Sunday 9 November 2014

ဦးပုည လူမှားအရိုက်ခံရခြင်း




          ကျွန်တော် ဆယ်တန်းကျောင်းသာဘ၀တုန်းက လူမှားပြီး အရိုက်ခံရဖူးပါသည်။ ကျွန်တော် တို့ရွာ ဘုရားပွဲမှာဖြစ်သည်။ ရိုက်သူက ကျွန်တော်တို့ရွာမှမဟုတ်။ ကျွန်တော်တို့ရွာ၏ တောင်ဘက် တွင် ကပ်လျက်ရှိသည့်ရွာမှဖြစ်သည်။ ထိုလူက ဘုရားပွဲဈေးထဲတွင် လတ်လျားလတ်လျားနှင့် သွားနေသော ကျွန်တော့်အား ဘာမပြော ညာမပြောနှင့် နောက်မှရိုက်ခဲ့ခြင်းဖြစ်သည်။
          ခေါင်းမှာ ပူခနဲဖြစ်သွားပြီး မျက်နှာပေါ်သို့ သွေးများဖြာခနဲဆင်းလာကြသည်။ လဲကျမလို ဖြစ်သွားရာမှ ချက်ချင်းပြန်ထပြီး ထွက်ပြေးသွားသူနောက်ကို ပြေးလိုက်ကာ အားမပါသော လက်သီးများဖြင့် ကျွန်တော်ပြန်ထိုးခဲ့သေးသည်။ သို့သော် ထိမထိ ကျွန်တော်မသိတော့။ အားတင်းထားသည့်ကြားထဲမှ မိုက်ခနဲဖြစ်သွားကာ မှောင်အတိကျသွားတော့သည်။
          ကျွန်တော်သတိပြန်ရလာတော့ အိမ်အပေါ်ထပ်မှာပြန်ရောက်နေပြီ။ သတင်းမေးလာကြသူ များက ကျေးရွာဓလေ့အရ အိမ်ပေါ်မှာ အတော်များသည်။ အမေက ကျွန်တော့်လက်ကိုကိုင်ရင်း မျက်ရည်စက်လက်။ အဖေကတော့ သူအရမ်းကြိုက်သည့် “မြို့သစ်ရွှေကျေး” ဆေးပေါ့လိပ်ကြီးကို ခဲကာ တစ်ခုခုကို စဉ်းစားနေဟန် ငြိမ်သက်နေသည်။
          သတိလည်လာပြီး ဆယ့်ငါးမိနစ်လောက်ရှိတော့ ကျွန်တော့်နားထဲမှာ အသံတွေညံလာ သည်။ အခြားသူများ၏အသံများ။ ငယ်စဉ်ကတည်းက မြို့မှ ဦးကြီးအိမ်၌ ကျောင်းတက်ရင်း သွားနေသူ ကျွန်တော့်အား မဆီမဆိုင်ရိုက်ခဲ့သည့် တစ်ဖက်ရွာသားအား တိုင်ချက်ဖွင့်အရေးယူရန် အဖေ့အား ပြောဆိုနေကြသည့် အသံများ။ အဖေကမလှုပ်၊ ဆေးပေါ့လိပ်ကိုသာ ဖွာမြဲဖွာနေသည်။
          ထိုအချိန်က ကျွန်တော့်အဖေက ကျေးရွာလူကြီး။ ဥက္ကဋ္ဌဆိုပါစို့။ အဖေတစ်ချက်လှုပ်လိုက် သည်နှင့် ကျွန်တော့်ကိုရိုက်သောသူမှာ ထောင်ထဲတန်းခနဲကျသွားစေနိုင်သည်။ သို့သော် အဖေက အခြားသူများ၏ စကားများကို ငြင်းဆန်ခဲ့သည်။ ငြင်းဆန်ခဲ့တာမှ တစ်ခွန်းတည်း။ “လူမှားရိုက်တာ ပဲဗျာ” တဲ့။
          သြော်...အဖေ…အဖေ…။ ကျွန်တော့်မှာ ခေါင်းမှဒဏ်ရာကို အမှတ်မထင် မြင်မိတိုင်း အဖေ ၏ သည်းခံနိုင်မှုစွမ်းအားကို မချီးကျူးပဲမနေနိုင်အောင် ဖြစ်ရသည်။ ငယ်စဉ်က အားမလိုအားမရ ဖြစ်ရသော်လည်း စဉ်းစားဆင်ခြင်နိုင်စွမ်းများလာလေ အဖေ့ကို လေးစားလာလေလေ ဖြစ်ရသည်။


          ယခုတလော မြန်မာ့အသံမှ ဆန်းသစ်သောကြော်ငြာများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲပုံစံများ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများကို TV ဖန်သားပြင်ရှေ့ ထိုင်မိတိုင်း အားရပါးရ ကြည့်ရလေ့ရှိသည်။ စိတ်ပါဝင်စားစွာ ကြည့်မိသည့်အခါ ရှိသလို အလုပ်တစ်ဖက်နှင့် ကြည့်မိရသည့်အခါလည်း ရှိသည်။
          ကုန်ပစ္စည်းထုတ်လုပ်သူများက သူတို့၏ ထုတ်ကုန်ပစ္စည်းများကို သုံးစွဲသူများ သတိပြုမိ လာအောင် ဟာသ သရုပ်ဆောင်များအား ဦးဆောင်စေ၍ ပြိုင်ပွဲဝင်ပုံစံမျိုးပြုလုပ်ကာ မိတ်ဆက် ပေးလာတာကိုလည်း တွေ့ရသည်။
          ထိုအစီအစဉ်များထဲမှ ကျွန်တော် မကြာခဏ သတိထားမိသည်မှာ “ရွှေရင်ခုန်သံ” ဆိုသည့် ကိုဒိန်းဒေါင်နှင့် ကိုခင်လှိုင် တို့နှစ်ယောက် ပူးပေါင်းတင်ဆက်သည့် အစီအစဉ်ဖြစ်သည်။ ဖြေဆိုသူ ပြိုင်ပွဲဝင် သုံးယောက်ကို ကြိုက်ရာမေးခွန်းနံပါတ်ရွေးစေကာ ကျသည့်နံပါတ်ကိုမေးသည့် အစီ အစဉ် ဖြစ်သည်။ အချို့မေးခွန်းများက သိပ်လွယ်လွန်းသလို အချို့မေးခွန်းများကျတော့ ဖြေဆိုသူ ၏ ဗဟုသုတ၊ စာပေလေ့လာဖတ်ရှုမှုနှုန်းကို ထင်းခနဲသိသွားစေနိုင်သော မေးခွန်းများလည်း တွေ့ ရသည်။
          သို့သော် မေးခွန်းများ၏ အဖြေများကို အစီအစဉ်တင်ဆက်သူများမှ စပေးတာမျိုးကိုလည်း လုပ်ပေးနိုင်သဖြင့် ရယ်ရယ်မောမောနှင့် ကြည့်ခဲ့ရသည်များ ရှိခဲ့သည်။ ဥပမာ… ဟစ်တလာ အမုန်းဆုံးလူမျိုးကို ပြောပြပါဆိုသည့်မေးခွန်းအား ဖြေဆိုသူက မဖြေနိုင်ဘဲဖြစ်နေသည်ဆိုပါစို့။ ကိုဒိန်းဒေါင်မှဖြစ်စေ အခြားတစ်ယောက်ယောက်မှဖြစ်စေ “ဂငယ်” နှင့်ရေးတာလေဟု ပြောပြခွင့်ရှိ ပါသည်။ ထိုအခါ ပြိုင်ပွဲဝင်သူက သူ့အတွေးနှင့်သူ “ဂငယ်” နှင့်ရေးသည့်လူမျိုးဆိုပါက “ဂျိုး” လူမျိုးဟု ဖြေပစ်လိုက်တာမျိုးကို ရယ်ရယ်မောမော ကြည့်နေခဲ့ရဖူးပါသည်။ အများအားဖြင့်တော့ မေးခွန်း (၁၀) ခုမှာ (၃) ခုလောက်သာ ခေါင်းစားစရာပါသည်ဟု ထင်ပါသည်။
          မကြာသေးသည့် အချိန်တုန်းကလဲ TV ရှေ့မှာ ကျွန်တော် ထိုင်နေမိပြန်ပါသည်။ တိုက်ဆိုင် စွာ “ရွှေရင်ခုန်သံ” ကလည်း ကျွန်တော်ထိုင်နေသည့်အချိန်မှာမှ ကွက်တိကြီးလာနေသည်။ ကြည့်လိုက်တော့ ခါတိုင်းလို အစီအစဉ်တင်ဆက်သူများက ကိုဒိန်းဒေါင်နှင့် ကိုခင်လှိုင် မဟုတ် တော့။ ကိုခင်လှိုင်နေရာမှာ တက္ကသိုလ်ဂွမ်းပုံ ဖြစ်နေသည်။ ကျွန်တော်ပို၍ စိတ်ဝင်စားသွားသည်။ တက္ကသိုလ်ဂွမ်းပုံ၏ ဟာသစွမ်းရည်ကို ကျွန်တော်နှစ်သက်သည်။ သူမနှင့် ကိုဒိန်းဒေါင် ဘယ်လို တွဲဖက်လှုပ်ရှားမလဲ စိတ်ဝင်တစား ကြည့်နေမိသည်။
          ထိုကဲ့သို့ ကြည့်နေစဉ်မှာပင် ဖြေဆိုသူများက မေးခွန်းနံပါတ်များ ရွေးချယ်ကာ ဖြေဆိုရသော အလှည့်သို့ ရောက်လာသည်။ ပထမဆုံးဖြေခွင့်ရသည့် အမျိုးသမီးက မေးခွန်းနံပါတ် (၃) ကို ရွေးတော့ ထိုမေးခွန်းကို ကိုဒိန်းဒေါင်က ဖတ်ပြသည်။
          မေးခွန်းက “ရေသည်ပြဇာတ်ကို ဘယ်သူရေးခဲ့တာပါလဲ” ဆိုသည့်မေးခွန်း။ ဖြေရမည့် အမျိုးသမီးက စဉ်းပင်မစဉ်းစား၊ ချက်ချင်းလက်ငင်း အားရပါးရ ဖြေချလိုက်သည်။ “ဦးကြင်ဥ”…တဲ့။
          ကိုဒိန်းဒေါင်က “ဦးကြင်ဥ” ဆို မှန်ပါတယ်ခင်ဗျာ ဟု ကြေငြာလိုက်တော့ လက်ခုပ်သံတွေ က တဖျောင်းဖျောင်း။ ဖြေဆိုသူ အမျိုးသမီးကလည်း သူမအဖြေမှန်ပြီး (၁) မှတ်ရသွားသည့် အတွက် ပျော်နေလေသည်။
          ကျွန်တော်ကတော့ TV ကြည့်ရင်း ကြက်သေ သေနေမိပြီဟု ပြောရတော့မည်။ ဘယ်လို များ ဖြစ်တာပါလိမ့်ဟုတွေးရင်း အစီအစဉ်နောက်ဆုံးတွင် ဝေဖန်အကြံပြုချင်ပါက ၀၁………………. နံပါတ်သို့ ဆက်သွယ်ဝေဖန်နိုင်ပါသည်ဆိုသည့် ကြေငြာကိုတွေ့မှ ဖြေသာရာရသွားတော့သည်။ ဖုန်းနံပါတ်ကို ချက်ချင်း ကောက်နှိပ်ပစ်လိုက်သည်။
          ဖုန်းဖြေဆိုသူ အမျိုးသမီးသည် အများပြည်သူနှင့်သက်ဆိုင်သော မီဒီယာအလုပ်ကို လုပ်ကိုင်သူဖြစ်သဖြင့် အနည်းဆုံး တက္ကသိုလ်ဝင်တန်းကိုတော့ မဖြစ်မနေ ဖြတ်ကျော်ပြီးသူဖြစ်ရ မည်ဟု တွေးရင်း မှားယွင်းမှုကို ကျွန်တော် ပြောပြလိုက်သည်။
          ထိုမှာပဲ အံ့သြစရာထပ်မံကြားရပြန်သည်။ “မဟုတ်ဘူးလား…ရှင့်” တဲ့။ “ဒါဆို ဘယ်သူ ရေးတာလဲ” တဲ့။ “ခင်ဗျားမသင်ခဲ့ရဘူးလား” ဟု ကျွန်တော်မေးပစ်လိုက်ချင်သည်။ သို့သော် ကျွန်တော် မမေးဖြစ်ခဲ့။ အကျိုးအကြောင်းပြောပြပြီး အမှားပြင်ဆင်ချက်လေးဖြစ်ဖြစ်ထည့်ရန် အကြံပေးခဲ့မိသည်။
          သို့သော် အမှားပြင်ဆင်ချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ လှုပ်ရှားမှုမျိုး ကျွန်တော်မတွေ့။ ထိုအကြောင်းကလည်း ကျွန်တော့်ခေါင်းထဲက ထွက်မသွား။ အတွေးတစ်ခုက ခေါင်းထဲ သံမှိုစွဲ သလို ရှိနေတော့သည်။
          ဦးပုညလည်း ကျွန်တော်ငယ်စဉ်ကလို လူမှားပြီး အရိုက်ခံရလေပြီဟု ကျွန်တော်တွေးဖြစ် နေခဲ့သည်။ သို့သော် ကျွန်တော်အရိုက်ခံရသည်က လူကိုအရိုက်ခံရခြင်းသာဖြစ်သည်။ အခြား မည်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာအနာတရမဖြစ်။ ကျွန်တော်တစ်ယောက်တည်းသာ နာခဲ့ သည်။ ဒဏ်ရာကျန်နေသည် ဆိုသော်လည်း မေ့အောင်နေတတ်ခဲ့ပြီ။
          ဦးပုညအရိုက်ခံရသည်က ကျွန်တော့်လိုမဟုတ်။ နာမည်ကိုအရိုက်ခံရခြင်းဖြစ်သည်။ “ဆံထုံးတော်ကြီး တမာသီးနှင့်” ဟု ပြောင်ပြောင်မြောက်မြောက် ဖွဲ့ဆိုခဲ့သော၊ “အစပ်ကတစ်ရာ အဖာကဗရဗျစ်” ဟု ကွင်းကွင်းကွက်ကွက်ဖွဲ့ဆိုခဲ့သော ဦးပုညမှာ လူသေဆုံးသွားခဲ့သော်လည်း နာမည်ကျန်ရှိနေသေးသော မြန်မာပြည်၏ ရှိတ်စပီးယားဟု တင်စားခေါ်ဝေါ်ခံခဲ့ရသော ဦးပုညပင် မဟုတ်လော။
      ပြီးနောက် ဦးပုည အရိုက်ခံရသည်က ဦးပုညတစ်ယောက်တည်း နာခဲ့ရသည်မဟုတ်။ ထိုနေ့က
 အစီအစဉ်ကိုကြည့်ပြီးအမှတ်မှားသွားခဲ့ကြပြီဖြစ်သောပရိသတ်များမှာလည်းအနာကြီးနာခဲ့ရလေပြီ
တကား

လူခါး
                                                                                                                          အလင်းတန်းဂျာနယ်

No comments: