Tuesday 25 April 2017

ရွှေ့ ပြောင်းအလုပ်သမား .......


ရန်ကုန်မှာ ဘတ်စ်ကားစီးရင်းတောင်
မတော်တဆခေါင်းရိုက်ခွဲခံရပြီးသေနိုင်တာပဲ
ငါတို့  ဘာကိုကြောက်နေရဦးမှာလဲ။
အိမ်ပြင်ထွက်တော့လည်း လမ်းမှာသေတယ်
အိမ်ထဲနေတော့လည်း အိမ်ထဲမှာသေတယ်။
မိုးကြိုးပစ်သလို
ဓာတ်လိုက်သလို
ဆိုင်ကယ်အက်စီးဒင့် ဖြစ်သလို ။
သေနေ့ စေ့မှ သေတယ်ဆိုတဲ့စကား
ငါတို့ နိုင်ငံမှာ
သေနေ့ မစေ့လည်း သေတယ်အဖြစ်ပြောင်းသွား။
ငါတို့  သိတယ်
ကွာလာလမ်ပူမှာသေတယ်
ဘန်ကောက်မှာသေတယ်
ဆိုးလ်မှာသေတယ်
တိုကျိုမှာသေတယ်
စင်ကာပူမှာသေတယ်။
ဘယ်နေရာမှာ ဖြစ်ဖြစ်
အချိန်မရွေး နေရာမရွေး ရောဂါမရွေး
သေနိုင်တယ် ။
အိမ်မှာ မတန်မရာနဲ့ မသေချင်လို့ 
ရှေ့ တန်းထွက်လာတယ်
ရှေ့ တန်းမှာ လုပ်ကြံခံရလို့ သေနိုင်တယ်။
ခေါစာပစ်သလို
ယတြာချေသလို
ခိုစာကျွေးသလို
selfie ဆွဲသလို
သေတဲ့အသေဟာ အမှတ်မထင်။
မသေဖူးတဲ့မြို့ ဟာ
ခေတ်မမီဘူး ဆိုသလို
ခေတ်မီအောင်သေပြနေရတဲ့ ငါတို့ နိုင်ငံမှာ
ငါတို့  ထိုင်နေလည်း ငါတို့ သေမှာပဲ။
သေချင်တာပေါ့
ကိုယ့်အိမ် ကိုယ့်ရာမှာ
ကိုယ့်မိဘမောင်ဘွား ဇနီးမယားရှေ့ မှာ
လှလှပပ
ငါတို့  သေချင်တာပေါ့။
ရန်ကုန်မှာ ဘတ်စ်ကားစီးရင်းတောင်
မတော်တဆ ခေါင်းရိုက်ခွဲခံရပြီး သေနိုင်တာပဲ
ငါတို့  ဘာကိုကြောက်နေရဦးမှာလဲ။
ငါတို့ သိသိနဲ့ စစ်မျက်နှာတွေကို ဖွင့်ခဲ့တယ်။
မိုးကုပ်စက်ဝိုင်းကို လှမ်းမျှော်နေရင်းသေတာထက်စာရင်
ပင်လယ်ကို လက်ပစ်ကူးရင်း ငါတို့ သေမယ်
ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ။
လူခါး
22.03.2017, wed,12.59 am
Ora Machi, J P.

No comments: