ကျွန်တော့်တွင် ထုတ်မဝတ်ဖြစ်သော အင်္ကျီများစွာရှိပါသည်။ထိုအင်္ကျီများမှာ ကျွန်တော့်အားကြည့်ပြီး သနားလို့ဖြစ်စေ ခင်လို့ဖြစ်စေ အခြားမည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်စေ အကြောင်းတစ်ခုခုကို အခြေခံ၍ အခြားသူတို့မှ ပေးကမ်းခဲ့သော သို့မဟုတ် အခြားသူများထံမှ ရရှိခဲ့သော အင်္ကျီအဟောင်းကလေးများပဲ ဖြစ်ပါသည်။
ထိုအင်္ကျီများထဲမှ ပထမဆုံးအင်္ကျီမှာ ကျွန်တော်ငါးတန်းကျောင်းသားအရွယ်က ရခဲ့သော အင်္ကျီလေးဖြစ်ပါသည်။ အင်္ကျီလေးမှာခေါင်းစွပ်အင်္ကျီလေးဖြစ်ပြီး အဖြူပေါ်တွင် အပြာပတ်လည်စင်းလေးဖြစ်ကာ လက်တိုကလေးဖြစ်ပါ၏ ။လည်ပင်းမှာဗွီ ပုံသဏ္ဍာန်ဖြစ်သည်။
ထိုအင်္ကျီလေးကိုရသည့်နေ့က ကျွန်တော် အလွန် ပျော်ရွှင်ခဲ့မိသည်။ နေ့လလယ်ခင်းကျောင်းဆင်းချိန် အိမ်ပြန်ရောက်သည်နှင့် ကျွန်တော့် ဒေါ်လေးဖြစ်သူမှ '' ရော့ နင့်အတွက် ဘယ်သူပေးတာ''ဟု နာမည်တစ်ခုကိုရွတ်ပြရင်းပေးပါသည်။ ထိုနာမည်ကို ကျွန်တော်ကြားဖူးပါသည်။ ထိုနာမည် ပိုင်ရှင်၏မိခင်သည် ရွှေငွေ အပြည့်ဖြင့် ကျွန်တော့်အဒေါ်ထံသို့ မကြာခဏလာခဲ့ဖူးသောကြောင့် သိနေကြားဖူးနေခြင်းဖြစ်ပါသည်။
ထိုနေ့မှစပြီး ထိုအင်္ကျီလေးကို ကျွန်တော် မချွတ်ဖြစ်တော့။ကျောင်းတွင် ပွဲတစ်ခုခုရှိသည်နှင့် (သို့မဟုတ်) ရပ်ကွက်ထဲ တွင် ပွဲတစ်စုံတစ်ရာ ရှိသည်နှင့် ထိုအင်္ကျီကလေးကို အမြဲဝတ်သည်။ အမွေးများစုတ်ကာ အစလေးများထွက်လာတော့မှ ထိုအင်္ကျီလေးကို သိမ်းထားရကောင်းမှန်းသိတော့သည်။
ကျွန်တော် ရှစ်တန်းကျောင်းသားအရွယ်ရောက်တော့ မှတ်မှတ်ရရ ထိုအင်္ကျီလေး၏ပိုင်ရှင်ဖြစ်ခဲ့ဖူးသူကို စတင်တွေ့ဖူးခဲ့သည်။ကျွန်တော်တို့ကျောင်းသို့ ထိုအင်္ကျီပိုင်ရှင်နှင့် သူငယ်ချင်းများ အလည်လာကြသည့်နေ့က ဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့ကျောင်းသည် မုန့်စားဆင်းချိန်ဖြစ်စေ၊ ထမင်းစားဆင်းချိန်ဖြစ်စေ အခြားကျောင်းမှ ကျောင်းသားများ လာလည်ချင်စရာကောင်းအောင် အချောအလှ ပေါသောကျောင်းဖြစ်၏။
ကျွန်တော်က အင်္ကျီပိုင်ရှင်ကိုမသိ။ ကျွန်တော်နှင့်တစ်တန်းတည်းတက်သော အမဝမ်းကွဲတစ်ယောက်မှ '' ဟိုမှာလေ နင့်ကိုအင်္ကျီပေးတဲ့တစ်ယောက် ''ဟု ပြောသဖြင့်သာ သိခဲ့ခြင်းဖြစ်သည်။
ဘာကြောင့်ရယ်မသိ။ အမစကားဆုံးသည်နှင့် သူတို့အဖွဲ့ကို တစ်ချက်လှမ်းကြည့်ကာ ကျွန်တော် စာသင်ခန်းထဲ ပြေးဝင်လာမိသည်။ စိတ်ထဲမှလည်း သူ ကျွန်တော့်ကိုမတွေ့ပါစေနဲ့ ဟု ဆုတောင်းနေမိသည်။ ထိုအင်္ကျီကလေးသည် ကျွန်တော့်ကို ပျော်ရွှင်မှုတွေ ပေးခဲ့သလို အားငယ်စိတ်တွေကိုလည်း တပြုံတမကြီးဖြစ်ပေါ်စေခဲ့ပါသည်။
ထိုကဲ့သို့ငယ်စဉ်ကတည်းက အင်္ကျီပေးခြင်း ခံရသော ကျွန်တော့်မှာ အရွယ်ရောက်တော့လည်းမလွတ်။ ဆယ်တန်းအောင်ပြီး ဘကြီးဖြစ်သူ၏ ပွဲရုံတွင် နေ့စားဝင်လုပ်နေရစဉ်က ဒုတိယမြောက် အင်္ကျီတစ်ထည်ကို လက်ခံရရှိခဲ့ပြန်ပါသည်။
ကျွန်တော် လုပ်ရသော အလုပ်ထဲတွင် ဆီဖောက်သယ်များထံသို့ ဆီပို့ပေးရသော အလုပ်လည်းပါသည်။ တစ်နေ့ ကျွန်တော်ဆီပို့ပေးနေကျ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ဆီသွားပို့ရသည်။ဆီပို့သည့်အခါ ဆီပုံးများကို သူတို့ထားခိုင်းသည့်နေရာတွင် သေချာကျနအောင် ထားပေးပြီး ပိုက်ဆံရှင်းရန်ကိုတော့ လူရှင်းသည့်အချိန်အထိ ခဏတဖြုတ် စောင့်ပေးရလေ့ရှိသည်။
ထိုနေ့ကလည်း ကောင်တာနှင့်နီးသော ခုံတစ်လုံးမှာ ကျွန်တော် ထိုင်စောင့်နေရသည်။ သိပ်မကြာလိုက်ပါ။ဆိုင်ရှင်အဖိုးကြီးက ပိုက်ဆံလာပေးရင်း လက်တစ်ဖက်ကလည်း အင်္ကျီတစ်ထည်ကို ကမ်းပေးလာသည်။ '' မင်းနဲ့တော်မယ်ထင်တယ် ''ဟု ဆိုသေးသည်။
ကျွန်တော်အံ့အားသင့်စွာမော့ကြည့်တော့ သူ၏ပြုံးရွှင်နေသော မျက်လုံးများကို သတိထားမိသည်။ ကျွန်တော် ကြာကြာမစဉ်းစားတော့။''ကျေးဇူးတင်ပါတယ် ''ဟုပြောပြီး ယူလာခဲ့တော့သည်။
အင်္ကျီက အတော်ဟောင်းနေသော်လည်း မစုတ်မပြဲသေးပေ။ကျွန်တော့် ခန္ဓာကိုယ် နှင့်အံကိုက်ဖြစ်၏။ သို့သော် ထိုအင်္ကျီကို ကျွန်တော်တစ်ကြိမ်သာ ဝတ်လိုက်ရသည်။ ကျွန်တော့်အမက ''သူများပေးတာတွေ မဝတ်နဲ့တော့ ''ဟု မျက်နှာမကောင်းစွာဖြင့် တားစီးသဖြင့် လျှော်ဖွပ်ပြီး အသာခေါက်သိမ်းထားလိုက်ရတော့သည်။
သေချာသည်ကတော့ ထိုအင်္ကျီကိုရစဉ်က အပျော်သည် ထိုအင်္ကျီကိုရသည့်အတွက် ပျော်ခြင်းမဟုတ်ဘဲ ပေးချင်သူ၏ စေတနာကို လက်ခံနိုင်ခဲ့သည့်အတွက် ပျော်ခြင်းမျိုးဖြစ်ပါသည်။ထိုအင်္ကျီကလေးကကျွန်တော့်ကို ဖြည့်ဆည်းပေးလိုစိတ် သို့မဟုတ် ရင့်ကျက်စေသော စိတ်ကို ပေးသည် ဟု ထင်ပါသည်။
ဒုတိယ အင်္ကျီနှင့် တတိယ အင်္ကျီ၏ကြားထဲတွင်တော့ နှစ်ကာလ များစွာ ကွာခြားသွားခဲ့ပါသည်။ ကျွန်တော်လည်း အရွယ်ရောက် အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ရရှိခဲ့ပြီးဖြစ်သည်။မပြေလည်သော စားဝတ်နေရေးကို ဖြေရှင်းရန် သမီးနှင့်ဇနီးကို ထားရစ်ခဲ့ ကာ မလေးရှားသို့ထွက်လာခဲ့ရသည်။
မလေးရှားနှစ်ကာလများသည် ကျွန်တော့်အတွက် ခက်ခဲသည်ထက် ခက်ခဲလွန်းခဲ့သော ရာသီဆိုးတစ်ခု ဖြစ်ခဲ့ပါသည်။ ပွဲစားကလိမ်အလုပ်ရှင်က မလိမ့်တပတ်လုပ် ။ တရားမဝင်နေထိုင်မှု တရားမဝင်အလုပ် လုပ်မှုတို့ဖြင့် အချုပ်ကျ။ အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ပြီး လှိုင်းလေငြိမ်စ တွင် အမေလို တသွယ် ဆရာမလို တစ်မျိုးသွန်သင်ကူညီထောက်ပံ့ပေးတတ်သော ဆရာမတစ်ယောက်နှင့် ဆုံခွင့်ရခဲ့ပါသည်။
တတိယမြောက်အင်္ကျီလေးမှာ ထိုဆရာမထံမှ ရရှိခဲ့သော ကျွန်တော်လည်း အမြတ်တနိုးရှိသော အဖြူရောင် တီရှပ်အင်္ကျီလက်ရှည်လေး ဖြစ်ပါသည်။
ထိုအင်္ကျီကလေးနှင့် စာပေပွဲအချို့ကို ကျွန်တော် သွားရောက်ခဲ့ဖူးသည်။ ထိုအင်္ကျီလေးနှင့် မဂ္ဂဇင်းတိုက် အချို့သို့ စာမူတွေ လိုက်ပို့ခဲ့ဖူးသည်။ ထိုအင်္ကျီကလေးနှင့်ပဲ စာမူခတွေ စာအုပ်တွေ လိုက်ထုတ်ခဲ့ဖူးပါသည်။ စာပေလောက ဆိုသည်ကို ထိုအင်္ကျီကလေးအားကိုးနှင့် ကျွန်တော် တိုးဝင်ခဲ့ဖူးပါသည်
ထိုအင်္ကျီကလေးက ကျွန်တော့်ကို ဆရာသမားကောင်း မိတ်ဆွေကောင်းတို့နှင့်တွေ့ဆုံခွင့်ရအောင် ဖန်တီးပေးခဲ့သည့် ကျွန်တော့်ဘဝ၏ အသက်မရှိသော လက်တွဲဖော်ကောင်း တစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော့်ကို လူတောထဲတိုးဝင်ရဲအောင် စွမ်းအားများ ပေးခဲ့သည် ဟုလည်းကျွန်တော်ထင်ပါသည်။
မဂ္ဂဇင်း တိုက်အကြောင်းရေးမိတော့ ကျွန်တော့်ကို စာဖတ်ကျင့်ပျိုးထောင်ပေးသော ကျွန်တော့်အဖေ၏အစ်ကို ကျွန်တော့် ဘကြီးကို သတိရမိသည်။ ကျွန်တော့် ဘကြီး သည် တောနေမိသားစုမှ မြို့၌အခြေချ ကြိုးစားရင်း တိုးတက်လာသော တစ်မိပေါက် တစ်ယောက်ထွန်းတောသားစစ်စစ်ကြီး ဖြစ်ပါလေသည်။
စာဖတ်ကျင့်ပျိုးထောင်မပေးခင် ဘကြီးက ကျွန်တော်၏ စာဖတ်ကျင့်ကို အရင်ဆုံးတားစီးခဲ့သေးသည်။ ကျွန်တော် မူလတန်းကျောင်းသားအရွယ်တွင် ရုပ်ပြစာအုပ်မျိုးစုံကို ငှားဖတ်နေပြီ ဖြစ်သည်။ ဘကြီး အိမ်အနီးတွင် စာအုပ်ဆိုင် တစ်ဆိုင်ရှိ၏။ စာအုပ်အတော်စုံသည်။ ကျွန်တော်က ရုပ်ပြစာအုပ်ကို တစ်နေ့နှစ်အုပ်လောက်ဖတ်ရမှ အာသာပြေသည်။ ပိုက်ဆံရှိလျှင် ချက်ချင်းပြန်အပ်ပိုက်ဆံမရှိလျှင်တော့ မအပ်ဖြစ်တော့။ တပတ် ဆယ်ရက်ကြာတတ်သည်။ ဒါကိုဘကြီးသိတော့ စာအုပ်ဆိုင်ကို သွားပြီး'' ဒီကလေးကို စာအုပ်မငှားနဲ့တော့ '' ဟု အမိန့်ထုတ်ပြီးတားပစ်လိုက်သည်။
ကျွန်တော်လည်း ကိုယ့်အပြစ်နှင့်ကိုယ် မလှုပ်ရဲတော့။ သို့သော် ဘကြီးက စာပေဗိမ္မာန် အသင်းဝင်ဖြစ်ပြီး ဘကြီး၌ စာပေဗိမ္မာန်ထုတ် စာအုပ်များအပြင် အခြားစာအုပ်များစွာတို့ ပိုင်ဆိုင်ထားကြောင်း ထိုအချိန်မှစပြီး သိခွင့် ရခဲ့သည်။ ဘကြီးက စာအုပ်များကို သံသေတ္တာကြီးများတွင်ထည့်ကာ ဖတ်ချင်သူတို့အား စာရင်းအတိအကျနှင့် အခမဲ့ငှားလေ့ရှိသည်။ သူ့ကြည့်လိုက်လျှင်လည်း အမြဲတမ်း စာအပ်တစ်အုပ်အုပ်ကိုတော့ ကိုင်ထားလို့ချည်းသာတွေ့ရလေ့ရှိသည်။
သူပိုင်ဆိုင်သော စာအုပ်များထဲမှ ကျွန်တော်နှင့်ကိုက်မည်ဟု ယူဆသောစာအုပ်များကို ပေးဖတ်လေတော့သည်။ ကျွန်တော့်မှာဖတ်စ၌လုံးဝစိတ်မဝင်စားခဲ့။ တစ်ဆင့်ထက်တစ်ဆင့်မှ မှတ်မှတ်ရရ သော်တာဆွေ၏ ဘဝထိုထို ၊သိန်းဖေမြင့်၏ တက်ခေတ်နတ်ဆိုး ၊တက်ဘုန်းကြီး ၊မြသန်းတင့်၏ ဓားတောင် ၊မောင်သာရ ၏ အထက်တဝက် အောက်တဝက် စသည်တို့ကို နှစ်သက်ရကောင်းမှန်းသိလာသည်။ ထိုအချိန်ကစ၍ ကျွန်တော့်စာပေပိုးကအုတ်မြစ်ကျလာခဲ့ခြင်းဖြစ်နိုင်ပါသည်။
ထိုမှနေ၍ ကျွန်တော်လည်း ဘကြီးနှင့်ဝေးရာသို့လွှင့်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း မလေးရှားအထိ ရောက်သွားသည်။ မလေးရှားတွင် သုံးနှစ်နှင့် ခုနစ်လ ကြာပြီးမှ ပြန်လာတော့ ကျွန်တော့ ဘကြီးက မရှိတော့ပြီ။ ကျွန်တော့်ဘကြီးက တမလွန်သို့ထွက်ခွာသွားနှင့်လေပြီ။
ကျွန်တော့်ဘဝအတွက် နှမြောတသ ဖြစ်ရမဆုံးထဲတွင် ဘကြီးသည် တစ်ယောက်အပါအဝင်ဖြစ်ခဲ့၏။ ကျွန်တော့်ကို စာကောင်းပေမွန်များ ချစ်လာအောင်စာဖတ်ကျင့် ပျိုးထောင်ပေးခဲ့သည့် စာဖတ်နာလှသော ဘကြီးသည် ကျွန်တော့်ကလောင်ဖြင့်ရေးသော စာမူတစ်ပုဒ်တလေသော်မျှ ဖတ်မသွားဖူးခဲ့ချေ။ သူမျိုးစေ့ ချပေးလိုက်သော အပင်ကလေးသည် တစ်စတစ်စ လူလွန့်ရုန်းကန် ရှင်သန် လာခဲ့ခြင်းကို သူသိမသွားခဲ့ရှာပေ။
ဘကြီးကို လွမ်းဆွတ်တသ ဖြစ်နေမိသော အချိန်မှာမှ ''ဘကြီးအင်္ကျီဟောင်းလေးတစ်ထည် ရှိတယ် '' ဟု ပြောလာသော အမေ့စကားသံကို ကျွန်တော်ကြားခွင့်ရခဲ့သည်။ ဘာအင်္ကျီမှန်းမသိခင်ကပင် ''ကျွန်တော့်ကို ပေးပါ''ဟု လိုလိုချင်ချင် တောင်းမိခဲ့သည်။ အမေကလည်း ကျွန်တော့် ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါသည်။ အင်္ကျီကလေးကို ချက်ချင်းသွားယူပေးသည်။
အင်္ကျီလေးက သင်္ဘောသားအင်္ကျီအဖြူရောင်လက်တိုလေး ဖြစ်ပြီး ထိုအင်္ကျီကလေးကိုဝတ်လိုက်သည်နှင့် ပေါ့ပါးသွက်လက်ကာ ဘကြီးနှင့်အတူရှိနေခွင့်ရသ လို ကျွန်တော် ခံစားရသည်။
ထိုအင်္ကျီလေးကိုတော့ ဘယ်သူကတားစီးလို့မှမဟုတ်ဘဲ သိပ်များများမဝတ်ဘဲ သိမ်းထားမိခဲ့သည်။ ထိုကအင်္ကျီလေးက ကျွန်တော့်ကိုကျေးဇူးတရားကို အောက်မေ့စေတတ်ပြီး စာပေကျေးဇူးရှင်တစ်ယောက်အပေါ်သတိတရနှင့်ကြိုးစားရုန်းကန်လိုစိတ်ကို ဖြစ်ပေါ်စေသည် ဟု ကျွန်တော်ထင်ပါသည်။
ထိုအင်္ကျီကလေးမှာ ကျွန်တော့်ဘဝ၏ စတုတ္ထမြောက် အင်္ကျီကလေး ဖြစ် ပြီးပဉ္စမမြောက် ကျွန်တော့်ထံဝင်ရောက်လာသောအရာမှာတော့ အင်္ကျီတစ်ထည်မဟုတ်တော့ဘဲ ရထားတစ်စင်း ဖြစ်လို့နေပါတော့သည်။
ကျွန်တော့်ထံဟုဆိုသော်လည်း ကျွန်တော်တစ်ယောက်တည်းထံသို့ကားမဟုတ်ရပါ။ ကျွန်တော်တို့အားလုံးထံ ဟုဆိုမှ ပို၍ပြည့်စုံလိမ့်မည် ထင်ပါသည်။တူညီတာ တစ်ခုကတော့ ထိုရထားသည်လည်း ကျွန်တော်လက်ခံရရှိခဲ့သော အင်္ကျီလေးများကဲ့သို့ ရထားအဟောင်းသာ ဖြစ်နေခြင်းပဲ ဖြစ်လေသည်။ မှန်ပါသည် ။ထိုရထားသည် အဟောင်းဖြစ်ပါသည်။
ထိုရထားမှာ ဂျပန်နိုင်ငံသို့ကျွန်တော်ရောက်ရှိပြီး ရက်ပိုင်းအတွင်းရောက်လာခဲ့ခြင်းကြောင့်လည်း ကျွန်တော့်ထံဟု ဆိုလိုက်ရခြင်းဖြစ်ပါသည်။
ကျွန်တော် ဂျပန်ရောက်စတွင် ဂျပန်စာလေ့လာရန်ဟု ဆိုကာ ဂျပန်စာသင်ပေးသော ဆရာက တီဗွီ တစ်လုံးပေးထားပြီး အချိန်ပြည့်ဖွင့်ခိုင်းထား၏။ တစ်နေ့ တီဗွီထဲတွင် သတင်းတစ်ပုဒ် လာနေလေသည်။
သတင်းက မြန်မာနိုင်ငံတွင်ဂျပန်နိုင်ငံမှပေးသော လျှပ်စစ်ရထား စတင်ပြေးဆွဲနေပြီဆိုသည့် သတင်းဖြစ်သည်။ ကျွန်တော်စိတ်ဝင်စားစွာဖြင့် ထိုသတင်းကို ကြည့်မိသည်။
ဂျပန်နိုင်ငံဟီရိုရှီးမား ဒေသ၏တောင်ဘက်ပိုင်းတွင် ၁၉၅၀မှ ၁၉၆၀အတွင်း စတင်အသုံးပြုခဲ့သော လျှပ်စ်ရထားကိုမြန်မာနိုင်ငံသို့ အခမဲ့ပေးအပ်ခဲ့သည်။ ရထားမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်းမြန်မာနိုင်ငံမှ ရထားများကဲ့သို့ ဒီဇယ်ရထားမဟုတ်ဘဲ လျှပ်စစ်ရထားဖြစ်နေခြင်းကြောင့် များစွာကောင်းမွန်အဆင်ပြေနေသေးလေသည်။ ရထားစီးခမှာလည်း ဂျပန်းယန်းနှင့်ဆိုလျှင် ဆယ့်နှစ်ယန်း မြန်မာကျပ်ငွေဖြင့် တစ်ရာ့နှစ်ဆယ် ကျပ်သာ ပေးချေရသဖြင့် အလွန်ထိုက်တန်ကြောင်း တို့ပါဝင်သည်။
ကျွန်တော် သတင်းကို ငေးကြည့်နေမိသော်လည်း သတင်းထဲတွင် စိတ်က မရှိတော့။ ကျွန်တော့်မျက်လုံးများထဲတွင်လည်း လျှပ်စစ်ရထားကြီးကို မမြင်တော့ပေ။ ကျွန်တော့်မျက်လုံးထဲတွင် ဝင်လာကြသည်က အင်္ကျီလေးများ။ ကျွန်တော်ကို ခံစားမှုရသ အစုံကို တနင့်တပိုးကြီးပေးခဲ့ကြလေသော အင်္ကျီအဟောင်းကလေးများ။ ပျော်ရွှင် ကြည်နူးရ၊ ဝမ်းသာရ၊ ဝမ်းနည်းရ၊ လွမ်းဆွတ်ရ ခွန်အားဖြစ်ရ၊ အားငယ်ရ။ ခံစားမှုရသမျိုးစုံကို တရှိုက်မက်မက် ရ ရှိခဲ့စေလေသောအင်္ကျီအဟောင်းကလေးများ။
၁၉၆၀ ခုနှစ်များဆီက အဟောင်းကကျွန်တော်တို့ဆီမှာ အခုမှ စတင်အသုံးပြုခွင့်ရတော့မည့် အသစ်လေလား။ ဒါသည်ပင် အလကားပေးလို့တဲ့။ လှူလို့တဲ့လေ။ ကျွန်တော် အင်္ကျီအဟောင်းကလေးများအား လက်ခံရရှိခဲ့စဉ်ကစိတ်ခံစားမှုမျိုးထဲမှ တစ်ခုခုနှင့် ထပ်တူကျနေမလားဟု ကျွန်တော့်ကိုယ် ကျွန်တော် ခံစားအဖြေရှာကြည့်မိသည်။ မတူခဲ့ကြပါလေ ။ လားလားမှ မတူခဲ့ပါလေ။
ရထားပေါ်တွင် အင်တာဗျူးကို ဖြေသွားသောအမျိုးသမီးကြီးကတော့" ဝမ်းသာပါသည် ပျော်ပါသည် "ဟု ဖြေသွားခဲ့သည်။ ကျွန်တော်ကတော့ ထိုသတင်းကို ပြန်တွေးမိတိုင်း ဒါမှမဟုတ် အလုပ်သွားအလုပ်ပြန် ရထားကြီးတစ်စင်းစင်းက ကျွန်တော့်ဘေးမှ ဝရုန်းသုန်းကား အမှတ်မထင် ဖြတ်သွားခြင်း ကိုကြုံလေ့ရှိသည့် အချိန်တိုင်း ရင်ထဲ၌ နင့်ခနဲ နင့်ခနဲ ဖြစ်ဖြစ်သွားတတ်ပါသည်။
ကျွန်တော်တို့ ဘယ်အချိန်အထိ သူတပါး ပေးစာ ကမ်းစာနှင့်လူ လုပ်နေရဦးမှာလဲ။ ကမ္ဘာမှာ အလှူအတန်းအရက်ရောဆုံးဆိုသည့် ကျွန်တော်တို့အားလုံးအား သူတပါးနှစ်ပေါင်းများစွာ အသုံးပြုပြီးသား အဟောင်းအနွမ်းကိုတောင် အလကားပေးမှ သုံးစွဲခွင့်ရကြလေအောင် ဘယ်လိုနတ်ဆိုးတွေကများ ဖန်တီးလုပ်ကြံခဲ့ပါသလဲ။
ကျွန်တော်ကတော့ဖြင့်လေ ပေးကြ ကမ်းကြခြင်းကို ဝမ်းသာကြည်နူး အသိအမှတ်ပြုပေးလို့ ရပင်ရငြားသော်လည်း ထိုကဲ့သော အများက ပေးချင်ကမ်းချင်လာအောင် လုပ်ခဲ့သည့် တရားခံများထဲတွင်တော့ ကျွန်တော်တို့သည် လုံးဝမပါဝင်ခဲ့ကြကြောင်း အခိုင်အမာပြောဆိုကတိပြုရဲပါသည်။
ကျွန်တော် အမိမြေကိုပြန်ရောက်ခဲ့ပါလျှင် ကျွန်တော်ထုတ်မဝတ်ဖြစ်တော့ သော အင်္ကျီအဟောင်းကလေးများကို ရွာ့အနောက်ဖက်ရှိ မြေကွက်လပ်တွင် အနှမြောမရှိ မြေမြှုပ် ပစ်တော့မည် ဟု ရည်ရွယ် ထားပါသည်။
ထို သင်္ဂြိုလ်မှုတွင် ကျွန်န်တော်တို့အား အများသနာစဖွယ်ဖြစ်အောင် ဖန်တီးရက်စက်ခဲ့လေသော နတ်ဆိုးတို့သည်လည်း ပါဝင်သွားစေရန်အလို့ငှါ ကျွန်တော်ရည်ရွယ် ကြောင်းကိုတော့ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။
#လူခါး
(faces၊မုခမဂ္ဂဇင်း၊ဖေဖော်ဝါရီ၊၂၀၁၇)
No comments:
Post a Comment