Tuesday 25 May 2021

သေနတ်ကိုင်ပြီး ပြန်လာမယ်



ရည်းစားထားဖို့ပဲသိတယ်ဆိုတဲ့ ကောင်ပါ အမေ

တိရစ္ဆာန်လေးလို့ အမေ ချစ်စနိုးခေါ်တတ်တဲ့ 

တိရစ္ဆာန်လေးပါ အမေ

ဖက်ရွက်ပေါ် ကျောခင်းပြီး

ငှက်ပျောအူကို စုပ်ရင်း ဒီစာကို ရေးလိုက်တာပါ

ညဆို မိုးပေါ်က ကြယ်တွေကို ရေတွက်ရင်း

အမေ့ကို လွမ်းရ

နေ့ဆို အာဏာရှင်ကိုတိုက်ဖို့ သေနတ်ပစ်လေ့ကျင့်ရင်း

အားသစ်တွေ မွေးရပေါ့

လေဟာ ဘာနဲ့မှ ပိတ်လို့မရသလို

တော်လှန်ရေး စိတ်ဟာ ဘာနဲ့မှ တားလို့မရဘူးအမေ

အမေ့ကိုမှ ကျောမခိုင်းရက်ရင်

သေသွားတဲ့ လိပ်ပြာတွေကို 

ကျနော် ဘယ်လို မျက်နှာပြရမလဲ အမေ

အသက်တချောင်းပဲ ပါတယ်

အဲဒီအသက်တချောင်းဟာ တော်လှန်ရေးအတွက်ပဲ 

ဆေးလိပ်တွေ ခိုးမသောက်နဲ့လို့

အမေ ကျနော့်ကို ဆုံးမသလိုမျိုး

အာဏာကို ခိုးမယူနဲ့ လို့ 

သူတို့ကို ဆုံးမလို့ မရဘူးအမေ

လမ်းမပေါ်ရဲနေတဲ့ သွေးတွေဟာ

လူ့သွေး စစ်စစ်တွေပါ

ဂစ်တာတီးသင်မယ်ဆိုတဲ့ စိတ်ကူးကို

သေနတ်ပစ်သင်ရင်း အာသာဖြေလိုက်ပြီ အမေ

အိပ်မပျော်လည်း မဖြစ်နဲ့

စားမဝင်လည်း မဖြစ်နဲ့

မြေခွေးစစ်စစ်တွေအတွက်

သီချင်းစစ်စစ်တွေ မလိုလို့

သေနတ်စစ်စစ် ကိုင်ပြီး ကျနော်ပြန်လာမယ် အမေ။

    

                      GZများသို့ ဂုဏ်ပြုရေးသားပါသည်

                                        #လူခါး

                            ၂၀၂၁၊၀၅၊၂၁၊ဂျပန်



No comments: