Monday 28 January 2019

ကဗျာတစ်ပုဒ်က ပေးတဲ့ခွန်အား



ဒီအကြောင်းလေးကို ရေးချင်နေတာကြာပြီ။ဘာအကြောင်းလည်းဆိုတော့ ကဗျာလေး
တစ်ပုဒ် အကြောင်းပါ။

ကဗျာလေးကို ကိုယ်ပိုင်မှတ်စု စာအုပ်ထဲမှာ ရေးထားပြီး မကြာခဏ ထုတ်ထုတ်ဖတ်ဖြစ်ရာကနေ နောက်တော့ အလွတ်ရသွားတဲ့ အထိကဗျာလေးကို သဘောကျမိတယ်။

ဒါပေမယ့် ခုလို ရေးဖြစ်ဖို့အကြောင်းပေါ်လာတာကတော့ ဟိုတလောက အဆိုတော်
တစ်ယောက်ပြောတဲ့ ကဗျာတွေ၊ဝတ္ထုတွေမဖတ်ဘူး။စိတ်ကူးယဉ်ထားတဲ့ စာတွေဖြစ်လို့ 
ဘာမှ ကိုယ့်အတွက် အကျိုးမရှိဘူး ဆိုတဲ့စကားကို ကြားလိုက်တော့ ကျွန်တော် အ
လွတ်ရနေစွဲလမ်းနေတဲ့ ကဗျာလေးအကြောင်းကို ရေးပြချင်လာတယ်။

သူက ကဗျာရော ဝတ္ထုရော သိမ်းကျုံးပြောလိုက်ပေမယ့် ဒီမှာတော့ ကဗျာအကြောင်းပဲ
 ပြောပါမယ်။

ကျွန်တော်တို့ဟာ ကျောင်းကိုသွားပြီး ပညာတွေ မသင်ခင်ကတည်းက လက်ဦးဆရာ
ဖြစ်တဲ့ မိဘနှစ်ပါးဆီကနေ နှုတ်တိုက်သင်ကြားပေး တဲ့ ကဗျာတွေကို အရင်ဆုံး 
သင်ယူခဲ့ကြရတာ မဟုတ်လား။

ချိုမိုင်မိုင်ကစလို့ ရွှေလမှာယုန်ဝပ်..စသဖြင့်အများကြီးပေါ့။ ကလေးဘဝနဲ့ လိုက်တဲ့ 
ကဗျာ လေးတွေ ကို စသင်ခဲ့ရတာ မဟုတ်လား ။

ကဗျာနဲ့ပတ်သက်လို့ကျောင်းသားဘဝကနေလူလောကထဲ ရောက်သည်အထိ စွဲလမ်း
မှတ် မိနေကြတဲ့ ကဗျာတွေလည်း ကိုယ်စီ ကိုယ်စီမှာ ရှိကြမှာပါပဲ။

ဆရာဇော်ဂျီရဲ့ သင်သေသွားသော်
ဆရာမင်းသုဝဏ်ရဲ့ ဖိုးမောင်လာပြီ
ဆရာတင်မိုးရဲ့ အောင်ဆန်းဇာနည်

တကယ်တော့ ကျောင်းတွေမှာ ကဗျာတွေသင်ပေးတဲ့အဓိက ရည်ရွယ်ချက်ကလူတွေကို 
ငယ်စဉ်ကလေးဘဝကတည်းက ရသ စာပေရဲ့ အနှစ်သာရတွေကိန်းအောင်စေချင်
တဲ့ သိစေချင်တဲ့စေတနာလို့ပဲ မြင်မိတယ်။

ကဗျာကိုအကျယ်ဖွင့်လိုက်ရင် အဓိကတွေ့ရမယ့်သဘောတရား ကတော့ ရသစာ
ပေရဲ့သဘောတရားတွေပါပဲ။

ရသစာပေကသာလျှင် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း၊ ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံ
တဲ့လူ့အသိုင်းအဝန်းကို ဖန်တီးတည်ဆောက် နိုင်လိမ့်မယ် ဆိုတာ သေချာလို့ ကျောင်း
တွေကနေ စပြီး လူငယ်တွေရဲ့ ရင်ထဲကို မှတ်မိလွယ် မှတ်ရလွယ်တဲ့ ကဗျာလို ရသစာ
ပေတွေ စွဲမြဲနေအောင် မျိုးစေ့ချပေးတာလို့ထင်တယ်။

ကျွန်တော်ဆိုရင် နွေဦးကာလမြူထသောအခါ လို ကဗျာကို ဖတ်ရတာ ရုပ်ရှင်ကိုကြည့်
နေရသလို၊ မျက်လုံးထဲမှာ မြင်လာတဲ့အထိခံစားရတယ်။ ကိုယ်တိုင် ထန်းသမားမိသား
စုဝင်တစ်ယောက် လိုလိုဖြစ်သွားရတဲ့အထိပဲ။

ဖိုးမောင်လာပြီကဗျာကို အသံထွက်ဖတ်လိုက်ရတဲ့အခါ ရန်သူ့လက်ထဲမှာ ကျသွားတဲ့
ရွာသားလေး ဖိုးမောင်ကို တော်လှန်ရေးသမားကြီးတစ်ယောက်လို မြင်မိတဲ့အထိပဲ။

ဒီဘက်ခေတ် ရုပ်သံမီဒီယာတွေ အုပ်စိုးနေတဲ့ကာလမှာ လူအများစုဟာ စာတစ်ပုဒ်
ကို ဖတ်ပြီး မတွေးချင် မခံစားချင်ကြတော့ဘူး။ကဗျာဆို ပိုဆိုးပေါ့လေ။

များသောအားဖြင့်က ရုပ်သံတွေကနေ မြင်ရကြားရတဲ့ စာပေဆိုင်ရာစကားဝိုင်းတွေ
 ဟောပြောပွဲတွေကိုသာ အာရုံစိုက်လာကြတော့တာ သတိထားမိတယ်။

အဲဒီထဲကမှ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုလုပ်ရင် ကြီးပွားချမ်းသာမယ် ဆိုတာ
မျိုးတွေကို လူတွေက ပိုပြီးစိတ်ဝင်စားလာကြတယ်။

အများစုဟာ ဆင်းရဲတွင်းနက်နက်ထဲကနေ ရုန်း ထွက်ချင်နေကြသူတွေ ဖြစ်
လေတော့စိတ်ဝင်စားခြင်းကို အပြစ်လို့မဆိုသာပေမဲ့အဲဒီစိတ်ဝင်စားမှုကို ခုတုံးလုပ်ပြီး 
သင့်ဘဝမှာအောင်မြင်ချင်ရင် ဒီအချက်တွေလုပ်ပါတို့၊ အောင်မြင်ရေး ကျင့်စဉ်တို့ ..အဲ
ဒီလိုခေါင်း စဉ်တွေတပ်ပြီးလုပ်စားလာကြသူတွေ၊ စင်ပေါ်မှာ နေရာယူလာကြသူတွေ
များလာတယ်။

လူအများစုကလည်း အဲဒီဟောပြောချက်တွေကိုပဲ တကယ့်အနှစ်သာရ ရှိတဲ့ဟောပြော
ချက်တွေ လို့ထင်လာကြတယ်။ အဲဒီလို ဟောပြော နေကြသူတွေကိုသာလျှင် တကယ့်
အရည် အချင်းပြည့်ဝတဲ့ လူ့လောကကို ဦးဆောင် နေကြသူတွေ လို့ သတ်မှတ် ထင်
မြင်လာကြတော့တယ်။

တကယ့်ရသစာပေကို ရေးခဲ့ပြီး ဟောပြောပို့ချကြသူတွေကိုဆို ဘာတွေပြောနေမှန်းလဲ
မသိဘူး။ တစ်ခါမှ မကြားဖူးဘူး လို့ ပြောတတ်ပါသေးတယ်။

အောင်မြင်ရေး ဘာညာကို အခြေခံပြီး ဟောပြောကြတဲ့ သူတို့ဟောပြောချက်တွေထဲမှာ
နိုင်ငံတကာက စံတွေ စံနစ်တွေ စသဖြင့် အကုန်ပါပေမဲ့ကိုယ့်ပြည်က ကဗျာတစ်ပုဒ် စာ
တစ်ပုဒ်ရဲ့ဂုဏ်ကျေးဇူးကိုမှ ထုတ်ဖော်ပြောတာမျိုးအလွန်ရှားပါတယ်။

တကယ်ဆို သူတို့ကိုယ်တိုင်လည်း ရသစာတွေ၊ ကဗျာတွေနဲ့ ကြီးပြင်းလာကြတယ်ဆို
တာ ငြင်းလို့မရနိုင်တဲ့ အချက်ပါပဲ။ ရသစာပေဟာ နေ့စဉ် ရှူသွင်းနေရတဲ့ အောက်စီ
ဂျင်နဲ့တူပြီး အောင်မြင်ရေး ဘာညာတွေကတော့ ဖြည့်စွက်အစာလောက်ပဲဖြစ်တယ်။
ဒါကို အချို့ကပြောင်းပြန်မြင်ကြတယ်။

ဒီတော့လည်း အစပိုင်းကပြောခဲ့သလို အဆိုတော်တစ်ယောက်ကိုယ်တိုင်က ကဗျာတွေ၊
ဝတ္ထုတွေ မဖတ်ဘူး။ ဘာမှ မရလို့ဆိုတဲ့အထိပြောရဲလာတဲ့အထိ ဖြစ်လာတာ ဆန်း
တော့မဆန်းဘူးပေါ့။

ကျွန်တော်ကတော့ ကဗျာတွေ၊ ဝတ္ထုတွေရဲ့အနှစ်သာရကိုကောင်းကောင်း သိထား 
ခံစားထားခဲ့သူ ဆိုတော့ အင်မတန် စိတ်မကောင်းဖြစ်မိတယ်။

သူပြောသလို ကဗျာတစ်ပုဒ်က ဘာမှ ကိုယ့်အတွက်အကျိုးမရှိဘူး ဆိုတာကို ကျွန်တော်
က ဒီကဗျာ ဆန့်ကျင်ပြချင်ပါတယ်။

                      တောသားနှင့်ဆောင်း

                      ကတ္တီပါမရှိ စပ်စောင်ရှိတယ်
                      စပ်စောင်မရှိ လွှာစောင်ရှိတယ်
                      လွှာစောင်မရှိ ထင်းတုံးရှိတယ်
                      ထင်းတုံးမရှိ သတ္တိရှိတယ်။

     ရေးတာက တစ်သက်တာစာပေဆုရ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ပါ။ 

ကဗျာလေးက လူတိုင်းနားလည်လွယ်တဲ့ရိုးရိုးလေး ရေးပြထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ။
ဒီကဗျာကို ဖတ်ပြီး ဘာရသလဲ၊ ဘာတွေ တွေး စရာရှိလာသလဲ ။

ကျွန်တော်တစ်ယောက်တည်းအတွေးကတော့ ဒီကဗျာနဲ့တွေ့ခွင့်ရခဲ့ခြင်းဟာ ကျွန်တော့်
အတွက် ရတနာသိုက်တစ်ခုနဲ့တွေ့ခွင့်ရခဲ့ခြင်းပါပဲ။

                         တောသားနှင့်ဆောင်းတဲ့။

ကျွန်တော်ကလည်း တောသားဆိုတော့ ကဗျာခေါင်းစဉ်ကိုဖတ်မိကတည်းက ကွက်
တိပေါ့။

ပထမဆုံးစာကြောင်းက
ကတ္တီပါမရှိ စပ်စောင်ရှိတယ်တဲ့။
ဘဝမှာ လူတိုင်းဟာ အကောင်းဆုံးကိုချည်းပဲ လိုချင်ကြတာပေါ့။ လောဘရှိသူတွေချည်း
မဟုတ်လား။ ဒါကို ကဗျာဆရာက သိတယ်။ဘယ်နေရာဖြစ်ဖြစ် အကောင်းဆုံးကို ပိုင်
ဆိုင်ချင်ကြတာပေါ့လေ။ ခရီးသွားရင် ကိုယ်ပိုင်ကားနဲ့သွားတာမျိုးကအစ အိမ်သာတက်
ရင်တောင်  ဗိုလ်ထိုင်အိမ်သာနဲ့ မှ တက်ချင်တာမျိုး။ဒါပေမဲ့ မရှိဘူးလား၊ ရတယ်
ရှိတာနဲ့ အဆင်ပြေအောင်နေမယ်။ ပထမဆုံးစာကြောင်းက ဒါကိုပြောတာ။

ဒုတိယစာကြောင်း
စပ်စောင်မရှိ လွှာစောင်ရှိတယ်တဲ့။
ဪ..၊ ကဗျာဆရာက ပြောထားတာ။အကယ်၍ အကောင်းဆုံးဆိုတဲ့အရာသာငါ့မှာ 
မရှိရင် သူ့လောက်မကောင်းတဲ့ ဟာနဲ့လည်း ငါ့ဘဝကို ငါ နေတတ်ကျေနပ်ပါတယ်
တဲ့။ ကဗျာဆရာဟာ မရှိတာကို တမနေဘူး။ရှိတာနဲ့ အိုကေ စိုပြေတယ်ပေါ့။ ဒါကိုပြောထား တာ။

တတိယစာကြောင်း
လွှာစောင်မရှိ ထင်းတုံးရှိတယ်တဲ့။
အိုကေ ဒုတိယတန်းစားလောက် ကောင်းတာမရှိဘူးလား။ ရတယ် ဘာမှ မဖြစ်ဘူး။တတိ
ယတန်းစား အနေအထားနဲ့လည်း ဘဝမှာငါနေပျော်ပါတယ်ကွာလို့ ပြုံးပြုံးကြီး ဆိုထား
တာ။

ထင်းတုံးမရှိ သတ္တိရှိတယ်..တဲ့

ကျွန်တော်အကြိုက်ဆုံးစာသားပဲ။

ဟေ့ ငါ့မှ ဘာမှမရှိရှိဘာအားကိုးစရာမှ မရှိရှိအကူညီပေးမယ့်သူ ဘယ်သူမှ မရှိရှိငါဖြစ်ချင်တာကို ငါကိုယ်တိုင်ရအောင်လုပ်မယ် ဟေ့ ငါ့မှာ သတ္တိရှိတယ်ကွ လို့ ကြုံးဝါးသံကို ကြားလိုက်ရသလိုပဲ။ ကြက်သီးတွေတောင် ထလောက်တဲ့အထိပါပဲ။

ဒါပဲ။
ဒါဟာ ကဗျာတစ်ပုဒ်ကပေးတဲ့ ခွန်အားပဲ။အောင်မြင်ရေး၊ ကြီးပွားချမ်းသာရေးတိုးတက်ရေး 
စတဲ့ စကားလုံး အကြီးကြီးတွေတစ်လုံးမှ မပါဘူး။ ဒါပေမယ့် ဒီကဗျာဟာကျွန်တော့်အတွက်တော့ အထက်ကပြောထားတဲ့ စကားလုံးတွေသုံးပြီး ရေးထားတဲ့ စာတစ်အုပ်ထက် အဖိုးတန်တဲ့ ကျမ်းတစ်ဆူပါပဲ။

ကျွန်တော့်ကိုယ်ခံအားအရတော့ဒီကဗျာဟာ ကျွန်တော့်အတွက် ဟိုကဒီကစုစောင်းပြန်
လည်တင်ပြထားတဲ့ အင်္ဂလိပ်စာတွေကို ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ စာအုပ်ထူထူတစ်အုပ်ထက် အဖိုးတန်တဲ့ ကျမ်းတစ်ဆူပါပဲ။

ကျွန်တော်တို့ ဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်နိုင်တဲ့ သတ္တိကိုကဗျာတစ်ပုဒ်ကနေလည်း ရအောင်စွမ်းဆောင်ပေးနိုင်တယ်ဆိုတာကို ပြောချင်တာပါပဲ။

ဒါဟာ
ကဗျာတစ်ပုဒ်ကပေးတဲ့ခွန်အားပဲ။

                            လူခါး
               Chiyoda-Machi,JP

                12:35pm: fri;

No comments: