ကျွန်တော်တွေ့ ရှိခဲ့သော ကျောက်တစ်ပွင့်(သို့မဟုတ်)မောင်ချမ်း(ခရမ်းပြာ)
(၁)
ဂျပန်ပန်လူမျိုးအများစုက စာ အလွန်ဖတ်ကြပါတယ်။ ရထားပေါ်မှာလည်း ဖတ်ကြတယ်။ ကားပေါ်မှာလည်း ဖတ်ကြတယ်။ နေရာလေးတစ်ခု၊ထောင့်ချိုးလေးတစ်ခုမှာ တစ်စုံတစ်ယောက်ကို စောင့်နေရတဲ့ အချိန်မျိုးမှာတောင် စာအုပ်ကလေးတစ်အုပ်တော့ ကိုင်ထားပြီး ဖတ်နေတတ်ကြတာမျိုး တွေ့ ရတတ်ပါတယ်။ ဂျပန်နိုင်ငံကြီး ပြာပုံထဲက ထလာပြီး တိုးတက်ပြောင်းလဲလာခြင်းက ဂျပန်နိုင်ငံသားတွေ စာဖတ်ကြလို့ ဆိုတဲ့ အချက်ကို တစ်ကမ္ဘာလုံးက လက်ခံထားကြပါတယ်။ ဟုတ်ပါတယ်။ ဂျပန်တွေ စာ အလွန်ဖတ်ကြပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံကြိး တိုးတက်လာခဲ့တာပါပဲ။
(၂)
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာခဲ့ကြတယ်။ အောက်ခြေအလုပ်ကြမ်းသမားဘဝကနေ ပညာကိုအသုံးချပြီး လုပ်ရတဲ့ ရုံးအလုပ်တွေ၊ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပညာလေ့လာဆည်းပူးဖို့ ကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေ၊ စသဖြင့် နေရာ တော်တော်များများ၊ ပြည်နယ် တော်တော်များများ၊ မြို့တော်တော်များများမှာ မြန်မာလူမျိုးဆိုတာ ရှောင်လို့ တောင် မလွတ်လောက်အောင်ပါပဲ။ တစ်ချို့က ၁ နှစ်၊ တစ်ချို့ ၂ နှစ်၊ တစ်ချို့ က တစ်သက်လုံး နေထိုင်သွားခဲ့ကြတယ်။ နေထိုင် နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။
အဲဒီလို ဂျပန်နိုင်ငံမှာ နေထိုင်နေကြသူတွေ အားလုံးကို 'ဂျပန်ကို ဘာလို့ လာခဲ့တာလဲ' လို့ မေးလိုက်ရင် ‘တိုးတက်ချင်'လို့ ဆိုတဲ့ အဖြေကိုသေချာပေါက် ပြန်ရမှာပဲဖြစ်ပါတယ်။ ဟုတ်ပြီ။ ဂျပန်လူမျိုး၊ ဂျပန်နိုင်ငံကြီး တိုးတက်လာခဲ့တာဟာ စာဖတ်လို့ ဆိုရင် တိုးတက်ချင်လို့ ဂျပန်ကို လာခဲ့ကြတဲ့ကျွန်တော်တို့ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရော၊ စာဖတ်ကြပါရဲ့ လား။
(၃)
ကျွန်တော်ဟာ ဂျပန်နိုင်ငံကို ၂၀၁၅ ခုနှစ်ကုန်ပိုင်းမှာ ရောက်ခဲ့ပါတယ်။ ကျွန်တော်မရောက်ခင် အရင်ခေတ်တစ်ခေတ်တုန်းက ဂျပန်နိုင်ငံမှာ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာစောင်တွေ၊ ဂျာနယ်မဂ္ဂဇင်းတွေ ရှိတယ်လို့ ကြားဖူးပေမယ့် အခုများတော့ TIME STUDY ဆိုတဲ့ စာအုပ်အပါးကလေးတစ်အုပ်သာပဲ မကြာခဏထုတ်ဝေနေတာ တွေ့ ရပါတယ်။ မလေးရှား၊စင်ကာပူ၊ထိုင်း တို့လို နိုင်ငံတွေမှာ တစ်နှစ်တစ်ကြိမ်လောက် စာပေဟောပြောပွဲတွေ ကျင်းပနေတာ တွေ့ နေ သိနေရပေမယ့် ဂျပန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီက နှစ်ကြိမ်လောက်ကျင်းပဖူးတယ် ဆိုတဲ့ မှတ်တမ်းဟောင်းလေးကိုပဲ လွမ်းမောစရာ ပြန်ကြားရရုံပါပဲ။
တိုကျိုက တကဒနိုဘာဘာဆိုတဲ့ မြန်မာဆိုင်တွေရှိတဲ့ နေရာမှာ မြန်မာစာအုပ်ဆိုင်များ ရှိမလားဆိုတဲ့အတွေးနဲ့ သွားရှာဖူးပေမယ့် စာအုပ်အဟောင်းကလေးတွေ အုပ် သုံးဆယ် လေးဆယ်လောက် စုထပ်ထားတာမျိုးကလွဲလို့ စာအုပ်ကို ခုံခုံမင်မင်ရွေးနေ ဖတ်နေတဲ့လူ တစ်ယောက်လောက်တောင်မတွေ့ ခဲ့ရဖူးပါဘူး။ ဂျပန်နိုင်ငံရဲ့ ရထားပေါ်မှာ ကားပေါ်မှာ ပန်းခြံထဲမှာ စာဖတ်နေကြတာကို မြင်တွေ့ နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော့ မဟုတ်ပါဘူး။ ကျွန်တော် ဂျပန်ရောက်တာအခုဆို ၅နှစ်ပြည့်တော့မယ်။ ရင်းနှီးတဲ့ လူပေါင်း သုံးဆယ်လောက် အင်တာဗျူးလေးလုပ်ဖူးတယ်။ စာဖတ်ဖြစ်ရဲ့ လား။ ဘာစာတွေဖတ်ဖြစ်လဲ။ ဘာလို့ မဖတ်ဖြစ်တာလဲ။ ကျွန်တော် မေးခွန်းတွေ မေးခဲ့ဖူးတယ်။ စာအုပ် နှစ်အုပ် ဖတ်ဖူးတယ် ဆိုတဲ့လူ တစ်ယောက်ပဲ တွေ့ ဖူးပါတယ်။
သေချာပါတယ်။ ဂျပန်ရောက် ကျွန်တော်တို့မြန်မာတွေစာ မဖတ်ကြပါဘူး။
(၄)
မောင်ချမ်း(ခရမ်းပြာ)တဲ့။
မဂ္ဂဇင်းစာမျက်နှာတွေမှာ အတွေ့ရနည်းပေမယ့် သူနဲ့တစ်ခါလောက်ပဲ စကားပြောဖူးရုံ၊ အယူအဆလေးတွေ ကြားခဲ့ရဖူးရုံနဲ့ ကျွန်တော့်ထက် စာဖတ်အားကောင်းတဲ့၊ တွေးအားကောင်း၊ တွေးထောင့်ကောင်းပြီး ဝမ်းစာပြည့်နေတဲ့ ဆရာတစ်ယောက်လို့ ချက်ချင်းအမှတ်ပေးမိခဲ့ပါတယ်။ စာတွေ၊ကဗျာတွေကို ကိုယ်တိုင်လည်းရေးတယ်။ အခြားစာရေးဆရာတွေရဲ့ စာကောင်းတွေကိုလည်း နှိုက်နှိုက်ချွတ်ချွတ်လိုက်ရှာပြီး ပြန်လည်မျှဝေပေးလေ့ရှိတဲ့သူ။'ဆရာချမ်း စာဖတ်တာက သုသေသနသမားတစ်ယောက်လို ပဲဗျ' သူ့ ကို ကျွန်တော်ပြောဖူးတယ်။ သူဟာ စာကို ထောက်လှမ်းရေးတစ်ယောက်က လိုက်ရခက်တဲ့ အမှုတစ်ခုကို ကွင်ဆက်တွေ ချိတ်ချိတ်ပြီး လိုက်သလို ဖတ်တတ်တဲ့သူ။ အထင်ကရ စာရေးဆရာကြီးတစ်ယောက်က ဂျပန်နိုင်ငံရဲ့ ရထားပေါ်မှာ ဆေးလိပ်သောက်တဲ့အကြောင်းကို ဟောသွားလို့ မှားနေတဲ့အကြောင်းကို ခုနှစ်တွေနဲ့တွက်ပြပြီး ကောက်ချက်တစ်ခုဆွဲပြတာ သူ့ ဆီကနေ ကြားခဲ့ရဖူးတယ်။ အဲဒီမှာ သူ့ရဲ့ တွေးအားကို ကျွန်တော်စတင် သတိထားမိခဲ့တာပါပဲ။
အခုဆရာချမ်း ရဲ့ 'ရှိုက်သံမဲ့သက်ပြင်းနှင့်အခြားရသစာတမ်းများ'အတွက် အမှာစာရေးပေးဖို့ ဆရာချမ်းကပြောတော့ ကျွန်တော်ဖျားသွားခဲ့မိတယ်။ ကျွန်တော့်ထက် ဝမ်းစာပြည့်တဲ့ ဆရာချမ်းရဲ့စာပေအိမ်ဦးခန်းမှာ ကျွန်တော်မထိုင်ပါရစေနဲ့ဗျာ လို့ ငြင်းချင်ခဲ့တာ။ တစ်သက်နဲ့ တစ်ကိုယ် ကိုယ့်
စာအုပ်မှာ တောင် အမှာစာ(အမှတ်တရစာ) မရေးရဲ ခဲ့တဲ့ ကျွန်တော်ဟာ ကိုယ့်ထက်ပြည့်ဝတဲ့ ဆရာတစ်ယောက်ရဲ့ စာအုပ်မှာ ရေးဖို့ ဆိုတာ စွန့် စားမှုတစ်ခုပဲလို့ ယုံကြည်တယ်။ ဒါပေမဲ့ ကျွန်တော် တို့နှစ်ယောက်ရဲ့ ရင်းနှီးမှုအရ ဆရာချမ်းက အိမ်တစ်လုံးဆောက်နေတယ်ဆိုရင် ကျွန်တော်က ဒေါက်တိုင်လေးတစ်ခုဖြစ်ဖြစ် ကူထောက်ပေးဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့ အသိနဲ့ အခု အမှတ်တရစာလေးကို ရေးဖြစ်ခဲ့တာပါပဲ။
ဆရာချမ်းဟာ စာအစုံဖတ်သလို အကြောင်းအရာအစုံကိုလည်း ရေးနိုင်တဲ့ သူပါ။ ဘယ်လိုအကြောင်းအရာကိုပဲရေးရေး ရသကို မိအောင်ပုံဖော်ခံစားသွားစေနိုင်တာကတော့ ဆရာချမ်းရဲ့ အရည်အချင်းပါပဲ။ တချို့ စာရေးသူတွေဟာ သူတို့ပြောချင်ရေးချင်တဲ့ အကြောင်းအရာကို ပြောရင်းရေးရင်းနဲ့ကျောင်းဆရာတစ်ယောက်ရဲ့ လေမျိုး မသိမသာ ပါလာတတ်တာမျိုး ကျွန်တော်ဖတ်ဖူးပါတယ်။ ဆရာချမ်းရဲ့ စာတွေထဲမှာတော့ လူတစ်ယောက်က အခြားလူတစ်ယောက်ကို လေအေးအေးနဲ့ ပြန်ပြောနေသလိုမျိုးနဲ့ တူပြီး ပြောသမျှစကားတွေကို ဆက်လက်အတွေးပွားကောက်ချက်ချဖို့ ကတော့ နားထောင်
နေသူရဲ့ တာဝန်သာဖြစ်ကြောင်း အတိအလင်းတွေ့ နေရမှာဖြစ်ပါတယ်။ စာရေးဆရာတွေဟာ လူနဲ့ မိမိရေးတဲ့စာနဲ့ ထပ်တူကျသင့်မကျသင့်ဆိုတဲ့ အယူအဆအရပြောရရင် ဆရာချမ်းကတော့ ရေးတဲ့စာနဲ့ လူနဲ့ အမြဲထပ်တူကျနေလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်ပါပဲ။
ဒီကနေ့ စီးပွားရေး ကွာဟချက်အရ ဂျပန်ယန်းတစ်ယန်းကို မြန်မာကျပ်ငွေ ဆယ့်လေးကျပ်လောက် ရပါတယ်။ ဂျပန်ရောက်မြန်မာလူမျိုးအများစုဟာ အချိန်နဲ့ ဆက်ထားတဲ့ ငွေနောက်ကိုလိုက်ရင်း စာမဖတ်ဖြစ်ကြတော့ပါဘူး။ စာတစ်ပုဒ်ရေးဖို့ ဆိုရင် ပိုပြီးတော့တောင် ခက်ခဲလွန်းလှပါတယ်။
အဲဒီလို လူတွေကြားထဲမှာ မောင်ချမ်း(ခရမ်းပြာ)ဆိုတဲ့ ရသကလောင်တစ်ချောင်းကို ကျွန်တော် တွေ့ခွင့်ရခဲ့ ပါတယ်။ ဒီအရပ် ဒီဒေသမှာတော့ ခက်ခက်ခဲခဲရှာဖွေ တူးဖော်မှ တွေ့ ရမယ့် ကျောက်တစ်ပွင့်လို့ ဆရာ မောင်ချမ်း(ခရမ်းပြာ)ကို ကျွန်တော်က တင်စား ညွှန်းဆိုချင်ပါတယ်။
အဲဒီကျောက်ရဲ့ အရည်အသွေးကိုတော့ စာဖတ်သူများက သတ်မှတ်ပေးကြစေချင်ပါတာပါပဲ။
လူခါး
၂၀၁၉.၀၉.၁၄
No comments:
Post a Comment