Thursday, 26 May 2016
စာအုပ်ကြောက်တဲ့ အစိုးရ
    ကျွန်တော် နဲ့ လက်ရှိအချိန်အထိ အတူ
ရှိနေတဲ့ စာအုပ်တွေ အကြောင်းကနေစပြောချင်ပါ
တယ်။ အမှန်အတိုင်းဆိုရင် ကိုယ့်မှာရှိတဲ့ စာအုပ်တွေ
ကို တခုတ်တရ ဓာတ်ပုံရိုက် မိတ်ဆက် ကျွန်တော်ကတော့
ဒါတွေ ဒါတွေ ရှိတယ် ဖတ်တယ်ဆိုတာမျိုးတွေ တင်လေ့
တင်ထမရှိပါဘူး။ ကျွန်တော့် မိတ်ဆွေစာရင်းထဲက
မိတ်ဆွေ အားလုံးဟာ စာဖတ်ကြသူများဖြစ်ပြီး ထိုမိတ်
ဆွေတွေမှာလည်း ကျွန်တော့်မှာရှိတဲ့ စာအုပ်တွေ ရှိနေ
ဖတ်ဖူးနေခဲ့ကြမယ်လို့ ယုံကြည်လို့ ပါပဲ။
ဝင်းငြိမ်း
နှစ်ကြောင်းရေး တစ်ကြောင်းခြစ်
ဒုတိယ အကြိမ်
တန်ဖိုး ... ၁၂ ရင်းဂစ်
ဒီစာအုပ်ကတော့ ဆရာဦးဝင်းငြိမ်းရဲ့ စာပေဆိုင်ရာ ဘာ
သာပြန်လက်ရာတစ်ခုပါ။ ကျွန်တော့်မှာ ဦးငြိမ်းရေးတဲ့
စာပေ အင်တာဗျူးတွေ top ten ဝင်တဲ့ ဘာသာပြန်လက်
ရာတွေရှိပေမယ့် ဒီစာအုပ်ကလေးကိုပဲ ကျွန်တော်နဲ့ အတူ
သယ်ခဲ့ဖို့ ဆုံးဖြစ်ခဲ့မိပါတယ်။
ဒီစာအုပ်ကလေးဟာ ကျွန်တော့်ကို လူခါးဖြစ်အောင်
လုပ်ပေးခဲ့တဲ့စာအုပ်ကလေးဖြစ်နေလို့ ပါပဲ။
ကျွန်တော်မလေးရှားမှာ ၃နှစ်ကျော် အိုဗာစတေးဘဝနဲ့ 
နေခဲ့ရစဉ်က အမြဲတမ်းမခွဲမခွာအတူရှိနေတဲ့စာအုပ်လေး
လည်းဖြစ်ပါတယ်။
ဘာသာပြန်ဆောင်းပါး ၁၈ပုဒ်  ကိုစုစည်းထုတ်ဝေထား
တာပါ။ စာရေးချင်စိတ်ကုန်ခမ်းနေတဲ့ အခါ ဒါမှမဟုတ်
စာဆက်ရေးလို့ မရတဲ့ အခါ ဒါမှမဟုတ် သူများနဲ့ မတူ
တဲ့ ဇာတ်လမ်းတစ်ခုဘယ်လိုဖန်တီးရမလဲ သိချင်တဲ့အခါ
ဒီစာအုပ်ကလေးကအကူအညီပေးပါတယ်။
အောင်သင်း
ဝတ္ထုရေးရာဆောင်းပါးများ
တန်ဖိုး...၂၅၀၀
ဒီစာအုပ်ကတော့ ကျွန်တော်မြန်မာနိုင်ငံပြန်ရောက်ပြီး
လူခါးဖြစ်စမှာ ပန်းဆိုးတန်း စာပေလောက ၂ကဝယ်
 ခဲ့တဲ့ စာအုပ်လေးပါ။ မှတ်မှတ်ရရ လင်းလက်တာရာတို့  ညီလင်းနိုင်တို့ ဆူးရဲတို့ စသဖြင့် ကဗျာဆရာ ၇ယောက်
စုစည်းထုတ်ဝေတဲ့ ခေတ်ပြိုင် #7 ကဗျာစာအုပ်မိတ်ဆက်
ပွဲ လုပ်တဲ့ နေ့ ပေါ့။
ဆောင်းပါး ၁၉ပုဒ် ပါဝင်ပြီး စာရေးလက်သင်ခါစ ကျွန်
တော့်ခေါင်းထဲကို စာပေဆိုင်ရာ အလင်းတန်းတွေ သိုသိပ်
ထည့်ပေးတဲ့စာအုပ်လေးပေါ့။
မြန်မာအက်ဆေး ၁၀၁
စိတ်ကူးချိုချို စာအုပ်တိုက်မှ စီစဉ်သည်
တန်ဖိုး...၄၅၀၀
ဒီစာအုပ်ကလေးကို မိတ်ဆက်မပေးခင် အက်ဆေးနဲ့ ပတ်
သက်တဲ့ ဆရာတစ်ယောက်စကားကို ရေးပြချင်ပါတယ်။
ဆရာ မြေလတ်မောင်မြင့်သူပါ။
ကျွန်တော်မလေးက ပြန်လာပြီး ရက်ပိုင်းအတွင်းဆရာ
နဲ့ တွေ့ ခွင့်ရခဲ့ပါတယ်။ အဲသည်တုန်းက ဆရာက ပေဖူး
လွှာနဲ့ ပြုံးစရာ ကိုတစ်ပြိုင်နက် ကိုင်နေတဲ့ အချိန်ပေါ့။
ဆရာက
လူခါးရ... စာရေးသူ တစ်ထောင်မှာ ရှစ်ရာက ကဗျာရေး
တယ်ကွ။ အေး  တစ်ရာ့ငါးဆယ်က ဝတ္ထုရေးတယ်။
ကျန်တဲ့ ငါးဆယ်လောက်ကပဲ အက်ဆေးရေးတာ။ အက်
ဆေးကို များ တချို့ လူတွေကရေးရတာ လွယ်သတဲ့ကွာ။
ဟုတ်မဟုတ် မင်းအက်ဆေးရေးကြည့်
လို့ ပြောဖူးပါတယ်။
အဲဒီကစပြီး  ကျွန်တော် ကျွန်တော် အက်ဆေးကိုမလွတ်
တမ်းဖတ်ခဲ့ ကြိုက်ခဲ့တော့တာပါပဲ။ ရေးခဲ့ပါတယ်။ သက်တမ်း၃နှစ်အတွင်း စာမျက်နှာပေါ် ရောက်ခဲ့တဲ့ အက်ဆေး ၂ ပုဒ်သာရှိခဲ့ ပါတယ်။
အခု အက်ဆေး ၁၀၁ ကို သမိုင်းလမ်းဆုံက ကုန်တိုက်
တစ်ခုက ဝယ်ခဲ့တာဖြစ်ပြီး အင်္ကျီဝယ်မလို့ တက်သွား
ခဲ့တာဖြစ်ပြီး စာအုပ်ဝယ်မိတဲ့ နေ့ လည်းဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ  ၁၉၅၉ခုနှစ် စက်တင်ဘာလထုတ်
မြဝတီမဂ္ဂဇင်းပါ ကထိက ဦးကျော်ရင်ရဲ့  ဒုတိယကလောင်
လို အက်ဆေးမျိုး ကနေ ဒီဘက်ခေတ်   စာရေးဆရာတွေ
ရဲ့ အက်ဆေးတွေအထိ ပါဝင်ပါတယ်။
အက်ဆေး ၁၀၂
စိတ်ကူးချိုချိုစာအုပ်တိုက်မှ စီစဉ်သည်
တန်ဖိုး...
ဒီစာအုပ်ကတော့ ၄၅ လမ်းမှာရှိတဲ့ စတ်ကူးချိုချိုတိုက်
ကနေ ကျွန်တော်ကိုယ်တိုင် သွားထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တန်ဖိုးနေရာမှာ ကွက်လပ်လုပ်ထားခဲ့ပါ
တယ်။ ရွှေအမြုတေ မှာ မတ်လ ၂၀၁၄ ခုနှစ် က ဖော်ပြခံရတဲ့  ကျွန်တော့်ရဲ့ မြစ်လက်တက်များ အက်ဆေး
ပါဝင်ခဲ့တဲ့အတွက် စာအုပ်တိုက်က စာမူခ၁၅၀၀၀ ခွဲနဲ့ 
စာအုပ်လက်ဆောင် ရရှိခဲ့တာဖြစ်ပါတယ်။
 ဦးဖိုးကျားရဲ့ ရခိုင်ပြည် စစ်တွေမြို့ သို့ သွားခြင်း ကနေ
ဒီဘက်ခေတ် ကလောင်လက်သင်ဖြစ်တဲ့ ကျွန်တော်တို့ 
ဆရာမ ရည်ဝေ လင်းရောင်ခြည် တို့ အထိ ပါဝင်ပါတယ်။
ရေရိုင်း မြေရိုင်း
မောင်နေဝင်း
ဒုတိယအကြိမ်
တန်ဖိုး  ..
ဒီစာအုပ်ကတော့ ညီအစ်ကို လို ချစ်ခင်ရတ့ဲ့ ဆရာမောင်ရေချမ်း က လက်ဆောက်ပေးတဲ့ စာအုပ်ပါ။
ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်း စာမူ ကြမ်းကိုဖတ်ပြီး
ပြီး ပေးခဲ့တဲ့ စာအုပ်ပါ။၁၉၆၈ သြဂုတ်လ ၁ရက်နေ့ 
က ပထမအကြိမ် ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စိတ်ကူးချိုချိုကပဲ ထုတ်ထားတာပါ။ တန်ဖိုးက ၅၀၀၀
ပါ။
မောင်နှင်းပန်း
ကောင်းကင်စီးကြောင်းနှင့် မဂ္ဂဇင်းဝတ္ထုတိုများ
လင်းလွန်းခင်စာပေ
တန်ဖိုး....
ဒီစာအုပ်ကတော့  ဆရာမောင်ရေချမ်းကတဆင့် လက်
ဆောင်ပေးတဲ့ ဆရာမောင်နှင်းပန်းရဲ့ စာအုပ်ပါ။
  လူခါး...မင်းကလောင် အတွက်နဲ့ တော့ မင်း မိသားစု
ဒုက္ခမရောက်စေနဲ့ ။
မလေးကပြန်လာပြီး စာပေလောကကို လူစွန့် စားကြီး
လုပ်ပြီး ခြေစုံပစ်ဝင်တော့မယ်လို့ ကျွန်တော် ကြွေးကြော်
တုန်းက ဆရာမောင်နှင်းပန်းက ပြောတဲ့ စကားတစ်ခွန်း
ပါ။ အဲဒီစကားကို ဘာကြောင့်ပြောသလဲဆိုတာ ဘဝနဲ့ ရင်းပြီးမှ ကျွန်တော်သိခဲ့ရပါတယ်။
ဆရာကျော်ဇောမင်းရဲ့ အမှာစာနဲ့ ဝတ္ထုတိုပေါင်း ၁၅ပုဒ်
ပါဝင်ပါတယ်။မြန်မာစာ ဆရာဖြစ်တဲ့ ဆရာမောင်နှင်း
ပန်းရဲ့ သပ်ရပ်ကောင်းမွန်တဲ့ စကားပြေ အရေးအသား
ကို ကွက်ကွက်ကွင်းကွင်းလေ့လာခွင့်ရမယ့်စာအုပ်ပါ။
ကလောင်စုံ
ရွှေအမြုတေလက်ရွေးစင် ရသစာတမ်းများ
အမှတ်၂
တန်ဖိုး...
စာရေးဆရာ အယောက်၂၀ရဲ့  အက်ဆေးများပါဝင်ပြီး
ကျွန်တော့်ကို သွန်သင်ကြသူ ဖေးမကြသူ များဖြစ်တဲ့
ဆရာမောင်နှင်းပန်း ဆရာ မင်းဝေဟင် ဆရာ မောင်ရေ
ချမ်း တို့ ရဲ့ လက်ရာများလည်း ပါဝင်ပါတယ်။
ဆရာသုမောင် မောင်ရင့်မာ ကျေင်းကုန်းမြေလတ်
မောင်မြင့်သူ တို့ အပြင် ဆရာမပန်းရိပ်ဖြူတို့ လို ဆရာမ
ဝါနု တို့ လို အမျိုးသမီးဆရာမ တွေရဲ့ လက်ရာတွေလည်း ပါဝင်ပါတယ်။
ဂျပန်ဂန္ထဝင် စာရေးဆရာကြီး အကုတဂါဝါ၏
လက်ရွေးစဉ်ဝတ္ထုတိုများ
ရဲမြလွင်
ထူးအောင် မဟာဝိဇ္ဇာ
ဂျပန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည်
တန်ဖိုး ၃၀၀
စာအုပ်တန်ဖိုးအမှန်က ၂၅၀၀ဖြစ်ပြီး ဒစ်စကောင့်နဲ့ 
ဆုံလို့ ၃၀၀နဲ့ ရခဲ့တာပါ။ ဝတ္တုတို ၁၅ပုဒ်ပါဝင်ပါတယ်။
ဒီစာအုပ်ကိုဝယ်ရခြင်းကတော့ ဂျပန်တွေရဲ့ စာပေယဉ်
ကျေးမှုကို သိချင်တာကြောင့်ဖြစ်ပြီး ဂျပန်ဘာသာလေ့
လာရေးအတွက်လည်း အထောက်အကူ ဖြစ်မယ် ထင်လို့ 
ပါ။
ဟံသာဝတီဦးဝင်းတင်
စာပေမွေ့ လျော်မှု ပျိုးထောင်ခြင်း
တန်ဖိုး၁၀၀၀
ကြယ်နီစာအုပ်တိုက်
ဒီစာအုပ်ကိုတော့ ရွှေတိဂုံဘုရားအရှေ့ ဘက်မုဒ်က လမ်း
ဘေးချရောင်းတဲ့ စာအုပ်သယ်ဆီက ထွက်မလာခင် တစ်ပတ်လောက်အလိုမှ ဝယ်ခဲ့တာပါ။ကျမ်းကိုးစာရင်း
လောက်ဖတ်မိရင်တောင် တန်လွန်းတဲ့စာအုပ်ပါ။
မှတ်မှတ်ရရ ဦးဝင်းတင် ဘာသာပြန်တဲ့ ကွိ ကို သယ်
လာချင်ပေမယ့် ဘယ်စာအုပ်ဆိုင်မေးမေး ကုန်နေတယ်
နဲ့ တိုးလို့ သယ်လာခွင့် မရခဲ့ပါဘူး။
နိဂုံးစကား
ကျွန်တော် ဂျပန်ကထွက်ရတော့မယ်လို့ သိရတဲ့ အချိန်မှာ
ပထမဆုံးစဉ်းစားမိတာက ဘယ်လိုစာအုပ်တွေ သယ်
သွားမလဲဆိုတာကိုပါပဲ။ သူတပါးနိုင်ငံမှာ စာငတ်တဲ့ ဒုက္ခ
ကို ကောင်းကောင်းကြုံခဲ့ပြီးသားဆိုတော့ နောက်ထပ်ကြုံ
မှာ သိပ်ကြောက်ခဲ့ပါတယ်။ လေယာဉ်က ခွင့်ပြုတဲ့ ကီလို
က ၂၀ ကီလို သာပဲဖြစ်ပါတယ်။ ကျွန်တော် သယ်ချင်တဲ့ 
စာအုပ်တွေပုံလိုက်တော့ အုပ် ၃၀လောက် ဖြစ်နေပါတယ်။
အဝတ်အထည်လည်း သယ်ရမယ်။ စားစရာလည်း သယ်
ရမယ် ဆိုတော့ ကီလိုက ဘယ်လိုမှ မမျှတော့ပါဘူး။
ဒါနဲ့ တချို့စာအုပ်တွေ ထားခဲ့ရပါတယ်။
မှတ်မှတ်ရရတက်မက်မိတဲ့ စာအုပ်တွေကတော့
ဆရာမောင်ရင့်မာ ကျောင်းကုန်းရဲ့ 
လရောင်ရွာတဲ့ ရွာ အက်ဆေး ၁၀၀
္ကဆရာ မင်းဝေဟင်ရဲ့ အခွံကလေးတွေ စုစည်းမှု
ဦးအောင်သင်းရဲ့  အကြိုက်ဆုံးဝတ္ထုတိုများ
ဆရာ မင်းလူရဲ့  တစ်ကိုယ်တော် မဂ္ဂဇင်း
စတာတွေ ဖြစ်ပါတယ် ။
အဲဒါတွေလည်း ထားခဲ့ရတဲ့ အထဲမှာ ကျန်ခဲ့ပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ စာအုပ်တွေကို လက်ကိုင်အိတ်
ထဲထည့်ပြီး ကျွန်တော်သယ်ခဲ့ပါတယ်။ အကယ်၍ပြသနာ
ကြုံရင်တောင် ဖြေရှင်းလို့ ရအောင်လို့ ပါ။ စားစရာတွေနဲ့ 
အဝတ်အထည်တွေကိုတော့ အိတ်အကြီးမှာထည့်သယ်
ခဲ့ပါတယ်။
ရန်ကုန် မင်္ဂလာဒုံလေဆိပ် မှာ အိတ်တွေကို စက်နဲ့ စစ်တော့
ကျွန်တော့် လက်ဆွဲအိတ်အလှည့်ရောက်တော့ စက်က
အချက်ပေးသံထွက်လာပါတယ်။ ကျွန်တော် ကသတိမပြုမိပါဘူး။ ခပ်တည်တည်ပဲအိတ်ကို ဆွဲတော့
ဖတ်ဆို ရဲတစ်ယောက်က ကျွန်တော့်လက်ကို ဖမ်းဆွဲလိုက်ပါတယ်။
မင်းက sea   man လားတဲ့ ။
ကျွန်တော်လည်း ကိုယ်နဲ့ ဝေးတဲ့ ဝေါဟာရဆိုတော့ ချက်
ချင်းမဖြေနိုင်ပါဘူး။
မင်းက sea man လားလို့ မေးတာ။
ဒုတိယအကြိမ်ထပ်မေးမှ ကျွန်တော်နားလည်ပါတော့
တယ်။ ဟုတ်ဘူးဗျ လို့ ဖြေတော့ အိတ်ထဲကို ကမန်းက
တန်းကြည့်ပါတော့တယ်။
စာအုပ်တွေကို တစ်အုပ်ချင်းကြည့်တယ်။
ပိုက်ဆံညှပ်ထားပြီး ရှာမရဖြစ်နေတဲ့ လူလို တဖျန်း
ဖျန်းခါတယ် ။ဘာမှမတွေ့ တော့ ကျေနပ်ပုံမပြပါဘူး။
ပြီးတော့ ဘယ်ကိုမှန်းမသိဘူး ဖုန်းဆက်တယ်။
၁၅မိနစ်လောက်နေမှ ရပြီ သွားတော့တဲ့။
ကျွန်တော်လည်း လေယာဉ်ထွက်မှ သက်ပြင်းချနိုင်တော့ပါတယ်။
စာအုပ် သယ်တာတောင် ထောင်ကျတော့မလားလို့ 
တွေးပြီး လန့် မိခဲ့ရတယ်။ စာအုပ် ကို မမြင်ဖူးကြ
ခြင်း ဖြစ်မယ်လို့ ပဲ ဖြေတွေး တွေးပေးလိုက်ပါတယ်။
                                      လူခါး
                                  ၃၁.၁၂.၂၀၁၅.  
                                ဂျပန်နိုင်ငံ ..အိဆယ်မြို့     
No comments: