Thursday 25 June 2020

လူခါး၏ကိုယ်ရေးအကျဉ်း


Author of the Day ...

အမျိုးသားစာပေဆုရှင် စာရေးဆရာလူခါး၏ အတ္ထုပ္ပတ္တိအကျဉ်း 

စာရေးဆရာလူခါးကို အဖ တောင်သူကြီးဦးစိုးဆင့်၊ အမိ ဒေါ်မြအုန်းတို က မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အိုင်တိုကျေးရွာတွင် (၁၉၈၃) ခုနှစ်၌ မွေးဖွားခဲ့ပြီး မောင်နှမငါးယောက်တွင် ဒုတိယမြောက်ဖြစ်သည်။ အိုင်တိုရွာ မူလတန်းကျောင်းတွင် သူငယ်တန်း တစ်နှစ်သာတက်ရောက်ဖူးခဲ့ပြီးဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ ချွန်းစုအုပ်စု၊ လမုတန်းကျေးရွာတွင် မိခင်ဘက်မှ ဆွေမျိုးတော်စပ်သူ ဘကြီးဘုန်းကြီး၏ကျောင်း၌ နေထိုင်ရင်း လမုတန်းကျေးရွာ မူလတန်းကျောင်းတွင် ပထမတန်းမှ စတုတ္ထတန်းအောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။  

ပဉ္စမတန်းမှ ဆဋ္ဌမတန်းအထိကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၊ အုန်းတောရပ်ကွက်၊  အုန်းတော အ.လ.က (၃) တွင် ပညာသင်ကြားခဲ့ပြီး သတ္တမတန်းမှ နဝမတန်းအထိကို တောင်တွင်းကြီးမြို့ အ.ထ.က (၂) (ငါးဆင့်) ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ နဝမတန်းတက်နေစဉ် ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းမှထွက်ကာ မိဘများနှင့်အတူ မိရိုးဖလာ တောင်သူအလုပ်ကို လုပ်ကိုင်ခဲ့သည်။ တောင်သူအလုပ်ကို လုပ်ကိုင်နေရင်း ကျောင်းပြန်တက်ချင်သော ဆန္ဒရှိလာသဖြင့် ကျောင်းသုံးနှစ်နားပြီး၊ နဝမတန်းမှပင် ပြန်လည်၍ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ အ.ထ.က(၁)တွင်ကျောင်းပညာကို ပြန်လည်သင်ယူခဲ့သည်။ မြို့သစ်မြို့ အ.ထ.က မှ  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၂၀ဝ၃ -၂၀ဝ၄) ပညာသင်နှစ်တွင် အောင်မြင်ခဲ့ပြီး မကွေးအဝေးသင် တက္ကသိုလ်တွင် ပထမနှစ်(အင်္ဂလိပ်စာ)မေဂျာဖြင့် ကျောင်းပညာသင်ယူခဲ့သေးသော်လည်းစာမေးပွဲမဖြေဖြစ်ဘဲ ပထမနှစ်ဖြင့်ပင် ကျောင်းပညာရေး ပြီးဆုံးသွားခဲ့သည်။ 

(၂၀ဝ၆) ခုနှစ်တွင် ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့သော မသန်းသန်းရီနှင့် အိမ်ထောင်ပြုခဲ့ပြီး ထိုအချိန်မှ စတင်၍ စာပေအတိုအစများကို စမ်းသပ်ရေးသားရင်း စာဖတ်ခြင်းကို တစိုက်မတ်မတ်လုပ်ဖြစ်လာခဲ့သည်။ မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လေးနှစ်ခန့်သွားရောက်နေထိုင်လုပ်ကိုင်ရင်း စာရေးခြင်းအလုပ်ကို အထူးကြိုးစားလုပ်ကိုင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် ထုတ်ဝေသော စာပွင့်လွှာရသစုံမဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရင်း မလေးရှားတွင် ထုတ်ဝေသော အပြင်စီးမဂ္ဂဇင်း၊ လမ်းသစ်ဂျာနယ်၊ စာပွင့်လွှာမဂ္ဂဇင်းတို့တွင် ကဗျာများ၊ ဝတ္ထုတိုများ၊ ဆောင်းပါးများ၊ ပန်းချီသရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။  

ဆရာမောင်မောင်စနေ၊ ဆရာမြေလတ်မောင်မြင့်သူ၊ ဆရာမင်းချမ်းမွန်တို့ဦးစီးသော ရယ်စရာမဂ္ဂဇင်း၊ ပြုံးစရာမဂ္ဂဇင်းတို့တွင် အတွင်းကဗျာများ၊ အဖွင့်ကဗျာများ ဖော်ပြခံခဲ့ရသည်။ ထို့နောက် ဆရာမ မသီတာ(စမ်းချောင်း) ဦးစီးသော ဖူးငုံဆယ်ကျော်သက်(teen) မဂ္ဂဇင်းတွင် ဝတ္ထုတိုများ၊ ကဗျာရှည်များ ဖော်ပြခံခဲ့ရသည်။ ဆရာဦးဝင်းသူရဦးစီးသော မဟေသီမဂ္ဂဇင်း ဖူးသစ်ဖွဲ့သီကဏ္ဍ၊ ဆရာဦးဝင်းငြိမ်း စီစဉ်တည်းဖြတ်သော ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း ရွှေအသစ် ကဏ္ဍတို့မှတဆင့် ပြည်တွင်းစာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ 

ပေဖူးလွှာမဂ္ဂဇင်း၊ ကလျာမဂ္ဂဇင်း၊ စတိုင်လ်သစ်မဂ္ဂဇင်း၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ Faces (မုခ) မဂ္ဂဇင်းတို့တွင်လည်း ဝတ္ထုတိုများရေးသားခဲ့သည်။ (၂၀ဝ၉) ခုနှစ် လမ်းသစ်ဂျာနယ် (မလေးရှား) တွင် ဖော်ပြခံရသော ''ဂျိုဟိုးဆောင်''(ကဗျာ)သည် စာရေးဆရာလူခါး၏ ပထမဆုံး ပုံနှိပ်စာမူဖြစ်သည်။ (၂၀ဝ၈) ခုနှစ်တွင် တောင်တွင်းကြီးမြို့နယ် စာပေနှင့်စာနယ်ဇင်းမှ ကျင်းပသည့် ဝတ္ထုတိုပြိုင်ပွဲတွင် ''ဆင်းရဲသားတို့ဥစ္စာ'' ဝတ္ထုတိုဖြင့် ပထမဆုရခဲ့သည်။ 

(၂ဝ၁၂) ခုနစ်တွင် "ပင်လယ်နဲ့ ပတ်သတ်နေတဲ့ ရွက်တွေ" အမည်ရှိ ကဗျာစာအုပ်ကို ကဗျာဆရာ လင်းလက်တာရာ၊ ရာဇာမျိုး(အင်းကုန်း)တို့နှင့်အတူ သုံးယောက်ပေါင်း ထုတ်ဝေခဲ့သည်။ (၂ဝ၁၃) ခုနစ်တွင် "အက္ခရာလမ်း" အမည်ရှိ ကဗျာစာအုပ်ကို ကဗျာဆရာ လင်းလက်တာရာ၊ ဆူးရဲ၊ စစ်နိုင်၊ ထွန်းလင်းသစ်(ကန့်ဘလူ)၊ လင်းဝေအိမ်၊ အဂ္ဂလင်း၊ မောင်ရေချမ်းတို့နှင့်အတူ ရှစ်ယောက်ပေါင်း၍ ထုတ်ဝေခဲ့ပါသည်။ (၂၀၁၄) ခုနှစ် ဇူလိုင်လထုတ် TREASURE LAND မဂ္ဂဇင်းပါ ''ဝါးဖောင်မျှောတဲ့ည'' ဝတ္တုတိုအား ဂျာမန်ဘာသာဖြင့် ဘာသာပြန်ဆိုခြင်းခံရသည်။ 

(၂၀၁၅) ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းပါ ''တံဆိပ်ပျောက်ကြသူများ'' ဝတ္ထုတိုဖြင့် စာရေးသူများ၏ ရသစာဖတ်ဝိုင်းမှ ပေးအပ်သော စိတ်ကြိုက်ရသစာပေဆုကို ရရှိခဲ့သည်။ မလေးရှားနိုင်ငံတွင် ကျင်းပသော ကဗျာခံစားမှု ဆောင်းပါးပြိုင်ပွဲတွင် ဂန္ထဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ''ဖိုးမောင်လာပြီ'' ကဗျာခံစားမှု ဆောင်းပါးဖြင့် မြနဒီစာပေဆုရရှိခဲ့သည်။ (၂၀၁၇) ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သော "မြန်မာပြည်အပြင်ဘက်'' ပင်ကိုရေးလုံးချင်းဝတ္ထုရှည်ဖြင့်အမျိုးသားစာပေ(ဝတ္ထုရှည်)ဆု ရရှိခဲ့သည်။ (၂၀၁၈) ခုနှစ်တွင် ''ကျွန်တော်မရေးရသေးသည့် လူကြိုက်များဦးမည့်ဝတ္ထုနှင့် ပင်ကိုရေးမဂ္ဂဇင်းဝတ္ထုတိုများ'' စာအုပ်ကို အညာနေစာပေမှ ထုတ်ဝေခဲ့သည်။ (၂၀၁၉) ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နောက်ခံလုံးချင်းဝတ္ထုရှည်ဖြစ်သော''ဆာကူရာထက်လှပါစေ'' စာအုပ်အား အညာနေ စာပေမှပင် ထုတ်ဝေဖြန့်ချိခဲ့သည်။  (၂၀၂၀) ခုနှစ် ဇွန်လတွင် ဒုတိယမြောက် ဝတ္ထုတိုပေါင်းချုပ်ဖြစ်သော ''မန္တလေးက လာတဲ့လူ" ဝတ္ထုတိုပေါင်းချုပ်စာအုပ်အား ဇလပ်နီစာပေတိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သည်။ 

ဇနီးဖြစ်သူမသန်းသန်းရီနှင့် အိမ်ထောင်ကျပြီး သမီး မဆုရတီထွန်း၊ မရှင်းမွန်အောင်တို့ မွေးဖွားခဲ့ပြီး ဖြစ်ပါသည်။ စာရေးဆရာလူခါးသည် ယခုအခါ ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး လုံးချင်းဝတ္ထုရှည်များနှင့် ဝတ္ထုတိုပေါင်းချုပ်များ ဆက်လက်ထွက်ရှိနိုင်ရန် ကြိုးစားလျက်ရှိပါသည်။ 

ဝန်ဇင်းတွင်ရှိသော ဆရာ့၏ အမျိုးသားစာပေ (ဝတ္ထုရှည်) ဆုရ 

"မြန်မာပြည်အပြင်ဘက်" စာအုပ် ဖတ်ရန်လင့်ခ် 👇 

http://www.wunzinn.com/wzbook?name=wunzinn&id=BOK8225&type=sellbook&label=20209_17_33_BOK8225 

📚 ပင်ကိုရေး ရသဝတ္ထုတွေ ဖတ်ချင်တယ်ဆိုရင်  http://bit.ly/wz_play လင့်ခ်ကိုနှိပ်ပြီး Wun Zinn App ကို အခမဲ့ Download ယူထားလိုက်ပါဗျ။ ဒါဆိုရင်၊ အမျိုးအစားအစုံရှိတဲ့ စာအုပ်ပေါင်း (၈,၀၀၀) ကျော်ကို ကိုယ့်စိတ်ကြိုက် ဖတ်လို့ရသွားပါပြီ။ တစ်ခုခုအခက်အခဲမယ်၊ သိချင်တာ ရှိမယ်ဆိုရင် Hot Line - 09252545753 ကို ဆက်ပြီး မေးမြန်းလိုက်ရုံပါပဲ။ 

#အိမ်မှာနေပါဝန်ဇင်းမှာစာဖတ်ပါ   
#ReadOnTheMove #WZArticle 

#WZAuthorOfTheDay #လူခါး

No comments: