Monday 29 August 2016

တိုကျိုမှာလည်း အန္တရာယ်တွေနဲ့ 



မင်းတို့ ဆီမှာ
စစ်ပွဲတွေ ခဏခဏ ဖြစ်သလိုပေါ့
တိုကျိုမှာလည်း အန္တရာယ်တွေနဲ့ 
လူ့ ခေါင်းကို မြင်တာနဲ့  လူကောင်းလို့ သတ်မှတ်လို့ မရဘူး
ဒီမှာက
လာပါ လို့ ခေါ်လိုက်တာနဲ့ လျော်မယ့်လူလို့ ထင်ရင်
မင်းအစားခံရမှာပဲ
ငါတော့ ခဏခဏ အစားခံခဲ့ရတယ်
ခေါက်ဆွဲခြောက်ကိုမျှင်းမျှင်းပြီးမျိုချရတာတွေ
ကျောတစ်ခင်းစာနေရာမရှိတာတွေ
ရထားခတောင်မရှိတော့တာမျိုးတွေအထိ
သူတို့ကကြားချင်မယ် မထင်ဘူး
ကျိတ်ချစ်ရတဲ့ ငါတို့ တိုင်းပြည်က လူတွေက
ဒီရောက်တာနဲ့ မျက်လှည့်ဆရာတွေ ဖြစ်ကုန်ကြတယ်
မင်းဒီကိုရောက်လာရင်
မိတ်ကောင်းဆွေကောင်းဆိုတာ
ဘယ်လိုဥပဓိရုပ်မျိုးရှိကြောင်းသိလာမှာ
ငါ့ကဗျာဖတ်ပြီးခွေးလုံးလုံးဖြစ်ရချည်ရဲ့ လို့  စိတ်ဓာတ်မကျပါနဲ့ 
ငါလည်း  လမ်းဘေးစက်ထဲက
ယန်းတစ်ရာနဲ့ တောက်ချလို့ ရတဲ့ 
ကော်ဖီဗူးတွေကို ငေးရင်း
ကောင်းကင်ကြီးနဲ့ ဖက်သတ်ဖို့ကြိုးစားနေမိတာပဲ
ကိုယ်ချင်းစာတရားကို ကျောပိုးအိတ်ထဲ ထည့်လွယ်လာပါ
မိတ်ကောင်းဆွေကောင်းတို့ ရဲ့ ဖုန်းနံပါတ်ကို အလွတ်ကျက်ပါ
ငါတော့
တိုကျိုရဲ့ ဘယ်မောင်းလမ်းမကြီးထက်မှာ လျှောက်ရင်း
ရန်သူ့ ဆီက လာတဲ့ ကျည်ဆန်ထက်
မိတ်ဆွေဆီကလာတဲ့ ကျည်ဆန်ကို သတိထားရှောင်နေရတယ် ။

                                           လူခါး
                             23.08.2016;tue:20:39pm
                                           Tokyo

No comments: