့ ဟာ မိန်းမထဘီနား ခိုစားတယ်လို့ အပြောခံချင်ခဲ့တာမဟုတ်ပေမယ့်
ငါတို့  ထဘီရိပ်အောက်ကိုတိုးဝင်
ထဘီလျှော်တော့မလိုလို
ထီးမိုးပေးတော့မလိုလို
သနပ်ခါးသွေးပေးတော့မလိုလို
အဖေ့ကိုယ်စား ငါသာသေလိုက်ချင်တယ်လို့  သူခိုးပြေးမှ ထိုးကွင်းထ
အဖေ့ရင်ထဲ ဆောင့်ဝင်ခဲ့တဲ့ ကျည်ဆံ ငါတို့ ခံပေးလို့ ရရင် ခံပေးလိုက်ချင်တယ်လို့  ငါတို့ သွေးအေးတက်မက်
ငါတို့ ဘယ်မှ မသွားဘူး
ငါတို့ ဘယ်သူ့ မှ အထင်မကြီးဘူး
ငါတို့ မှာ ထက်မြက်တဲ့ ဓါး
အဖိုးတန်တဲ့ မြေ
အဖိုးတန်တဲ့ ဦးနှောက်
အဖိုးတန်တဲ့သယံဇာတတွေနဲ့ 
ဦးသန့် လိုဖြစ်ချင်
ဗိုလ်ချူပ်အောင်ဆန်းဇာတ်ကားမှာ ဝင်ပြီးတော့သရုပ်ဆောင်ချင်ခဲ့
မီရှဲလ်ယို ရဲ့ သရုပ်ဆောင်မှု ကို ဝေဖန်လို့ ဝေဖန်
မြန်မာစကားမပီတာ
စလုံးက မြန်မာ လူမမယ်လေး မြန်မာနိုင်ငံတော်သီချင်းမဆိုတတ်တာ
မြန်မာနိုင်ငံသားစစ်စစ်ဒုက္ခသည်ကဒ် ကိုင်ထားတဲ့လူကြီးက
ဘဏ်ကဒ်နဲ့ 
မယားငယ်နဲ့ 
ကိုယ်ပိုင်ကားနဲ့ 
လာဘ်ပေးလာဘ်ယူနဲ့ 
ငါတို့ သာ ခန္တီစတရားနဲ့ ပြည့်စုံတဲ့ ယဉ်ကျေးတဲ့လူ့ အသိုင်းအဝိုင်း
ငါတို့ သာ ချစ်ခင်ကြင်နာသနားကိုယ်ချင်းစာတတ်တဲ့ မျိုးနွယ်စု
မကြာခင် ငါတို့ ဘာလဲဆိုတာ
မကြာခင်ငါတို့  ဇ ရှိတယ်ဆိုတာ
အဲသလို စကားကြီးစကားကျယ်တွေ နဲ့ ယောင်ယောင်အော်နေတုန်း
ငါတို့ အားလုံးရဲ့  ရှေးတည့်တည့်မှာ
ဘယ်သူထားသွားမှန်းမသိတဲ့ချိန်ကိုက်ဗုံးတစ်လုံးက
                                  ''  ဝုန်း ''
                      ခနဲ
                      ထပေါက်သွားခဲ့ပြီ
                                                                                           လူခါး
                                                                       ၁၆ ၊၀၆ ၊၂၀၁၂ ၊ စနေ ၊ ၁၂ နာရီ ၀၃ မိနစ်
No comments: