Wednesday 15 July 2020

ရန်သူက သင်ပေးတဲ့ပညာ



 တစ်ခါက ချောကလက် စက်ရုံတစ်ရုံမှာ အလုပ် လုပ်ရတယ်။ အဲဒီမှာ လုပ်တော့ ဘင်္ဂလားဒေရှ့်တစ်ယောက်နဲ့တွေ့တယ်။ စကားအလွန်များ
တဲ့သူပါ။ သူ စကားပြောချင်ရင် လုပ်လက်စ အလုပ်ကို ပစ်ချပြီး ပြောတော့တာပဲ။ ကျွန်တော်ကလည်း အလုပ်ချိန်မှာ အဲဒီလို စကားများတာ မကြိုက်သူ
ဆိုတော့ သိပ်အရောမဝင်ဘူး။ ကိုယ့်ဘာသာပဲ နေတယ်။

 တစ်နေ့တော့ အလုပ်ကိုတစ်နေရာတည်းမှာ အတူလုပ်နေရတုန်း သူက စကားစလာတယ်။ မင်းတို့ မြန်မာတွေက တို့လူမျိုးတွေကို အကြောင်းမဲ့သတ်တယ်။ တော်တော်ဆိုး
တယ်..တဲ့။ ကြားကြားချင်း စိတ်ဆိုးမိပေ
မယ့် ကျွန်တော် ပြန်မေးလိုက်တယ်။  ငါ့လက်မှာ တက်တူးရှိတယ်။ ဘယ်လက်မှာ
လည်း မင်းသိလား ဆိုတော့ မသိဘူးတဲ့။ (ကျွန်တော်က လက်ရှည် ဝတ်ထားတာကို။ သူ ဘယ်သိမလဲ)အေး အဲဒီလိုပဲ။ မင်းမမြင်ရဘဲနဲ့ဘာကိုမှ ရမ်းမပြော
နဲ့လို့ပြောလိုက်တယ်။ သူလည်း သဘောပေါက်သွားတာလား ဘာလားမသိဘူး ။နောက်ထပ် စကား လာမပြောတော့ဘူး။

 အချိန်အတော် ကြာမှ နောက်ထပ်တစ်နေရာမှာ အလုပ် အတူ လုပ်ရပြန်တယ်။ လုပ်ရတဲ့ အလုပ်က အချိုရည်ဘူးလေးတွေကို လည်ပင်းမှာ အထစ် အရှလေးတွေ ပါမပါ စစ်ရ
တာ။ ကျွန်တော်က အဲဒီနေရာမှာ တစ်ခါမှ မလုပ်ဖူးဘူး။ ဘင်္ဂလားဒေရှ့်ကတော့ လုပ်ဖူး နေတော့ သူ့အတွက် အတော် လွယ်နေတာ
သတိထားမိတယ်။

 ခေါင်းဆောင် ဂျပန်က ကျွန်တော့်ကို သင်ပေးတယ်။ ဘူးရဲ့လည်ပင်းကို လက်ညှိုးရယ် လက်မလေးရယ်နဲ့ထောက်ပြီး ဘူးကို လှည့်လိုက်ပါ။
လက်ကို ထစ်ခနဲ့ဖြစ်သွားရင် ပယ်။ ထစ်ခနဲ မဖြစ်ရင် ဖာထဲ ပြန်ထည့်။ စက္ကူဖာ တစ်ဖာမှာ ဘူး ရှစ်ဆယ်ပါပြီး ရှစ်ဘူးဟာ သေချာပေါက် အပယ်ထဲ ပစ်
ရမယ်။ ပယ်တဲ့ ရှစ်ဘူးကို အလယ်မှာ တည်ထားတဲ့ သီးသန့်ဖာထဲကနေ ပြန်အစားထည့်။

 တစ်မနက်လုံး ထမင်းမစားခင် အချိန်အထိ ကျွန်တော် သေချာမသိ မလုပ်တတ်ဘူး။ ဒါပေမဲ့ မဖြစ်မနေ ပယ်ရမယ့် ရှစ်ဘူးကိုတော့ စိတ်ထဲက ထင်တဲ့ဘူးကို မဖြစ်မနေ
ပယ်နေမိတယ်။ ပြောရရင် ဘူးအကောင်းမှန်းမသိ၊ အဆိုးမှန်းမသိဘဲနဲ့ အလုပ်သဘောအရ ပယ်နေမိတာပေါ့။

  အဲဒါကို ဘင်္ဂလားက သိတယ်။ ကျွန်တော်
စစ်လို့ပြီးသွားတဲ့ ဖာကို ယူပြီး ခေါင်းဆောင် ဂျပန်ရှေ့မှာ ပြန်စစ်ပြတယ်။ အဲဒီမှာ တကယ်အနာပါတဲ့ ဘူးတွေ ပြန်ထွက်လာတယ်။ ရှစ်ဘူးအတိပဲ။ သူ့မျက်နှာကလည်း
မင်းကို ငါ မိပြီဆိုတဲ့ သဘောနဲ့ကျေနပ်နေတဲ့ မျက်နှာပေါ့။

 ခေါင်းဆောင် ဂျပန်ကို ကျွန်တော် တောင်းပန်ပြီး ဘင်္ဂလားပယ်လိုက်တဲ့ ဘူး ရှစ်ဘူးကို သေချာ စစ်တယ်။ ပြီးတော့ သေချာ ထပ်မှတ်တယ်။

အဲဒီလိုနဲ့ပယ်ရမယ့်ဘူးနဲ့မပယ်ရမယ့်ဘူးကို ကျွန်တော် သေချာသိသွားတော့တာပဲ။ နောက်ထပ် တစ်နေ့လုံး အဲဒီအလုပ်ကို ကျွန်တော် သေသေချာချာ
လုပ်တတ်သွားတော့တယ်။ဘင်္ဂလားဒေရှ့်ရဲ့ကျေးဇူးပေါ့။

ကျွန်တော့်ခေါင်းထဲ အတွေးတစ်ချက်
ဝင်လာတယ်။ သူကတော့ ကျွန်တော့်အပြစ်
ကို ရှာလိုက်တာပဲ။ သူတွေ့တဲ့အပြစ်ဟာ
ကျွန်တော့်အတွက် အခွင့်အရေးတစ်ခုမှန်း
သူ မသိခဲ့ဘူး။

တစ်ခါတလေမှာ ရန်သူ ပေါက်လိုက်တဲ့ဓားဟာ ကိုယ့်အတွက် ဆောင်ဓားတစ်လက်
ဖြစ်လာတတ်ပါတယ်။

 လူခါး
 july 15၊ japan

No comments: