Monday, 29 August 2016

ရေခဲတိုင်းပြည်ကို ပုန်ကန်ခြင်း


ဒီကဗျာကို ရေခဲရိုက်ပြီး
မင်းဆီပို့ လိုက်တယ် ထက်ဝေအောင်။

ကျီးကန်း ဂြိုလ်သား နဲ့ ကျွဲကြီးတို့ မရှိတဲ့အရပ်မှာ
မင်းပျော်ရဲ့ လား။ (တကယ်ဆို သူတို့ ကို အဲသည်ထက်ဆိုးတဲ့နာမည်တွေပေးသင့်တာ)

ကျည်ဆံရထားကြီးက
မင်းကို မြန်မာအလုပ်သမားလေးပဲဆိုပြီး
ခပ်နှိမ်နှိမ် အကြည့်တွေနဲ့ ကြည့်လား

မင်းတက်ချင်တဲ့ ဖူဂျီတောင်ကြီးကိုရော
တက်ပြီးပြီလား

မင်းသိပ်တွေ့ ချင်တဲ့ ရှင်ဇိုအာဘေးနဲ့ တွေ့ ပြီး
ထရိန်နင်ဗီဇာသမားတွေရဲ့ 
ဒုက္ခတွေကို
ကျားကွက်ချသလို တစ်ကွက်ချင်း ချပြပြီးပြီလား

ဘောလီဘော အလှမယ်လေး
ခိမုရာစအိုရီကိုရော
မင်းအရမ်းလှတာပဲ လို့ 
ကြွေပြ ပြီးပြီလား

တိုကျိုမြို့ တော်ကြီးက
မင်းကို တော့
ဆေးလိပ်မီးခိုးနဲ့ မှုတ်မထုတ်လောက်ပါဘူးကွာ
သူလည်း အသက် ၁၈ နှစ်ပြည့်တာနဲ့ 
ဆေးလိပ်သောက်လာခဲ့တာပဲ
မင်းရဲ့ ဝေဒနာကို နားလည်မှာပါ

အခု  မင်းဟာ
အေးဂျင့်လက်ထဲက
အလှမွေးငါးလေးမဟုတ်တော့ဘူး
မင်းဟာ လောကဓံကိုအနိုင်တိုက်မယ့်
ခတ်ကျွဲတစ်ကောင်ဖြစ်သွားပြီ
   

မင်းထွင်းခဲ့တဲ့ မင်းအိပ်မက်တွေကို
လိုသလိုပုံသွင်းလို့ ရပြီ

မင်းတော်လှန်ခဲ့ပြီးပြီ

ဒီမှာ ညီလေး
မင်းရဲ့ တော်လှန်မှု အတွက်
ဘယ်တော့မှ နောင်တမရနဲ့ 

ဖိနှိပ်မှုတွေများလာတဲ့အခါ
သူပုန်စိတ်ဟာ အလိုလိုဝင်လာတတ်တယ်
ဒါအမှန်တရားပဲ

ဖိနှပ်မှုဆိုတာမရှိရင်
တော်လှန်ရေးဆိုတာ မရှိနိုင်ဘူး
တော်လှန်ရေးဆိုတာရှိမှ
လွပ်လပ်ရေးဆိုတာရှိလာမှာပေါ့။

ငါတို့ လို စာချုပ်တစ်ခုနဲ့ အဝယ်ခံခဲ့ရတဲ့ 
ဂျပန်ဆိုတဲ့ ရေခဲတိုင်းပြည်ကြီးမှာတော့
မင်းဟာ ပထမဆုံး တော်လှန်ရေးသမားပဲ

ဝကယမပြည်နယ် မှာ မင်းနာမည်ကို
ဂျပန်တော်လှန်ရေးသမားလို့ 
တရားဝင် ကြေငြာထားတယ်

မင်းနောက်မဆုတ်နဲ့ ။
မင်း
ဘယ်တော့မှ နောက်မဆုတ်နဲ့ ။

            ငါ ဖြေးဖြေးပဲ လမ်းလျှောက်တယ်
            ဒါပေမယ့်
             ဘယ်တော့မှ နောက်ပြန်မလျှောက်ဘူး

                                  အေဗရာဟန်လင်ကွန်း

မင်းလည်းလင်ကွန်းလို
ဘယ်တော့မှ နောက်ပြန်လျှောက်မလာဘူးလို့ 
ငါယုံတယ်

မင်းလျှောက်လှမ်းရာလမ်းတစ်လျှောက်
မြေမြှုပ်မိုင်းတွေ စီရရီ ရှိနေရင်တောင်
နောက်ပြန်ဆုတ်မလာနဲ့ 
တစ်လုံးချင်း တက်နင်းပစ်လိုက် ညီလေး။

        ကြီးမားတဲ့အောင်မြင်မှုဆိုတာ
        ကြီးမားတဲ့စွန့် လွှတ်မှုကနေ
        ထွက်ပေါ်လာတာဖြစ်တယ်

                          နပိုလီယန်ဟေးလ်

မင်းရဲ့ စွန့် လွှတ် စွန့် စားမှုဟာလည်း
နပိုလီယံရဲ့ စွန့် စားမှုမျိုးလို့ 
ငါယုံတယ် ထက်ဝေအောင်

သေသည်အထိ မင်းဖက်တွယ်ထား လိုက်

နေဝင်းမြင့်ရဲ့ 
နက်စ်ကာဖီဝတ္ထုထဲက ချန်ထွန်းအောင်လို
မင်းယုံကြည်ရာကို
ဟိုဘက်ဘဝအထိ မင်း မလွှတ်ပစ်လိုက်နဲ့ 

အသွားထက်ဓားသွားနဲ့ မာခူရိုခေါင်းကို ဖြတ်သလို
မင်း ယုံကြည်မှုတွေ ပြတ်သားပါစေ
ရှုမျှော်ခင်းကို
ဓားရိုးလို ကျစ်ကျစ်ပါအောင် ဆုပ်ထား

ယုံကြည်ရာပန်းတိုင်ကို
တယ်ငခိ နဲ့  ငါးခေါင်း  ချိတ်သလိုမျိုး
မင်း ဖမ်းချိတ်ထားလိုက်

ပြီးရင်
မင်းကိုလာနှောက်ယှက်တားစီးကြတဲ့ အရာအားလုံးကို
အေးစက်နေတဲ့ ရေခဲငါးလို သဘောထားပြီး
တစ်စစီ ဆွဲစုတ်ပစ်ကွာ

ယဉ်ကျေးချင်ယောင်ဆောင်တဲ့ 
လူ ယောင်ဆောင်ထားတဲ့ ငါးတွေက
အဲသလို မျိုးနဲ့ မှ ထိုက်တန်တာ။

ဂျပန်ဆိုတာ
ငါတို့ အတွက်တော့
လတ်လတ်ဆတ်ဆတ် အလောင်းကောင်ကြီးဘဲ

ဖြူဖွေးနုရွနေတဲ့ 
မီးဖိုမှာကင်စားပစ်လိုက်သင့်တဲ့ 
ဖွယ်တယ်တယ် ငါးတစ်ကောင် လို့ လည်း
ပြောချင် ပြောမှာပေါ့

ညီလေး
မင်းထားခဲ့တဲ့ 
အင်္ကျီအဟောင်းတွေ ငါဝတ်နေတယ်
မင်းကျန်ခဲ့တဲ့ လွယ်အိတ်အဟောင်းလေး
ငါ ဆက်လွယ်ခဲ့တယ်

မင်းတဒိုင်းဒိုင်းခုတ်ခဲ့တဲ့
ထက်စုလို့  မင်းနာမည်ထိုးထားတဲ့ဓား
အခု ငါ့ဓားပေါ့။(ငါ့လက်ကိုပြတ်လို့ 
လေးချက်ချုပ်လိုက်ရသေးတယ်)

မင်းရဲ့ ထမင်းဘူးအဟောင်းလေးကတော့
မင်းထွက်သွားကတည်းက
နတ်ဖွက်သွားတာပဲ

မင်းချွတ်ခဲ့တဲ့ 
ငါနဲ့ မတော်တဲ့ တံငါသည် ဖိနပ်တစ်စုံ
ချောင်ထဲမှာ ငိုလို့ 

မင်းအလုပ် လုပ်နေကျ
စားပွဲလေးဟာ
မင်းမရှိတော့မှ မင်းကို တနေလေရဲ့ ။

မနက်မနက်
မင်းရဲ့  မျှော်လင့်ချက်တွေကို ရေခဲရိုက်သလို
ငါလည်း ငါ့မျှော်လင့်ချက်တွေကို ရေခဲရိုက်ရတယ်

မင်းမရှိတဲ့ မနက်ခင်းတိုင်း
အိချိဘ မှာ
ငါတစ်ယောက်တည်း
ငါးခေါင်းဖြတ်တယ်
ငါး ဗိုက်ခွဲတယ်
ငါး  အူထုတ်တယ်

အညှီအဟောက်ကြိုက်တဲ့စွန်ရိုင်းတွေကို
တဟေးဟေးနဲ့ ခြောက်လှန့် နေရတယ်

ညီလေးရေ
ငါတို့ ဟာ
ဂျပန်ကို ဘာလုပ်ဖို့ လာခဲ့ကြတာလဲ  လို့ 
ငါ့ ကိုယ်ငါ  ခဏခဏမေးမိ

ငါရှက်တယ်  ညီလေး
ငါရှက်တယ်

ငါဟာ
ဂျပန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကျည်ဆန်ရထားကြီး စီးမယ်
ဖူဂျီတောင်ကြီးတက်မယ်
သခင့်ပြန်အလာကိုစောင့်နေတဲ့
ခွေးရုပ်ဘူတာလေးကို သွားလည်မယ်
ငါ တွေးခဲ့တာ
ငါ အဲဒီလိုတွေ တွေးခဲ့တာ

ဂျပန်ဆိုတာ
တကယ်တမ်းကျတော့
ညီလေးရေ
တကယ်တမ်းကျတော့
ဂျပန်ဆိုတာ

ညီလေးရေ
ငါကတော့
ငါး ဖြစ်ရင်တောင်
ဂျပန် ငါး မဖြစ်ချင်ဘူး
ဒီကောင်တွေက ဘီလူးတွေ
အစိမ်းစားကြလိမ့်မယ်

အချိန်ဆိုတာငွေပဲ ဆိုပြီး
ငါတို့ ဆီက လိမ်ယူနေကြတာ
လိမ်ယူနေကြတာ

ဂျပန်မှာ သူခိုးမရှိဘူးလို့ ဘယ်သူပြောလဲ
ဂျပန်တွေဟာ
ငါတို့ မြန်မာတွေရဲ့ အချိန်တွေကို
ဈေးနှိမ်ယူနေကြတာ
ဒါခိုးခြင်းပဲ
နှိမ်တာကိုက ခိုးခြင်းပဲလေ***

ပြောတာ့ အလုပ်သင် သင်တန်းသားတဲ့ 
ဟား ဟား ဟား
ရီစရာတောင် ကောင်းသေးတော့
အဆမတန်ခိုင်း
မတန်မရာပေး
ငါတို့ ပွဲစားတွေက
ဒီကောင်တွေကိုနှမပေးပေါင်းသလို
ငါတို့ ကို ပေးပေါင်းခဲ့တာကွ

မင်းမရှိမှ
မင်းထိုင်နေကျခုံဟာ
ငါ့ခုံ ဖြစ်လာသလို
မင်းကို ခြောက်နေကျသရဲဟာ
ငါ့ကို လာလာခြောက်တယ်

နေ့ တိုင်း မနက်တိုင်း
အိပ်ယာက မထချင်ဘဲနဲ့ ထ
အိမ်ကို မသယ်နိုင်တဲ့ ခြေလှမ်းတွေကို
အနိုင်နိုင်သယ်ပြီး
ပြန်လာရ

အိမ်ရောက်မှ
မဖွယ်မရာ လက်ရာနဲ့ 
နောက်နေ့ သူတို့ ခိုင်းသမျှ လုပ်ဖို့ 
အသက်ဆက်ရတယ်

ညီလေးရေ
ပန်းတိုင်ဆိုတာ
ဘယ်သူ့ လက်မှတ်နဲ့ မှ ချုပ်မထားတဲ့
စာရွက်လွတ်တစ်ရွက်

လောကဓံဆိုတာ တက်နင်းပစ်ရမယ့်
လှေကားထစ်တစ်ခုပဲ

              သေလွန်ခဲ့ပြီဖြစ်သော ဝမ်းနည်းပူဆွေးဖွယ်ရာတို့ ၏
              အရိုးများကို
              သင့်နှလုံးသားတွင်
              ပြန်လည်အသက်မရှင်ပါစေနှင့်

                                သမ္မာကျမ်းစာ

မင်းထားခဲ့တဲ့
ဒဏ်ရာဟောင်းနေ့ စွဲတွေကို
ဘယ်တော့မှ ပြန်မလှန်မိစေနဲ့ ညီလေး

မင်းရေးပါ
မင်းသမိုင်းမင်းရေးပါ

ငါးတစ်ကောင်မခွဲတတ်တာနဲ့ 
တစ်ဘဝလုံးသုံးစားမရတဲ့ကောင်လို့ 
ထင်နေတတ်တဲ့ လူတွေ ရှိတဲ့အရပ်ကနေ
မင်းပြေးပါ
အဆုံးစွန်ထိ မင်းပြေးပါ

အိုဟိုင်းယော အိုဟိုင်းယောနဲ့ 
ဘာခိုင်းရမလဲ ကြည့်ကြည့်နေတဲ့ 
မျက်လုံးတွေကို မေ့ပစ်လိုက်ပါ

ဂေါ်မန်းနာစိုင်းဆိုပြီး
ခြေထောက်နဲ့ ခတ်ခတ်ပြတတ်တဲ့
လူယဉ်ကျေးတွေကို မေ့ပစ်ပါ

ငန်တာချင်းအတူတူ
ငါတို့ ကျတဲ့ ထောင်ထဲက ပင်လယ်ရေက
ပိုငန်တယ်

အေးတာချင်းအတူတူ
ငါတို့ ကိုအုပ်မိုးထားတဲ့ 
ရေခဲတောင်က ပိုအေးတယ်

ခေါင်းဆောင်ကောင်းမရှိတဲ့အရပ်ကို
စွန့် ခွာရဲ တာ မင်္ဂလာတစ်ပါးပေါ့ ညီလေး

ဆင်တို့ သည်
စစ်မြေပြင်ရောက်သော်လည်း
ကြီးမြတ်မှုကို မစွန့် တဲ့ 
မင်းလည်း  ဘယ်စင်္ကြဝဠာရောက်ရောက်
မြန်မာဆိုတာ မစွန့် ပါနဲ့ 

ငါတို့ ရဲ့ ထရိန်နင်ဗီဇာဆိုတာ
လုပ်အားကို အဓမ္မပြုကျင့်ခွင့်ဗီဇာပဲ ညီလေး

ဦးအောင်ဆန်းလက်ထက်မှာ
မတရားသဖြင့် လာကျူးကျော်လို့ တိုက်ထုတ်တယ်

ငါတို့ လက်ထက်မှာ
မတရားသဖြင့် ကျွန်ပြုခံရလို့ ဆန့် ကျင်တယ်
မင်းတရားတယ် ညီလေး
မင်းတရားတယ်

မင်းဟာ ခြောက်လနဲ့ ထွက်ရမယ်လို့ 
လိမ်ညာပြောတဲ့ အေးဂျင့်လို အပြစ်ကျူးလွန်ခဲ့တာ မဟုတ်ဘူး

မင်းဟာ
တစ်ပြားမှ မပေးရတဲ့အခွန်အခကို
ဒေါ်လာ သုံးထောင်လို့ ညာတောင်းတဲ့ ပွဲစားလို
မုသားသုံးခဲ့တာ မဟုတ်ဘူး

မင်းရဲ့  ရှည်လျား ညိုမောင်းတဲ့ ဆံပင်တွေနဲ့ ဆန့် ကျင်ပြီး
မင်းမှာ ဖြူစင်တဲ့ ရုန်းကုန်လိုမှုရှိတာ
ငါ အကြွင်းမဲ့ လက်ခံတယ်

မင်းရဲ့ အားအင်တွေကို
မင်းရဲ့ ခိုင်ခိုင်မြဲမြဲ ခြေထောက်တွေအတွက်
အသုံးချပါ

တိုကျိုမြို့ တော်ကြီးမှာ
ချယ်ရီပန်းတွေ ပွင့်တဲ့အခါ
မင်း ဝအောင်နမ်းရှိုက်ပစ်လိုက်ပါ

မြန်မာတွေ့ ရင်
မင်္ဂလာပါလို့ 
မြန်မာလိုပီပီသသနှုတ်ဆက်ပစ်လိုက်ပါ

ငါတို့ ကို
ဒီကောင်တွေဒူးတုတ်ရမယ့်နေမှာ
မင်းနဲ့ ငါ
တိုကျိုတာဝါထိပ်မှာ
ပြန်တွေ့ ကြရဦးမယ်ဆိုတာ
မင်းအိပ်မက်ထဲ ခဏခဏထည့်ထည့်မက်ပါ

ပင်လယ်ကြီးကို  စိန်ခေါ်ပါ
လှိုင်းလုံးတွေကို လျှောတိုက်စီးပါ
ရေခဲတွေကို ရိုက်ခွဲပါ

လူတစ်ယောက်ရဲ့ သမိုင်းဆိုတာ
ရန်ကုန်မြို့ က သမိုင်းလို
ကျောက်ချထားဖို့ မှ မဟုတ်တာဘဲကွာ။

          လေယာဉ်ပျံကြီးစီးပြီး
          ကျွန်လာခံရတဲ့ဘဝ
                             ထရိန်နင်ဗီဇာသမား ကျော်ဇေယျ
ကိုလံဘတ်က
နယ်မြေသစ်ကို နေရာသစ်မှာရှာတယ်
ငါတို့ က
နယ်မြေသစ်ကို
အမိန့် အာဏာ ငွေကြေးတွေ မရှိတဲ့ နေရာမှာ ရှာကြမယ်

စွန့် စားရဲရမယ်
စွန့် လွှတ်ရဲရမယ်
မြန်မာဆိုတာ ဇက်ပေါ်လာတင်တဲ့
ဘယ်ဓားကို မဆို
ပုတ်ထုတ်ရဲကြောင်း ပြရမယ်
ငါတို့ ဟာ
သွေးရဲသော လူမျိုးတစ်မျိုးဖြစ်ကြောင်း
ဒီကောင်တွေသိအောင် ပြရမယ်

မိုးကို ဒူးနဲ့ တိုက်ရဲတဲ့  လူမျိုးတစ်မျိုးဟာ
ကမ္ဘာပေါ်မှာ အထင်အရှား ရှိကြောင်း
ဒီကောင်တွေ သိအောင် ပြရမယ် ညီလေး။

ဒါကို မင်းလုံးဝ မမေ့နဲ့ 
လုံးဝမေ့မပစ်လိုက်နဲ့ ထက်ဝေအောင်။

                                       လူခါး
                           wakayama ken
                      19.06.2016.sun.07:54pm

No comments: