Sunday 1 January 2023

‘ကျွန်တော် မရေးရသေးသည့် လူကြိုက်များဦးမည့် ဝတ္ထု’


                        ()

ဝတ္ထုမရေးဖြစ်တာ ကြာပြီ။ ဝတ္ထုရေးမည်ကြံလိုက်တိုင်း ကျွန်တော့်ဝတ္ထုများကို ဖတ်ဖူးသူတို့၏  ပြောစကားများက နားထဲ ပြန်ပြန်ဝင်လာတတ်သောကြောင့် ဖြစ်သည်။


မင်းဝတ္ထုတွေကလည်း မင်းသမီးလည်း မပါဘူး။ ပြီးတော့မွဲတဲ့အကြောင်း၊ ဒုက္ခရောက်တဲ့အကြောင်း၊ အနိုင်ကျင့်ခံရတဲ့အကြောင်းတွေချည်းပဲ။ဝတ္ထုဆိုတာ ရေခဲရေတစ်ခွက် လည်ချောင်းထဲ လောင်းထည့်လိုက်သလို အေးခနဲ ဖြစ်သွားမှ ကြိုက်တာကွ


သို့နှင့် ကျွန်တော့်မှာ ရေးမည်ဟန်ပြင်ထားသည့် ဝတ္ထုတို့ကို ရပ်ပစ်ခဲ့ရတာ်ချည်း ဖြစ်သည်။ ယခုတော့ ကျွန်တော် ဝတ္ထုရေးတော့မည်။ စာရေးစာပွဲမှာ ထိုင်မိပြီ။ စာရေးစာပွဲတဆို၍အကောင်းစား စားပွဲကြီးမဟုက်။ အင်းစိန် ရွာမထဲက လက်သမားဆရာဆီမှ ဝယ်လာခဲ့သော လေးထောင့်ငါးရာတန်အထပ်သား စားပွဲပုကလေးဖြစ်သည်။ သို့သော် ၊ကိစ္စမရှိ။ စားပွဲက အဓိကမဟုက်။ ဝတ္ထုပြီးမြောက်ဖို့က အဓိက။ 


ယခု ဝတ္ထုကို ဖက်ကာ ကျွန်တော်ဝတ္ထုကိုဖတ်ဖူးသောသူတို့ကျွန်တော်ရေးတာမှ ဟုက်ပါလေစဟုအံအားသင့်သွား စေရမည်။ယခင်ကမင်းဝတ္ထုတွေဖတ်ရတာ ဘာမှမရဘူးဟု ဆိုခဲ့သူတို့ ယခုဝတ္ထုကို ဖတ်ကာ တလုံးတခဲကြီး ရသွားစေရမည်။မင်းဇာတ်ကောင်တွေကလည်း ကျောမွဲလူတန်းစားတွေချည်းပဲဟု ဆိုသူတို့အဖို့ ယခုဝတ္ထုထဲမှ ကျွန်တော့်ဇာတ်ကောင်တွေကိုကြည့်ကာ ဘာလူတန်းစားဟုပင် ပြော၍ရတော့မည်မဟုက်။ အဲ့သည်လောက်ထိ ဖြစ်သွားစေရမည်ရေးကို ရေးရတော့မည်။ 


ရေးတော့မည်ဆိုမှ သူတို့ပြောသော စကားများကို သတိရမိပြန်သည်။ ဖြစ်နိုင်လျှင် ကျွန်တော်လည်း ကားအကောင်းစားကြိးစီး၊ နိုက်ကလပ်သွား၊ ပန်းကုံးစွပ်၊ အထင်ကရ ကရိတ်မန်းကြီးကဲ့သို့ နေထိုင်စားသောက်သည့် ဇာတ်ကောင်များ ပါဝင်မည့် ဝတ္ထုများကို ရေးချင်ပါသည်။ သို့သော် ကျွန်တော်ကိုယ်တိုင်ကမှ မွဲနေပါလျှင် ကျွန်တော်ဖန်တီးသော ဇာတ်ကောင်တို့သည်လည်း အဘယ်မှာလာ၍ ချမ်းသာနိုင်လိမ့်မည်နည်း။ ဝတ္ထုဆိုတာ ကိုယ်ပိုင်တွေ့ကြုံရတာကို ဖန်တီးပြုလုပ်မှုနည်းနည်းဖြင့် ပေါင်းစပ်ပြုလုပ် ထားသည့် အနုပညာပစ္စည်းဟု ဆိုကြသည်။ ဝတ္ထုတွင် ဇာတ်လမ်းပါရမည်။ ဇာတ်ကွက်ပါရမည်။ အဖိ၊ အဖော့၊ အတင်၊ အချ ပါရမည်။မပြောနဲ့ပြဟု ဆိုကြသည်။ နောက်ဆုံးဇာတ်သိမ်းလိုက်ချိန်တွင် လက်ထဲကစာအုပ် လွတ်ကျသွားရမည်ဟု ဆိုကြသည်။


ကျွန်တော်ကတော့ ကျွန်တော့ဝတ္ထုတို့ကို ဖတ်လိုက်မိလျှင် နိဗ္ဗာန်ရောက်သွားနိုင်လောက်အောင် သိမြင်ပွင့်လင်းသွားလိမ့်မည်ဟုတော့ အာမဘန္တေ မခံရဲသည်က အမှန်။ ကျွန်တော်ကိုယ်၌ကပင် ဘယ်ဝတ္ထုတိုသင်တန်း၊ ဘယ်ဝတ္ထုတိုကျောင်းဆင်းမှ မဟုက်သည့်နည်းတူ ကျွန်တော့်ဝတ္ထုများကလည်း ဆိုက္ကားသမားများမှပေးသော၊ ကုန်တင်ကုန်ချ အလုပ်သမားများမှ ပေးသော၊ အဖိနှိပ်ခံ လူတန်းစားများမှ ပေးသော ဝတ္ထုတိုများချည်းသာ ဖြစ်၍နေသည်။ ဖြစ်နိုင်လျှင် ကျွန်တော့်ဇာတ်ကောင်တွေကို ဘရပ်ပစ်တို့ စီရော်နယ်ဒို တို့ စီးသော ကားများပေါ်တွင် နန်းခင်ဇေယျာတို့ ချစ်စနိုးဦးတို့လို ချောမောသူများနှင့် တွဲစေကာ ရန်ကုန်မြို့ကြီးတွင် ရှော့ပင်းထွက်စေချင်ပါသည်။


သို့သော် ကျွန်တော်မရေးနိုင်။ အခြားနိုင်ငံများမှာ ဝတ္ထုများကို မှီးကာ ရေးသားရလောက်အောင်လည်း ကျွန်တော်၏ အရည်အချင်းမှာဣတိပိသော ဘဝဝါလောက်သာရှိသဖြင့် ဘယ်လိုမှ မတတ်နိုင်။ ယခုတော့ ထိုသို့သော အခက်အခဲတွေကို ကျော်လွှားဖို့ ကျွန်တော်ကိုယ်ပိုင် ဇာတ်ကောင်တွေ့ထားပြီး။ ကျွန်တော်ရေးတော့ မည်။ ကျွန်တော်၏ ယခင်ဝတ္ထုများတုန်းကလို ဘာလူတန်းစား ညာလူတန်းစားဟု ခေါင်းစဉ်တပ် အပြစ်တင်၍ ရတော့မည်မဟုက်။ပါးချိုင့်ကလေးနှစ်ဖက်နှင့် တင် ရင် ဖွံ့ထွားပြီး ကြေးရတက်ဖြစ်ကာ ကိုယ်ပိုင်ကားမောင်းသည့် မင်းသမီးမျိုးလည်း ရမ်းကျိတ်ပြီး ထည့်စရာမလိုတော့။ ကျွန်တော် မဝတ်ဖူးသည့် သိန်းကျော်တန်အဝတ်အစားများ လည်း ကျွန်တော့်ဇာတ်ကောင်များအား ဝတ်ခိုင်းစရာ မလိုတော့။ ယုတ်စွအဆုံး ကျွန်တော့်ဇာတ်ကောင်သည် ဘာလုပ်စားပါသည်ဟုပင် ယုတ္ထိ ယုတ္ထံဖြစ်စရာများကို ထည့်သွင်းရေးပြစရာ မလိုတော့။ အကြောင်းမှာ ကျွန်တော့်ဇာတ်ကောင်သည် လူတစ်ယောက် မဟုက်သောကြောင့်တည်း။


()


ကျွန်တော့်ဇာတ်ကောင်သည် ခွေးတစ်ကောင် ဖြစ်သည်။

ထိုကောင့်ကို ကျွန်တော်တွေ့ထားသည်မှာ ကြာပြီ။ တွေ့တွေ့ချင်း ထိုကောင့်နာမည်ကို အရင်ဆုံးစိတ်ဝင် စားမိလိုက်သည်။ ထိုကောင့်နာမည်ကရုပ်ဆိုး လူတို့သည် မိမိတို့အိမ်၌ မွေးထားလေ့ရှိသော တိရ စ္ဆာန်များကို ဖြူဖွေး၊ ရွှေဝါ၊ ရန်လုံ၊ ခြံလုံ စသဖြင့် ချစ်စဖွယ် နာမည်များကိုသာ မှည့်ခေါ်လေ့ရှိသည်ကို တွေ့ခဲ့ရဖူးသော ကျွန်တော်က ထိုကောင်၏ နာမည်ကို ကြားလိုက်စကပင် စိတ်ဝင်စားသွားသည်။ ထိုကောင်၏ အသက်မှာ ခွေးတစ်ကောင်နေရမည့် သက်တမ်း၏ လေးပုံသုံးပုံခန့် ရှိပြီဟု ခန့်မှန်းရသည်။ ထိုကြောင့် ထိုကောင်သည် ခွေးအိုတစ်ကောင်ဖြစ်ကြောင်း ကျွန်တော်မပြောလည်းသိလောက်ပါပြီ။ ထိုကောင့်မှာ သွားများမရှိတော့။ ညာဘက်မျက်လုံးပေါ်မှ ကန့်လန့်ဖြတ်ဓားဒဏ်ရာ အမာရွတ်ကြီးကြောင့် ထိုကောင့်နာမည်မှာ ပို၍အသက်ဝင်လှ သည်။ အရောင်က အဝါရောင်၊ အရပ်က ပုသည်။ ထိုကောင်၏ လှုပ်ရှားမှုမှာ ဆယ်ထပ်တိုက်ပေါ်မှ ဟန်ဘာဂါစား ရသော ခွေးတစ်ကောင်ကဲ့သို့ တက်တက်ကြွကြွ မရှိ။


သို့သော် ထိုကောင်သည် အလွန် ဣန္ဒြေရသည်။ ကျွန်တော်ရေးမည့်ဝတ္ထုတွင် ထိုအကြောင်းက အဓိကကျောရိုး။ ခေါင်းစဉ်ကိုလည်း လှလှလေးပေးမည်။သည်မောင့် ဣန္ဒြေ နှိပ်ပြီ။ ခေါင်းစဉ်ကအစ စာဖတ်သူကို ဖမ်းစားနိုင်တော့မည်။ ထို့နောက် ဝတ္ထုအဖွင့်ကို ရေးရမည်။ ဝတ္ထုတစ်ပုဒ်၏ အဖွင့်သည် မင်္ဂလာ စကားပြောမည့် ဘိတ်သိတ်ဆရာ၏ စကားကဲ့သို့ အလွန်အရေးကြီးကြောင်း ကျွန်တော်ဖတ်ထားဖူးသည်။ အချို့ကလည်း ဝတ္ထုတစ်ပုဒ်၏ အဖွင့်က စာဖတ်သူကို ရှေ့ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်နိုင်မှု ရှိရမည်ဟု ဆိုကြသည်။ စဉ်းစားရင်း စဉ်းစားရင်း လီယိုတော်လ်စတွိုင်း၏စစ်နှင့် ငြိမ်းချမ်းရေးဝတ္ထုကြီး၏ အဖွင့်က ခေါင်းထဲဝင်လာသည်။ ‘Eh bien, mon Prince’ ဆိုပြီး စထားသည်။ ဘာသာစကားမှန်းမသိ။ အင်္ဂလိပ်စကားတော့ မဟုတ်။ သို့သော် ထိုဝတ္ထုကြီးမှာ ဂန္တဝင် ဝတ္ထုကြီးဖြစ်သွားသည်။ ထိုအတိုင်း ဖွင့်ရမည်လား။ ထိုအတိုင်း ဖွင့်ရမည်ဆိုလျှင်ကိန် -- ကိန်ဟု ရေးပြီး စလိုက်ရမလား။ မဖြစ်သေးဘူး ထင်ရဲ့။ ခေါင်းစဉ်ထဲမှာ ခွေးဆိုသည့် အသုံးအနှုန်းမပါပေမယ့်ကိန် -- ကိန်ဟု ဖတ်လိုက်ရသည်နှင့်ဟင်--ခွေးအကြောင်းကြီးပါကွာဟု တွေးကာ စာအုပ်ကို ပစ်ချလိုက်ကြမည်မှာ မလွဲ။ ဝတ္ထုထဲတွင် ခွေးက ဇာတ်ကောင်ဖြစ်ကြောင်း ဝှက်ထားရမည်။ စာဖတ်သူ သိ၍မဖြစ်။ ဇာတ်ကလွယ်လွယ်ရထားတာမဟုတ်။


ထိုအကောင့်အကြောင်းကို ရေးဖို့ကျွန်တော့်မှာ နှစ်လလောက် လေ့လာခဲ့ရသည်။ ထိုကောင်သည် စားသည့်အချိန်မှ လွဲလျှင် အချိန်ပြည့် တုံးလုံးလှဲနေတတ်သည့်အကောင် ဖြစ်သည်။ ဒါတောင် အိပ်ပြီး စားလို့ရလျှင် စားချင်သည့်ဆန္ဒသည်ကောင့်မှာ ရှိနေလောက်သည်။ ဒါကို ကျွန်တော့်က ဣန္ဒြေကြီးသည်ဟု အမွှန်းတင်ထားမည်။


ထိုကဲ့သို့ ဣန္ဒြေလှသော အကောင်ကြီး လှုပ်ရှားလာရသောနေ့မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်သို့ ခွေးပျိုဖျန်းမကလေး ရောက်လာသော နေ့ဖြစ်သည်။ ထိုကောင်မလေးမှာ အမွေးဖွှားကလေး ဖြစ်သည်။ သူ့သခင်များ အိမ်ပြောင်းရာတွင် လိုက်ပါလာခြင်း ဖြစ်သည်။ ထိုနေ့က ထိုကောင်နှင့် ထိုကောင်မလေး တွေ့ကြုံပုံကို ကျွန်တော်အလွတ်နီးပါး ရသည်။ ဟိုနား တတွဲတွဲ၊ သည်နား တတွဲတွဲ။ ပြေးလိုက် လွှားလိုက်။ ကလူ၏သို့ မြူ၏သို့။ ပျော်နေကြသည်။


ပြဿနာက ထို့ကဲ့သို့ တွေ့ကြပြီး နှစ်ပါတ်လောက်တွင်မှ ဖြစ်သည်။ ချစ်သူတွေဖြစ်ပြီး လက်ထပ်မည်ကြံ ကာမှ မိဘက ခွဲခွာခြင်း ခံလိုက်ရသော သမီးရည်စား စုံတွဲကဲ့သို့ ထိုနှစ်ကောင်ကွဲသွားတော့သည်။ ထိုကောင်မလေး၏ သခင်များက ခြံစည်းရိုးပေါက်များကို ဖာထေးပစ်လိုက်ကြပြီး ထိုကောင်မလေးကိုလည်း ခြံထဲသွင်းထား လိုက်ကြတော့သည်။ ခွေးမဆိုထားနှင့် ကြောင်တစ်ကောင်ပင် ဝင်ထွက်သွားလာ၍ မရတော့။


ကျွန်တော့် ဇာတ်လိုက်ကြီး ဘယ်လိုဖြစ်နေသည် ထင်သနည်း။ ထိုအမွှေးဖွားမလေး ထွက်လာလေ့ရှိသော အပေါက်နားတွင် အချိန်ရှိသ၍ သွားစောင့်နေသည်။ အစပိုင်းရက်များကတော့ ကျွန်တော့် ဇာတ်ကောင်ကြီးမှာ အစာစားသေးသည်။ နောက်ပိုင်းအစာပင် မစားတော့။ ခေါ်ကျွေး၍လည်းမစား။ သွားပွေ့လျှင်လည်း ပြန်ပြေးသွားတတ်သည်။ သူရှိနေသော နေရာတွင် အစာခွက် သွားချပေးပါကလည်း နမ်းရုံသာ နမ်းကြည့်ပြီး တို့မကြည့်ချေ။


ဒါကို ကျွန်တော်က ဝတ္ထုဖွဲ့မည်။ ထိုကဲ့သို့ နွားအိုမြက်နုကြိုက်သော ဝတ္ထုတွေ အခြားဆရာများဖွဲ့ဖူး သော်လည်း ကျွန်တော့်ဝတ္ထုလောက် အသက်ဝင်ပီပြင်လိမ့်မည် မဟုက်။ နောက် ကျွန်တော့်ဝတ္ထုက အားသာသည့် အချက်မှာ ဇာတ်ကောင်က ခွေးဖြစ်နေခြင်းပင်။ လူအကြောင်း ရေးရတာ ခွေးအကြောင်း ရေးရသလောက် ခက်သည်ဟုကျွန်တော်မထင်။ လူတွေ ဣန္ဒြေပျက်ကာ ဖောက်ပြန်သည့်အကြောင်းကို လူက ရေးသည်မှာ သိပ်စိတ်ဝင်စားဖို့ ကောင်းမည်မဟုက်။ ကလောင်သစ်ဆိုလျှင် ကျော်၍ပင် ဖတ်သွားခြင်းခံရလိမ့်ဦးမည်။ 


ယခုကျွန်တော်ရေးမည်က ဣန္ဒြေသိက္ခာကြီးမားသော ခွေးအိုကြီးက လှပသော ခွေးပျိုမလေးနှင့် တွေ့ပြီး အရာအားလုံး ဖောက်လွဲဖောက်ပြန်ဖြစ်သွားသည့်အကြောင်း။ လူစိတ်မဝင်စားသော ဆီမီးခွက်ကလေးအကြောင်း ကို စိတ်ဝင်စားအောင် ရေးတတ်သူသာ စာရေးကောင်းသူလို့ ဆိုထားသည့်အဆိုအမိန့်နှင့်လည်း ကွက်တိ။ သက်ရှိနှင့်သက်မဲ့သာ ကွာသည်။ ဝတ္ထုနှင့် စာဖတ်သူ၏ အကွာအဝေးတို့ ဘာတို့လည်း ပြောစရာ မရှိတော့။ ရေးမှာကခွေးအကြောင်း။ ခွေးမှ နေရာတိုင်း၊ လမ်းတိုင်းတွင် တွေ့ရလေ့ရှိသော ခွေးအိုကြီး တစ်ကောင် အကြောင်း။ စာဖတ်သူနှင့် ဝေးစရာ မရှိ။ နောက်ဆုံး ဇာတ်သိမ်းခန်းတွင် ထိုခွေးအိုကြီးနှင့် ခွေးပျိုမလေးတို့ ပြန်ဆုံခွင့် မရတော့ဘဲ မျှော်တလင့်လင့်ဖြစ်ရင်း ခွေးအိုကြီး၌ ရောဂါစွဲကပ်ကာ သေလုမျောပါး ဖြစ်လာပုံကို စာဖတ်သူ ရင်ထဲ နင့်ခနဲဖြစ်သွားအောင် ရေးဖွဲ့ပစ်လိုက်မည်။ ကိုယ်တွေ့ကြုံတွေ့နေရသူတွေက ငါနှင့် တူလှပါကလားဟု စုပ်သပ်ကြမည်။ ကိုယ့်မိန်းမကို အဆီပိတ်ကြီးတစ်ယောက်က ငွေနှင့် မျှားတာကို ခံခဲ့ရဖူးသူတို့က ဒီခွေးကြီးသေမှ အေးမည်ဟု ဝိုင်းပြီးသြဘာပေးကြမည်။ စာဖတ်ပရိတ်သတ် မည်မျှ ကြိုက်လိုက် မည်နည်း

ထိုကဲ့သို့ ဇာတ်မသိမ်းခင် ထိုခွေးအိုကြီးမှာ မကြာသေးခင်ကမှ အများပြည်သူရှေ့မှ ပျောက်သွားကာ သင်္ခါရသဘောတရားတွေကို မလွန်ဆန်နိုင်ရှာဘဲ တစတစ အိုမင်းရင့်ရော်လာသော လူ့ချဉ်ဖတ်ကြီးတစ်ယောက် ဖြစ်သည်ဟု ပါးပါးကလေး ပြခဲ့မည်။ ထိုခွေးအိုကြီး အစွဲလန်းကြီး စွဲလန်းခဲ့သောခွေးပျိုမလေးမှာ လူ့ဘဝ၏ မက်မော တွယ်တာဖွယ်ရာ ဂုဏ်ဒြပ်၊ ခြွေရံသင်းပင်းများပင် ဖြစ်သည် ဟူ၍လည်း စာဖတ်သူ တွေး၍ ရအောင် အစကလေးတစ်စ ထုတ်ပြခဲ့မည်။


ကဲ ဘယ်လောက်ကောင်းလိုက်မည့် ဝတ္ထုလဲ။ ကံဇာတာ စန်းထလျှင် စာဖတ်သူအကြိုက်ဆုံးဆုတွေ ဘာတွေပင် ရနိုင်သေးသည်။ တစ်ပုဒ်ဆို တစ်ပုဒ်မှန်း သိသိကွာ ဟူ၍လည်း စာဖတ်သူတို့ နှစ်ထောင်အားရ ရှိကြပေလိမ့်မည်။ ခေတ်ပြိုင်ခံစားမှုဟု သုံးနှုန်းကြသော နိုင်ငံရေးအခြေအနေများလည်း ပါသည်။ မည်သည့်ဂုဏ်ဒြပ်တို့ကို မဆို နောက်ဆုံး၌ ထားခဲ့ရမည်သာ ဖြစ်သည်ကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော တရားသဘောတို့နှင့် ယှဉ်၍ သိသွားစေနိုင်သည်။ ဇာတ်ကောင်များက စကားမပြောတတ်ဘဲ ဟန်အမူအရာနှင့်သာ လှုပ်ရှားတတ်သောတိရိစဆာန်များ ဖြစ်နေခြင်းကြောင့်လည်း မင်းဇာတ်ကောင်တွေက စကားကြီး စကားကျယ် မပြောတတ်ဘူး ဟူသော အသံများလည်း တိတ်သွားပေလိမ့်မည်။


ထို့ထက် သေချာသော အချက်မှာ ထိုဝတ္ထုကြီး ပြီးမြောက်သွားလျှင် ရုပ်ရှင်ရိုက်ချင်သော နာမည်ကြီး ဒါရိုက်တာများက အလုအယက် လာဝယ်ကြလိမ့်ဦးမည်။ ထိုအခါ ကျွန်တော်က ထိုဝတ္ထုကြီးမှာ ရုပ်ရှင်ရိုက်ဖို့ ရေးခဲ့ခြင်း မဟုက်ကြောင်း ပြောပြီး ငြင်းပစ်လိုက်မည်ဟု စိတ်ကူးထားပါသည်။





လူခါး

    Faces, January, 2014

No comments: