Thursday 13 December 2012

ရင်ဘတ်ကိုမှန် ပြန်ကန်ထွက်လာတဲ့ အရေးအသား


                      ကဗျာ

လက်ဆုပ်လက်ကိုင် မသေချာတဲ့ ကာလနဲ့
မျက်မြင်သက်သေ ခိုင်လုံတဲ့ဒေသနဲ့
ပြစ်မှုဆိုင်ရာထင်ရှားတဲ့ ပယောဂနဲ့
နှလုံးသား၏ ပွင့်လင်းစွာ သွေးဆာမှုစကားလုံး လက်နက်ဖြင့်
ကာယကံမြောက် အရိုးသားဆုံး ကျူးလွန်မိသည့် အနုပညာ။ 
                                                            ဝေးအိမ်

အထက်ပါ ကဗျာဆရာ ဝေးအိမ်ရဲ့  ကမ်းကပ်နေတဲ့ အဓိပါယ်များဆိုတဲ့ ကဗျာစာအုပ်ထဲက `ကဗျာ´ လို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာလေး တစ်ပုဒ်နဲ့ ဒီတစ်ပါတ် ရင်ဘတ်ကိုမှန် ပြန်ကန်ထွက်လာတဲ့ အရေးအသား ဆိုတဲ့ ကဗျာခံစားမှု ဆောင်းပါးကို စဖွင့်လိုက်ပါတယ်။ အဲဒီ ကဗျာလေးကို ကဗျာဆရာ ဝေးအိမ်က စာကြောင်းလေး ငါးကြောင်းနဲ့ ဖွဲ့ပြထားတာပါ။
ဝေးအိမ်ဟာ အိမ်မှာနေရတာထက် ပင်လယ်(ရေ) မှာ နေရတဲ့ အချိန်က များပါတယ်လို့ကဗျာစာအုပ်ရဲ့ အမှာစာမှာ ကဗျာဆရာပိုင်က ဆိုထားပါတယ်။ ဝေးအိမ်ဟာ ၁၉၉၇ ခုနှစ် မေလထုတ် စတိုင်သစ်မဂ္ဂဇင်း အုပ် (၅၀) ပြည့် ရွှေရတု အထူးထုတ်မှာ ပါရှိတဲ့ `ရင်ကွဲနာ´ ဆိုတဲ့ ကဗျာနဲ့ စာပေနယ်ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ အခု ၂၀၁၃ ၊ ဇန္န၀ါရီလ ဆိုရင် ဝေးအိမ်ရဲ့ ကဗျာရေးသက်ဟာ ဆယ့်ခြောက်နှစ်တောင် ရှိခဲ့ပါပြီ။ ဝေးအိမ်ရဲ့ တကိုယ်တော် ကဗျာ စာအုပ်ကလေးဖြစ်တဲ့ ကမ်းကပ်နေတဲ့ အဓိပါယ်များထဲမှာ ပါရှိတဲ့ ကဗျာတွေက အဲဒီ ၁၉၉၇ ကနေ ၂၀၁၁ အထိ ရေးခဲ့တဲ့ ကဗျာတွေကို စုစည်းထားတဲ့ ကဗျာစာအုပ်ကလေးဖြစ်ပါတယ်။ စုစုပေါင်း ကဗျာပုဒ်ရေ (၁၀၃) ပုဒ်အထိ ပါရှိပါတယ်။ ဒါက ဝေးအိမ်ရဲ့ ကဗျာစာပေလမ်းကြောင်းကို အတိုချုံး ပြောပြ မိတ်ဆက်ပေးခြင်းမျှသာ ဖြစ်ပါတယ်။
               အခုလစဉ်တင်ဆက်နေတဲ့ ရင်ဘတ်ကိုမှန် ပြန်ကန်ထွက်လာတဲ့ အရေးအသားဆိုတဲ့ ဆောင်းပါးဟာ ကဗျာစာအုပ်မိတ်ဆက်ဆောင်းပါး မဟုတ်သလို ကဗျာစာအုပ်ဝေဖန်ရေးလည်း မဟုတ်ပါဘူး။ ကဗျာနဲ့ ပတ်သက်တဲ့ ဖြစ်တည်ပြောင်းလဲမှု( ၀ါ ) ဒီကနေ့ ကဗျာလောကရဲ့ အရွေ့၊ ပြောင်းလဲမှု အခြေအနေကို လက်လှမ်းမီသလောက် ကဗျာချစ်သူ လက်ထဲ ပို့ပေးတဲ့ ဆောင်းပါးသာ ဖြစ်ပါတယ်။ ဒီတော့ ကဗျာရဲ့ အရွေ့ကိုပဲ အဓိကထား ပြောပါမယ်။
               `ကဗျာသည် ယနေ့ပြောင်းလဲလှုပ်ရှားမှုနှင့် အမြဲထိတွေ့ခံစားလျှက်ရှိသည်။ ကဗျာဆရာသည် အဟောင်းနှင့် အသစ်တို့၏ ပဋိပက္ခမုန်တိုင်းတွင် ပါဝင်လျှက်ရှိသည်။ အလုံပိတ်မှန်ခန်းထဲတွင် နေ၍ မရတော့ပြီ။
               ယနေ့ ကဗျာရေးသူ ထိတွေ့ခံစားရသမျှ သူ့ပတ်ဝန်းကျင် အဖွဲ့ကို အလွယ်ဆုံးဘာသာစကားနှင့် ရေးသားခြင်းသည် ယနေ့ခေတ်ကဗျာ၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ဆိုချင်သည်။ ခေတ်သစ်ကဗျာ၏ ပရိယာယ်သည် အရပ်သုံး နေ့စဉ်စကားသံကို ကာရံယူ၍ နေ့စဉ်အလုပ်ထဲမှ အဖြစ်အပျက်ကို ထင်ဟပ်ခြင်းဖြစ်သည်´ဟု ဆရာဝင်းလတ်၏ `မိုးဦးရွက်သစ်´ ကဗျာစာအုပ်အမှာ (၁၉၆၉) မှာ ဆရာဒဂုံတာယာက ဆိုထားပါတယ်။
               အဲဒီ အမှာစာဟာ ၁၉၆၉ ခုနှစ်က အမှာဆိုပေမယ့် ဆရာမင်းချမ်းမွန်ရဲ့ `ကဗျာဆရာတွေဆိုတာ တစ်နေရာထဲမှာ အကြာကြီးရပ်နေကြသူတွေ မဟုတ်ဘူး။ လက်ရှိအနေအထားကနေ ခွဲထွက်ဖို့ အမြဲတမ်းစူးစမ်းနေရမှ တီထွင်ဆန်းသစ်နေရမှ နေသာထိုင်သာရှိတဲ့ လူစားတွေလို့ ထင်ပါတယ်´ဆိုတဲ့ စကားနဲ့တော့ ဦးတည်ချက်ချင်း ရည်ရွယ်ချက်ချင်း တူညီလျှက်ရှိပါတယ်။

               ကဗျာဆရာ ကွန်စစ်ကောင်းကတော့ ဒီလိုဆိုပါတယ်။
ကဗျာဆရာတွေနဲ့ ကဗျာတွေကို တွေ့ချင်ရင် အောက်ကိုငုံ့ကြည့်ပြီး ရှာဖွေရမှာ မဟုတ်ဘဲ အပေါ်ကိုမော့ကြည့်ပြီး ရှာဖွေရမှာ ဖြစ်ပါတယ်။ ကဗျာထဲကို ၀င်ကြည့်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ဖိနပ်ချွတ်ထားခဲ့ရမယ်။ ကဗျာဆိုတာ တောကြီးမျက်မည်းထဲမှာ ကိုယ်လိုရာခရီးကို အရောက်သွားနေတဲ့ ခရီးသည်တစ်ယောက်ရဲ့ ဆောင်ဓါးပါပဲ……။
ကဗျာဆရာ ကွန်စစ်ကောင်းက ကဗျာနဲ့ပတ်သက်လို့ အဲဒီလို ဆိုထားပါတယ်။
ဆောင်းပါးရေးသူဟာ ဂန၀င်ကဗျာမှသည် ဒီကနေ့ ခေတ်ပေါ်၊ ခေတ်ပြိုင်ကဗျာအထိ လက်လှမ်းမီသလောက် ဖတ်နေမှတ်နေဆဲပဲ ရှိပါသေးတယ်။ ဆရာမောင်သာနိုးရဲ့ ထင်းရှူးပင်ရိပ်ကနေ ဆရာဇေယျာလင်းရဲ့ ကဗျာဆိုတာ ပြုလုပ်ခြင်းအထိ ။ အဲဒီလိုဖတ်လာရာမှာ  ကဗျာဟာ သေချာပေါက် ပုံသေကားချပ် အနုပညာပစ္စည်းမဟုတ်တာ အတိအလင်းသိလာရပါတယ်။ တချို့ အာရုံကျတဲ့ ကဗျာတွေရှိသလို လိုက်မမီ(နားမလည်) တဲ့ ကဗျာတွေလည်း ရှိပါတယ်။
               ဆောင်းပါးရေးသူအနေနဲ့လည်း ဂန၀င်နည်းနည်း၊ ခေတ်ပေါ်ကဗျာနည်းနည်း ၊ ခေတ်ပြိုင်ကဗျာနည်းနည်း စသဖြင့် ကဗျာအမျိုးမျိုးကို ခံစားမှုသက်သက်နဲ့ ရေးဖွဲ့ဖူးသလို နည်းပညာသက်သက်နဲ့လည်း ရေးဖွဲ့ခဲ့ဖူးပါတယ်။
               အခုဆိုရင် ဒါဟာ ဘာကဗျာ၊ ဒါကတော့ ဘာကဗျာမဟုတ်ဘူး စသဖြင့် အမျိုးအစားပိုင်းခွဲခြားပြဖို့ ခက်ခဲတဲ့ ကဗျာတွေတောင် တွေ့လာရပါပြီ။ သတင်းအချက်အလက်တွေ စုစည်းထားတဲ့ကဗျာ ၊ အာရုံကျရာ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာကို အထက်အောက်ပြောင်းပြန်လှန်ထားတဲ့ ကဗျာ၊ ခေတ်သီချင်းစာသားတွေ တသီတတန်းကြီးချရေးထားတဲ့ အဆက်အစပ်မဲ့ ကဗျာ၊ နေ့တစ်နေ့ရဲ့ မနက်ခင်းကနေ နေ၀င်သည်အထိ ကြားရတဲ့ အသံတွေကို ဘာသာစကားအရှင်းအတိုင်း ချရေးထားတဲ့ကဗျာ စသဖြင့် ကဗျာအမျိုးအစားတွေဟာ ကဗျာပရိသတ်ဆီကို အရှိန်အဟုန်နဲ့ စီးဝင်လာနေပါပြီ။
               ကဗျာဟာ ခေတ်အတိုင်း သူ့လုပ်ငန်းစဉ်အတိုင်း စီးဆင်းလာနေပါပြီ။ အဲဒီအချိန်မှာ ကဗျာရေးသူ၊ ဖန်တီးသူဟာရပ်နေ ငေးနေလို့မရပါဘူး။ ကဗျာကိုမှ တကယ်ချစ်ရင်၊ တကယ်မြတ်နိုးတယ်ဆိုရင် ကဗျာရဲ့ရှေ့ မရောက်တောင်မှ ကဗျာရဲ့နောက်မှာ ကျန်မနေခဲ့ရအောင် အားထုတ်ရမှာဖြစ်ပါတယ်။
               ဒီတစ်ပါတ်တော့ ရင်ဘတ်ကိုမှန် ပြန်ကန်ထွက်လာတဲ့အရေးအသားဆိုတဲ့ ဆောင်းပါးကို ဝေးအိမ်ရဲ့ `ကဗျာ´ ဆိုတဲ့ ကဗျာလေးနဲ့ စဖွင့်ထားသလို ဝေးအိမ်ရဲ့တစ်ကိုယ်တော်စာအုပ်ကလေးထဲမှာ နောက်ဆုံးရေးခဲ့တယ်လို့ ယူဆရတဲ့ ကဗျာတစ်ပုဒ်နဲ့ပဲ ပိတ်ပေးသွားမှာဖြစ်ပါတယ်။
               ဆောင်းပါးရဲ့ အစမှာ ဖော်ပြထားတဲ့ `ကဗျာ´ဆိုတဲ့ ကဗျာလေးက ကမ်းကပ်နေတဲ့ အဓိပါယ်များ တစ်ကိုယ်တော်စုစည်းမှုရဲ့ နံပါတ်တစ်ကဗျာဖြစ်ပြီး အခုဖော်ပြမယ့် ကဗျာကတော့ နောက်ဆုံး( ၁၀၃) ပုဒ်မြောက် ကဗျာဖြစ်ပါတယ်။ ပြောချင်တာကတော့ ပထမဆုံးအရေးအသားနဲ့ နောက်ဆုံးအရေးအသားလို့ ယူဆရတဲ့ ကဗျာနှစ်ပုဒ်ကို ကဗျာချစ်သူ လေ့လာအကဲဖြတ်လို့ရအောင် ဖော်ပြပေးရခြင်းဖြစ်ပါတယ်။
               ဒီကနေ့ အဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ကဗျာရေစီးကြောင်းမှာ ဝေးအိမ်ရဲ့ ၂၀၁၁ ခုနှစ်က ကဗျာဟာလည်း ဘယ်အတိုင်းအတာထိ ရွေ့လျားစီးမျောပါလာခဲ့တယ်ဆိုတာ လေ့လာကြည့်ကြဖို့ပါပဲ။

    ` ကဗျာကဖေး ´

တစ်ဆိတ်လောက်
စိတ်ကိုလျှော့လိုက်ပါ
ဒါပင်လယ်ဓားပြတွေထိုင်တဲ့ အရက်ဆိုင်မဟုတ်ဘူး။
ရွက်သင်္ဘော(အပါအ၀င်)
လူသူအင်အား
လက်နက်ခဲယမ်း
ဝိုင်အရက် အမဲခြောက်
အရိုးခေါင်းတံဆိပ်အလံ
ရွှေငွေကျောက်သံပတ္တမြား
ပင်လယ်အမှတ်အသားပြမြေပုံ
အကြောင်းစုံဆွေးနွေးငြင်းခုံဖို့
ဒါပင်လယ်ဓားပြတွေထိုင်တဲ့ အရက်ဆိုင်မဟုတ်ဘူး။
ဓားချင်းယှဉ်ခုတ်ဖို့ဖြစ်ဖြစ်
သေနတ်ချင်းယှဉ်ပစ်ဖို့ဖြစ်ဖြစ်
အလစ်အငိုက်ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ဖြစ်ဖြစ်
သွေးဆာစိတ်နဲ့ ရည်ရွယ်ရလောက်အောင်
ဒါပင်လယ်ဓားပြတွေထိုင်တဲ့ အရက်ဆိုင်မဟုတ်ဘူး။
သိက္ခာမရှိမှုနဲ့ သိက္ခာမသိမှုကြား
အလိုရမ္မက်မှန်ပြောင်းကို ကြိမ်ဖန်များစွာ ပွတ်တိုက်
သံလိုက်အိမ်မြှောင်နောက် တကောက်ကောက် အမဲလိုက်ဖို့
ကြိုတင်ကြံစည်ဇာတ်တိုက်ရာ
ဒါပင်လယ်ဓားပြတွေထိုင်တဲ့ အရက်ဆိုင်မဟုတ်ဘူး။
တစ်ဆိတ်လောက် ကျေးဇူးပြုပြီး
ခင်ဗျားစိတ်ကို လျှော့လိုက်ပါ
ဒါဟာ…..
ပုဂ္ဂိုလ်ရေး မကျေနပ်မှုတို့ အမြောက်ဆန်လို ဖောက်ခွဲရာ
ပင်လယ်ဓားပြတွေထိုင်တဲ့ အရက်ဆိုင်မဟုတ်ဘူး
ဒါဟာ……
ယုံကြည်မှုကို ပိုမိုခိုင်မာစေသည့် ခံတပ်
အသစ်ကို ရှာဖွေဆန်းစစ်တည်ဆောက်ရာဒေသ
လွတ်လပ်စွာကွဲလွဲခွင့် စကားလုံးတို့ စိမ်းလန်းရာနယ်နိမိတ်
အနုပညာဝတ်မှုန်  သင်းပျံ့ထုံကူးရာရပ်ဝန်း
ရိုးသားပွင့်လင်းခြင်းဖြင့် ခမ်းနားနေသော ကဗျာမြေ….။





                                                          ဝေးအိမ်


အညွှန်း ။  ။ ဝေးအိမ်..ကမ်းကမ်နေတဲ့ အဓိပယ်များ


               ကွန်စစ်ကောင်း…ရွှေကြုတ်ထဲ ထည့်ထားတဲ့ ကိစ္စ





                                                                                                                                                                ကဗျာချစ်သူ လူငယ်တစ်ဦး
ာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ ၂၀၁၃ ၊ ဇန်န၀ါရီ

1 comment:

မိုးနတ်ကြယ်စင် said...

အကိုလူခါးရေ..ကျေးဇူးအများကြီးတင်ပါတယ်ရှင်..
မိုးနတ်မသိတာတွေကိုလဲ သိရတယ်....ဆရာဝေးအိမ်ရဲ့လက်ရာကောင်းလေး
တွေကိုလဲ ခံစားဖတ်ရှု့ရလို့ ကြည်နူးဝမ်းသာစိတ်နဲ့ အားကျမိရပါတယ်နော်
ဒီဆောင်းပါးလေး သိပ်ကောင်းတာပဲအကိုရေ....အသိပညာဗဟုသုတ
ရစရာနဲ့ ရင်တွင်းဖန်တီးမှုမျှတတယ်လို့ ထင်မိတယ်...ဆောင်းပါးလေးက
ဖတ်ရတာ အပိုအလိုမရှိ ကွက်တိပါပဲ....လေးစားမိပါတယ် အကိုတော်..
ခင်မင်လေးစားအားကျလျက်
မိုးနတ်....