Saturday 4 June 2022

မိုးရေထဲမှာ


ကျနော် ရန်ကုန်မှာ ရောက်နေတုန်းကပေါ့။ လှိုင်သာယာက အခန်းကျဉ်းလေးထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူ ငှါးနေရတယ်။ အခန်းက ကျဉ်းဆိုမှ ကျဉ်းကျဉ်းလေး။ နှစ်ယောက်သား ခြင်ထောင်တစ်လုံးထဲမှာ အတူ အိပ်ရတယ်။ တစ်လ နှစ်သောင်းစီပေါ့။ ထမင်းစားတော့ အနားက ထမင်းဆိုင်မှာ လပေးစားရတယ်။


တစ်လကြီးတော့ ပိုက်ဆံက ပြတ်နေပြီ။ ဖုန်းဘေလ်တောင် မထည့်နိုင်တော့ဘူး။ သူငယ်ချင်းဖုန်းနဲ့ အိမ်ကို လှမ်းဆက်ပြီး ပိုက်ဆံ ပို့ပေးဖို့ ပြောရတယ်။အိမ်ကလည်း ပိုက်ဆံအများကြီး မပို့နိုင်ဘူး။ အလျဉ်မီရုံပေါ့လေ။ ပို့လိုက်မယ်။ အဝေးပြေးကားဂိတ်မှာ သွားထုတ်လိုက်တဲ့။


အဲဒီနေ့က ကျနော်လည်း မနက်စာတောင် မစားဘဲ အဝေးပြေးကားဂိတ်ကို ထွက်လာခဲ့တယ်။ ဘုန်းကြီးလမ်း မှတ်တိုင်ကနေ ဒဂုံဧရာအဝေးပြေးအထိ လမ်းလျှောက်လာရတာပေါ့ဗျာ။


ဗိုက်ကလည်း အတော်ဆာနေပြီ။ လက်ထဲလည်း ပိုက်ဆံက မရှိဘူး။ ကားဂိတ်မှာ သွားမေးလိုက်တော့ ကားက နောက်ကျနေလို့ နေ့လယ်ပိုင်းလောက်မှ ရောက်မယ်တဲ့။ အဲဒါနဲ့ ကျနော်လည်း ကားဂိတ်ကို လှမ်းမြင်ရတဲ့ ခရီးသည်တွေ ထိုင်တဲ့ အရိပ်အောက်က ခုံရှည်ပေါ်ကနေ ကားလာချိန်ကို စောင့်နေမိတယ်။ ကားကလည်း တော်တော်နဲ့ မလာဘူး။ ဖြစ်ချင်တော့ အဲဒီအချိန်မှာမှ မိုးက ချက်ချင်းကြီး ရွာချလာတယ်။


ခရီးသည်တချို့က အရိပ်အောက် ဝင်လာကြတယ်။ ခရီးသည်တချို့လိုပဲ စျေးသည် တစ်ယောက်လည်းအရိပ်အောက်ဝင်လာတယ်။  ဖရဲသီးသည်ပေါ့။ ဖရဲသီးဆိုတာ နေပူမှ ပိုရောင်းရတာ မဟုတ်လား။ နေပူတော့ ရေငတ်၊ ရေငတ်တော့ ဝယ်စား။ ဝယ်စားတော့

ရောင်းရ။  အလုပ်ဖြစ်ပေါ့ဗျာ။


ဒါပေမဲ့ အဲဒီနေ့ကတော့ အရိပ်အောက်ဝင်လာတဲ့ ဖရဲသီးသည်ကလည်း တစ်စိပ်မှ ရောင်းရသေးဟန်မတူဘူး။ ဗန်းထဲမှာ ဖရဲသီးတွေက အပြည့်ကျန်သေးတယ်။ 


ဖြစ်ချင်တော့ ဖရဲသီးသည်က ကျနော်ထိုင်တဲ့ ခုံရှည်မှာမှ လာဝင်ထိုင်တယ်။ ကျနော်လည်း ရဲရဲနီနေတဲ့ ဖရဲသီးတွေကို ကြည့်ပြီး ခုံအဖျားဘက်ကို အသာလေး ရွှေ့ပေး မိတယ်။ ဘာရယ်မဟုတ်ဘူး။ သေချာကို ရွှေ့ထိုင်ပေးမိတာ။ နေရာကလည်း အကျယ် ကြီး။ 


ဖရဲသီးသည်ကလည်း ခုံအလယ်မှာ ဖရဲသီးဗန်းကိုတင်ပြီး တစ်ဖက်စွန်းမှာ ဝင်ထိုင်တယ်။ မိုးတွေကရွာတုန်း။ ကျနော်ကလည်း ကားကွင်းထဲ ဝင်လာတဲ့ကားတွေကို အိမ်က ပိုက်ဆံထည့်ပေးလိုက်တဲ့ ကားများဖြစ်မလားလို့ မျှော်လင့်တကြီး မျှော်နေမိတုန်း။


ကျနော်နဲ့ ဖရဲသီးသည် ကြားထဲမှာ ချထားတဲ့ ဖရဲသီးဗန်းဟာ ဗြုန်းခနဲ ပြုတ်ကျသွားတယ်။ ဖရဲသီးတွေဟာမြေကြီးပေါ်မှာ တစ်စစီ ဖြစ်သွားတယ်။ ပေရေ ကျိုးကျဲလို့ပေါ့။


ကျနော်လန့်ပြီး ဖရဲသီးသည်ကို ကြည့်လိုက်တော့ သူကလည်း ကျနော့်ကို ကြည့်နေတယ်။ ဟာ. ကျနော်မလှုပ်ရဲဘူး။ ကျနော်နဲ့ မဆိုင်ဘူးနော် .. ကျနော့်ကြောင့်  မဟုတ်ဘူးနော်လို့ အသံတိတ်ပြောနေမိတယ်။


ဖရဲသီးသည်ဟာ ခဏတော့ ငြိမ်သွားတယ်။ စက္ကန့်ပိုင်းပါပဲ။ ဒါပေမဲ့ အဲဒီစက္ကန့်ပိုင်းထဲက ဖရဲသီးသည်ရဲ့ အပူကို ကျနော်ခံစားမိလိုက်တယ်။ ဒါပေမဲ့ ကျနော် မလှုပ်ရဲဘူး။ ငြိမ်မြဲ ငြိမ်နေမိတယ်။


ဖရဲသီးသည်ဟာ ဘာမှ မပြောဘူး။ ထိုင်ရာကထပြီးအောက်မှာ ကျနေတဲ့ ဖရဲသီးတွေကို ကောက်ပြီး ကျနော်တို့ ထိုင်နေတဲ့ နောက်က ချောင်းထဲကို တစ်ခုစီ လွှင့်လွှင့် ပစ်နေတယ်။


သူ ဖရဲသီးတွေကို လွှင့်ပစ်နေပုံက လူသေတစ်ယောက်ရဲ့ လှုပ်ရှားမှုမျိုးဗျာ။ လူသေအလောင်းကို ဘေးလူတွေက အတင်း ဆွဲလှုပ်နေသလိုမျိုးပေါ့။


အားလုံးလည်း ကုန်သွားရော။ဖရဲသီးဗန်းရွက်တဲ့ ခေါင်းခုလေးကို ပခုံးပေါ် ဖြန့်တင်ပြီး ဗရဲသီးဗန်းလေးကို ညာလက်က ကိုင်ရင်း ဖရဲသီးသည်ဟာ ကျနော့်ရှေ့က နေ ထွက်သွားတယ်။


မိုးတွေက ရွာတုန်း။ မိုးရေထဲမှာ ဖရဲသီးသည်ဟာ ကျနော့်မြင်ကွင်း ထဲကနေ တရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်။ 


ဖရဲသီးသည် ထွက်သွားပြီးတဲ့နောက် ထိုင်ခုံရှည်ပေါ်မှာ ကျနော်ဟာ သေလူတစ်ယောက်လို ကျန်နေရစ်ခဲ့တယ်။


ဖရဲသီးဗန်းပြုတ်ကျ သွားတာဟာ ကျနော်နဲ့လည်း မဆိုင်ဘူး။ သူ့ဘာသာ ပြုတ်ကျသွားတာ။ ဖရဲသီးသည်ဟာ ကျနော့်ကိုလည်း ဘာအပြစ်တင်စကားမှ ဆိုမသွားဘူး။ သူ့လမ်းသူ ဆက်ထွက်သွားတာ။


ဒါပေမဲ့ အဲဒီနေ့ တစ်နေ့လုံး ကျနော် ထမင်းစားလို့ မရခဲ့ဘူး။ ပြီးတော့ အဲဒီအဖြစ်အပျက်ကို အခု () နှစ် ကြာတဲ့အထိ ကျနော် မမေ့ဘူး။ 


ဘယ်တော့မှလည်း မေ့မှာ မဟုတ်ဘူး။


                                                                                    #လူခါး

                                                                    #၂၀၁၅-လှိုင်သာယာနေ့ရက်များသို့



No comments: