Thursday, 26 May 2016

ကျွန်တော်တို့ မိသားစုအတွက် သမ္မတကြီးကို မလိုအပ်ဘူး



အဖေက လယ်သမားကြီးပါ
မိုးခေါင်ရေရှားရပ်ဝန်းက
ရေမရှိတဲ့ ဆည်ကြီးအနားမှာနေပြီး
တစ်အိမ်တစ်ယောက်လုပ်အားပေးခေါ်တိုင်း
ခေတ်အဆက်ဆက်
မပျက်မကွက် လုပ်အားပေးခဲ့သူကြီးပေါ့
အဖေပိုင်တဲ့လယ်တွေဟာ
နေပြည်တော်နဲ့ လည်းမနီး
ဝန်ကြီးတစ်ပါးပါးရဲ့ အထောက်အပံ့လည်းမရတော့
မျိုးစပါးအခမဲ့ပေးမယ့်လူမရှိ
ရှစ်နာရီသတင်းထဲလည်းရိုက်ပြခြင်းမခံရ
စံပြစိုက်ခင်းအဖြစ်လည်း တံဆိပ်ကပ်ထားခြင်းမရှိပါဘူး
အဖေဟာ
မူလတန်းမြန်မာဖတ်စာထဲမှာပါတဲ့
ကျေးဇူးရှင်ဦးကြီးများလို့ 
ကလေးတွေအော်အော်ကျက်တဲ့
ငါးဆယ့်ခြောက်နှစ်အရွယ်
ဖင်ထဲ ရွံ့ တစ်ခွဲသားဝင်နေခဲ့သူကြီးသက်သက်ပါ။

အမေ့ရဲ့ အလုပ်ကမှီခို
အမေ့ရဲ့ အသားအရေဟာ
မန်ကျည်းစေ့ရောင်လို နက်မှောင်နေပါတယ်
အဖေပျိုးနှုတ်တဲ့အခါ
အမေက ထမင်းတောင်းရွက်ပို့ ရပြီး
အဖေလယ်သမန်းဆွဲတဲ့အခါ
အမေက ကောက်စိုက်သမကြီး လုပ်ရပြန်ပါတယ်
အမေချက်တဲ့အမြဲတမ်းဟင်းလျာဟာ
မန်ကျည်းရွက်ချဉ်ဟင်းနဲ့ ငရုတ်သီးဆားထောင်းဖြစ်ပြီး
အတိုးနဲ့ ငွေဆွဲရခြင်းဟာလည်း
အမေ့အလုပ်ပါပဲ။

အမကြီးက ဘွဲ့ ရပြီးသား
ကျွန်တော်တို့ ရွာနားမှာတော့စံပြပေါ့
စီးပွားရေးဘွဲ့ ဟာ
အမကြီးနောက်က ဂုဏ်ဒြပ်ဖြစ်ပြီး
ဝက်တစ်ကောင်မွေးလို့ တစ်နှစ်ပြည့်တာနဲ့ 
ဘယ်လောက်မြတ်မယ်ဆိုတာ
အမကြီးရဲ့ ပညာပါ
ဆရာမဖြစ်ချင်တဲ့အမကြီးအိပ်မက်ဟာ
လာဘ်ပေးရန်မလို  ဆိုတဲ့ ဆိုင်းဘုတ်ကို အဟုတ်ထင်မိလို့ 
နေလာတဲ့နှင်းလိုကွယ်ပျောက်ခဲ့ရပါတယ်။

ညီလေးက ကျောင်းသားပါ
ကျောင်းသွားတယ်
စာကျက်တယ်
မုန့် ဖိုးတောင်းတယ်
သောင်ထွန်းနေတဲ့
ဧရာဝတီမြစ်ကမ်းဘေးက
လူတစ်စုကြောင့် နာမည်ပျက်ခဲ့ရတဲ့မြို့ မှာ
ကျောင်းတက်နေတဲ့ညီလေးဟာ
အခုတော့
ကျောင်းသားအခွင့်အရေးကို ငြိမ်းချမ်းစွာတောင်းဆိုမိလို့ 
ထောင်ကျနေရရှာပါတယ်။

သမ္မတကြီး မရှိကတည်းက ကျောပြောင်နဲ့ လယ်ထွန်ခဲ့တဲ့အဖေဟာ
သမ္မတကြီးရှိတော့လည်း  ကျောပြောင်နဲ့ လယ်ထွန်နေရတာပါပဲ
သမ္မတကြီးမရှိကတည်းက ငွေတိုးဆွဲစားခဲ့ရတဲ့အမေဟာ
သမ္မတကြီးရှိတော့လည်း ငွေတိုးဆွဲစားနေရမြဲပါပဲ
သမ္မတကြီး မရှိကတည်းက ဘွဲ့ ရဝက်ကျွေးအမကြီးဟာ
သမ္မတကြီးရှိတော့လည်း  ဘွဲ့ ရဝက်ကျွေးပါပဲ
သမ္မတကြီးမရှိကတည်းက ကျောင်းတက်ခဲ့တဲ့ညီလေးကတော့
သမ္မတကြီးရဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်လာမှပဲ
ထောင်ကျဖူးသွားရပါတော့တယ်။

ဒူးနဲ့ မျက်ရည်သုတ်ရခြင်းဟာ
သမ္မတကြီးနဲ့ အတူပါလာတဲ့
ကျွန်တော်တို့ မိသားစုအတွက်လက်ဆောင်ပါ။

သမ္မတကြီးက ကျွန်တော့်အဖေကိုလည်း
ကျောမွဲလယ်သမားဘဝက လွတ်အောင်လုပ်မပေးနိုင်ဘူး

သမ္မတကြီးက ကျွန်တော့်အမေကိုလည်း
ငွေတိုးဆွဲစားရတဲ့ဘဝက  လွတ်အောင်လုပ်မပေးနိုင်ဘူး

သမ္မတကြီးက ကျွန်တော့်အမကြီးကိုလည်း
ဘွဲ့ ရဝက်ကျွေးဘဝက လွတ်အောင်လုပ်မပေးနိုင်ဘူး

သမ္မတကြီးက ကျောင်းသားအခွင့်အရေးကို
ဒီမိုကရေစီနည်းကျကျတောင်းဆိုမိလို့ 
ထောင်ကျနေရတဲ့ကျွန်တော့်ညီလေးကိုလည်း
ထောင်ပြင်ရောက်အောင်  လုပ်မပေးနိုင်ဘူး

ဒါ့ကြောင့်
ကျွန်တော်တို့ မိသားစုအတွက် သမ္မတကြီးကို မလိုအပ်ပါဘူး ။

                                                                                     
                                                                    လူခါး

                                   fashion  magazine  , august , 2015.,

No comments: