Saturday 31 December 2011
''ခေါင်းမြီးခြုံတို့ မြူးတဲ့မြေ''
သူ့ ရင်ဘတ်ထဲ  ပြေးဝင်လာသမျှ
မျက်ရည်ကျရတယ်...
ဘယ်တံငါသည်ကိုမှ
ရေချိုးပြီးပြန်ခွင့်ပြုဖို့   ဝါသနာပါပုံမရဘူး
အနည်းဆုံး...သူ့ ပါးစပ်ထဲ
ပင်လယ်တစ်စင်းလိုပေါ့...
ဝင်ဝင်လာသမျှ  အာသီသပြေဖို့ 
ချဉ်ခြင်းအဖြစ်  စားသုံးတယ်...
သူ့ ရဲ့ တရားဝင်အလုပ်က
အဖြူထည်ကို  အရောင်ဆိုးခြင်းပဲ...
.အခကြေးငွေအဖြစ်
အ၇ှက်ကို  ယူတယ်
ပြီးတော့...
အသက်ကို  ယူတယ်...။
ဆေးရောင်စုံ  မျက်နှာဖုံးတွေနဲ့ 
ကောက်ကျစ်တဲ့အပြုံးတွေကို
မျိုးရိုးစဉ်ဆက်  ဖုံးထားခဲ့ကြတယ်...
ဒါ...နားခိုသူအားလုံးကို
လူဖြစ်ရှုံးစေတဲ့
သူတို့ ရဲ့ ... သိုဝှက်ထားတဲ့  အဏုမြူဗုံးပဲ...။
ဆလာမတ်ဒါတန်း  ဆိုတဲ့စကားလုံးနဲ့ 
အတုံးအရုံး....
သူ့ ကိုယ်သူ  လိုသလိုချယ်,သ ဖို့ 
တရားဝင်ဗီဇာ ရရ,မရရ
ခယ်မ တစ်ယောက်လို
(အားလုံးကို)
ခြေတော်တင်တယ်....။
ကောသလမင်းကြီးရဲ့   အိပ်မက်တွေထဲမှာ
သူ့ အကြောင်းကို  ထည့်မမက်ခဲ့ဘူး
ဝှက်ဖဲတစ်ချပ်အဖြစ်နဲ့ 
ဘဝ,ဘဝတွေကို  ဆုပ်ဖြဲပစ်တယ်...
ကိုတာရာယာနဲ့  ဖမ်းစားတယ်
အားလုံး ကစဥ့်ကလျားနဲ့ 
သူ ရဲ့   ဟားတိုက်သံတွေအောက်မှာ
နောက်တစ်ခေါက်...
ရောက်လာကြရဦးမယ်....။
                                                         လူခါး
                                   ဆလာမတ်ဒါတန်း=ကြိုဆိုပါ၏(မလေးစကား)
                                   အပြင်စီးမဂ္ဂဇင်း အမှတ်(၂)၊ ၂၀၁၁
No comments: