Tuesday, 7 April 2026

ကြွေလည်း လှတယ်


(၁)
ဒီကနေ့က ၂၀၂၆ ခုနှစ်ရဲ့ မတ်လ ၁၀ ရက်နေ့ ။တိမ်တွေက အပြာ။ လေက ညင်းညင်းလေး တိုက်လို့။ ကျမနဲ့ သိပ်မဝေးတဲ့နေရာမှာက မီးရထားသံလမ်းတစ်ခု။ အဲဒီသံလမ်းကနေ တစ်နေ့ကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် မီးရထားကြီးက ဖြတ်ဖြတ်သွားတတ်တယ်။ ကျမ ဒီနေရာလေးမှာ ရပ်နေခဲ့တာ နှစ်ပေါင်း နှစ်ဆယ်လောက် ရှိပြီ။ ဒါပေမဲ့ တစ်ခါတစ်ရံမှ အခုလို အပြင်ကို ထွက်လာခွင့် ရတယ်လေ။ ကျမ အခုလို အပြင်ကို ထွက်လာတဲ့အခါ တစ်ခါ တစ်ခါ မီးရထားကြီးနဲ့ ဆုံတယ်။ တစ်ခါ တစ်ခါ လူ တစ်ယောက်စ နှစ်ယောက်စနဲ့ ဆုံတယ်။ တစ်ခါ တစ်ခါ လေဖြူးဖြူးကလေးနဲ့ ဆုံတယ်။ တစ်ခါ တစ်ခါ ကျမအနားမှာ လာရပ်ပြီ အလွမ်းအဆွေး သီချင်းလေးဆိုနေတတ်တဲ့ ငှက်ကလေးတွေနဲ့ ဆုံတတ်တယ်။ သိပ် အမှတ်ရစရာကောင်းတဲ့ အဖြစ်အပျက်တွေပေါ့။ ဒီနေ့လည်း ကျမ အပြင်လောကကြီးထဲကို ထွက်လာခွင့် ရခဲ့ပြန်ပြီ။ ကျမ ဘယ်သူနဲ့ ဆုံခွင့် ရဦးမလဲ။ တစ်နှစ်မှာ တပတ် ဆယ်ရက်လောက်သာ အပြင်ကို ထွက်လာခွင့်ရတဲ့ ကျမအတွက်တော့ ဒီနေ့လိုနေ့တွေဟာ မက်မောတွယ်တာစရာနေ့ရက်တွေ မဟုတ်လား။ မှတ်မှတ်ရရ ဒီကနေ့က ၂၀၂၆ ခုနှစ်ရဲ့ မတ်လ ၁၀ရက်။ ကျမ အပြင်ကမ္ဘာလောကကြီးဆီကို ထွက်လာခွင့်ရခဲ့တယ်။
(၂)
ကျမ အားယူရတယ်။ ကျမကို ကျမ အားပေးပြီး အားယူရတယ်။ လေရယ်၊ ရေရယ်၊ နေရယ်။ သူတို့ကို အားပြုပြီး အားယူရတာပေါ့။ ပထမဆုံး ကျမ ဖျစ်ညှစ်ထုတ်လိုက်တဲ့ ကျမရဲ့ အားအင်တွေဟာ သေးငယ်လှစွာသော အဖူးကလေးမျှသာပဲ။ တကယ်ကို သေးသေးလေးပဲ။ အဲဒီသေးသေးလေးကပဲ ကျမဘဝရဲ့ ခြေလှမ်းအစပဲလေ။ အဲဒီ အဖူးလေး ဘဝနဲ့ ကျမ ဆယ်ရက်လောက် ရုန်းကန်ရတယ်။ လေရိုင်းတွေက ကျမကို ခြွေဖို့ ကြိုးစားတယ်။ ငှက်ကလေးတွေက ကျမကို ဖဲ့ဖို့ကြိုးစားတယ်။ မိုးပေါက်တွေက ကျမကို ဖြိုဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်ရမလဲ။ ကျမမှာ မိတ်ဆွေကောင်းတစ်ယောက်ရှိတယ်။ သူက ဘယ်သူလို့ ရှင်လို့ထင်လဲ။ သူက ဘယ်သူရမှာလဲ။ နေပေါ့။ ကျမရဲ့ ချစ်လှစွာသော မိတ်ဆွေကြီး နေပေါ့။ အဲဒီနေဟာ ကျမကို လက်ဆောင်တစ်ခု ယူလာပေးလေ့ရှိတယ်။ အဲဒါက နွေ။ နေက ယူလာပေးတဲ့ နွေပေါ့။ အဲဒီနွေကြောင့်ပဲ။ ကျမဟာ ကျမရဲ့ အလှအပ အားလုံးကို မကြာချင် ဖွင့်ဟ လှစ်ပြခွင့် ရတော့မယ်လေ။ သိတယ်ဟုတ်။ ကျမ နေရဲ့ နွေကို သိပ်ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၂၀၂၆ ခုနှစ်၊ မတ်လရဲ့ နောက်ဆုံးရက်။ အတိအကျပြောရရင် ၂၀၂၆ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ပေါ့။
(၃)
ဒီကနေ့ ကျမ သိပ်လှနေပြီ။ ကျမရဲ့ ဝတ်စုံဟာ နေရောင်ခြည်ထဲမှာ အစွမ်းကုန် တောက်ပ လှလို့။ ကျမရဲ့ အသားအရည်ဟာ ကျမရဲ့ ဝတ်စုံလိုပဲ စွဲမက်ဖွယ် အချင်းနဲ့ ဝင်းပလို့။ ကျမဟာ လေထဲမှာ ကနေတယ်။ ကျမလား၊ အနံ့လား ရှိတာပေါ့။ ဒါပေမဲ့ တော်ရုံနဲ့တော့ ကျမရဲ့ မွှေးရနံ့ကို မရတတ်ဘူး။ ကျမတစ်ကိုယ်လုံးမှာ ကျမအခြွေတာဆုံးဟာ ကျမရဲ့ ကိုယ်သင်းရနံ့ပဲ။ ဒါပေမဲ့ ဒါကို ဘယ်သူမှ မသိပါဘူး။ သူတို့သိကြတာက ကျမရဲ့ အလှပဲ။ ကျမကို သိပ်လှတာပဲ လို့ ချီးကျူးကြတယ်။ သူတို့ အဲဒီလို ချီးကျူးဖို့ ကျမ ဘယ်လောက်အထိ ရုန်းကန်စောင့်စားခဲ့ရတယ်ဆိုတာကိုတော့ သူတို့ ဘယ်သိကြမလဲရှင်။ ဟုတ်တယ်။ လှပါတယ်။ ကျမ သိပ်လှတယ်။ ကျမရဲ့ အလှကို ဖူးမြှော်ဖို့ ငှက်ကလေးတွေ ချဉ်းကပ်လာကြတယ်။ လူတစ်ချို့ ငေးမောကြတယ်။ ဒီလို အချိန်ရောက်ပြီဆို လေဟာ ကျမကို မနာလိုတော့ဘူးလေ။ သူ ကျမကို သူ့လက်ကြမ်းကြီးတွေနဲ့ ပွတ်သပ်ဆွဲတယ်။ မိုးဟာ သူ့အိမ်ထဲကနေ ထွက်ပြိး ကျမကို ငုံ့ကြည့်တယ်။ ကျမ သိပ်လှပြီဆို မနာလိုတဲ့အထဲ သူလည်း ပါတယ်။ အဆိပ်နဲ့တူတဲ့ သူ့ရဲ့ မျက်ရေတွေကို ကျမဆီ ဖျန်းပက်ပြိး ကျမကို ခြွေဖို့ ကြိုးစားတော့တာပဲ။ ဒါပေမဲ့ ကျ မမှုပါဘူး။ ကျမမှာ အကာအကွယ်ပေးမဲ့သူ ရှိတယ်။ သူက နွေပေါ့။ နွေဟာ ကျရဲ့ ဝတ်စုံကိုရော၊ ကျမကိုယ်ရော အစွမ်းကုန် ကာကွယ်ပေးပြီး ကျမကိုသိပ်လှစေတတ်သူပေါ့။ ဒါကြောင့်သူ့ကို ကျမ ချစ်တယ်။ သူဟာ ကျမ ကမ္ဘာလောကကြီးထဲကို ထွက်လာတိုင်း ဝမ်းပန်းတသာ ကြိုဆိုတတ်သူပေါ့။ အို..နွေ၊ ကျမ ရှင့်ကို သိပ်ချစ်တယ်လို့ ပြောလိုက်တယ်။ အဲဒီနေ့ကလား။ အဲဒီနေ့က..အင်း အဲဒီနေ့က မှတ်မှတ်ရရ ၂၀၂၆ ခုနစ် ဧပြီလ ၃ရက်နေ့ပေါ့ရှင်။ ကျမ သိပ်လှနေပြီပေါ့။
(၄)
“ကျမ ကြောက်လိုက်တာ။ လေတွေ တိုက်လာတယ်။ မိုးတွေ ရွာလာတယ်။ ငှက်ကလေးတွေက အစုလိုက် အပြုံလိုက်ကြီး ကျမကို ထိုးသုတ်ဆော့ကစားကြတယ်။ ကျမကြောက်တယ်။ ကျမ မကြွေချင်သေးဘူး။ ကျမ နေချင်သေးတယ်..”
ကျမ အဲဒီလို အော်လိမ့်မယ်လို့ ရှင်တို့ ထင်သလား။ နိုးပဲ။ လုံးဝပဲ ကျမ မအော်ပါဘူး။ ကျမ ဘယ်တော့မှ အဲဒီလို မအော်ဘူး။ ဒီကနေ့ဟာ ၂၀၂၆ ခုနှစ်ရဲ့ ဧပြီလ (၇) ရက်။ ကျမ သွားရတော့မယ်။ အဲ မဟုတ်ဘူး ။ ကျမ သွားတော့မယ်။ ကျမ သွားတော့မယ်နော်။ ရှင်တို့ကို လာနှုတ်ဆက်တယ်။ ဒီ ကမ္ဘာလောကကို ကျမလာခွင့်ရတဲ့ ရက်ကိုတွက်လိုက်ရင် လွန်ရော ရှိမှ ရက်ပေါင်း နှစ်ဆယ်ပေါ့ ။အဲဒီ အရက် နှစ်ဆယ်ထဲကမှ တစ်ပတ် ဆယ်ရက်လောက်ပဲ ကျမ အစွမ်းကုန် လှခွင့်ရခဲ့တယ်။ ပြီးရင် အဲဒီ အလှအပတွေ အားလုံးကို ထားခဲ့ပြီး ကျမအိမ် ကျမ ပြန်ရတာပဲ။ ပြန်ခဲ့တာပဲ။
ရှင်တို့သိလား။ ဒါကို ရှင်တို့ပြောပြောနေတဲ့ သင်္ခါရလို့ ပြောမလား။ ဒါမှမဟုတ် မလှမပနဲ့ တစ်ကမ္ဘာလောက် နေရတာထက်စာရင် လှလှပပနဲ့ ဆယ်ရက် လောက်ပဲ နေရတာကို ပိုကောင်းတယ်လို့ ရှင်တို့ ပြောကြမလား။ ကျမကရော ရှင်တို့ပြောသလို လိုက်ပြောပြီး ရှင်တို့ပြောတာကို လက်ခံမယ်လို့ ရှင်တို့ထင်သလား။ ကျမက သိပ်ပြီး သနားစရာ ကောင်းတာပဲလို့ ရှင်တို့ ပြောကြမယ် မဟုတ်လား။
ဒီမယ်..၊ အစွမ်းကုန်လှပြီး လှလှပပလေး ပြန်သွားတဲ့ ကျမကို မသနားကြပါနဲ့ရှင်။ ရှင်တို့ဟာ ရှင်တို့သာ လှလှပပလေးနေပြီး လှလှပပလေး ပြန်သွားနိုင်ဖို့ ကြိုးစားကြပါ။ ကျမအတွက် မပူကြပါနဲ့ ။
ကျမက ဆာကူရာရှင့်။ ကြွေလည်း လှတယ်။

No comments: