ဘဝမှာ အမှားများစွာ ကျွန်တော်ကြုံခဲ့ဖူးပါသည်။အချို့အမှားများက မသိ၍မှားခဲ့သည့်အမှားများဖြစ်၍ အချို့အမှားများက သိသိနှင့်မှားခဲ့သောအမှားများဖြစ်သည်။ မည်သို့ပင်မှားမှားအမှားသည် အမှားသာဖြစ်လေသည်။ သို့သော်မသိလိုက် မသိခင်ကအမှားနှင့် သိသိကြီးနှင့်မှားသောအမှား မည်သည့်အမှားက ပိုမှားသနည်းဟု ယခုတလော ကျွန် တော်စဉ်းစားနေမိသည်။
သေချာသည်ကတော့ မည်သူ မှ မမှားချင်ကြတာပဲဖြစ်သည်။မည်သူမှ မမှားချင်ဘဲမှားခဲ့ဖူးကြမှာပဲ ဖြစ်၏။အနည်းဆုံးတော့ ကျောင်းသို့အလာ စာအုပ်မှားထည့်လာတာမျိုးက အစ အလုပ်ခွင်သို့အဝင် စာရင်းဇယား မှားတွက်မိတာမျိုး အထိပေါ့။
အမှားနှင့်ပတ်သက်၍ လူအမျိုးမျိုးက အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဖူးကြတာကိုလည်း ကျွန်တော်ဖတ်ခဲ့ မှတ်ခဲ့ ဖူးပါသည်။ အချို့အမှားများက သူတပါးအား ထိခိုက်စေတ်သောအမှား။ အချို့အမှားများကတော့ ကိုယ်ယ့်ကိုယ်ကို ထိခိုက်နစ်နာစေတတ်သော အမှား မျိုး။
ဒိုင်းနမိုက်ကို စတင်တီထွင်ခဲ့သော အယ်ဗရက်နိုဗယ်လ်သည် သူတီထွင်ခဲ့သော ဒိုင်းနမိုက်က လူတွေကိုသေစေတတ်သော အဏုမြူ ဗုံးအဖြစ် လူ့အသက်ပေါင်းများစွာကို ဆွတ်ခြွေ ပြီး တစ်ယောက်ကိုတစ်ယော စစ်ခင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်ဗိုလ်ကျသည့် နေရာ၌ လူများက အသုံးပြုကြသည်ကို မြင်တွေ့ရသည့်အခါ သူ့တွေ့ရှိချက်အတွက်နောင်တရသွားခဲ့သည် ဟု ဖတ်ခဲ့မှတ်ခဲ့ဖူးပါသည်။
ငါတော့ အမှားကြီးမှားခဲ့ပြီ ဟု သူ နောင်တတွေ တနင့်တပိုးကြီး ရသွားလေသလား ဟု ကျွန်တော် စဉ်းစားမိသည်။ ကျွန်တော့်အမြင်ကမူ သူ၏တီထွင်စမ်းသပ် တွေ့ရှိချက်သည်မမှား။ သူ တီထွင်ခဲ့သောဒိုင်းနမိုက်ကို တလွဲအသုံးချ ကိုယ်ကျိုးရှာသူများကသာ မှားခဲ့ကြခြင်းဖြစ်သည် ဟု ဆိုချင်သည်။
ကိုယ်ထားခဲ့သော အမှန်ခြစ်သည် သူတပါး၏ ပယောဂကြောင့် ကြက်ခြေခတ်ဖြစ်သွားတာမျိုး။
အချို့အရာများသည် ကိုယ်ကျိုးအတွက်မဟုတ်ပါဘဲ ပြုလုပ်ဖန်တီပေးသူက ပြုလုပ်ဖန်တီးပေးလိုက်သော်လည်း တဆင့်ပြန်လည်အသုံးချသူကြောင့် အမှားအရာမည်သွားသော အမှားများဖြစ်သွားတတ်သည်သာ။ ထိုအမှားမျိုးကို မရည်ရွယ်ဘဲမှားသောအမှား ဟု ခွင့်လွှတ်နားလည်ပေးသင့်ပါရဲ့လား။ သေချာသည်ကတော့ မှားယွင်းခဲ့ပြီ ဖြစ်သောအမှားသည် အမှန်ပြန်ဖြစ်ဖို့ အင်မတန်ခဲယဉ်းလေ၏။
စာရွက်အဖြူဆွတ်ဆွတ်ပေါ် မှင်တစ်စက်ချမိလိုက်သလိုမျိုး။
တခါက ကိုရီးယားသင်္ဘောတစ်စင်းသည် ပင်လယ်ပြင်တွင်နစ်မြုပ်ခဲ့လေသည်။ ထိုသင်္ဘောပေါ်တွင်ပါသော လေ့လာရေးကျောင်းသားလေးများထဲမှ အတော်များများ ရေနစ်သေဆုံးသွားခဲ့၏။ အချို့လည်းကံကောင်းထောက်မသဖြင့် ကယ်ဆယ်ခြင်းခံရလေသည်။
ထို ကယ်ဆယ်ခံရသူများထဲတွင် ထိုလေ့လာရေးခရီးကို ဦးဆောင်ရသူ ဒုတိယကျောင်းအုပ်ဆိုသူလည်းပါ၏။ သို့သော် ထိုကျောင်းအုပ်သည် ကယ်ဆယ်ခြင်းခံရပြီးနောက်မှပင် သင်္ဘောမှောက်သည့် ကိစ္စမှာ သူ့တွင်လုံးဝတာဝန်ရှိသည်ဟု ယူဆကာ သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့သည်။
ထိုလုပ်ရပ်ကိုကြည့်ပြီး ကျွန်တော်တွေးနေမိသည်။ ထိုကျောင်းအုပ်မှာ သူ့အမှားသူ ဝင်ခံသွားခြင်းလား။ သူမှားခဲ့ပါသည် ဆိုတာကို အသက်ပေးပြီး သက်သေပြသွားခြင်းလား။ ကျွန်တော်တို့ကရော ထိုကိစ္စကို ခင်ဗျားမှားတယ် ကျောင်းအုပ်ကြီး ဟု ပြောရက်ကြပါ့မလား။ သေချာသည်ကတော့ ထိုသတင်းကို သိသူတိုင်း ထိုကျောင်းအုပ်ကို လေးစားစိတ်ဖြင့်
နှမြောတသဖြစ်မိမှာကတော့ အမှန်ပဲဖြစ်လေသည်။
အချို့အမှားများက အဲသလို လေးစားကြည်ညိုဖို့ ကောင်းနေတတ် ပါပြီကောလေ။
အမှားကို အမှားဟု တရားသေပြောမရသောအမှားမျိုးလည်း ရှိနေခဲ့ကြောင်း ကျွန်တော် ပြောချင်ပါသေး၏။ ထိုကဲ့သို့ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ချစ်သော ကျွန်တော်တို့မြို့ကလေး၏မြောက်ဘက် ဆယ့်ခြောက်မိုင်အကွာ၌ လူဖြစ်ပြီးနိုင်ငံ့ ခေါင်းဆောင်ဖြစ်လာခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည်လည်း ကြုံခဲ့ဖူးသည်လေ။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရမည့်နေ့က ဦးမြက အတွင်းဝန်ရုံအား အစည်းအဝေးကျင်းပနေစဉ်အတွင်း အစောင့်ကင်းတပ်သားများ ချထားမည်ဟု ဆိုရာ ဗိုလ်ချုပ်က မလိုပါဘူး ကွာ ဟု ဆိုပြီး ပယ်ချခဲ့သည် ဟု မှတ်သားခဲ့ ဖတ်ခဲ့ဖူးပါသည်။ ဗိုလ်ချုပ်ပြောလိုက်သော မလိုပါဘူးကွာ ဆိုသော စကားလေးတစ်ခွန်းတည်းနဲ့ အစောင့်ချမထားဖြစ်ခဲ့သော ဦးမြ၏ အမှားလား ။ သို့တည်းမဟုတ် မလိုပါဘူး ကွာဟု သူ့ကံကြမ္မာသူ မသိလေသော ကျွန်တော်တို့ဗိုလ်ချုပ်၏ အမှားလေလား။
သေချာသည်ကတော့ ကျွန်တော်တို့အားလုံးမှာ မလိုပါဘူးကွာ ဟု ဆိုခဲ့လေသောလွတ်လပ်ရေးဖခင်ကြီး၏ ထိုစကားလေးတစ်ခွန်းကြောင့် လွတ်လပ်ရေးဖခင်ကြီးနှင့်အာဇာနည်ခေါင်းဆောင်များကို ဆုံးရှုံးခဲ့ရတာကတော့အမှန်ပဲဖြစ် လေသည်။မည်သူ မှားခဲ့လေသလဲ။
အမှားသည် ကြောက်စရာကောင်းသည်ကတော့ သေချာပါသည်။အမှားနှင့်ပတ်သက်၍ ပညာရှိသူတော်ကောင်းများ ထားခဲ့သော စကားပုံမျာစွာ ရှိတာကိုလည်း ယနေ့ခေတ် စာဖတ်သူအများစု သိထားဖတ်ထားဖူး ဖြစ်ကြပါလိမ့်မည် ဟု ကျွန်တော် ယုံကြည်ပါသည်။
ကျွန်တော်တို့ ယခုခေတ်တွင်တော့ မမှားချင်ရင် အိမ်မှာ အိပ်နေပေါ့ကွ ဟု ခပ်နောက်နောက်ေပြာပြီး လူဆိုတာ အမှားနှင့်မကင်းဘူး ဟုသွယ်ဝိုက် ပြောဆိုကြတာကို မကြာခဏကြားခဲ့ရဖူးသည်။
မှန်ပါ၏။ ကျွန်တော်တို့ ကိုးကွယ်သော သုံးလောက ထွဋ်ထား မြတ်ဘုရားသော်မှာ ဒုက္ခရစရိယာ ဆိုသော လမ်းမှားကြီးကို ခြောက်နှစ်တိုင်တိုင် ကျင့်ကြံအားထုတ်ပြီး မှားမှန်းသိခဲ့ပြီး မဇ္ဇျိမပဋိပဒါဟူသော လမ်းမှန် သို့ရောက်ကာ အတုမရှိဗုဒ္ဓမြတ်စွာ ဖြစ်လာခဲ့တာပဲ မဟုတ်လား။
အမှားသည် လူနှင့်မကင်းသော အနာရောဂါတစ်ခုသာ ပဲဖြစ်၏။ အမှားမရှိဘဲ လူ့အဖြစ်ကို ယနေ့အချိန်အထိ ရပ်တည် ခဲ့ပါသည် ဟုတစ်စုံတစ်ယောက်က ကြွေးကျော်လာပါလျှင်မူ ကျွန်တော် လက်နှစ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုး ကော်ရော် ပစ်လိုက်ချင်ပါ၏။
လူသည် ငှက်တစ်ကောင်ဖြစ်လျှင် အမှားသည် တောင်ပံတစ်စုံဖြစ်၏။
အမှားအကြောင်း တွေးမိမှ ခရီးသွားရဟန်းနှစ်ပါးနှင့် မိန်းမပျိုတစ်ယောက် အကြာင်းကို သတိရမိသည်။ တစ်ခါသော် ရဟန်းနှစ်ပါးခရီးသွားကြရာ လမ်းခရီးရှိရေစီးသန်သော ချောင်းတစ်ခု အနီးသို့ ရောက်လာကြ၏။ ထိုချောင်းအနီးတွင် လှပချောမောသော မိန်းမပျိုတစ်ယောက်သည် ရေစီးသန်သော ချောင်းအား ကူးရန် ကူညီမည့်သူအား စောင့်စိုင်းလျက်ရှိလေသည်။
ရဟန်းနှစ်ပါးအနက်မှ တစ်ပါးက ထိုအမျိုးသမီးငယ်အား ကျောတွင်ပိုးကာ ချောင်းတစ်ဖက်ကမ်း ရောက်သည်အထိ ကူညီပေးခဲ့ပြီး ရဟန်းနှစ်ပါးကလည်း သူတို့ခရီးဆက်သွား၊ အမျိုးသမီးငယ်ကလည်း သူ့လမ်းသူ ဆက်သွားကြတော့၏။ အမှတ်တမဲ့ဆိုလျှင် ဇာတ်လမ်းက ထိုနေရာတွင် ပြီးလေပြီ ဟု ထင်ရ၏။ သို့သော် မပြီးသေးပေ။
ရဟန်းနှစ်ပါးအနက်မှ အမျိုးသမီးအား ကူညီခဲ့သူ မဟုတ်သော ရဟန်း၏ စိတ်ထဲတွင် ကူညီခဲ့လေသော ရဟန်းအား စိတ်ထဲမှ နေပြီး ဤရဟန်းသည် ရဟန်းကိစ္စမဟုတ်တာကို လုပ်၏။ မလုပ်သင့် စသဖြင့် တွေးတောရင်း ခရီးသွားရာတွင် စိတ်မဖြောင့် ဖြစ်နေမိပြီး မနေနိင်သည့်အဆုံး ကူညီခဲ့သောရဟန်းအား အိုရဟန်း သင်သည် အမျိုးသမီးငယ်အား ကျောတွင်ပိုးကာ ကူညီခဲ့သော ကိစ္စမှာ မလုပ်သင့်သော မှားယွင်းသော လုပ်ရပ်ဖြစ်၏ ဟု ပြစ်တင်စကား ဆိုလေတော့သည်။
ထိုအခါ ကူညီခဲ့သော ရဟန်းက များစွာအံ့အားသင့်သွားပြီး အိုရဟန်း ကျွန်ုပ်သည် ထိုအမျိုးသမီးငယ်အား ချောင်းတစ်ဖက်ကမ်းတွင် ကျောပေါ်မှ ချထားခဲ့ပြီး ဖြစ်သည်။ အသင်သည်ကား ထိုအမျိုသမီးငယ်အား ယခုထက်ထိ ထမ်းပိုးထားဆဲပင် ဖြစ်လေသည် ဟု ဆိုသည်ကို ဖတ်မိရေသာအခါ သူတပါး၏ လုပ်ရပ်တစ်ခုကိုကိုယ်ကအမှား မြင်မိပြီး ခံစားနေသည့်အခါ ပြုလုပ်သူထက် ဘေးမှ မပြုလုပ်ဘဲ ခံစားမိသူက ပို၍ မှားနေတတ်ပါကလား ဟု ကျွန်တော် ဆင်ခြင်မိပါသည်။
ကိုယ်အမူအရာနှင့် ကျူးလွန်မိသော အမှားထက် စိတ်နှလုံးဖြင့် လွန်ကျုးမိသော အမှားက ပို၍ အဆိပ်ပြင်းကြောင်းကို ကျွန်တော်ထင်ထင်ရှားရှား မြတွေ့ ကြောက်ရွံ့ခြင်းဖြစ်ရသည်။
စိတ်နှလုံးဖြင့် မှားသောအမှား။ တနည်းအားဖြင့် သူတပါးအား စိတ်ဖြင့် ပြစ်မှားခြင်း ပေါ့။ကျွန်တော့်တွင်လည်း စိတ်နှလုံးဖြင့် မှားခဲ့ဖူးသော အမှားတစ်ခုရှိခဲ့ဖူးကြောင်း ကျွန်
တော် အဓိက ပြောလိုရင်းဖြစ်ပါသည်။ ဟုတ်ကဲ့၊ ကျွန်တော် မှားခဲ့ဖူးပါသည်။
ကျွန်တော်မှားခဲ့ဖူးသည်က မိန်းမပျိုလေးတစ်ဦးသို့မဟုတ်အခြား ကျွန်တော်နှင့် စိတ်နှလုံးချင်းမတိုက်ဆိုင်သူ စသဖြင့် တစ်ဦးတလေမျှ မဟုတ်ရပါလေ။ ကျွန်တော် မှားခဲ့ဖူးသည်က ကျွန်တော့်သူငယ်ချင်း တစ်ယောက် အပေါ်တွင် ဖြစ်ပါသည်။ ကျွန်တော့်သူငယ်ချင်း။ ကျောင်းတုန်းက သူငယ်ချင်း ဟု ပြောဆို သုံးနှုံးမှ ပို၍ အဓိပ္ပါယ်ရှိပါလိမ့်မည်။ ကျွန်တော်၏ ကျောင်းတုန်းက သူငယ်ချင်း။
သူ၏ အမည်နာမကိုတော့ဖြင့် ထိန်ချန်ထားပါရစေတော့။ သူ့အကြောင်းနှင့် ကျွန်တော့်
အကြောင်းကို အတိုဆုံး စာကြောင်းဖွဲ့ပြရမည်ဆိုလျှင် သူသည် ကျောင်းနေစဉ်အခါက ဖော်ရွေပျော်ရွှင် လူချစ်လူခင်များပြီး ကျွန်တော်သည် စာချည်းသက်သက်သာ သိသူဖြစ်ပါသည်။
အထက်တန်းကျောင်းသားဘဝများ ကုန်ဆုံးပြီး တက္ကသိုလ်တက်နေစဉ် အချိန်များဆီကဖြစ်မည်ထင်သည်။ သူနှင့်ကျွတော် ပြန်တွေ့ကြသည်။ တွေ့ကြသည့်နေရာက တောင်းတွင်းကြီးမှ ကျွန်တော်တို့၏ ချစ်လှစွာသော မြို့ကလေး မြို့သစ်ဆီသို့ ရထားတစ်စင်း ခုတ်မောင်း နေစဉ် လမ်းခရီးမှာပဲ ဖြစ်သည်။
သူနှင့်ကျွန်တော် ရောက်တက်ရာရာများပြောရင်း မြို့သစ်ဘူတာသို့ ရထားက ထိုးရပ်လာသည်။ ရထားရပ်လိုက်ပြီး ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ရထားပေါ်မှ ဆင်းလိုက်သည််နှင့် ကျောင်းသားတစ်သိုက်က ဆရာလေး ဟု ပြိုင်တူအော်ခေါ်ကာ ကျွန်တော်တို့ဆီ ပြေးလာကြ၏။
ကျောင်းသားလေးမျာပြေးလာသောအချိန်မှာ ဘာမျှမကြာလိုက်သော်လည်း ထိုတဒင်္ဂအတွင်းကျွန်တော့်စိတ်များက အလွန်အမင်းလှုပ်ရှားသွားသည်။ ဆရာေလးဆိုတာဘယ်သူ့ကိုခေါ်တာလဲ။ တစ်ချိန်တည်းမှာပဲ ကျောင်းသားဘဝဆီသို့စိတ်ကအပြေးအလွှားရောက်သွားပြန်သည်။ သူနှင့် ကျွန်တော် ဘယ်သူက ကျောင်းစာမှာပိုတော်ခဲ့သလဲ။ သူဟာ ဆရာအခေါ်ခံနေရပြီလား။
ကျွန်တော်တွေဝေနေဆဲ မှာပင် သူက ပြေးလာသော ကလေးများအား သူ့လက်ထဲမှ အထုပ်ကလေးအား ကမ်းပေးလိုက်လေသည်။ ကျောင်းသားတစ်သိုက်၏ ပျော်ရွှင်ဖွယ်ရာဖြစ်သွားသော မျက်နှာလေးများကို ယနေ့အထိ ကျွန်တော့ရင်၌ ငြိစွဲနေသည်။ ပြီးတော့ အို..ဆရာလေးဆိုတာ သူ့ကိုခေါ်တာပါလား ဟု ကျွန်တော့်ရင်ထဲ တွင် ကြိမ်ဖန်များစွာ မြည်ဟည်းသွားသည်။ ဆရာလေးတဲ့။ သူက ဆရာလေးပေါ့။ ဆရာလေးဆုိတာ သူ့ကိုခေါ်တာပါလား။
ကျောင်းတုန်းက ပျော်ပျော်နေတတ် အပေါင်းအသင်းများလှသော သူ့အား သိပ်ရေရာသေချာသော ဘဝတစ်ခု ရှိနေမှာမဟုတ်ဟု ရထားစီးရင်း သူနှင့် စကားစမြည်ဆိုရင်း ကျွန်တော်တစ်ဖက်သတ် စိတ်နှလုံးဖြင့် ပြစ်မှားမိခဲ့သည်။ အတူ ဘောလုံးကန်ခဲ့ အတူခြင်းခတ်ခဲ့သော သူ့အား ဘယ်သူကမှ ဘယ်တော့မှ ဆရာလေး ဟု တလေးတစား ခေါ်စရာအကြောင်းသည် ရှိမလာနိုင်ဟု ကျွန်တော် စိတ်နှလုံးဖြင့် တစ်ဖက်သတ် ပြစ်မှားကျူးလွန် အထင်သေးခဲ့မိသည်။ (မှတ်ချက်...ထိုအတွေးမှာ ကျွန်တော် စာတွေ မဖတ်ခင် သို့မဟုတ် ကျွန်တော် စာရေးဆရာ၊ ကဗျာဆရာတစ်ယောက် မဖြစ်ခင်က အတွေးဖြစ်ပါသည်)
ယခု ကျွန်တော် စာတွေ ဖတ်ခဲ့ပြီး စာပေလောကတွင်လည်း နေရာလေးတစ်နေရာ ရလာခဲ့ပါပြီ။
ထိုစဉ်က အတွေးအား ယခု ကျွန်တော်က အကြောက်ကြီး ကြောက်နေမိရပါသည်။ ကျွန်တော့်အဖြစ်က မိန်းမပျိုလေးအား ကူညီခဲ့သောရဟန်းအား စိတ်ဖြင့် ပြစ်တင်ကဲ့ရဲ့ခဲ့လေသော ရဟန်းထက် ဆိုးရွားခဲ့ပါသည်။ ကျွန်တော့်စာဖတ်သက်တို့ ရင့်သန်လာလေလေ ကျွန်တော့်အသိဉာဏ်တို့ ဖွံ့ဖြိုးလာလေလ ကျွန်တော် တွေးမိတိုင်း ကြောက်နေမိသည်။ကျွန်တော့်အမှားကို ကျွန်တော် ကြေက်နေမိသည်။
သေချာတွေးကြည့်တော့ ကျွန်တော့်သူငယ်ချင်းသည် ကျောင်းတုန်းက ကျွန်တော့်လောက် စာကို ကြိုးစားအားထုတ်မှု မရှိခဲ့ခြင်းမှာ မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော် ယခု လက်ရှိအချိန်တွင် သူသည် ဆရာကောင်းတစ်ယောက်အဖြစ် တပည့်ပေါင်းများစွာကိုမွေးထုတ်ပေးနိုင်နေပြီမှာ ကျွန်တော် လက်မခံလို့မရသော သူ၏ တာဝန်ကျေမှု သူ၏ ပေးဆပ်မှုသာဖြစ်ပါသည်။
ကျွန်တော့်လောက် စာမတော်ဘူးဟု ကျွန်တော် ထင်ခဲ့သောသူသည် ကျွန်တော့် ထက်တော်သော တပည့်များစွာကို မွေးထုတ် ပေးနိုင်နေလေပြီ။ သူ့အား ငါ့လောက်မတော် ဟု ထင်ခဲ့မိသောကျွန်တော့်မှာ စာတွေလည်း မဖတ်မိသလို ယခုကဲ့သို့ စာရေးဆရာတစ်ယောက် လည်း ဖြစ်မလာခဲ့ပါဟု ဆိုလျှင် ကျွန်တော့်အဖြစ်က သူတပါးအား ကူညီခဲ့သော ရဟန်းအား စိတ်ဖြင့်ပြစ်မှားမိရင်း သူကိုယ်တိုင် အပြစ်ဖြစ်နေခဲ့ရသော ရဟန်းတစ်ပါး၏ အဖြစ်ထက် သာလွန်စွာ ဆိုးရွားနေမည်မှာ မလွဲဧကန်ပဲ ဖြစ်သည်။
ကျွန်တော် မှားခဲ့ပါသည်။ သို့သော် ကျွန်တော့်သူငယ်ချင်းသည် ထိုစဉ်က ကျွန်တော့်အမှားကို မသိ။ သူမှ မဟုတ် အခြားမည်သူမှလည်း မသိခဲ့ပါပေ။ သို့သော် လူသိရှင်ကြား မှားခဲ့ဖူးသော အမှားထက် လူမသိ သူမသိ မှားခဲ့ဖူးသော အမှားက ကျူးလွန်မှားယွင်းခဲ့ဖူးသူကို ပို၍ ခြောက်လန့် စေတတ်ကြောင်းကို ကျွန်တော်သိနေခဲ့တာ ကြာပါပြီ။
ကိုရီးယားသင်္ဘောမှောက်မှုတွင် သူ့အမှားသူ တာဝန်ယူသွားသော ဒုတိယကျောင်းအုပ်ကဲ့သို့ လောကကြီးထဲက အပြီးတိုင်ထွက်သွားဖို့ ကျွန်တော့် အတွက် မလိုအပ်သော်မှ အမှားအတွက် သူ့တာဝန်သူ ကျေပွန်စွာဖြင့် မြို့သစ်ဆိုသော မထင်မရှား မြို့ကလေးမှာ ဆရာ့ထက်တော်သော တပည့်ပေါင်း များစွာကိုမွေးထုတ်ပေးနေသည့် သူ့ကိုတော့ ကျွန်တော် ဝန်ချတောင်းပန်ချင် နေမိသည်။
ကျွန်တော်သည် ကျွန်တော့်အမှားကို သူ့ထံဖွင့်ချပြရင်း ကျွန်တော့်သိက္ခာကို ဆယ်ချင်နေမိသည်။ မှားခဲ့သည့်အမှားကို သူငယ်ချင်းထံဖွင့်ဟ မတောင်းပန်ခဲ့ရပါမူ ထို့ထက်ကြီးလေးသော ပြစ်ဒဏ် မရှိတော့ဟု ကျွန်တော်ခံစားနေမိ၏။
ကျွန်တော် သေချာပြန် သုံးသပ်ကြည့်တော့ သူက သူနေထိုင်သော ကျွန်တော့်မြို့ကလေး မြို့သစ်နှင့်တူပြီး ကျွန်တော်က မြို့ကလေး၏ အစွမ်းအစကိုမသိဘဲ ယိုးစွပ် ပြစ်တင်တတ်လေသာ လူ့ဗာလာတစ်ယောက်နှင့် တူနေလေသည်။ သူသည် ဆရာဗန်းမော်တင်အောင်ပြောသည့် ”လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့တိုင်းတာရမှာ” ဆိုသည့်အဆိုအမိန့်နှင့် ကိုက်ညီပြည့်စုံသော လူတစ်ယောက်ဖြစ်၏။ အကယ်၍ သူနှင့် ကျွန်တော် ပြန်ဆုံဖြစ်ခဲ့လျှင် မြို့ကလေး၌ တာဝန်ကျေကျေရှိနေမည် ဖြစ်သော သူ့အား ကျွန်တော့်အမှားတို့အား ပြောပြတောင်းပန်ပြီး ဦးညွှတ်လိုက်ချင်ပါသည်။
ကိုယ့်အမှားကိုယ်သိသော လူတစ်ယောက်အဖြစ် ကျွန်တော် တစ်သက်လုံး လိပ်ပြာသန့်သွားချင်၍ပဲ ဖြစ်ပါသည်။
လူခါး
ဆရာလေး ဟု သူတပည့်တွေ ချစ်စနိုးခေါ်သည့်
သူငယ်ချင်းသို့
ကသစ်မြေ ရွှေရတု မဂ္ဂဇင်း၊၂၀၁၆ခုနှစ်
No comments:
Post a Comment