မန်ကျည်းရွက်တွေ နုပြီ။
နှစ်တိုင်း သည်လိုအချိန်ရောက်ရင် ကျွန်တော်တို့ရွာမှာ မန်ကျည်းရွက်တွေ နုပြီ။ တစ်နွေလုံး ခြောက်သွေ့နေလေ့ရှိသော မန်ကျည်းကိုင်းမာကျစ်ကျစ်တွေဆီမှ အစိမ်းနုရောင် မန်ကျည်းရွက်နုနုလေးများကို မြင်သည်နဲ့ မန်ကျည်းရွက်တွေ “နုပြီဟေ့..” လို့ ကျွန်တော်တို့ကလေးတွေ တစ်ယောက်နှင့် တစ်ယောက် အော်ပြောဖြစ်ကြပြီ။ လွယ်အိတ်ထဲက ကျောင်းစာအုပ်အုပ်တွေကို ထုတ်ပြီး မန်ကျည်းရွက်တွေ ထည့်ဖို့လွယ်ရင်း မန်ကျည်းပင်များဆီပြေးရပြီ။
ထိုသို့ မန်ကျည်းပင်များဆီ အပြေးတစ်ပိုင်းနှင့် သွားတိုင်း “လူလေး..ရေ..၊ အမြင့်ကြီးတွေ မတက်နဲ့နော်..” ဟူသော အမေ၏ အသံကလည်း နောက်ကျောဘက်မှ ကပ်ပါလာလေ့ရှိသည်။
သို့သော် မိဘများ၏ အသံကို ကျွန်တော်တို့ ဂရုမစိုက်အားပါ။ ဘယ်မန်ကျည်းပင်က အများဆုံးနုနေပြီလဲဆိုသည့် အတွေးနှင့် သိသမျှ မန်ကျည်းပင်ကြီးများဆီ တစ်ခေါက်ပြေးကြည့်ရသည်။
ကျွန်တော်တို့ အိမ်ဝိုင်းထဲတွင် မန်ကျည်းပင်ရှိသော်လည်း အချိုမျိုးဖြစ်ပြီး အရွက်က နောက်ကျမှ ထွက်တတ်သည်။ တစ်ရွာလုံး ရှိသမျှ မန်ကျည်းပင်တွေ အကုန်နုပြီး မန်ကျည်းရွက်မုန်းချိန်ရောက်မှ သူက ထွက်တတ်တာမျိုး။ ပြီးတော့ မချဉ်။ ဖန်သည်။
သည်တော့ ဦးဦးဖျားဖျား ထွက်သော မန်ကျည်းပင်များကို ကျွန်တော်တို့ သူများထက်ဦးအောင် တက်နိုင်ဖို့၊ ခူးနိုင်ဖို့ ကြိုးစားကြရသည်။ မန်ကျည်းရွက်တွေကို လွယ်အိတ်ထဲ အပြည့်ထည့်လွယ်ရင်း အမေ့ဆီပြန်ပြေးရတာကပင် ကလေးဘဝ၏ ဂုဏ်ယူစရာ အရသာတစ်ခုပင်။
လမ်းတွင်တွေ့သော သူများက “ဟဲ့ကောင်လေး..လွယ်အိတ်ထဲက ဘာတွေလဲ..” ဟု မေးလျှင် “မန်ကျည်းရွက်တွေဗျ..”ဟု လွယ်အိတ်ကို ပုတ်ပြပြီး ဖြေရသည်ကလည်း ကလေးဘဝ၏ အောင်ပွဲတွေထဲက တစ်ခုပင်ဖြစ်သည်။
သို့သော် မန်ကျည်းရွက်နုစအချိန်တွင် လွယ်အိတ်တစ်လုံးပြည့်အောင်ရဖို့ဆိုသည်မှာ ထင်သလောက်မလွယ်။ မန်ကျည်းရွက်တွေ စနုပြီဆိုတာနှင့် ဘယ်သူ့အပင်က အရင်ဆုံးစနုသလဲ၊ ဘယ်အပင်က ခူးရလွယ်သလဲ၊ ဘယ်အပင်က တက်ရခက်သလဲဆိုသည့် အခြေံအချက်ကလေးများကို နှောကြေနေရသည်။
ကျွန်တော်တို့အိမ်၏ တောင်ဘက်မှ အရီးတင်တို့ အိမ်အနောက် ခရိုးက မန်ကျည်းပင်များဆိုရင် မြင့်သည်။ အပင်ခြေက တုတ်ပြီး ကျွန်တော်တို့လို ကလေးတစ်ယောက်၏ လက်တစ်ဖြင့် ဖက်လို့မမီသဖြင့် တက်ရခက်သည်။ ရင်ဘတ်များပွန်းသည်။ သို့သော်အပင်ပေါ်ရောက်သည်နှင့် စိတ်ကြိုက်ခူးလို့ရသည်။ ကိုင်းလက်တက်များ များသဖြင့် တစ်ကိုင်းနှင့်တစ်ကိုင်း ခြေလှမ်းလိုက်ရုံနှင့်ရောက်ပြီး မန်ကျည်းရွက် ရလွယ်သည်။
ကျွန်တော်တို့အိမ်အနောက်ဘက်က ဂျီးဂျိးအုန်းရင်၏ မန်ကျည်းပင်များကတော့ ထိုသို့မဟုတ်။ အပင် သေးသည်။ တက်ရလွယ်သည်။ သို့သော် မန်ကျည်းရွက်က သိပ်များများရလေ့မရှိ။ တစ်ခါချက်စာသာ ရတတ်သည်။
ရွာဦးကျောင်းကန်ပေါင်ပေါ်က အပင်များဆိုရင်တော့ တက်ရလည်း လွယ်သည်။ ခူးရလည်း လွယ်သည်။ သို့သော် မန်ကျည်းရွက် များများစားစား ရလေ့မရှိ။ လူတကာ လာတက်ပြီး ခူးတတ်သောကြောင့် ဖြစ်သည်။
ကျွန်တော်တို့အိမ် မြောက်ဘက်တစ်အိမ်ကျော်မှ ရီးလုံးတင်တို့ ခြံစည်းရိုးတွင်လည်း မန်ကျည်းပင်ရှိသည်။ တက်ရလည်း သိပ်မခက်၊ ခူးရတာလည်း အဆင်ပြေသည်။ အောက်ကနေ မော့ကြည့်လိုက်လျှင် စိမ်းစိုစို မန်ကျည်းရွက်နုကလေးများကို လှမ်းမြင်နေရသည်အထိ အရွက်နု များသည်။
ကျွန်တော်က ထို မန်ကျည်းပင်များကို အဓိကထား တက်တတ်သည်။ အိမ်နှင့်လည်း နီးသည်။ တက်သူလည်း သိပ်မရှိ။ တစ်ယောက်တည်း ခူးနေရချိန်မျိုးဆိုလျှင် တွံတေးသိန်းတန်၏ အသီးတစ်ရာ အညှာတစ်ခုကနေ ငှက်ခါးမှလေးပြန်လာပါ အလယ် ဟင်္သာတထွန်းရင်၏ အမေ့အသည်းမှ ပြောစကား စတဲ့သီချင်းတွေ တစ်ပုဒ် ပြီးတစ်ပုဒ် ပြောင်းဆိုရင် မန်ကျည်းရွက် တစ်လွယ်အိတ်ကို တစ်ခဏအတွင်း ရအောင်ခူးနိုင်သည်။
မန်ကျည်းရွက် တစ်လွယ်အိတ်ရသည်နှင့် အိမ်သို့ အပြေးပြန်ကာ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသော အမေ့ကို “အမေ့..မန်ကျည်းရွက်တွေရလာပြီ..”ဟု ပြောရင်း မန်ကျည်းရွက် လွယ်အိတ်ကို အမေ့လက်ထဲ ထည့်လိုက်ရသည့် တစ်ခဏသည် ကျွန်တော့်အတွက် ကမာကြီးတစ်ခုလုံး အမေ့လက်ထဲ ထည့်လိုက်ရသလို။
အမေက ပြုံးကြည့်ရင်း ကျွန်တော်ပေးသော မန်ကျည်းရွက်များကို နှီးဗန်းအကြီးကြီးထဲသို့ထည့်ကာ သူ့လက်ကလေးများဖြင့် ဖြန့်ဖြန့်ပြီး မန်ကျည်းရွက်များကို သင်တော့သည်။
မန်းကျည်းရွက်ခူးသည့်အခါ အပျင်းခူးနှင့် တွေ့သမျှ မန်ကျည်းရွက် သပ်ချပြီးခူးလျှင် အကိုင်းအစအနလေးများ ပါတတ်ပြီး စိတ်ပါလက်ပါ ခူးလျှင်တော့ မန်ကျည်းရွက်ကလေးများချည်းသာ သန့်သန့်လေး ပါတတ်သည်။ ကျွန်တော်က မန်းကျည်းရွက် ခူးပြီးတိုင်း ဘောလုံးကွင်းကိုလည်း ပြေးတတ်သဖြင့် အချိန်ရလျှင် ရသလို သေသေချာချာလေး ခူးသည့်နေ့ ရှိသလို လက်တိုက် သပ်ချတတ်သောနေ့လည်း ရှိသည်။
သို့သော် အမေက ဘာမှ မပြော။ ကျွန်တော် ခူးလာသည့် မန်ကျည်းရွက် နုကလေးများသည် အမေ့လက်ထဲ ရောက်သည်နှင့် စားချင်စဖွယ် ဟင်းတစ်ခွက်တော့ ဖြစ်သွားတတ်သာချည်းပင်။
မန်ကျည်းရွက် နုစရက်များတွင် အမေက မန်ကျည်းရွက်နုနုလေးအများကို ရေဆေးသန့်စင်ပြီး ထောင်းထားသော ပဲဆန်လှော်ကလေးများနှင့် သုပ်ပေးတတ်သည်။ မိသားစု ခုနှစ်ယောက် စုဝိုင်းစားကြသော ကျွန်တော်တို့ ထမင်းစားပွဲကြီးပေါ်တွင် အမေ့မန်းကျည်ရွက်သုပ် ပတ်လည်ပန်းကန်ကြီးက ထင်းထင်းကြီး ရှိနေတတ်သည်။ အဖေ တောထဲမှ ပါလာတတ်သော အငွေ့တထောင်းထောင်း ထနေသည့် ပဲရွက်နုနု ဟင်းချိုကလေးနှင့် ဆိုလျှင် ကျွန်တော်တို့ မိသားစု ထမင်းဝိုင်းသည် မန်ကျည်းရွက်နုနုလေးများကို ဝါးသံ တရွှမ်းရွှန်း၊ ဟင်းချိုသောက်သံ တရွှတ်ရွှတ်ဖြင့် မြိုင်လှသည်။
မန်ကျည်းရွက်နုချိန် နည်းနည်းကြာလာလျှင်တော့ အမေသည် မန်ကျည်းရွက်ကို တခြားသောနည်းများဖြင့် ချက်တော့သည်။ မန်ကျည်းရွက်သုပ်မှသည် မန်ကျည်းရွက် ချဉ်ဟင်း။ မန်ကျည်းရွက် ချည်ဟင်းမှသည် ကျန်နေသော မန်ကျည်းရွက်များကို ရေနွေးဖြင့်ဖျောထားပြီး ဖန်ဘူးကြီးထဲတွင် ထည့်ပိတ်ထားတတ်သည်။
မိုးဦးကျ ကျွန်တော်တို့ သားအဖ သုံးယောက် တောထဲ ထွန်ရှဉ်း တစ်ယောက်တစ်ရှဉ်း ကောက်ထွက်ပြီး ထွန်ကြသည့်အခါ အမေက ထမင်းတောင်း လိုက်ပို့သည်။ ထိုအခါ ဖန်ဘူးကြီးထဲတွင် ရေနွေးဖျောပြီး ထည့်ပိတ်ထားသော အမေ့မန်ကျည်းရွက်များသည် ပဲကြီးလှော်နဲ့ ပေါင်းသုပ်ထားသည့် ဟင်းတစ်မျိုး ဖြစ်လာတော့သည်။
မန်ကျည်းရွက် အစိမ်းသုပ်၊ မန်ကျည်းရွက်ချဉ်ဟင်း၊ မန်ကျည်းရွက်ဖျော..စသဖြင့် မန်ကျည်းပင်ကြီးများသာ အရွက်များစုံပြီး ကြမ်းကုန်ရော ကျွန်တော်တို့ အိမ်တွင် မန်ကျည်းရွက်ဟင်းက မပြတ်သေး။
နောက်ထပ် ရာသီစာတစ်ခုခု ပေါ်မလာမချင်း မန်ကျည်းရွက်သည် အမေ့အတွက် ခေါင်းမခဲရသော မိသားစုအတွက် အားထားစရာ ဟင်းတစ်မျိုးမျိုးဖြစ်နေတတ်သည်။ မန်ကျည်းပင်ကြီးများသည် ကျွန်တော်တို့၏ ကျေးဇူးရှင်များပါတည်း။
တစ်ခုသော မန်ကျည်းရွက်နုချိန်တွင် ကျွန်တော့်အား အမေက မန်ကျည်းရွက် ခူးခိုင်းသည်။ ကျွန်တော်တို့ ကလေးများသဘာဝအရ မိဘက ခိုင်းလျှင် မလုပ်ချင်ဘဲ၊ မလုပ်နဲ့ဟု တားလျှင် လုပ်ချင်စိတ်ဖြစ်သည်က သဘာဝတစ်ခုပင် ဖြစ်သည်လား ကျွန်တော်မသိ။
အမေခိုင်းသော မန်ကျည်းရွက်ကို မခူးဘဲ အိမ်ရှေ့တွင်ပင် ဘောလုံးတစ်လုံးနှင့် ကျွန်တော်ဆော့နေခဲ့သည်။
“အမေ့ သမီးခူးလိုက်မယ်..”
ကျွန်တော့်အထက်က သုံးနှစ်ကြီးသော အမသည် အမေ့ကို လှမ်းပြောလိုက်ရင်း လွယ်အိတ်ကလေးကို ကိုင်ပြီး ရီးလုံးတင်တို့ မန်ကျည်းပင်ဘက်ဆီထွက်သွားတော့သည်။ မန်ကျည်းပင်ကို ကျွန်တော်တို့ အိမ်မှ လှမ်းမြင်နေရသဖြင့် အမေကလည်း စိတ်ချလက်ချ လွှတ်လိုက်ဟန်ရှိသည်။
မန်ကျည်း ပင်ပေါ်တွင် မန်ကျည်းရွက်ခူးနေသော အမကို အိမ်မှ လှမ်းမြင်နေရပြီး အပင်ပေါ်တွင် အမနှင့်ရွယ်တူ သူ့သူငယ်ချင်းတစ်ယောက်လည်း အတူရှိနေသည်။
ထိုအချိန်တွင် ဖြောင်း.ဆိုတော့ အသံတစ်သံနှင့်အတူ ဝိုင်းအော်လိုက်ကြသော အော်သံများကို ကြားလိုက်ကြရသည်။
“လုပ်ကြပါဦး..လုပ်ကြပါဦး..”
အသံများသည် ဆူလျက်။ အမေသည် မီးဖိုခန်းထဲမှ ထွက်လာကာ မန်ကျည်းပင်ဆီသို့ ကြည့်ရင်း အော်တော့သည်။
“လုပ်ကြပါဦး..လုပ်ကြပါဦး..၊ကျမ သမီးလေး..”
ကျွန်တော်လည်း အမေ့အနားကို ပြေးပြီး ကြည့်လိုက်တော့ မန်ကျည်းပင်ထက်မှာ အမ။ လက်နှစ်ဖက်က မန်ကျည်းကိုင်းကို ဆွဲထားပြီး လူတစ်ကိုယ်လုံးက လေထဲမှာ။ အမနင်းထားသော မန်ကျည်းကိုင်းက ကျိုးကျပြီး လက်က နီးရာ မန်ကျည်းကိုင်းကို အမိအရဆွဲမိထားခြင်း ဖြစ်သည်။ သူနှင့်အတူ ရှိနေသော သူ့သူငယ်ချင်းကလည်း မန်ကျည်းပင်ပေါ်မှ “လုပ်ကြပါဦး..လုပ်ကြပါဦး..”နှင့် အော်လျက်ရှိသည်။
ကျွန်တော်တို့ မန်ကျည်းပင်အောက် အပြေးရောက်သွားတော့ အမသည် လေထဲတွင် လွင့်နေဆဲဖြစ၏။
“မပူနဲ့..မပူနဲ့..အောက်က ဖမ်းထားပေးမယ် ..”
အသံတွေကမျိုးစုံ။ အမသည် လူကောင်ကြီးသည့်အထဲပါသည့်အတွက် အောက်ကနေ ဖမ်းဖို့က ဘယ်လိုမဖြစ်နိုင်။ အမြင့်ကလည်း အတော်မြင့်သည်။ သို့သော် ဘာလုပ်ရမှန်းလည်း မသိ။ မန်းကျည်းကိုင်းကို အမိအရ ဆွဲထားသောအမကို ကျွန်တော် ကြောင်ပြီးကြည့်နေမိသည်။
ထိုအချိန်တွင် မန်ကျည်းပင်ပေါ်သို့ လူတစ်ယောက် အပြေးအလွှားတက်သွားပြီး အမ့လက်ကို သူ့လက်ဖြင့် လှမ်းဆွဲကာ အမကို မန်ကျည်းပင်ထက်ဆီမှ မြေကြီးပေါ်သို့ ချောချောမောမော ချပေးနိုင်ခဲ့သည် ။အဖြစ်အပျက်က အကြာကြီး မဟုတ်။ အတော် မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ မိနစ်ပိုင်းလေးတွင်ပင် ဖြစ်သည်။
ကြည့်လိုက်တော့ အဖေ။
ကျွန်တော့်အံ့ဩသွားသည်။ အဖေ မန်ကျည်းပင်ပေါ်ကို ဘယ်လိုတက်သွားခဲ့တာလဲ။ ပြီးတော့ အမကို အဖေ ဘယ်လို ဆွဲယူခဲ့တာလဲ။ မန်ကျည်းပင်အောက်ရောက်သည် အထိ အဖေ အမကို ဘယ်လို ချပေးခဲ့တာလဲ။
ထို အဖြစ်အပျက်ကလေး ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ကျွန်တော်သည် ထိုမေးခွန်းများကို အဖေ့အား မမေးဖြစ်။ မန်ကျည်းရွက်နုချိန်ရောက်တိုင်း ကျွန်တော့်ရင်ထဲ၊ အတွေးထဲတွင် ထိုမေးခွန်းများက ပြန်ပြန်ပေါ်လာတတ်သည်။
အဖေကား အိုလေပြီ။ အမသည်ကား မရှိတော့။ မန်ကျည်းရွက်ကလေးများကတော့ နုလာလိုက်၊ ကြမ်းသွားလိုက် ။
#လူခါး
#မန်ကျည်းရွက်နုချိန်
၂၀၂၆-၀၄-၁၈
No comments:
Post a Comment