Monday 17 September 2012
ရင်ဝေးကြယ်
ဝိုင်းထဲ
ဖဲထုတ်တစ်ထုတ် ဖြည်ချလိုက်သလို
ငါ့ရှေ့  ခိုတွေ တစ်အုပ်ကြီး ကျလာတယ်
ငါကကွယ်
ဟောဟိုက သူတောင်းစားလေးလောက်တောင်
ဝင်ငွေမဖြောင့်တဲ့ ကောင်ပါ
ငါ့ဆီက ဘာမှ မမျှော်နဲ့  ကွယ့်
မင်းတို့ နားထောင်မယ်ဆိုရင်
လီဗာနင်းပြီး မထွက်ဖြစ်သေးတဲ့ ဘတ်(စ်)ကားအိုကြီးအကြောင်း
တိမ်တွေကိုထွင်းရလို့ ဘဝင်မြင့် နေတဲ့  *ကိုတာရာယာ ကုန်တိုက်ကြီးအကြောင်း
ငါ့ကိုပစ်ပြီး သူ့ အိပ်မက်တွေဆီ ပြန်သွားတဲ့ လူငယ်ကဗျာဆရာတစ်ယောက်အကြောင်း
ပြောပြချင်ရဲ့
ငါ့အိတ်ထဲမှာ ဆိုင်ပေါ်မတင်ရသေးတဲ့ ပင်လယ်နဲ့ ပတ်သက်နေတဲ့ ရွက်တွေ  ရှိတယ်
ငါ့လက်ထဲမှာ ခေါင်းစဉ်မှအပ ဘာမှမရေးရသေးတဲ့ စက္ကူ  ဖြူ တစ်ရွက်ရှိတယ်
ငါ့ခေါင်းထဲမှာ COMMENT မပေးရသေးတဲ့ *အချိန်က tag ပေးထားတဲ့ post ရှိတယ်
ငှက်ကလေးတို့ ရယ်
အခု ငါထိုင်နေတဲ့ အများသုံးထိုင်ခုံဆီက ကြမ်းပိုးတွေက မင်းတို့ လို မဟုတ်ဘူးကွယ့်
သူတို့ က ငါ့အသွေးကို ခိုးကြောင် ခိုးဝှက် စုပ်တယ်
သူတို့ က ငါ့အသားကို ခိုးကြောင်ခိုးဝှက် ကိုက်တယ်
ဘယ်ကို ကြည့်လိုက် ကြည့်လိုက်
ကြမ်းပိုးလို လူတွေ များပြားလှတဲ့ ဒီကမ္ဘာ မှာ
ရိုးရိုးသားသားနဲ့ 
ငါ့ရှေ့ အုပ်လိုက် ဆင်းချလာတာ
မင်းတို့ ကို သနားတယ်  ။
..................................................................
*KOTARAYA = ကွာလာလမ်ပူ မြို့ လယ်မှ ကုန်တိုက်
* အချိန်က tag ပေးထားတဲ့ post = လင်းလက်တာရာ ရဲ့ ကဗျာ ခေါင်းစဉ်
   .............................................................................................                                                                                                                
ဒီကဗျာခေါင်းစဉ်လေးက အွန်လိုင်းလင်းရောင်ခြည်စာပေ ဝိုင်းမှာ ဆုံဖြစ်တဲ့ မန္တလေးက
ကဗျာဆရာ မင်းနဒီခ က  စကားပြေ ဖြစ်စေ ၊ ကဗျာ ဖြစ်စေ မိမိ ကြိုက်နှစ်
သက်ရာရေးပါ ဆိုပြီးအဖွဲ့ ဝင်အားလုံးကို ရွေးချယ်ပေးထားတဲ့ ခေါင်းစဉ်လေးပါ..။ဒီကဗျာ ခေါင်းစဉ်ကို
ရပြီးပြီး ချင်း ရေးပြီးကြတဲ့ ကဗျာတွေ ၊ စကားပြေတွေ တွေ့ ရပေမဲ့ ကျွန်တော်ကတော့
တော်တော်နဲ့ ရေးလို့ မရနိုင်ခဲ့ ပါဘူး ။
      လွန်ခဲ့တဲ့ သောကြာနေ့ ကတော့ ကျွန်တော်တို့ ဆီကို မြန်မာပြည်က စာအုပ်တစ်ချို့ ရောက်လာတာနဲ့ ပဲ
ကျွန်တော်ရယ် လင်းလက်တာရာ ရယ် သွားရောက်ထုတ်ယူ ဖြစ်ခဲ့ကြပါတယ် ။
      စာအုပ်တွေ လက်ထဲရောက်ပြီး လင်းလက်တာရာနဲ့ ကျွန်တော် လမ်းခွဲပြီးတာနဲ့  ကွာလာလမ်ပူ မြို့ လယ်က
မြန်မာတွေ ဆုံနေကျ ကုက္ကိုလ်ပင်ကြီးတွေအောက်မှာ  ကျွန်တော် တစ်ယောက်တည်း ဆက်ထိုင်ဖြစ်နေခဲ့ ပါတယ် ။
မြင်မြင်ရာကို ငေးနေမိတယ် ဆိုရင်ပိုမှန်ပါမယ်။
     အဲဒီ အချိန်မှာ ကျွန်တော်နဲ့ အနီးဆုံးနေရာကို ခိုတွေ တစ်အုပ်ကြီးကျချလာပါတယ်။
ပထမ ကျွန်တော်အံ့သြ သွားမိတယ် ..။
    နောက်တော့ ဒီကဗျာ ကို ရတယ်..။
ဖတ်ပေးတဲ့  သူ အားလုံးကို ကျေးဇူးတင်ပါတယ် ။
                                                                                                           လေးစားလျှက်
                                                                                                                                     လူခါး
1 comment:
စံပယ်ဖြူ said...
ခံစားဖတ်သွားပါတယ်။ ငွေစက္ကူတွေ နဲ့တန်ဖိုးချင်းမတူတဲ့ အနုပညာပစ္စည်းတွေ များများထုတ်လုပ်နိုင် ပါစေ..