Thursday 19 April 2012

''' မြစ်လက်တက်များ "'




မလေးရှားနေက ခုလို ညကြီးထဲမှာတောင် တစ်နေရာရာကနေ ချောင်းမြောင်းပြီး ပူနေတယ်လို့ သူ ထင်တယ် ။ ညက အိုက်စပ် ပူလောင်လွန်းလှတယ် ။ဆိုင်ကလေးထဲမှာရှိတဲ့ အဲကွန်းသုံးလုံးစလုံး ဖွင့်ထားတာတောင် လောင်မြိုက်နေသေးတယ်။ ဆိုင်ကလေးထဲကို မျက်လုံးဝေ့လိုက်တော့ customer တွေ မှုတ်ထုတ်တဲ့ ဆေးလိပ်မီးခိုးတွေက မြူတွေလို ရစ်သိုင်းနေကြတယ် ။ သူနဲ့ ညဆိုင်းအတူလုပ်ရတဲ့ ကောင်လေးကိုကြည့်လိုက်တော့ ခုံပေါ်မှာ ခွေခွေလေး ငိုက်နေတယ် ။ သူတို့ နှစ်ယောက်က ဒီဆိုင်ကလေးထဲမှာ ဆေးလိပ်ငွေ့ တွေနဲ့  နေ့ စဉ်နဲ့ အမျှ နဘမ်းလုံးနေရတဲ့ အလုပ်သမားတွေပဲ ။

ဆေးလိပ်အကြောင်းကို စဉ်းစားရင်း ဟိုတလောက ဖတ်လိုက်ရတဲ့ ဆေးလိပ်သတင်းတစ်ခုကို သွားသတိရမိတယ် ။


'' ကမ္ဘာပေါ်မှာ ဆေးလိပ်အသောက်ဆုံး နိုင်ငံသည် မလေးရှား ဖြစ်သည် '' တဲ့ ။


အရင်တုန်းကတော့ မသိဘူး ။ သူတို့ ရောက်ပြီးတဲ့  သုံးနှစ်အတွင်းမှာတော့ အဲဒီ စံချိန်မှန်တယ် ။ နိုင်င်ငံသားတွေထက် အလုပ်လာလုပ်ကြတဲ့ နိုင်ငံခြားသားတွေကြောင့် မြင့်တက်သွားတယ်လို့ သူထင်တယ် ။ ခုတော့ အဲသလို မကောင်းတဲ့ ဘက်က နာမည်ကောင်းရနေတဲ့ နိုင်ငံမှာ သူတို့ မြန်မာအလုပ်သမားတွေ တစ်စတစ်စ ယိမ်းယိုင် ပြိုပျက်လာတယ်လို့ သူ စိတ်မကောင်းစွာနဲ့  တွေးဖြစ်နေတတ်ခဲ့ရတယ်။ သောက်တတ် ၊ စားတတ်လာကြတယ်။ သူကောဘာထူး လို့ လဲ ။ သူကလည်း ဒီပုတ်ထဲ က ဒီပဲ ပါပဲ ။

သူအခု လုပ်နေတဲ့ ဆိုင်ကလေးကလဲ ကောင်းတာမှ မဟုတ်ဘဲ ။ သူ့ ဆိုင်ကလေးက အင်တာနက်နဲ့ ချိတ်ဆက်လောင်းကစားရတဲ့ တရားမဝင်လောင်းကစား ဆိုင်လေး ။ ဒီဆိုင်ကလေးထဲကို သူရောက်ခဲ့တာ သုံးနှစ်တောင်ပြည့်တော့မယ် ။ သူ့ လိုပဲ မြန်မာအလုပ်သမား ရှစ်ဆယ်လောက် လုပ်နေကြတယ် ။တစ်ဆိုင်ကို နှစ်ယောက် နှုန်းနဲ့ သူတို့ သူဌေး ပိုင်တဲ့  ဆိုင်လေးဆယ်လောက်မှာ မြန်မာအလုပ်သမားတွေချည်းပဲ ။

စဝင်လာခါစကတော့ အိုဗာစတေး ဖြစ်နေတဲ့ သူတို့ ဘဝတွေ အတွက် ကောက်ရိုးတစ်ပင်အဖြစ် ယောင်ယမ်းဖမ်းဆွဲလိုက်တဲ့
 
သဘောပါပဲ ။ ဒါပေမယ့်  လုပ်ရင်းလုပ်ရင်း လစာလေးကို သူ မစွန့် လွှတ်ချင်ဘူး ဖြစ်လာတယ် ။ သူဌေးက စာအုပ်အသစ်လုပ်ပေးမယ်ဆိုပြီး သူတို့ ကို ပြောထားတဲ့ အချက်ကို ယုံမိတာလည်း ပါတယ် ။ ခုတော့ စာအုပ်လည်း မလုပ်ဖြစ်၊ အိမ်လည်း မပြန်ဖြစ် သူတို့ တွေ သူဌေးလက်ထဲက ရုန်းမထွက်နိုင်ကြဘူးဖြစ်နေတယ်။

ခုလို တရားမဝင်ဆိုင်တွေမှာ လုပ်လိုက်၊ အဖမ်းအဆီး ရှိတယ်ဆိုရင် ရှောင်နေလိုက်နဲ့ ကြာတော့ သူတို့ အားလုံးအတွက် ဒုက္ခဆိုတာ အပေါင်းအသင်းသူငယ်ချင်းလိုဖြစ်လာတယ်။ လကုန်ရင် အိမ်ကိုပို့ လိုက် ။ သောက်စားပျော်ပါး လိုက်နဲ့  ဘုန်းကြီးတစ္ဆေတွေဖြစ်လာတယ် ။ ဘာတဲ့ဆို သိပြီးသား ၊ ဘာတဲ့ ဆို တတ်ပြီး သား ။ စက်ရုံ အလုပ်သမားတွေထက်စာရင် သူတို့ က မလေးရှား ပေါ်လစီနဲ့ အံဝင်ခွင်ကျ ဖြစ်လာတယ်။ လူမိုက်တစ်ပိုင်း အလုပ်သမားတစ်ပိုင်းဖြစ်လာတယ် ။


တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဖြစ်လာကြတယ်။ မဖြစ်ခံနိုင်ရိုးလား ။ သူတို့ ဆိုင်ကလေးမှာက သူဌေးက ငှားထားတဲ့ လူမိုက်တွေရှိတယ် ။ အဲဒီလူတွေနဲ့ ပေါင်းမိပြီး သူတို့ တွေ အကျင့်စာရိတ္တ ခေါင်းပါးလာတယ် ။ သူ့ ဆိုင်ကလေးထဲမှာ နေ့ စဉ်နဲ့ အမျှ လူမိုက်တွေ ရှိနေတတ်တယ် ။ လူမိုက်တွေရဲ့ လုပ်ရပ်တွေကို မမြင်ချင်အဆုံးမြင်နေရတော့တယ်။


''မင်း သူတို့ ကို သိလို့ လား"


သူတွေးချင်ရာ တွေးနေတုန်းမှာ ဆိုင်စောင့်တဲ့ လူမိုက်ကြီးက အထဲဝင်လာရင်း သူ့ ကိုမေးတယ်။ လူမိုက်ကြီး မေးငေါ့ပြတဲ့လူတွေကို

ကြည့်လိုက်တော့ သူလည်း သိပ်မသိတဲ့လူတွေ ။

''သိပ် မသိဘူး''


သူ့ အဖြေစကားကိုကြားတော့ ဂျာကာကြီးက သူ့ ကို ရှုသိုးသိုး ကြည့်ပြီး ဆိုင်အပြင်ထွက်သွားတယ် ။ သူလည်း ကောင်လေး

ကို လှုပ်နှိုးလိုက်ပြီး
'' ငိုက်မနေနဲ့  အခြေအနေ မကောင်းဘူး'' လို့ လေသံခပ်တိုးတိုး နဲ့ ပြောလိုက်တယ်။ ကောင်လေးက ကြောက်တတ်သူပီပီ ဝုန်း ခနဲ မတ်တပ်ထရပ်ပြီး ချက်ချင်းပြေးတော့မလို ဟန်ပြင်တယ် ။

'' ဟေ့ကောင် ဘယ်တုန်း ၊ အခြေအနေ မကောင်းဘူး လို့ ပဲ ပြောတာ၊ မင်းက ဘယ်ပြေးတာတုန်း "

သူ ကောင်လေးကို လေသံ အုပ်အုပ်နဲ့ ပြောလိုက်တော့ ကောင်လေးက ငြိမ်သွားတယ် ။


ခဏနေတော့ ဆိုင်စောင့် ဂျာကာလူမိုက်ကြီးက မျက်စေ့မျက်နှာပျက်နဲ့ ဆိုင်ထဲပြန်ဝင်လာတယ် ။ ဘယ်လိုလဲ ဆိုတဲ့ အမူအယာနဲ့ သူ အဘိုးကြီးကို မေးငေါ့ပြလိုက်တော့


'' အဲဒါ ဓားပြတွေ " တဲ့


အဲဒါ မှ ပြသနာပဲ ။ မြွေပွေး ကို ခါးပိုက်ပိုက်မိရက်သားဖြစ်ပြီ ။ သူ ကြောက်စိတ်ကို မသိကျိုးကျွံပြုပြီး မေးလိုက်တယ် ။


'' သေချာလို့ လား '' သူတုန်တုန်ယင်ယင်နဲ့ မေးလိုက်တော့ ဆိုင်စောင့်ဂျာကာကြီးက

''သေချာတယ် ၊ အပြင်က ကားထဲမှာ သုံးယောက်ကျန်သေးတယ် ။ ကားကလည်း နံပါတ်တပ်မထားဘူး''

သူ့ လက်တွေ တုန်လာသလား သူ့ ကိုယ်သူတောင် မသိတော့ဘူးရယ် ။ ကောင်လေးကို ကြည့်လိုက်တော့ ကောင်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့  ။


''ညီလေး အသင့်ပြင်ထား''


သူကောင်လေးကို ပြောပြထားဖူးတဲ့ တစ်ချိန်ကအကြောင်းတွေအတိုင်း လုပ်ဖို့ သတိပေးလိုက်တယ်။ သူတို့လို အလုပ်သမားတွေအဖို့ က ပြေးရန်မှတပါး အခြားမရှိ ဆိုတော့ အရေးရယ် အကြောင်းရယ်ဆို အဲသလိုသာ အဆင်သင့်လုပ်ထားရတော့တာပဲ။ သူတို့ နှစ်ယောက်လည်း ရယ်ဒီအနေအထားဖြစ်ရော ဆိုင်စောင့်လူမိုက်ကြီးက

'' ရပြီ ၊ ငါ ငါ့အဖွဲ့ ကို ခေါ်ထားပြီး ပြီ ၊ မင်းတို့  အသာနေ" လို့  ခပ်အေးအေး လာပြောတယ်။ သူတို့ ဟာ သူတို့  ခေါ်ထားထား မထားထား၊ ယုံရတာမဟုတ်တော့ သူနဲ့ ကောင်လေးက ပြေးပေါက်ကိုသာ ကြည့်နေမိကြတယ်။ ဒါပေမယ့် ဟုတ်ပါတယ် ။ ဆိုင်စောင့်ဂျာကာကြီးပြောသလို သိပ်မကြာခင်မှာပဲ သူ့ ရဲ့လူမိုက်အဖော်တွေ ရောက်လာကြတယ် ။

သူတို့ အဖွဲ့ လည်းရောက်လာရော သိပ်မကွာဘူး ဆိုင်ရှေ့ကို နောက်ထပ်ကားတွေရောက်လာကြတယ် ။ သူ သိလိုက်တယ် ။ ဒါ မလေးရှားမှာ ရေပန်းစားနေတဲ့ လူဆိုးဂိုဏ်းတွေရဲ့ တွေ့ ဆုံပွဲပဲ။ မလေးရှားက ရဲတွေတောင် လက်မြှောက်ထားရတဲ့ အဖွဲ့ တွေပဲ ။ မကြာခင် သူ့ ဆိုင်ကလေး မွမွကြေတော့မယ့် အရေးကိုတွေးရင်း သူ ကြောက်ရွံ့ နေမိတယ်။

ဒါပေမယ့် '' လူမိုက်ဆိုတာ အများနဲ့ တစ်ယောက်သာမိုက်ရဲတာ၊ အများ အများ ချင်းဆို နွားတွေလို စောင်ရင်းစောင်ရင်းနဲ့  ဝေးသထက်ဝေးအောင်ပြေးတာ့တာ'' လို့ ပြောဖူးတဲ့ သူ့ ထက် ဝါရင့်တဲ့  လူတွေရဲ့ စကားအတိုင်း တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ စောင်ရင်းစောင်ရင်း အပြီးသတ်ကျတော့ လူစုကွဲသွားကြတယ် ။

သူချက်ချင်း တခြားဆိုင်တွေကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ် ။ လူပုံ စံတွေကိုပြောပြ၊ အဝတ်အစားတွေကိုပြောပြပြီး သတိဝီရိယ နဲ့ နေဖို့ ပြောလိုက်တယ်။ မလေးရှား လူမိုက်တွေဟာ အဲသလိုပဲ ၊ ဒီနေရာမရ နောက်တစ်နေရာ ၊ လိုချင်တာမရမချင်း နိုင်ငံခြားသားတွေ ရှိတဲ့ နေရာတွေ မှာ ကောက်ကျစ်စဉ်းလဲ တဲ့စိတ်နဲ့ ချောင်းမြောင်းနေတတ်တယ်။ပြီးတော့ ဘယ်ဆိုင်ကိုမှ မဝင်ပါစေနဲ့ ဘုရား၊ ဘယ်လို နိုင်ငံခြားသားမှ သွေးဆာနေတဲ့ အရိုင်းဘီလူးတွေ လက်ထဲ မရောက်ပါစေနဲ့ ဆိုပြီး တစ်ညလုံး ဆုတောင်းနေမိတယ် ။

အဲဒီညက သူဆုတောင်းပြည့်ခဲ့ပါတယ် ။


(၂)


ညက ဆုတောင်းပြည့် ခဲ့ပေမယ့်  မနက်ခင်းကတော့ သူ့ ဆီကို အညှာအတာ ကင်းမဲ့စွာ သတင်းတစ်ခုကို ယူလာခဲ့တယ်။ နောက်နေ့ မနက် ဆိုင်လေးထဲကနေ သူထွက်လာတော့ သူတို့ အဆောင်တစ်ဝိုက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။

သူတို့ နဲ့ မနီးမဝးရပ်ကွက်မှာနေတဲ့  မြန်မာမလေးတစ်ယောက်ကို ညက လူရမ်းကားတစ်သိုက် ဆွဲသွားတယ် .. တဲ့ ။ သူ့ ရင်တစ်ခုလုံး ဟာသွားတယ် ။ တစ်ချို့ ကလည်း ရဲတိုင်မယ် ။ တစ်ချို့ကလည်း လိုက်ရှာကြမယ် ။ တစ်ချို့ကလည်း နှမချင်းမစာဘူး... ဘာညာ ဆိုပြီး အော်ဟစ်ကြိမ်းမောင်းနေကြတယ် ။


သူ ဘာလုပ်ရရင်ကောင်းမလဲ ။ ရဲတိုင်လို့ ကော ဘာထူးလာမှာလဲ ။ သွားရှာလို့ ရော ကိုယ့်စက်ရုံထဲ ကိုယ်တောင် အနှံ့ရောက်ဖူးကြတာ မဟုတ်ဘူး ။ သူတို့ ဆိုင်ကလေးမှာ ညဘက် လာစောင့်တဲ့ ဂျာကာလူမိုက်ကြီး ကို အကူအညီတောင်းရကောင်းမလား ။ လားပေါင်း များစွာနဲ့  သူ မြန်မာဆိုင်တစ်ဆိုင်ပေါ် တက်သွားလိုက်တယ် ။ မြန်မာ ဆိုင်ပေါ်မှာလည်း လူတွေက အဲဒီသတင်းပဲ ။ မြန်မာဆိုင်သူဌေး ရဲ ''့သနားစရာ ကွာ '' ဆိုတဲ့ စကားကို သူ မကြားချင်တာနဲ့ ပဲ စာစောင်တစ်ခုဝယ်ပြီး အဆောင်ပြန်လာခဲ့တယ် ။

အဆောင်ရောက်တော့ ဘာမှစဉ်းစားတွေးတောလို့ မရတာနဲ့ သူ စာစောင်ကို ဟိုလှန်ဒီလှန် လုပ်နေလိုက်တယ် ။ တစ်နေရာရောက်တော့ သတင်းတစ်ခုက သူ့ မျက်လုံးထဲ ထင်ထင်ရှားရှားကြီး ဝင်လာတယ် ။


''ဧရာဝတီ ကို ကယ်တင်ကြမယ် '' .. တဲ့  ။

သူ စာစောင်ကို ဆက်မဖတ်တော့ဘဲ နီးရာ စာရွက်တစ်ရွက်ကို ဆွဲယူပြီး စိတ်ထဲရှိတာ ချရေးပစ်လိုက်တယ် ။

''ဧရာဝတီ ကို ကယ်တင်သလို ဧရာဝတီကမွေးဖွားခဲ့တဲ့  အဝေးရောက် မြစ်လက်တက်များကိုလည်း ကယ်တင်ပေးကြပါ "'

ကယ်တင်ပေးကြပါ ။ ကယ်တင်ပေးကြပါ ။

ကယ်.........တင်.......................ပေး...............................ကြ..................................ပါ......................။


သူ စာကြောင်းရေ တော်တော်များများရေးပစ်လိုက်တယ် ။ ဒါပေမယ့်  ရေးပြီးတော့မှ ခက်မှန်းသိတော့တယ် ။ စိတ်ထဲ ပေါက်ပေါက်နဲ့ လျှောက်ရေးမိတာကို ဘယ်သူ့ ကိုပြရမှန်းမသိတော့ဘူးဖြစ်နေတယ် ။
                                                                                                                                   လူခါး
                                                                                                      ခရမ်းရိပ်အနုပညာမဂ္ဂဇင်း၊ ဧပြီ၊ ၂၀၁၂

No comments: