“နယ်ကျော်မိုးသားများအိပ်မက်နှင့် ကျွန်တော်”
၂၀၀၈ ခုနှစ်က တောင်တွင်းကြီးမြို့နယ်စာနယ်ဇင်းအဖွဲ့က ကျင်းပတဲ့ ဝတ္ထုတိုပွဲအပြီးမှာ ကျွန်တော် လူတစ်ယောက်နဲ့ ခင်မင်ခွင့်ရခဲ့တယ်။ သူက မောင်ယဉ်ဌေး(တောင်တွင်း)တဲ့။ စာတွေရေးတယ်။ ဖတ်ဖူးသမျှ စာတွေ၊ ကဗျာတွေကို လက်တန်းပြန်ပြောနိုင်၊ ရွတ်နိုင်တယ်။ နားထောင်လို့လည်း သိပ်ကောင်းတယ်။
သူကတဆင့် ကျွန်တော့်ကို နောက်ထပ် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ သူက "ကဗျာဆရာ နေပန်ဦး” ပေါ့။ မြို့မစျေးထဲမှာ ရှိတဲ့ ကိုနေပန်ဦးဆီ ကျွန်တော့်ကို လိုက်ပို့ပြီး မောင်ယဉ်ဌေး(တောင်တွင်း)က ပြန်သွားတယ်။ မင်းတို့ စကားပြောကြဦးတဲ့။
မောင်ယဉ်ဌေး(တောင်တွင်း) မိတ်ဆက်ပေးတဲ့ ကဗျာဆရာ နေပန်ဦးကို အဲဒီမှာ ကျွန်တော် စတွေ့ဖူးတာပဲ။ ဆံပင်က ရှည်ရှည်။ နဖူးပြင်ပေါ် ဝဲကျလို့ ။ ခပ်ရှည်ရှည် နှုတ်ခမ်းမွေးတွေကလည်း သူ့အထက်နှုတ်ခမ်းပေါ်မှာ ဝဲနေကြတယ်။ သူ့နှုတ်ခမ်းတွေမှာ အပြုံးတွေက ချိတ်လို့။ လူက အသားအရေ စစ်တယ်လို့ ဆိုရမယ်။ ပါးပါးပဲ။ မာတော့ မာတဲ့ပုံ။ အထူးခြားဆုံးက သူ့မျက်လုံးတွေပဲ။ အရောင်ပါ လက်နေတတ်တာမျိုး။ စာပေလောကဆိုတာ ဘာမှန်းမသိသေးတဲ့ ကျွန်တော့်ကို သူက စမိတ်ဆက်ပေးခဲ့တာပေါ့။
အဲဒီနေ့က သူရေးထားတဲ့ စာမူတွေ ကျွန်တော့်ကို ပြတယ်။ A4 စာရွက်ပေါ်မှာ သူ့လက်ရေးနဲ့ ရေးထားတာတွေ။ စာမူနာမည်တွေနဲ့ ကလောင်နာမည်ကို အရောင်လေးတွေ ခြယ်ထားတယ်။ စာမူတွေရဲ့ အောက်မှာ ကိုယ်တိုင်ရေးဖြစ်ကြောင်း ဝန်ခံချက်ကလေးတွေ ပါတယ်။ ကျွန်တော်ကိုလည်း ကြိုးစားရေးပြီး မဂ္ဂဇင်းတွေကို ပို့ဖို့ပြောတယ်။ မဂ္ဂဇင်းနာမည်တွေကို တစ်စောင်ပြီးတစ်စောင် သူရွတ်ပြတယ်။ သူက ကျွန်တော့်ရှေ့က ပြေးနေတဲ့ ခရီးပေါက်ပြီးသား ကြယ်ပဲ။ သူလျှောက်ခဲ့တဲ့လမ်းကို ကျွန်တော့်ကို ပြခဲ့။
အဲဒီလိုနဲ့ ကျွန်တော်မလေးရှား ရောက်သွားတယ်။ စာလေးတွေ ရေးတယ်။ တောင်တွင်းကြီးမှာ သူတို့နဲ့ ခင်ခဲ့ဖူးတဲ့ ကျွန်တော်က ကလောင်သစ်ကလေးအနေနဲ့ မဟေသီမဂ္ဂဇင်းနဲ့ ရွှေအမြုတေမဂ္ဂဇင်းတွေရဲ့ အသစ်ကဏ္ဍတွေမှာ ဝတ္ထုတိုလေးတွေ ဖော်ပြခံရတယ်။ အဲဒီကနေမှ တောင်တွင်းကြီးကို နောက်တစ်ခေါက်ပြန်ရောက်တယ်။ တောင်တွင်း ပြန်ရောက်ရောက်ချင်း ကျွန်တော်အရင်ဆုံးပြေးတာ သူ့ဆီကိုပဲ။ မလေးကအပြန် ရန်ကုန်မှာ ဝင်ထုတ်လာတဲ့ မဂ္ဂဇင်းစာအုပ်လေးကို သူ့ကိုပြတယ်။သူက ကျွန်တော့်စာမူပါတဲ့ မဂ္ဂဇင်းစာအုပ်ကလေးကို တယုတယကြည့်တယ်။ ကျွန်တော့်ဝတ္ထုတိုလေးကို ဖတ်တယ်။
“မင်း မလေးက ပြန်လာတာ ဘယ်လောက်ပါလာသလဲ..” တဲ့။ သူက ကျွန်တော့်ကို မေးတယ်။ ကျွန်တော် မဖြေရသေးခင်မှာပဲ သူက စကားတစ်ခွန်း ထပ်ပြောတယ်။ “တစ်ပြားမှ မပါပါကွာ..၊ မင်းလူခါးဖြစ်လာတာ ကျေနပ်တယ်..”တဲ့။ သူ့ဆီက အဲဒီစကားကြားတော့ ကျွန်တော် ပျော်မိတယ်။
အဲဒီနောက်တော့ ကျွန်တော် တောင်တွင်းကြီးကနေ ခဏဝေးသွားရပြန်တယ်။ နောက်တစ်ခေါက် ပြန်ရောက်တော့ “အမေနေ့” ကြီး။ ကဗျာရွတ်ပွဲနဲ့ တည့်တည့်တိုးတယ်။ အဲဒီနေ့မှာ ကိုနေပန်ဦးရဲ့ ဖခင် “ကဗျာဆရာ တောင်တွင်းမောင်မုန်းမာန်” ကို စတွေ့ဖူးတာပဲ။ ဆရာက မေးတယ်။ “မင်းက ဘယ်ဇာတိလဲတဲ့။ “ကျွန်တော် မြို့သစ်ဇာတိပါ။ တောင်တွင်းမှာ ကြီးတာပါ..”ဆိုတော့ “ဟ..မြို့သစ်ဆိုတာလည်း တောင်တွင်းပဲလေကွာ..”တဲ့။
၂၀၁၃ ခုနှစ်က။ ကြာပြီပေါ့။ အဲဒီနေ့က ဆရာတောင်တွင်းမောင်မုန်းမာန် ရွတ်တဲ့ကဗျာကို အခုထိ ကျွန်တော် အလွတ်ရနေတယ်။ ခေါင်းစဉ်က အမေ။
“အမေ"
သေမင်းတဲ့လား
စစ်ခင်းပစ်မယ်
မကြောက်ပါနဲ့ လူလေးရယ်
မင်းရှေ့မှာ အမေရှိတယ်။
#တောင်တွင်းမောင်မုန်းမာန်
ကဗျာလေးက ဒါပဲ။ အဲဒီ ဒါလေးကပဲ ကျွန်တော့်တစ်သက်မေ့မရတဲ့ကဗျာ ဖြစ်ခဲ့တာ။ ဆရာ့အမူအယာဟာလည်း ကျွန်တော့်မျက်လုံးထဲမှာ စွဲနေတယ်။ တစ်ခါတွေ့ဖူးရုံနဲ့ မှတ်မိနေနိုင်တဲ့ ဥပဓိမျိုးနဲ့ ဆရာက။
ကဗျာဆရာ နေပန်ဦးရဲ့ ကဗျာတွေထဲမှာလည်း ကျွန်တော် ကြိုက်တဲ့ကဗျာတွေရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အလွတ်မရခဲ့ဖူးဘူး။ အကြောင်းအရာတွေကို မှတ်မိပေမဲ့ ခေါင်းစဉ်တွေကို မေ့သွားတာမျိုးပေါ့။ဒါပေသိ ကိုနေပန်ဦးရေးတဲ့ ဝတ္ထုတိုတွေကျတော့ ကျွန်တော် မှတ်မိနေပြန်ရော။
ပြီးခဲ့တဲ့ရက်က သူ့ဝတ္ထုတိုစာအုပ် နှစ်ကာလများကထွက်ပြီးတော့ ကျွန်တော့်ဆီ ပို့ပေးမလို့ဆိုပြီး လာပြောတယ်။ သူ့ဆီက အပို့စောင့်နေရင် ကြာမှာသိတာမို့ ကျွန်တော့်အစီအစဉ်နဲ့ ကျွန်တော် မှာဖတ်မယ်အစ်ကိုလို့ စာပြန်လိုက်မိတယ်။ အခုတော့ သူ့ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကလေး ကျွန်တော်ရှိတဲ့ ဂျပန်ကို ရောက်လာခဲ့ပြီ။ “နယ်ကျော်မိုးသားများအိပ်မက်..”တဲ့။ “နေပန်ဦး”တဲ့။ မျက်နှာဖုံးပန်းချီက ကျွန်တော်တို့ကြိုက်ရတဲ့ ဆရာကိုကိုနိုင်ရဲ့လက်ရာနဲ့။
ဝတ္ထုတို (၁၀) ပုဒ်ပါတယ်။ စာအုပ်ကလေး လက်ထဲရောက်တာနဲ့ ကျွန်တော်မှတ်မိနေတဲ့ ဝတ္ထုတိုတွေ ပါ-မပါ အရင်ကြည့်မိတယ်။ ပါတာတွေ့ရတော့ ကျေနပ်သွားမိတယ်။ ပထမဆုံး ဝတ္ထုတိုဖြစ်တဲ့ “ပြတင်းပေါက်လေးတစ်ပေါက်” က စဖတ်တယ်။ ဦးလှသောင်ရဲ့ အော်သံပေါ့။ ပြတင်းပေါက်လေးဆိုပေမဲ့ အကျယ်ကြီး တွေးမိ၊ မြင်မိစေတဲ့ ဝတ္ထုတိုလေး။
ကျွန်တော်ဖတ်ဖူးပြီးသား “မမြင်ရတဲ့ဂြိုဟ်” နဲ့ “မြစ်တစ်စင်းရဲ့ အတိမ်အနက်” တို့ကိုလည်း ထပ်ဖတ်ပေါ့ ။ တစ်ပုဒ်ချင်းတော့ ကျွန်တော် ပြန်မရေးတော့ပါဘူး။ ကျွန်တော့်ထက် မြို့သားပိုဆန်တဲ့ သူ့ဆီက ကျေးလက်ဝတ္ထုတိုတွေ ဖတ်ရတော့ အားကျမိတာ အမှန်ပါပဲ။ ကျေးလက်ဝတ္ထုလေးတွေက သူရေးပြတော့လည်း တစ်မျိုး တစ်ဘာသာလေးပါလားလို့ တွေးမိတယ်။ သူ့ဝတ္ထုတိုလေးတွေက သူ့မျက်နှာပေါ်မှာတွေ့ရလေ့ရှိတဲ့ ခပ်ထေ့ထေ့အငွေ့လေးတွေ၊ ဝှက်ထားတဲ့ အပြုံးနဲ့တူတဲ့ နိမိတ်ပုံလေးတွေပါတယ်လို့ ခံစားမိတယ်။ အကြိုက်ဆုံးပြောကွာလို့ မရမကမေးရင်တော့ “နယ်ကျော်မိုးသားများ..”နဲ့ “ပင်ညှပ်..” လို့ ဖြေမိမလားပဲ။ ဒါကလည်း ကျွန်တော့်ဘဝနဲ့ နီးလို့လည်း ဖြစ်နိုင်တာပဲလေ..နော့။ ကျန်တဲ့ ဝတ္ထုတိုတွေကလည်း ကျွန်တော်နဲ့ မဝေးကြပြန်ပါဘူး။ အကုန် မိုက်တယ် အစ်ကိုရေလို့ပဲ ပြောရမယ်။
ဒါကို သူ့သွားပြောလည်း သူက အရောင်လက်နေတဲ့ အပြုံးတွေနဲ့ ပြုံးကြည့်နေရုံကလွဲလို့ ဘာမှ ပြန်ပြောမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျန်းကျန်းမာမာနေရင်း ဝတ္ထုတွေ အများကြီး ထပ်ရေးပါဦးအစ်ကိုရေ..။
အများကြီး ဖတ်ချင်ပါသေးတယ်။
ခင်မင်တဲ့-လူခါး
#နယ်ကျော်မိုးသားများအိပ်မက်
#နေပန်ဦး
#လူခါး
No comments:
Post a Comment