Saturday, 10 May 2025

ဆရာတော့ ဆရာ


မင်္ဂလာဧည့်ခံပွဲကျင်းပမည့် ခန်းမသို့ ကျွန်တော်ရောက်သွားတော့ နံနက် ရှစ်နာရီထိုးပြီ။ ခန်းမထဲတွင် အခမ်းအနားပြင်ဆင်နေသူ လေးငါးယောက်မှ အပ လူ သိပ်များများစားစား မရှိသေး။ လူမများသော်လည်း အားလုံးကို ကျွန်တော်မသိ။ ထားတော့ ။ လူရင်းများကို နှုတ်ဆက်ပြီး ကျွန်တော့်အလုပ်တွင် သုံးရမည့် မိုက်များကို စမ်းကြည့်မိသည်။
“မင်္ဂလာပါ..”
“ဟလို..ဟလို..”
မိုက်များက အဆင်ပြေသည်။ ဆောင်းဘောက်များကို အခမ်းအနားနှင့် အလိုက်ဖက်ဆုံးဖြစ်သည့် နေရာများတွင် ပြင်ဆင်ချထားဖြစ်သည်။
ထိုအချိန်တွင် ခန်းမပိုင်ရှင်ဟု ယူဆရသော အသက် ခြောက်ဆယ်ခန့်အမျိုးသမီးကြီးတစ်ယောက် ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း ကျွန်တော့် အနားရောက်လာသည်။
“ဆရာ..တစ်ခုခုလိုအပ်ရင် ပြောနော်..၊ အားမနာနဲ့..”
သူ့ဆီကစကားကို ကြားတော့ ကျွန်တော်အလွန်ဝမ်းသာသွားသည်။ တလေးတစားနှင့် ပြောသောသူ့ကိုလည်း အလွန်အားနာသွားသည်။ ကျွန်တော် သူ့ကို အချိုသာဆုံးပြုံးပြရင်း “အားနာပေမယ့်ဗျာ..ရေနွေးတစ်ခွက်ထဲကို ဂျင်းလက်တစ်ဆစ်လောက်ရယ်၊ ပျားရယ်လေးငါးစက်ရယ် ထည့်ပေးပြီး ယူလာပေးလို့ ရမလား...” ဟု ကျွန်တော် ပြောလိုက်သည်။
အမျိုးသမီးကြီးက ချက်ချင်း “ရမယ်..ရမယ်..ဆရာ..” ဟုဆိုကာ စားသောက်ခန်းထဲသို့ ဝင်သွားပြီး ရေနွေးခွက်ကလေးကိုင်ရင်း ပြန်ထွက်လာသည်။
“ဆရာ ..ဘာဖြစ်လို့လဲ..”
အမျိုးသမီးကြီးက ရေနွေးခွက်ကို ကျွန်တော့်ထံ ကမ်းပေးရင်း မေးသည်။
“မနေ့ကလည်း မင်္ဂလာပွဲတစ်ပွဲ ရှိခဲ့တာ။ ဒီနေ့လည်း တစ်ပွဲဆိုတော့ အသံတွေနာလို့ ရေနွေးရယ်၊ ဂျင်းရယ်၊ ပျားရယ်ရယ် သောက်ရတယ်ဆိုလို့ သောက်ချင်လို့ပါ..”
ကျွန်တော်က ရှင်းပြလိုက်တော့ အမျိုးသမီးကြီးက သဘောပေါက်သွားဟန်ဖြင့် သူ့ခေါင်းကို ညိတ်လိုက်သည်။
“ဟေ့..ဆရာ..ဘာတောင်းတောင်း ပေးလိုက်နော်..” ဟု စားသောက်ခန်း ပြန်ဆင်ရာသို့ လှမ်းအော်လိုက်ရင်း ကျွန်တော့်အနားမှ ထွက်သွားတော့သည်။
အမျိုးသမီးကြီး ကျွန်တော့်အနားက ထွက်သွားပြီးသည့်နောက် ကျွန်တော်နှင့် သိပ်မရင်းသော အမျိုးသားတစ်ယောက် ကျွန်တော့်အနား ထပ်ရောက်လာသည်။
“ဆရာ..အသံဝင်နေတာလား...”
ကျွန်တော်လည်း “ ဟုတ်တယ်ဗျ..” ဟု ဖြေရင်း ပြုံးပြလိုက်ပြီး “ပွဲကဆက်သွားတော့ အသံနာသွားတာဗျာ.."ဟု တစ်ဆက်တည်း ပြောလိုက်သည်။
“အဲဒါဆို နောက်ထပ်လာငှားတဲ့ပွဲတွေ ဘယ်လို လုပ်မလဲ..”
သူ့ထံမှ ထပ်မေးလာသော စကား​ကြောင့် ကျွန်တော် ကြောင်သွားသည်။
သူ့မေးခွန်းကို နားမလည်သဖြင့် “ဘယ်ပွဲလဲ..အစ်ကို..” ဟု ပြန်မေးလိုက်မိသည်။
“နောက်ထပ် ဘိတ်သိတ်ပွဲတွေကို ပြောတာလေ..”
သူက ကျွန်တော့်မျက်နှာကို သေချာကြည့်ရင်း ဖြေသည်။ သူ့ဆိုလိုရင်းကို ကျွန်တော် သဘောပေါက်ပြီး အားရပါးရ ရယ်လိုက်ချင်သော်လည်း မရယ်ဖြစ်။ ပြုံးရုံသာ ပြုံးဖြစ်သည်။
“ကျွန်တော်က ဘိတ်သိတ်ဆရာ မဟုတ်ဘူးအစ်ကို..၊ အငှားလိုက်တာလည်း မဟုတ်ပါဘူး။ မိတ်ဆွေရင်းတွေက အကူအညီတောင်းလို့ မင်္ဂလာအခမ်းအနားကို စီစဉ်ပေးတာရယ်၊ နှစ်ဖက်မိဘတွေကိုယ်စား မင်္ဂလာစကားပြောပေးတာရယ် လုပ်ပေးတာပါ..”
သူက မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်သလိုဖြင့် ကျွန်တော့်ကို ထပ်ကြည့်ရင်း ပြောသည်။
“ဪ..အဲဒီလိုလား..မသိပါဘူး..၊ ခင်ဗျားက တိုက်ပုံကြီးဝတ်ပြီး ၊ စာအုပ်ကြီးလည်း လက်ကကိုင်ရင်း ဟလို..ဟလို..လုပ်နေတော့ ကျွန်တော်က ဘိတ်သိတ်ဆရာ မှတ်လို့...”


No comments: