“အမေသင်တဲ့ စာရေးနည်း”
ကိုဗေဒါ့ စာမူတွေ မဂ္ဂဇင်းတွေမှာ ဖော်ပြမခံရတာ ကြာပြီ။ အရင်ကဆို တစ်လမှာ နှစ်ပုဒ်၊ သုံးပုဒ်လောက်တော့ ဖော်ပြခံရတယ်။ အခုတလော ပို့လိုက်တဲ့ စာမူတွေတိုင်း “ဖော်ပြနိုင်ခြင်း မရှိပါ..” ဆိုတဲ့ အယ်ဒီတာမင်းများရဲ့ မှတ်ချက်တွေနဲ့ ပဲ ပြန်ပြန်လာတတ်တယ်။
အဲဒီလို ပြန်လာလို့ ကိုဗေဒါက စာရေးဆရာ အသစ်ကလေးဖြစ်နေလို့လားဆိုတော့လည်း မဟုတ်ဘူး။ ကိုဗေဒါက စာရေးသက် ဆယ်နှစ်ကျော်ပြီ။ စာမူတွေလည်း ဖော်ပြခံရတာ များပြီ။ အပယ်ခံရတဲ့ ကိစ္စက အခုနှစ်တွေမှ ဖြစ်တာ။
ဖြစ်လည်း ကိုဗေဒါကတော့ အားမလျှော့ပါဘူး။ ဖိရေးတာပဲ။ အရင်က တစ်လကို ဝတ္ထုတို သုံးပုဒ်ရေးရင် အခုဆို ခြောက်ပုဒ်ရေးတယ်။ တစ်ပုဒ်ပယ်ရင် နှစ်ပုဒ် ပို့တယ်။ နှစ်ပုဒ်ပယ်ရင် လေးပုဒ်ပို့တယ်။ ဒါ ကိုဗေဒါရဲ့ မူပဲ။
ခက်တာက ကိုဗေဒါက ဘယ်လောက်ရေးရေး၊ ဘယ်လောက်ပို့ပို့ အယ်ဒီတာမင်းများက ပယ်ကြတာပဲ။ ဒါကို ကိုဗေဒါ နားမလည်ဘူး။ သူရေးတာက အရင်လို လက်ရာပဲ။ အရင်လို အားထုတ်တာပဲ။ ဒါပေမဲ့ အပယ်ခံရတာများတယ်။
တချို့ကလည်း ဦးနှောက်ဘလော့ဖြစ်တာတဲ့။ ဦးနှောက်ကို အနားပေးရမယ်တဲ့။ အရာအားလုံးကို ပစ်ချပြီး ခရီးထွက်တာတို့ ၊ တရားထိုင်တာတို့ လုပ်ပါတဲ့။ ကိုဗေဒါက အဲဒီ အဆိုတွေကို သိပ်အယုံအကြည် မရှိဘူး။ စာရေးတာပဲ။ ဘာလိုမှာလဲ။ စာရွက်ရယ်၊ ရေးချစ်စိတ်ရယ်၊ အကြောင်းအရာရယ် ရှိရင် ပြီးနေတာပဲကိုး။ ကိုဗေဒါ အဲဒီလို တွေးပြီး စာကို ဖိရေးတာပဲ။ ဂျပန်က နာမည်ကြီးစာရေးဆရာ မူယာကာမိကတော့ တစ်နေ့ကို တစ်နာရီပြေးပြီးမှ စာရေးတာ ပိုအဆင်ပြေသတဲ့။ ဖန်တီးမှုကို ပိုတိုးတက်စေသတဲ့။ တစ်နေ့ကို နာရီအတိအကျနဲ့ စာရေးပြီး သတ်မှတ်ချိန်ပြည့်တာနဲ့ ဘယ်လောက်ရေးချင်စိတ်ရှိရှိ ဆက်မရေးတော့ဘူးတဲ့။ ဒီလူ ရူးလိုက်တာလို့ ကိုဗေဒါ တွေးမိတယ်။
ကိုဗေဒါကျ အဲဒီလို မဟုတ်ဘူး။ ကိုဗေဒါက ရေးချင်တဲ့ အချိန်မှ ရေးတာ။ ဒါမှလည်း စာကောင်းထွက်မယ်လို့် ကိုဗေဒါ ယုံတယ်။ နို့ စာရေးတာ လက်ဖက်ရည်ဆိုင် ဖွင့်တာမှ မဟုတ်တာပဲဗျာ။ မူယာကာမိလို အချိန်အတိအကျကြီး လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ “အနုပညာ ဖန်တီးတာဗျ၊ အချိန်နဲ့ ကန့်သတ်နေရအောင် ပေါင်မုန့်ဖုတ်နေတာ မဟုတ်ဘူး..” လို့ ကိုဗေဒါက သူ့မိတ်ဆွေတချို့ကို ပြောတတ်တယ်။ သူ့အကျင့်အတိုင်းပဲ သူရေးတယ်။
ဒါပေမဲ့ ကိုဗေဒါ့စာတွေ ပုံနှိပ်စာလုံး ဖြစ်မလာခဲ့ဘူး။ အယ်ဒီတာမင်းများက ပယ်ကြတာချည်းပဲ။ အတိုလည်း မစွံ၊ အရှည်လည်း မစွံတော့ ကိုဗေဒါ သူ့ကိုယ်သူ စိတ်ပျက်လာတယ်။ သူဟာ စာရေးတတ်သူတစ်ယောက်မှ ဟုတ်ပါလေစ လို့ သူ့ကိုယ်သူ သံသယဝင်လာတယ်။
နောက်ဆုံးတော့ ကိုဗေဒါ အများပြောတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်တဲ့ ခရီးသွားကြည့်ဆိုတဲ့ အချက်ကို လက်ခံပြီး ခရီးထွက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ခရီးက အဝေးကြီးတော့လည်း မဟုတ်ဘူး။ သူ့အမေ့ရွာကိုပဲ။ ဟုတ်တယ်။ မရောက်တာ ကြာပြီ ဖြစ်တဲ့ သူ့အမေ့ရွာကိုပဲ အလည်ခဏပြန်မယ်လို့ ဆုံးဖြတ်ပြီး ကိုဗေဒါ သူ့အမေရွာကလေးဆီကို ပြန်လာခဲ့တယ်။
သူ့အမေရွာက အညာမှာပါ။ ကန်ရေသောက် မြက်ခြောက်စားဆိုတဲ့ အရပ်။ ဖွတ်ကျောပြာစု ဆိုတဲ့အရပ်။ ဒါပေမဲ့ သူ့အမေကတော့ အဲဒီရွာကလေးမှာ ပျော်နေတာပဲ။ သားတစ်ယောက်၊ သမီးတစ်ယောက်၊ မြေး လေးယောက်နဲ့ပေါ့။
ကိုဗေဒါ ရွာရောက်သွားတော့ သူ့ရွာကလေးက သူ့ကို ဝမ်းသာအားရဆီးကြိုကြတယ်။ ကိုဗေဒါရဲ့ နာမည်အရင်းကိုတောင် မခေါ်ကြဘဲ “စာရေးဆရာ..စာရေးဆရာ..” ဆိုတဲ့ အခေါ်ကို ပါးစပ်က မချကြဘူး။ ရွာမှာ တစ်ပတ်လောက်ပဲ နေမယ်လို့ တွေးထားတဲ့ ကိုဗေဒါတစ်ယောက် သူ့အမေအိမ်မှာကို ထမင်းမစားရဘူး။ ရွာထဲက အိမ်တွေက သူတို့ရွာရဲ့ ခြံထွက် စာရေးဆရာကို အလုအယက် ထမင်းခေါ်ကျွေးကြတာ။
ကိုဗေဒါကတော့ ရွာမှာရောက်နေပေမယ့်လည်း အပယ်ခံရတဲ့ စာမူတွေအကြောင်းပဲ တွေးနေမိတယ်။ အရင်က သူ့စာမူတွေဟာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ပလူပျံနေပေမယ့် အခုအချိန်မှာတော့ အားလုံး ခြင်းထဲချည်းပဲ ဆိုတာ ရွာကလူတွေမသိကြဘူးလို့ တွေးမိတယ်။ စာရေးဆရာဆိုတာ စာရေးနေမှ စာရေးဆရာလို့လည်း ကြားဖူးနာဝရှိထားပေမယ့် စာရေးပြီး ဖော်ပြမခံရရင်လည်း အဓိပ္ပါယ် မရှိဘူးလို့ ကိုဗေဒါ တွေးမိတယ်။ ဒါပေမဲ့ ရွာမှာ နေတဲ့ အခိုက်တော့ ကိုဗေဒါတစ်ယောက် စာမရေးနိုင်ဘူး။ ဗာဟီရ တွေနဲ့သာ အလုပ်များနေခဲ့တယ်။
တစ်နေ့တော့ ကိုဗေဒါတစ်ယောက် သူ့အမေနဲ့ အတူ အိမ်ရှေ့တလင်းထဲက တန်းလျားပေါ် ရေနွေးထိုင်သောက်နေတုန်း သူ့ညီက လှည်းကောက်နေတယ်။ “ဘယ်သွားမလို့လဲ..” လို့ ကိုဗေဒါက မေးလိုက်တော့ ကိုဗေဒါ့ညီလေးက ဖြေတယ်။ “ကောက်ရိုးသွားတိုက်မလို့..”တဲ့ ။
“ငါလည်း လိုက်မယ်လေ..” လို့ပြောပြီး ကိုဗေဒါလည်း လှည်းနောက်မြီးကနေ လှည်းပေါ် စွေ့ခနဲ ခုန်တက် လိုက်လာခဲ့တယ်။ လှည်းကတော့ သူ့ညီကမောင်းနေတာပါ။
ကိုဗေဒါနဲ့ သူ့ညီဟာ ငယ်ငယ်ကလည်း အခုလိုပဲ ကောက်ရိုးတိုက်အတူ သွားဖူးတယ်။ လယ်သိမ်းပြီး ခါထားတဲ့စပါးရိုးတွေကို ရွာ့အနောက်ဘက်မှာ စုပုံထားကြတာက ကိုဗေဒါတို့ ရွာရဲ့ ဓလေ့။ နွားတွေအတွက် အဆာပြေကျွေးချင်မှ လှည်းနဲ့တိုက်ပြီး ပချိုင့်ထဲ ထည့်ကျွေးတတ်ကြတာ။ ကောက်ရိုးပုံတွေက ဝါးတစ်ရိုက်လောက် မြင့်တယ်။ တစ်ယောက်က အောက်ကနေ ပစ်ပေးရပြီး တစ်ယောက်က လှည်းပေါ်ကနေ စီရတယ်။
ကိုဗေဒါလည်း လှည်းပေါ်ထိုင်လိုက်လာရင်း ငယ်ဘဝကို ပြန်တွေးမိပြီး ပြုံးဖြစ်တယ်။ ငယ်ငယ်က ကောက်ရိုးတိုက်တိုင်း ကိုဗေဒါက အောက်က ပစ်ပေးရသူ။ ကိုဗေဒါ့ညီလေးက လှည်းပေါ်ကနေ ကောက်ရိုးကို ဖမ်းပြီး စီတဲ့သူ။ ကောက်ရိုးပြည့်တာနဲ့ လှည်းပေါ်က သူ့ညီက ကောက်ရိုးလှည်း မောက်မောက်ပေါ် ထိုင်ရင်း လှည်းမောင်းပြန်ရတယ်။ အောက်က ပစ်ပေးတဲ့ ကိုဗေဒါက တော့ လှည်းပေါ်တက်လို့ ခက်တာမို့ လှည်းနောက်ကနေ လမ်းလျှောက် လိုက်ရတယ်။
အဲဒီလိုပြန်တိုင်း လမ်းမှာတွေ့တဲ့ လူတွေက ကိုဗေဒါ့ကို ပြုံးစစနဲ့ ကြည့်ကြတယ်။ ဘာရယ်လို့ မမေးကြ၊ မပြောကြပေမယ့် ကိုဗေဒါ သိတာပေါ့။ ကိုဗေဒါက မြို့ကျောင်းတက်နေတဲ့ ကျောင်းသားလေ။ တောင်သူအလုပ်ကို သူ့ညီလောက် မကျွမ်းဘူး။ ဒီတော့ လှည်းအောက်က လမ်းလျှောက်ရတာပေါ့။
အဲဒီလိုနဲ့ လှည်းက ရွာ့အေနာက်ဘက်က ကောက်ရိုးပုံနား ရောက်လာတယ်။ ကောက်ရိုးပုံတွေက အများကြီးပဲ။ ရွာတောင်ပိုင်းမှာ ရှိတဲ့ အိမ်တိုင်းက
ဒီနေရာမှာပဲ ကောက်ရိုးတွေကို ပုံထားကြတာဆိုတော့ ကောက်ရိုးပုံတွေက ဆယ်ယ်ဂဏန်းတော်တော်များများ ရှိတယ်။
“မင်း..လှည်းပေါ်ကနေလေ”
ကောက်ရိုးပုံတွေနားရောက်တော့ ကိုဗေဒါ့ညီလေးက စာရေးဆရာဖြစ်တဲ့ သူ့အစ်ကိုကို အားနာလို့ ထင်ပါရဲ့ ။ “မင်း လှည်းပေါ်ကနေလေ..” လို့ ပြောပြီး အောက်ဆင်းသွားတယ်။ ကိုဗေဒါ့ ရင်ထဲ လှိုက်ခနဲပဲ။ ပျော်တာ ပျော်တာဆိုတာ။ ငယ်ငယ်ကတည်းက နေချင်တဲ့ လှည်းပေါ်က ကိုဗေဒါ နေရတော့မယ် မဟုတ်လား။ ကိုဗေဒါလည်း နွားကြိုးကို လှည်းစောင်ပန်းမှာ တင်းအောင်ချည်ပြီး နကန်ကိုခါးမှာထိုးရင်း သူ့ညီလေး ပစ်ပေးတဲ့ ကောက်ရိုးတွေကို စီတယ်။ သိပ်မကြာပါဘူး။ လှည်းက မောက်လာတယ်။
“မင်းမောင်းသွားလိုက်နော့..၊ ငါ ကြက်သွန်ခင်း သွားကြည့်လိုက်ဦးမယ်”
ကိုဗေဒါ့ညီလေးက ပြောပြောဆိုဆို သူတို့ယာခင်းတွေရှိတဲ့ ရိုးအနောက်ဘက်ကို လျှောက်သွားတယ်။ ကိုဗေဒါလည်း အေးအေးလို့ ဝမ်းသာအားရပြောပြီး လှည်းကို အိမ်ဆီပြန်မောင်းလာခဲ့တယ်။
လမ်းတစ်လျှောက် ကိုဗေဒါ ပျော်နေတာ။ ငယ်ငယ်ကတည်းက လှည်း အောက်ကနေ ကောက်ရိုးပစ်ပေးရတဲ့ ဘဝရယ်၊ လှည်းနောက်ကနေ လမ်းလျှောက် ပြန်ရတဲ့ ဘဝရယ်ကို ကိုဗေဒါ သိပ်မုန်းတာ မဟုတ်လား။ ခုတော့ ဟန်ကျလိုက်တာလို့ တွေးရင်း ကိုဗေဒါ ပျော်နေတာ။
ကောက်ရိုးလှည်းပေါ်ကနေ ရွာထဲကို လှမ်းကြည့်ရတဲ့ အရသာကလည်း အတော်နိပ်တယ်။ ရွာခရိုးနားနီးတဲ့ အိမ်တွေကို မြင်နိုင်တယ်။ ကလေးကအစ ခွေးအဆုံး မြင်နိုင်တယ်။ နွားတွေကိုတော့ နကန်မမီလို့ အသံနဲ့ပဲ ခြောက်မောင်းရတယ်။ လှည်းနောက်မြီးက တန်းလန်းကျနေတဲ့ ကောက်ရိုးတွေက ရွာလယ်လမ်းတစ်လျှောက် တဖျောဖျောမြည်ရင်း အစင်းရာကြီးတွေ ထင်းနေခဲ့တယ်။ ကိုဗေဒါက သူ့ကိုယ်သူ ကောက်ရိုးလှည်းမောင်းရသူလို့ မမြင်ဘဲ ဖို့ဒ်ကားကြီး ရွာထဲ မောင်းဝင်လာရသလို ဂုဏ်ယူနေမိတယ်။ အဲဒီလိုနဲ့ ကိုဗေဒါ့လှည်းက သူ့အမေအိမ်နားရောက်လာတယ်။
ကိုဗေဒါ့အမေ့အိမ်က ရွာ့အနောက်ဘက်ခြမ်းမှာ။ လမ်းနဲ့ ကပ်လျက်ပဲ။ လှည်းကို တုန့်ဝင်ရတာ။ အဝင်ခက်တဲ့ တံခါးဝပေါ့။ ကိုဗေဒါ လှည်းပေါ်က လှမ်းကြည့်လိုက်တော့ သူ့အမေက ခေါင်းရေခပ်နေရာကနေ ကိုဗေဒါ့ကို ကြည့်နေတယ်။ ကိုဗေဒါ အတိုင်နွားရဲ့ကြိုးကို တင်းလိုက်ပြီး အလှည့်နွားကို နကန်ဖျားနဲ့ လှမ်းခတ်လိုက်တော့ နွားတွေက တံခါးဝကို ကွက်တိဝင်ကြတယ်။ အဲဒီအချိန်မှာပဲ လှည်းက ခပ်ကြမ်းကြမ်းတစ်ချက် လှုပ်သွားတယ်။
“ဟဲ့..ဟဲ့…လူလေး”
ကိုဗေဒါရဲ့ လှည်းကို လှမ်းကြည့်နေတဲ့ ကိုဗေဒါ့အမေရဲ့ အသံတောင် မဆုံးသေးဘူး။ ကိုဗေဒါက လှည်းအောက်ရောက်နေပြီ။ ကောက်ရိုးလှည်းက ခါးလယ်ကနေ ပြတ်ကျသွားတာ။ ကိုဗေဒါလည်း ကောက်ရိုးတွေနဲ့ ထွေးလားလုံးလားဖြစ်ပြီး လှည်းအောက်ရောက်သွားတယ်။
ကိုဗေဒါ့အမေက ရေပုံးကိုချပြီး ကိုဗေဒါ့လှည်းဆီ ပြေးလာတယ်။
“တော်သေးတာပေါ့ လူလေးရယ်..ကြီးကောင်းကြီးမှ ကောက်ရိုးလှည်း ပိတော့မလို့..”
“ဘာမှ မဖြစ်ပါဘူး အမေရဲ့”
နီရဲနေတဲ့ မျက်နှာကို အချိန်မီ ပြင်လိုက်ရင်း ကိုဗေဒါ ပြောလိုက်တော့ ကိုဗေဒါ့ အမေက ဘာမှ ဆက်မပြောတော့ဘူး။ နွားနှစ်ကောင်ကို အဲဒီနေရာမှာပဲ လှည်းကဖြုတ်ပြီး ကောင်ရိုးတွေကို လူချည်းသက်သက် သားမိနှစ်ယောက် ပွေ့ယူရတယ်။အားလုံးပြီးသွားမှ ကိုဗေဒါတို့ သားအမိနှစ်ယောက် ရေနွေးစားပွဲမှာ ပြန်ထိုင်ဖြစ်ကြတယ်။
“ဝမ်းစာမရိုက်ဘူးလား လူလေး..ရဲ့”
စားပွဲမှာ ထိုင်ထိုင်ချင်း ကိုဗေဒါ့အမေက မေးတယ်။
“ရိုက်တယ် အမေရဲ့”
“သေချာမရိုက်လို့ပေါ့..လူလေးရဲ့။ ကောက်ရိုးကို လှည်းအိမ်ထဲ ပြည့်အောင်နင်းထည့်၊ ပြီးရင် လှည်းအိမ်ပေါ်က စတင်တဲ့ ကောက်ရိုးကနေ တစ်ပတ် ပတ်လိုက်၊ ဝမ်းစာ ရိုက်လိုက် လုပ်ရတယ်လေ။ အဲဒါမှ ပြုတ်မကျမှာ၊ မဟုတ်ရင် ပြတ်ကျမှာပဲ..”
“အဲဒါ ငယ်ငယ်တုန်းက ပါ အမေရာ..၊ ခုက ရပါတယ်”
ကိုဗေဒါက သူ့အမေစကားကို ပြန်ခုခံတယ်။ ဟုတ်တယ်လေ။ သူက ကလေးမှ မဟုတ်တော့တာ။ ဒီလောက်ကတော့ အပျော့ပေါ့။
“ဝမ်းစာရိုက်တာက အသက် ငယ်တာကြီးတာနဲ့ မဆိုင်ဘူးလေ..။ ကောက်ရိုးတင်တိုင်း ရိုက်ရမှာ ၊ မရိုက်ရင် ပြတ်ကျမှာပဲ..”
ကိုဗေဒါ့အမေက သူ့သားစာရေးဆရာကို ဆရာလုပ်ရတာ အားနာသွားလို့ ထင်ပါရဲ့။ ပြောပြီးတာနဲ့ ကိုဗေဒါ့အနားကနေ ထထွက်သွားတယ်။
“ဝမ်းစာရိုက်တာက အသက် ငယ်တာ ကြီးတာနဲ့ မဆိုင်ဘူး..” တဲ့။ သူ့အမေ့ စကားကို ပြန်ကြားရင်း ကိုဗေဒါ လန့်သွားတယ်။ ပြီးတော့ စာရေးဆရာဘဝမှာ ခါးပြတ်ကျနေတဲ့ သူ့အကြောင်းသူ ပြန်တွေးမိတယ်။ ဟုတ်သားပဲ။ စာတွေသာ တစ်လ သုံးလေးပုဒ် ရေးထုတ်နေမိတာ သူ စာတွေ မဖတ်ဖြစ်ခဲ့ဘူး။ သူဟာ ကောက်ရိုးလှည်းကြီး မြင့်ဖို့သာ အားထုတ်ခဲ့ပြီး ဝမ်းစာရိုက်ဖို့ မေ့နေခဲ့တာပါလား။ သူ ဝမ်းစာ ပြန်ရိုက်ရမယ်။
#လူခါး
၂၀၂၆၊၁၁၊၀၃၊
No comments:
Post a Comment