Thursday 4 October 2012

အညှာလွယ်မီးစာ


စားပွဲခုံအထက်သို့ တစ်ပိုင်း ထွက်နေသော သူ့ကိုယ်ခန္ဓာသည် ကျွန်တော့် စကားကြောင့် အနည်းငယ်လှုပ်သွားသည်ဟု ထင်မိသည်။


“ဘယ်လိုဗျ”

သူက ကျွန်တော့်စကားကို မယုံကြည်ဟန်ဖြင့် မေးလာရင်း နားကြပ် ကို ဟန်ပါပါ ဆွဲဖြုတ်လိုက်သည်။

“ကျွန်တော့် မျက်လုံးတွေ မမြင်ရအောင် တစ်ခုခု လုပ်ချင်တယ်လို့ ပြောတာပါ”

သည်တစ်ကြိမ်တွင်တော့ သူကြားသည့် စကားမှန်သည်ဟု လက်ခံ သွားပုံရသည်။ ကျွန်တော့်ကို တွေဝေစွာ တစ်ချက်ကြည့်၍ သူက ပခုံးတွန့် လိုက်သည်။

“ဟုတ်ပြီ၊ ခဏထိုင်”

သူက နီးရာခုံတစ်လုံးကို လက်ညှိုးထိုးပြရင်းပြောသည်။

ကျွန်တော့်မှာ သူ့ပြုမူ ဆက်ဆံပုံကြောင့် အနည်းငယ်စိတ်ပျက်သွားမိသည်။
ကျွန်တော် သိချင်သည်မှာ ကျွန်တော့် ဝေဒနာကို ရှာဖွေ ကုသပေးနိုင်၊ မပေးနိုင်ဆိုသည့် အဖြေသာဖြစ်သည်။
အကယ်၍ သူ့ဘက်မှ မလုပ်ပေးနိုင်ဟု ယတိပြတ် ငြင်းလွတ် လိုက်လျှင်
ကျွန်တော့်အနေဖြင့် နောက်ထပ် ဆရာဝန်တစ်ယောက်ကို ထပ်မံ ရှာဖွေရဦးမည် ဖြစ်သည်။

ယခုမူ ကျွန်တော့်အား တစ်စုံတစ်ရာ ပြောလိုဟန်ဖြင့် ထိုင်ခိုင်းနေလေတော့သည်။
မတတ်နိုင်။ သူညွှန်ပြသောခုံ၌ သူ့ဆန္ဒအတိုင်း ကျွန်တော်ဝင်ထိုင်လိုက်ပါသည်။ သူ့ အခန်းကလေးထဲတွင် လူနာ ခုတင်အသေးစား တစ်လုံး၊ ဆက်တီသုံးလေးခုံနှင့် စားပွဲခုံ တစ်လုံး သာရှိသည်။ မီးခိုးရောင် သန်းစပြုနေသော ဆံပင်နှင့် ရင့်ကျက် တည်ကြည်သောသူသည် အနည်းငယ်ဟောင်းနွမ်းတွန့် ကြေနေပြီဖြစ်သော ဂျူတီကုတ်အဖြူရောင် ကြီးကို ၀တ်ထားသည်။ လည်ပင်း၌ ချိတ်ထားသော နားကြပ်နှင့် ၄င်း အင်္ကျီကြီးသာလျှင် သူပိုင်ဆိုင်သော ဒေါက်တာ ဘွဲ့၏ ဂုဏ်ပကာသနဖြစ်လိမ့်မည် ထင်သည်။ ဤအရာတို့သာ မရှိပါက သူ့အားဒေါက်တာဟု ပြောလျှင် ယုံနိုင်ဖွယ်ရာ မရှိဟု ကျွန်တော်တွေးမိ သည်။ သူသည် အပ်အဖျားဆီသို့ ဆေးစက် အနည်းငယ် ထိုးလွှတ်ရင်းလူနာတစ်ယောက်နှင့် စကား စမြည်ပြောဆိုလျက်ရှိသည်။

“ဒေါက်တာ မွန်ဟာမက်အာလီ”ဟု ဆိုင်း ဘုတ်ချိတ်ထားသော သူ့ဆေးခန်းကလေးသည် ကွာလာလမ်ပူမြို့၏ ချောင်ကျသောရပ်ကွက် တစ်ခုထဲတွင် ရှိသည်။ ကျွန်တော်ကဲ့သို့သော နိုင်ငံခြားသား တစ်ယောက်အနေဖြင့် သူ့ဆေးခန်း ကလေးကို တကူးတကစုံစမ်း၍ လာရသည်မှာ ခဲရာခဲဆစ်ကိစ္စ ဖြစ်သည်။ သို့သော် အထင်ကရ နေရာစုံမှာ ဆရာ့ဆရာတို့ ခေါင်းခါလိုက် သော ကျွန်တော့်အနေဖြင့် သူ့ဆေးခန်းကလေးသို့ ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာရခြင်းမှာ သူသာလျှင် ကျွန်တော် ခံစားနေရသော ဝေဒနာအား ကုသပေး နိုင်လိမ့်မည်ဟု ယုံကြည်မိသောကြောင့် ဖြစ်သည်။

ကျွန်တော် သူ့ကိုကြည့်၍တွေးတော နေစဉ် မှာပင် လူနာအားကျေးဇူး စကားဆို၍ ကျွန်တော့် အနီးသို့ သူရောက်လာသည်။

“ကဲပြော။ ခင်ဗျားကို ဘာကူညီရမလဲ”

“ကျွန်တော့် မျက်လုံးတွေကို မမြင်ရအောင် တစ်ခုခု လုပ်ချင်တာပါ”
ကျွန်တော့်ထံမှ တစ်ခွန်းတည်းသော စကားကို သုံးကြိမ်မြောက် ကြားရခြင်းပင် ဖြစ် လင့်ကစား သူ့မျက်နှာတွင် အံ့သြသည့်အမူအရာ က ထင်ဟပ်နေဆဲဖြစ်သည်။

“ခင်ဗျား၊ ရူးနေတာတော့ မဟုတ်ပါဘူး နော်”
သူက လူကြီးလူကောင်းတို့၌ တွေ့ရတတ် သည့် အမူအယာမျိုးဖြင့် ကျွန်တော့်အား ခနဲ့ စကားဆိုသည်။ ရင်ထဲမှ ခံစားမှုနဲ့ ဆန့်ကျင်စွာ ကျွန်တော် သူ့ကို ပြုံးပြလိုက်ပါသည်။

“မဟုတ်ဘူး ဒေါက်တာ။ ကျွန်တော့်ဝေဒနာ က”
“ကျွန်တော် သိပါတယ်။ ခင်ဗျားကို ဒီကို ညွှန်လိုက်တဲ့ ဒေါက်တာယူ နွတ်က ကျွန်တော့် မိတ်ဆွေပဲ”
သည်တစ်ကြိမ် အံ့သြသွားရသူက ကျွန်တော်ဖြစ်သည်။ ဒါဆိုသူတို့နှစ် ယောက် ကျွန်တော့်အကြောင်းကို မည်သည့်အတိုင်းအတာ အထိ ပြောဆိုခဲ့ကြ ပြီးပြီလဲဟု ကျွန်တော် တွေးမိသည်။

“မဟုတ်ပါဘူး ဒေါက်တာ။ သူက”
“ကျွန်တော်သိပါတယ်”
ကျွန်တော်က တစ်စုံတစ်ရာ ပြောပြမည် ဟန်ပြင် လိုက်စဉ်မှာပင် သူက ကြားဖြတ်၍ ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက်သူ့ကိုယ်ပေါ်မှ အင်္ကျီကြီးကို ချွတ်၍ နီးရာချိတ်တစ်ခု၌ ချိတ်လိုက် သည်။

“ခင်ဗျားအကြောင်းကို ကျွန်တော်သိတယ်။ အေး၊ ဒါပေမဲ့ ခင်ဗျားဟာက ရောဂါမှ မဟုတ် ဘဲ”

ကျွန်တော် ပို၍မောဟိုက် နွမ်းလျစွာ ခံစား လိုက်ရသည်။ ကျွန်တော် အားကိုးအားထားပြု ရသူဆရာဝန်တစ်ယောက်မှ ရောဂါမဟုတ်ဆိုခြင်း သည် ကျွန်တော့်အား ပို၍ချောက်ချားစေသည့် ကိစ္စ ဖြစ်သည်။
“ဒေါက်တာ ဒီမှာ သေချာကြည့်ပါဦး”
ကျွန်တော်က အလျှော့ မပေးချင်သဖြင့် ကျွန်တော့်မျက်နှာအား သူ့အနားသို့ကပ်၍ပြော လိုက်သည်။ ကျွန်တော့်ဘက်မှ ထိုသို့ပြုလုပ်လိုက် ခြင်းသည်ပင် သူ့အတွက် အခွင့်အရေးတစ်ရပ်ဖြစ် သွားခဲ့သည် ထင်သည်။ သူ့လက်များဖြင့် ကျွန်တော့်မျက်ခွံတို့အား ဆွဲလှန်၍ မျက်လုံး အတွင်းပိုင်းထဲသို့ စူးစိုက်ကြည့်တော့သည်။ ထို့ နောက် ကျွန်တော် ထင်မှတ် မထားသောစကား တစ်ခွန်းအား တည်ငြိမ်စွာပြောလာတော့သည်။

“ခင်ဗျား။ ဥစ္စာရောဂါ မဟုတ်ဘူးဗျ။ ရော ဂါဆိုတာက ကျွန်တော်တို့ဆရာဝန်တွေကုရင် ပျောက်တယ်။ အနာသိရင် ဆေးရှိတယ်ဆိုတာမျိုး ပေါ့။ အခုခင်ဗျား ခံစားနေရတာက ခင်ဗျားကိုယ်တိုင်ကုမှ ပျောက်မှာ”

“ဗျာ”

ကျွန်တော့်နှုတ်မှ အမှတ်တမဲ့ ထွက်သွား သော အာမေဋိတ် အသံသည် လိုအပ်သည်ထက် ပို၍ ကျယ်လောင်သွားခဲ့သည်ကို ကျွန်တော်ဝန်ခံ ပါသည်။ အကယ်၍ ထိုစကားသံကြောင့် သူ့၌ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်ဆိုလျှင် ကျွန်တော့်ဘက်မှ တောင်းပန် စကားဆိုရန် အသင့် ရှိနေခဲ့ပါသည်။ သို့သော် ဒေါက်တာမွန် ဟာမက် ကမူ သူ့စကားကိုသာ ဆက်ရန်အာရုံ ရောက်နေခဲ့ ဟန်တူသည်။

“ခင်ဗျားအကြောင်းကို ကျွန်တော့်သူငယ် ချင်း ဒေါက်တာယူနွတ်က ပြောတယ်။ ခင်ဗျား ဟာ သာမန် အလုပ်သမားတစ်ယောက် ဆိုတာ လည်း ပြောတယ်။ အဲဒီအလုပ်ကိုခင်ဗျား ငြီးငွေ့ နေတယ်ဆိုတာလည်း ပြောတယ်။ ပြီးတော့ ခင်ဗျားကိုယ်တိုင်ရယူထားတဲ့ သီးသန့်ဘ၀တစ်ခု ရှိသေးတယ်ဆိုတာလည်း သူကပြောတယ်။ အဓိက အကြောင်းအရင်းက အဲဒီကိစ္စပဲ”

ဒေါက်တာ မွန်ဟာမက်က စကားကိုအတန် ကြာအောင် ပြောရာမှ ကျွန်တော့်အား အကဲခတ် သည့်မျက်လုံးတို့ဖြင့် ကြည့်နေပြန်သည်။ ပြတင်း ပေါက်မှ ၀င်လာသောလေက အပူငွေ့တွေသယ် လာသည်ဟု ထင်မိသည်။ ကျွန်တော်မှာ ချွေးစေး များပင် ထွက်စပြုလာသည်။

မကွယ်ဝှက်တန်း ၀န်ခံရမည်ဆိုလျှင် ဒေါက် တာမွန်ဟာမက်၏ ထိုအကြည့်အောက်၌ ကျွန်တော့် တစ်ကိုယ်လုံး အရည်ပျော်ကျသွားသည် ဟု ထင်မိသည်။ ကျွန်တော်မြတ်နိုးစွာ ရယူထား သော ဘ၀တစ်ခုကို လူတစ်ယောက်မှဝေဒနာ ၏အစဟု ဖွင့်ဟပြောဆိုလာသည့်အခါ ထိုဘ၀ လေးအတွက် ၀မ်းနည်း ကြေကွဲမိတာလည်း ဖြစ် နိုင်ပါသည်။

“ဒေါက်တာရယ်။ အဲဒီကိစ္စက ကျွန်တော့် ဝေဒနာနဲ့ သက်ဆိုင်မှု မရှိနိုင်ဘူးလို့ ကျွန်တော် ထင်တယ်”

မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် မလေးနိုင်ငံသား ဒေါက်တာတစ်ယောက်အား မလေးစကားကို ထိုအတိုင်းအတာထက် ပို၍ ကျွန်တော် မပြောတတ်ပါ။ ထိုမျှ ပြောတတ်ခြင်း သည်ပင် တွေ့ဆုံခဲ့ရသော ဒေါက်တာတို့နှင့် ပြော ဆိုခဲ့ဖူးသဖြင့် ချော့မွေ့ နေခြင်းဖြစ်သည်။

“ကျေးဇူးပြု၍ ခင်ဗျား။ အဲဒီဘ၀ကို စွန့် လွတ်လိုက်ပါဗျာ”
ဒေါက်တာမွန်ဟာမက်၏ ကရုဏာသက်စွာ ပြောလိုက်သော စကားကြောင့် သူ့အတွက်ပါထပ် ၍စိတ်မကောင်း ဖြစ်မိရသည်။ ကျွန်တော့်ထံ၌ နှိပ် စက်သောဝေဒနာဆိုးက ဒေါက်တာ့ထံပါ ကူးစက် လောင်မြိုက်ခဲ့ရပြီလားဟု ကျွန်တော်တွေးလိုက်မိ သည်။

“ခင်ဗျားဝေဒနာနဲ့ မဆိုင်ဘူးဆိုပေမဲ့ ခင်ဗျား ဝေဒနာရဲ့မြစ်ဖျားခံရာက အဲဒီမျက်လုံးကြောင့်ပဲ။ အဲဒီမျက်လုံးနဲ့ ပတ်ဝန်းကျင်ကို ကြည့်မယ်။ ပြီးရင် မြင်မြင်သမျှကို ပြန်ပြီးတော့ ခံစားမယ်။ နာကျင် မယ်။ ကရုဏာသက်မယ်။ အဲဒီလိုနဲ့ ခင်ဗျားမှာ  ဒီဝေဒနာစွဲကပ်လာခဲ့တာပဲ။ အဲဒါကို ခင်ဗျားက မျက်လုံးက မြင်နေရလို့သာဆိုပြီး မျက်လုံးကိုအပြစ် ရောက်နေတာ။ မျက်လုံးကို မမြင်ရအောင်လုပ် စရာ မလိုပါဘူးဗျ။ မြင်မြင်သမျှကို မေ့ပစ်တတ် ဖို့ပဲလိုတာပါ။ ကျွန်တော် ပြောတာဟုတ်လား”

ဒေါက်တာမွန်ဟာမက်က သူ့စကားကို ရှေ့ မဆက်ဘဲ ကျွန်တော့်ကိုမေးလာခြင်းဖြစ်သည်။ ကျွန်တော် မပြောပါ။ မဖြေပါဆိုခြင်းထက် ဖြေဆို ရန် ဆန္ဒကျွန်တော့်မှာ မရှိတော့ပါ။ သူသည်သူ့ မိတ်ဆွေ ဒေါက်တာယူနွတ်ထံမှ ကျွန်တော့် အကြောင်းအား ခရေစေ့တွင်းကျစုံစမ်းသိရှိထား ပြီး ဖြစ်လိမ့်မည်။

“ခင်ဗျား ဖြေဖို့ခက်နေရင် ကျွန်တော် ဖြေ မယ်။ ဟုတ်တယ်။ အဲဒီကိစ္စဟာ ကျွန်တော်ကျွမ်း ကျင်တဲ့ ဘာသာရပ်မဟုတ်ပေမဲ့ ဖြစ်နိုင်ခြေအရှိ ဆုံးကတော့ ဒါဟာ အမှန်တရားပဲ။ ကျွန်တော် တို့ဆရာဝန်ဆိုတာ လူတစ် ယောက်ရဲ့ရောဂါကိုပဲ ကုတတ်တာပါ။ လူတစ်ယောက်ရဲ့ ရင်ထဲက ဝေဒနာကိုကျတော့ ကုပေးဖို့ ကျွမ်းကျင်ကြတာ မဟုတ်ဘူး”

ဒေါက်တာမွန်ဟာမက်က ပြောလက်စ စကားကိုရပ်လျက် သူ့စားပွဲ ပေါ်မှ ပစ္စည်းတစ်ခု အားယူ၍ ကျွန်တော့်အား ကမ်းပေးရင်းမေးလာ သည်။

“ခင်ဗျား သူ့ရဲ့အရသာကို သိလား”
သူ ကမ်းပေးသော အရာလေးအား ကျွန်တော် ယူကြည့်လိုက်သည်။ အေနှင့် ဇက်
ကြားထဲမှ အင်္ဂလိပ်စာလုံးများဖြင့် အမည်ပေး ထားသော ဆေးခဲလေးတစ်ခဲ ဆိုသည်မှအပ ကျွန်တော် ပိုမသိပါ။
“ခင်ဗျား အဲဒါကို လျှာနဲ့တို့ကြည့် ခါး လိမ့်မယ်”

ဒေါက်တာ မွန်ဟာမက်ပြောသည့်အတိုင်း ဆေးခဲလေးအား ကျွန်တော် လျှာနှင့်တို့ကြည့် လိုက်ပါသည်။ မှန်ပါသည်။ သူပြောသည့် အတိုင်းဆေးခဲလေး၏ အာနိသင်သည် ခါးသက် သက်အရသာဖြစ်သည်။

“အဲဒီဆေးခဲလေးကို ဘယ်နိုင်ငံက ထုတ် တယ်။ ဘာရောဂါတွေ ပျောက်တယ်ဆိုတာက အစကျွန်တော်သိတယ်။ အဲဒါကျွန်တော်တို့ ဒေါက်တာတွေ တတ်တဲ့ အတတ်ပညာပဲ။ ကျွန်တော်တို့ကို ကျောင်းတော်ကြီးက သင်ပေး လိုက်တဲ့အတတ်ပညာပဲ။ ဒါပေမဲ့ လူတစ် ယောက်ရဲ့ အဇ္ဈတ္တကိုကျတော့ ကျွန်တော်တို့ မဖတ် တတ်ဘူး။ အဲဒီအပိုင်းက...”

ဒေါက်တာမွန်ဟာမက်က သူ့စကားကို မဆက်တော့ဘဲ ရေအေးစက်ထဲသို့ ရေခွက်ကိုထိုး ထည့်လိုက်ပြီး ခလုတ်အား ဖွင့်ချလိုက်သည်။ သက်ရှိလူ သားနှစ်ယောက်နှင့် ဆေးပစ္စည်းတို့ ဖြင့်သာပြည့်နေသော အခန်းကလေးသည် ရေ ခွက်ထဲသို့ တဖျောဖျောကျနေသည့် ရေသံမှ တစ် ပါး တိတ်ဆိတ်သွားပြန်သည်။ နှာခေါင်းထဲသို့ ၀င်လာသော ဆေးနံ့တို့ကို သက်သာလို သက်သာ ငြား အသက်ရှူခြင်းကို ကျွန်တော်ခေတ္တအောင့် ထားလိုက်မိသည်။ သို့သော် အသက်ပြန်ရှူလိုက် သည်နှင့် ဆေးနံ့တို့က မူလအတိုင်းပြန်ဝင်လာပြန် သည်။

ကျွန်တော့် မျက်လုံးများက စားပွဲဆီသို့ လျှောက်သွားသော ဒေါက်တာ မွန်ဟာမက် ထံသို့ ရောက်သွားပြန်သည်။ သူ့ထံ၌ ကျွန်တော့်အား စာနာနား လည်ပေးလိုသည့် ဆန္ဒတော့ ရှိသည်ဟု ကျွန်တော် ထင်မိသည်။ သို့သော် သူပြောသည့် အတိုင်း ကျွန်တော်မြတ်နိုး တန်ဖိုးထား ရသည့် ဘ၀ကို စွန့်လွှတ် ရမည်ဆိုသည့် စကားကိုမူ ကျွန်တော် လိုက်နာရန် ဆန္ဒမရှိပါ။

သူပြောသည့် အတိုင်း ကျွန်တော့်၌ တွယ် ကပ်ငြိတွယ် နေသော ဝေဒနာသည် မျက်လုံး တို့မှတစ်ဆင့် မြစ်ဖျားခံ လာခဲ့သည် ဆိုသည့် အဆို ကိုမူ ခြွင်းချက်မရှိ ကျွန်တော် လက်ခံပါသည်။ ကျွန်တော်သည် သာမန် လူတန်းစားမှ ဆင်းသက် လာသည့် သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ ထိုသာမန်လူ ကျွန်တော်သည် သာမန်လူတို့၏ ဘ၀ကို စိတ်ဝင်စားပါသည်။ စိတ်ဝင်စား သည် ဆိုခြင်းထက် စိတ်ဝင်စားတတ် လာအောင် ကျွန်တော်ကိုယ်၌က လေ့ကျင့်ပျိုး ထောင်ယူခဲ့ သည်ဟုဆိုလျှင် ပို၍ မှန်ကန်ပါလိမ့်မည်။

ကျွန်တော်သည် အမိမြေနှင့် ခွဲခွာ၍ရောက် လာကြသော လူတန်းစား အသီးသီး၏ ဘ၀များ ကိုအစ၌ သာမန်မျက်စိဖြင့်သာ ကြည့်မြင်ခဲ့သည်။ အလုပ် ရှင်နှင့်ပွဲစားတို့၏ လိမ်ညာ လှည့်ဖျားမှုကို ခံလိုက်ရသော ဘ၀တူ အလုပ်သမားများ၊ မြေချ ပေးမည့်သူ မရှိ၊ သရဏဂုံ တင်ပေးမည့် ရဟန်း သံဃာမရှိနှင့် ပြာဖြစ်သွားသော ပိုင်ရှင်မဲ့ အလောင်းများ၊ ငွေရမည်ဆိုလျှင် အရာရာကို လွယ်လင့်တကူ စွန့်လွှတ်တတ်သော အမျိုး ကောင်းသမီးလေးများ။ သာမန် အမြင်မှသည် ကာလအတန်ကြာ ရွေ့လျားပြီးနောက်ဒဏ်ရာ အမြင်သို့ ရွေ့လျားလာခဲ့သည်။ ထိုမှတစ်ဆင့်ရင် ထဲ၌ဖွဲ့တည်လာသော အနာတရတို့အား ဖွင့်အန် ထုတ်ချင်စိတ်တို့ နိုးကြားလာခဲ့သည်။ အစပိုင်း ၌ထိုမျှသာဖြစ်သည်။

သို့သော် ခံစားမှုအား အတော်အတန် ရင့်မှည့် လာသည်နှင့်အမျှ နောက်ထပ် တစ်ဆင့်တိုး၍ လာ ခဲ့တော့သည်။ လှေကားထောင့်ကွေးမှ ကွမ်းတံ တွေးတစ်ကွက်သည် ကျွန်တော့်အတွက် ဆက်စပ် တွေးတောစရာ ဖြစ်လာသည်။ လမ်းဘေး ပလက်ဖောင်းပေါ်၌ မူးမော်မြည်တမ်းနေသော အလုပ်လက်မဲ့တစ်ယောက်သည် ခါးသီးဖွယ် ဖြစ်လာခဲ့သည်။ အချိန်အားရသည်နှင့်နိုင်ငံခြား သားအလုပ်သမားများ သွားလာလှုပ်ရှားတတ် သော ကွာလာလမ်ပူမြို့လယ်မှ ကုကိ္ကုပင်ကြီးများ အောက်၌ထိုင်၍တွေးတော ငေးမောတတ်လာ သည်။

ယခုတော့ ထိုကဲ့သို့သော ဝေဒနာများ၏အစ သည် ကျွန်တော့်မျက်လုံးများကြောင့် ဖြစ်ရ သည်ဟု ဒေါက်တာမွတ်ဟာမက်ကပါ ထပ်တူ အဆိုပြုနေ လေတော့သည်။ ဆိုရုံသာဆို၍ ကုသ ရန်မှာ ကျွန်တော်သာလျှင် ဖြစ်သည်ဟုဆိုနေ ပြန်သေးသည်။

“ရော့ ရေလေး သောက်လိုက်ဦး”

ကျွန်တော် မည်မျှကြာအောင် တွေးတော စဉ်းစားနေမိသည်ကို မမှတ်မိတော့ပါ။ ရုတ် တရက် ဒေါက်တာမွန်ဟာမက် ကမ်းပေးသော ရေတစ်ခွက် မျက်နှာရှေ့ ရောက်လာမှ သတိပြန်ဝင် လာသည်။ ကျွန်တော့် သူ့အားကျေးဇူးတင် ကြောင်းပြော၍ ရေကိုတစ်ကျိုက်တည်းမော့ချ လိုက်သည်။ ကျွန်တော့်ရင်ထဲမှ နောက်ထပ်ပြော ချင်သော စကားတို့သည်ရေနှင့်အတူ ၀မ်းဗိုက်ထဲ သို့ လိမ့်ဆင်းသွားသည်ဟု ထင်မိသည်။ ဒေါက် တာမွန်ဟာမက်ကတော့ ခင်ဗျား ကျွန်တော် ပြော တာလက်ခံသလားဟု အဓိပ္ပာယ်ရသည့် အကြည့် ဖြင့် ကျွန်တော့်အား ကြည့်နေလေသည်။

“ကျွန်တော် ပြန်တော့မယ် ဒေါက်တာ”

ကျွန်တော် သူ့ကိုကောက်ခါ ငင်ခါ နှုတ် ဆက်လိုက်သည်။ ဒေါက်တာ မွန်ဟာမက်သည် အံ့သြသွားသည့် သူ့မျက်နှာကြီးအား ထိန်းလိုက် ရင်း ကျွန်တော့် အားမေးသည်။

“ပြန်တော့မယ်။ ကောင်းပါပြီဗျာ။ ဒါနဲ့ ကျွန်တော် အကြံပေးသလို ခင်ဗျားစဉ်းစား မယ် မဟုတ်လား”

ကျွန်တော့် သူ့အားမည်သည့် အဖြေစကားမျှ မပေးတော့ဘဲ ဆေးခန်းလေးထဲမှ ထွက်လာခဲ့ သည်။ ဒေါက်တာမွန်ဟာမက်ကတော့ ကျွန်တော့် အား ပဟေဠိဆန်သော လူတစ်ယောက်အဖြစ် တွေးထင်ကျန်ရစ်မှာ သေချာပါသည်။ မည်သို့ ပင်ထင်ထင် ကျွန်တော် ပြန်လည်ဖြေရှင်း ပြောဆို မနေချင်တော့ပါ။ ကျွန်တော်၏ အပြန်ခရီးစဉ်ကို သာ စိတ်ထဲမှစီစဉ် ရေးဆွဲနေမိသည်။ သည်မှ အပြန်ကုက္ကိုပင်ကြီးများ ရှိရာသို့ ကျွန်တော် ၀င်ရ မည်။ ထိုအခါ ကုက္ကိုပင်ကြီးများနှင့် အနီးတစ် ၀ိုက်မှ မြင်ကွင်းတို့သည် ကျွန်တော့်မျက်လုံးတို့မှ  တစ်ဆင့်ရင်ထဲသို့ အပူစီးကြောင်းကြီးအဖြစ် စီးဝင် ကြလိမ့်ဦးမည်။ ထိုအခါ ကျွန်တော်၏ ဝေဒနာ သည်လည်း ပို၍ဆိုးရွားစွာ နှိပ်စက်လာလိမ့်ဦး မည်။ ကျွန်တော့်ရင်၌လည်း မျက်လုံးတို့အား စွန့်ပစ်ချင်စိတ် တို့လည်း ထပ်မံ၍ပြင်း ပြလာကြ လိမ့်ဦးမည်။

သို့သော် ထိုဝေဒနာဆိုးကို နောက်နောင် မည်သည့် ဆရာဝန်နှင့်မျှ ပြသ စစ်ဆေးတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ခံစားနေရမှသာလျှင် နေသာထိုင်သာရှိလိမ့်မည် ဖြစ်သော စာရေးဆရာဘ၀ကို ရင်ထဲ၌ စွဲငြိနေခဲ့မိ သောကြောင့် ဖြစ်ပါသည်။

လူခါး
(Teen Magazine October 2012)

မင်္ဂလာရွှေမောင်းရဲ့  ကျွန်တော့် ဝတ္ထု အတွက် ဖတ်ညွှန်းလေးပါ ပူးတွဲထည့်ပေးထားပါတယ်..။
......................................................................................................................................................
လူခါးရဲ့ အညှာလွယ် မီးစာ ဟာ မလေးရှား နိုင်ငံ မှာ အလုပ်သွား လုပ်နေတဲ့ မြန်မာ နိုင်ငံသား သာမန် အလုပ် သမားလေး တစ်ယောက် စိတ်ကြောင့်ဖြစ် လာတဲ့ ရောဂါ တစ်ခုကို ရေးဖွဲ့ထား တဲ့ဝတ္ထု ပါ။
အဲဒီလို ရေးဖွဲ့ ရာမှာ လူခါးဟာ လက်ရှိ သူ့အလုပ် ကို ငြီးငွေ့နေတဲ့ ကောင်လေး က သူ မြင်မြင် နေသမျှ လူတန်းစား ဘ၀တွေ အပေါ် ခံစား နေရပြီး မြင်နေတဲ့ သူ့မျက်စိ ကို မမြင်အောင် ဘယ်လို လုပ်မလဲ ဆိုပြီး ဆရာဝန်ကို သွားပြတဲ့ အကြောင်း အရာပါ။ စာရေး ဆရာ တစ်ယောက်ရဲ့ နှလုံးသားကို လှစ်ဟ ပြထား တဲ့ ၀တ္ထုလေးပါ။

မင်္ဂလာ ရွှေမောင်း


No comments: