Thursday 2 October 2014

တန်ဖိုး


                                                               (၁)

               “လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ့မှာ ပိုက်ဆံဘယ်လောက်ရှိသလဲဆိုတဲ့ အချက် အပေါ်မှာ မူတည်တာ မဟုတ်ဘူး။ သူက လူဘယ်နှစ်ယောက်ကို ထမင်းကျွေးထားနိုင်သလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်တာ”

                                                               (၂)

               ကျွန်တော့်မှာ စာအလွန်ဖတ်၍ အမှတ်သညာအားကောင်းသော မိတ်ဆွေတစ်ယောက် ရှိခဲ့ဖူးပါသည်။ သူက စာဖတ်ခြင်းကိုသာ နှစ်ခြိုက်၍ စာရေးခြင်းကိုကား လုံးဝမလုပ်ဘဲနေသည်ဟု ပြောမဖြစ်ရုံလောက်သာ ရေးသူဖြစ်၏။ သူ့ထံ၌ရှိသော စာအုပ်များစွာတို့ကို အလွတ်နီးပါး အာဂုံ ဆောင်နိုင်အောင် ဖတ်မှတ်တတ်သူတစ်ဦးလည်း ဖြစ်သည်။ သူမလွဲမသွေ ပြုမူတတ်ဆုံးသော အရာမှာ သူကြိုက်နှစ်သက်မိသော စာတိုပေစ ဒသန ကလေးများကို စာအုပ်တစ်အုပ်ဖြင့် ကူးယူ၍ ကျက်မှတ်နေတတ်ခြင်းပင် ဖြစ်သည်။
             အထက်ပါ စကားလေးအား သူ့ထံမှ ကြားခဲ့ရသည့်နေ့က သူ့အိမ်ရှေ့ရှိ ၀ါးရုံပင်ရိပ်တို့ အောက်တွင် သူနှင့်ကျွန်တော် အတူထိုင်ဖြစ်ကြသည့်နေ့လည်း ဖြစ်ပါသည်။ ထိုနေ့က သူနှင့် စကားပြောရခြင်းသည် ခါတိုင်းနေ့များဆီကထက် ပို၍ သာမောဖွယ်ကောင်းနေခဲ့သည်တော့ အမှန်ပဲ ဖြစ်ပါ၏။ ကျွန်တော်တို့နှင့် မလှမ်းမကမ်းတွင် လက်မလည်အောင် ရောင်းနေရသော သူ့ အိမ်သူသက်ထား၏ ထမင်းဆိုင်ကလေးအား ကြည့်နေသော သူ၏ မျက်လုံးများထဲတွင် အချိန်အခါ မဟုတ် ကြယ်တာရာတို့ လင်းလက်နေသည်ဟု ထင်ခဲ့မိသည်။

            “ပြီးပြည့်စုံခြင်း အလျဉ်းမရှိတဲ့ လူတွေက သူတစ်ပါးကို အပြစ်ပြောတတ်တယ်။ နည်းနည်း ပြည့်ဝတဲ့ လူတွေကတော့ ကိုယ့်ကိုယ်ကို အပြစ်ပြောတတ်တယ်တဲ့။ အဲ..လုံးဝ ပြည့်ဝသွားတဲ့ လူတွေကတော့ ဘယ်သူ့ကိုမှ အပြစ်မပြောကြတော့ဘူးတဲ့ကွ”

               ကျွန်တော်တို့ အညာမြို့ကလေးမှ စာပေပညာရှင်ကြီးတစ်ယောက်အား ပူဇော်ဂုဏ်ပြု ရေးသားသည့် ကဗျာ၊ ဆောင်းပါး ပေါင်းချုပ် စာအုပ်ကလေးနှင့်ပတ်သက်၍ သူ၏မကျေနပ်ချက် များကို ဖွင့်ဟပြီးသည့်နောက်၌ ထိုစကားကို သူပြောခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်ကတော့ ထိုမိတ်ဆွေ၏နောက်မှ စာရေးစာဖတ်လုပ်လာခဲ့သူပီပီ မည်သည့်စကားမျှ မှတ်ချက်ဝင်မပေးခဲ့မိ ပါပေ။
              သို့သော် ထိုနေ့က သူ့အိမ်၌ ထမင်းစားရန် အတင်းစီစဉ်ခဲ့ခြင်းကိစ္စကိုတော့ ကျွန်တော်များစွာ အငြင်းရခက်စွာဖြင့် လက်ခံခဲ့ရပါသည်။ သူ၏ အမှတ်မထင် တည်ခင်းခဲ့သော ထိုထမင်းနပ်ကလေးသည် သူ့အိမ်သူ၏ ဆိုင်ကလေးမှ ဖွယ်ဖွယ်ရာရာ ဟင်းလျာတို့နှင့်ပဲ ဖြစ်ပါသည်။ ထမင်းမြိန်၍ အမြဲတစေ အမှတ်တရဖြစ် ရှိနေရမည့် ထမင်းနပ်ကလေး တစ်နပ်လည်း ဖြစ်ခဲ့သည်။
              ထိုနေ့၏ နောက်ပိုင်းများ၌ သူနှင့်ကျွန်တော် မဆုံဖြစ်တော့။ ဆုံလျှင်လည်း ကျွန်တော် ထမင်းစား ဖြစ်တော့မည် မဟုတ်တော့။ ထမင်းတစ်နပ်အတွက် တစ်ခုခုပေးစေချင်သော စေတနာရှိသူတို့၏ ထမင်း အား ပြန်ပေးနိုင်သည်ထားဦး ကျွန်တော် မစားချင်တော့။

                                                       (၃)


          အပေါ်ယံ ရွှေမှုန်ကြဲထားပုံက
          ရင်ခုန်စရာ
          ရေကြည်ရာ မြက်နုရာများ
          တောမှောက်သော နက်ရှိုင်းခြင်းများ
          ခိုများ၊ ကျီးကန်းများ၊ ထပ်ခိုးများ
          လူဖြစ်ရကျိုး နပ်စေဖို့ ဆွဲငင်တယ်
          လူဖြစ်ရကျိုး နပ်ချင်လို့ တွန်းကန်တယ်
          လေချွန်သံလား
          မြွေတွန်သံလား


               ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးခဲ့သည့် ရန်ကုန်သား ကဗျာဆရာ လင်းလက်တာရာကတော့ ရန်ကုန် ကို သို့ကလို ထည့်သွင်းဖွဲ့နွဲ့ အာသာဖြေခဲ့ဖူးပါသည်။ ကျွန်တော်ကရော။ ကျွန်တော်ကတော့ ဘ၀ကို တော်တော်ဝေးဝေး ဖြတ်သန်းပြီးခဲ့သည်အထိ ရန်ကုန်နှင့်ပတ်သက်၍ ဖွဲ့နွဲ့စရာ မရှိသလောက်နီးနီး ခံစားမှုမဲ့ဖြင့် နေခဲ့ဖူးပါသည်။ ရန်ကုန်နှင့် ကျွန်တော်သည် မိတ်ဆွေသူငယ်ချင်း မဟုတ်ခဲ့သလို စီးပွားဖက် လည်း မဟုတ်ခဲ့ကြ။
             ကျွန်တော်က ရန်ကုန်သည် ကျွန်တော့်ကဲ့သို့ အညတရ အညာသားတစ်ယောက်အား ချောင်းမြောင်းလုပ်ကြံရန် အခါမရွေး စောင့်ဆိုင်းနေသူတစ်ယောက်ဖြစ်သည်ဟု သတိကြီးစွာဖြင့် ထိတွေ့ သွားလာ ဆက်ဆံနေခဲ့မိသူမျှသာ ဖြစ်ပါသည်။
            ဤနည်းနှင်နှင်လေးသာ ပတ်သက်စပ်လျှက်နေရင်းကပင် ရန်ကုန်ကို ဇာတ်ကောင်ထားပြီး ဖွဲ့နွဲ့စရာ စာတစ်ပုဒ် ကျွန်တော့်ရင်၌ ပေါက်ဖွားလာခဲ့သေးသည်။
ပြည်ပနိုင်ငံတစ်ခုသို့ အထွေထွေလုပ်သားတစ်ယောက်အနေဖြင့် သွားခွင့်ရရန် ကြိုးပမ်းနေစဉ် ကာလများကပဲဖြစ်၏။ ပြည်ပရောက်လျှင် စားသုံးနိုင်ရန် ကျွန်တော့်မိဘများ စီမံချက်ပြုတ်ပေးလိုက်သော အကြော်အလှော်ခြင်းကလေးသည် သတိလက်လွတ် အချိန်ခဏလေးအတွင်းမှာပင် အငှားကားတစ်စီး ပေါ်၌ ပါသွားခဲ့ခြင်းကို ဖွဲ့ထားသည့် အဖွဲ့ကလေးဖြစ်ပါသည်။
            ရန်ကုန်ကို ကျွန်တော်သိထားသည်က ၀င်လာသမျှ မိတ်သင်္ဂဟအပေါင်းအား သူ့ခြေဖ၀ါးအောက် ဆွဲသွင်းတတ်သည့်သတ္တ၀ါ။ ထိုကဲ့သို့ သိခြင်းအတိုင်းလည်း ကျွန်တော်က ရန်ကုန်ကို ကြောက်လန့်နေ ခဲ့မိသူ။
              ပြည်ပသို့ အလုပ်သွားလုပ်မည့် လူငယ်လေးတစ်ယောက်၊ မဖြစ်စလောက် အမေ့မှားကလေးတစ်ခု။ သို့သော် ဆုံးရှုံးရမည်က ရွက်လွှင့်ခြင်းအတွက် အထောက်အကူဖြစ်စေမည့် စားနပ်ရိက္ခာ။ ငွေစကြေးစ ချို့တဲ့သော ကျွန်တော့်အခြေအနေဖြင့် မိဘများ ချက်ပြုတ်ကြော်လှော်ပေးလိုက်သော အကြော်အလှော်များ ကိုသာ လုံးလုံးအားထားမှီခိုရာ ဖြစ်နေခဲ့ရသည့်အချိန်ကာလ ဖြစ်ခဲ့ခြင်းကြောင့်လည်း ထိုခြင်းကလေးအပေါ် ပို၍ မက်မောတွယ်တာစိတ် ဖြစ်မိခဲ့ရသည့်အချိန်။
ကျွန်တော်ကံကောင်းခဲ့ပါသည်။ ပျောက်ဆုံးသွားခဲ့သော ထိုခြင်းကလေးအား လက်ရာ အနည်း အကျဉ်း ယွင်းနေသည်မှအပ ပြန်လည်ရရှိခဲ့ပါသည်။ ထိုအကြောင်းကလေးအား ကြားထဲမှ ၀န်ဆောင်မှုပေး သော အေဂျင်စီ၏ ရုံးခန်းထဲတွင် ညအိပ်ရင်း ၀တ္ထုတိုတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ပြီး ကလောင်သစ်များကို ဦးစား ပေးသော မဂ္ဂဇင်းတစ်စောင်သို့ သွားရောက်ပေးပို့ဖြစ်ခဲ့သည်။
              ကျွန်တော် ပြည်ပရောက်ပြီး တစ်နှစ်နှင့်ခြောက်လခန့်အကြာတွင် ထိုဝတ္ထုတိုလေး အပယ်ခံရ ကြောင်းကို စာမျက်နှာများမှတဆင့် သိခွင့်ရခဲ့သည်။ ထိုအချိန်က ကျွန်တော်လည်း လက်လှမ်းမှီသမျှ ၀တ္ထုတိုများကို အတော်အသင့် ဖတ်ပြီးနေပြီဖြစ်သည့်အတွက် မသပ်မရပ်ဖြစ်ခဲ့ရသော ထိုဝတ္ထုတိုလေး အပေါ် ကလေးဘ၀က စာရွက်လွတ်ပေါ်၌ စိတ်လိုလက်ရ လျှောက်ခြစ်ခဲ့ဖူးသော အရုပ်ကလေးတစ်ရုပ်အား ပြန်တွေ့လိုက်ရသကဲ့သို့ ပြုံးဖြစ်ခဲ့ပါသည်။
              ထိုဝတ္ထုတိုလေးကို အသာပဲသိမ်းထားပြီး တစ်နေ့ကျရင် ပြင်ဆင်ရေးသားမည်ဟု ရင်ထဲ၌ တေးမှတ် ထားဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုစာမူလေးအား ရင်ထဲ၌ အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ရေးသားနေမိခဲ့ သည်မှအပ ရန်ကုန်နှင့်ပတ်သက်၍ ကျွန်တော့်ကလောင်များတွင် အမှတ်တရဖြစ်ရချက်များ ရောက်မလာ တော့သည်အထိ ကျွန်တော်နှင့် ရန်ကုန်သည် စိမ်းသွားခဲ့ရတော့သည်။
                သို့သော် ကျွန်တော့်အနေဖြင့် ရန်ကုန်က ခင်ဗျားတို့ထင်သလိုမဟုတ်ရပါဘူးဗျာဟု ပြောခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းကတော့ အမှန်ပဲဖြစ်၏။

                                                    (၄)

             ပြီးခဲ့သည့် ၂၀၁၃ နှစ်ဦးပိုင်းလများကတော့ ရန်ကုန်၏ အားကောင်းမောင်းသန်နိုင်လှသော လက်ဖ၀ါး အေးစက်စက်ကြီးများကို ကျွန်တော်ကိုယ်တိုင် ဆွဲယူနုတ်ပစ်လိုက်ဖူးပါသည်။

            ငါ ပြန်လာပြီ ရန်ကုန်။

            ကျွန်တော် ရန်ကုန်ကို ထိုကဲ့သို့ ခပ်တင်းတင်း မိတ်ဖွဲ့စကား ဆိုခဲ့ပါသည်။ ပြည်ပသို့ရောက်နေ သည့် နှစ်ကာလများအတွင်း ရန်ကုန်ကဲ့သို့ သူစိမ်းဆန်သော လူပုဂ္ဂိုလ်များကို ထိတွေ့ပတ်သက်ခဲ့ရသဖြင့် ရန်ကုန်ကို ကျွန်တော်မကြောက်တော့။ ရန်ကုန်က မေးလာမည့် မေးခွန်းအသစ်အဆန်းများကို အားရပါးရ တွက်ပစ်ချင်ခဲ့မိသည်။
ရန်ကုန်၏ မည်သည့်အစိတ်အပိုင်းကို စတင်ထိတွေ့ကြည့်မလဲဟူသော မေးခွန်း၏နောက်တွင် ကျွန်တော့်စာမူတစ်ပုဒ်အား မကြာသေးမီက ဖော်ပြထားသော မဂ္ဂဇင်းတိုက်တစ်ခုဆီသို့ ရောက်ရှိသွားပါ တော့သည်။
            ပထမဆုံး ကျွန်တော်ဘယ်သူပါဟု ပြောပါရပါသည်။ ဒုတိယ ကျွန်တော့်စာမူကလေးအကြောင်း ပြောခဲ့မိပါသည်။ ရိုးသားစွာဝန်ခံရလျှင် ထိုအချိန်ထိ စာမူတစ်ပုဒ်၏ တန်ဖိုးသည် မည်ရွေ့မည်မျှဖြစ်သည်ကို ကျွန်တော်မသိသေးပါ။ ကျွန်တော့်၌ ကပ်ငြိနေသည့်ချင်ခြင်းကား ကျွန်တော့်စာမူပါသော စာအုပ်ကလေး အား ရင်ထဲ၌ အားရပါးရ ကျူးရင့်ဝမ်းမြောက်ချင်မိခြင်းပင် ဖြစ်ပါသည်။
          သို့သော် ကျွန်တော်ဘယ်သူပါဟု ဒုတိယအကြိမ် ထပ်ပြောပြီးချိန်အထိ တာဝန်ခံဖြစ်သူမှာ ကြားဖူး နားဝမရှိသည့် ဘာသာစကားတစ်ခုအား အဓိပ္ပါယ်ဖွင့်ကြည့်နေသကဲ့သို့ ကျွန်တော့်အား ပြူးလျက်သာ ကြည့်နေပါသည်။ ထိုအထိ ကျွန်တော် အားမလျော့မိသေး၊ ကျွန်တော့်စာမူအမည်နှင့် စာမူပါရှိသည့် မကြာခဲ့ သေးသည့်လကိုလည်း ပြောလိုက်မိသေးသည်။
          “သြော်…သိပြီ…သိပြီ” ဟူသော စကားနှင့်အတူ ကျွန်တော့်ရှေ့မှထွက်သွားပြီး ငါးမိနစ်ခန့်ကြာမှ ပြန်ရောက်လာပါသည်။ စာအုပ်ကြားထဲတွင် ထောင်တန်အနွမ်းကလေး လေးရွက်ကို ခါးတစ်ပိုင်းဖော်ကာ ညှပ်လာခဲ့သည်ကို ကျွန်တော့်လက်ထဲမရောက်မီကပင် လှမ်းမြင်လိုက်ရသည်။
ကျွန်တော်က ထိုထောင်တန်များအား ဂရုမစိုက်အား စာအုပ်ကိုကောက်လှန်ပြီး ၀တ္ထုတိုဟူသော အောက်မှ ကျွန်တော့်အမည်ကို ကမန်းကတန်း ရှာကြည့်လိုက်မိသည်။ မတွေ့၊ ထပ်ရှာသည်၊ မတွေ့။

           “စာအုပ်က ကုန်သွားလို့ အဲဒီစာအုပ် အစားယူသွားပါ”

           စာပေနှင့်ပတ်သက်၍ ကျွန်တော် ခံစားပြုလုပ် ရေးသားနေမိသည်များမှာ ရင်၌ သိုဝှက်မထားနိုင် လွန်းသဖြင့် ရေးနေမိခြင်းသာ ဖြစ်ပါသည်။ သီးခြားအကျိုးခံစားခွင့် ဘာညာ စသည်တို့ကိုကား တိတိကျကျ မျှော်လင့်ထားတာမျိုး မရှိခဲ့ရိုး အမှန်ပင် ဖြစ်ပါသည်။
           သို့သော် မိမိစာမူပါသောစာအုပ်၊ မိမိနှလုံးဖြင့် ရင်းရသော စာမူကလေးအတွက် အသိအမှတ်ပြု သည့် နေရာလေးတစ်ခုကိုတော့ မည်သည့် စာရေးသူမဆို အလိုရှိကြကုန်သည်ဟု ကျွန်တော် ပြောရဲ ပါသည်။ နောက်ဆုံး စာမူခဆိုသည့် ငွေကြေးကြီးကို ထားဦး၊ စာအုပ်ကလေးအား သိမ်းထားခွင့်၊ ပြန်လည် ဖတ်ရှု ပီတိဖြစ်ခွင့်ရသည်နှင့်ပဲ ကျေနပ် နှစ်သိမ့်နေချင်သည်မှာ ကျွန်တော်၏ ဆန္ဒတရားပဲ ဖြစ်ပါသည်။
            ထိုနေ့က ရန်ကုန်သည် ကျွန်တော့်အား ပဉ္စလက်ဆန်စွာ ဂိုးသွင်းသွားခဲ့ပါသည်။

                                                          (၅)

                တလောက ညီအရင်းကဲ့သို့ ခင်မင်ရသော လူငယ်လေးတစ်ယောက် ကျွန်တော့်ထံသို့ လမ်းကြုံ သဘောမျိုးဖြင့် ရောက်လာပါသည်။ “အလုပ်သာ လုပ်နေရတာ အစ်ကိုရယ်၊ လုပ်အားခကျတော့ နေ့တိုင်း ရှင်းမပေးဘူး၊ ရှင်းမပေးလို့ လကုန်ရက် သွားတောင်းတော့လည်း အထက်က ကျမလာသေးလို့ ရှင်းမပေး နိုင်သေးဘူးလို့ပြောတယ်” ဟု အစချီကာ သူ၏လက်တွေ့ဘ၀များကို ညည်းချင်းတစ်ခုကဲ့သို့ ဖွင့်ဟ ပြောဆို လာပါသည်။
              ထိုညီငယ်လေးပြောပြသော အလုပ်ကို ကျွန်တော်သိပါသည်။ သိစကတည်းက ထိုအလုပ်ကို နှစ်သက်ခြင်း အလျဉ်းမရှိပါ။ အလုပ်ကို မနှစ်သက်ရခြင်းထက် အလုပ်၏နောက်မှာ ကပ်ပြီးပါလာတတ်သော ဆက်တွဲကိစ္စများကို မနှစ်သက်ရခြင်းဖြစ်ပါသည်။
               ထိုညီငယ်လေးတို့ အလုပ်လုပ်ကြသည်မှာ အလွန်တရာကြီးမားကျယ်ပြန့်သော စိုက်ပျိုးရေးခြံကြီး တစ်ခြံတွင်ဖြစ်ပါသည်။ ထိုခြံကြီးထဲတွင် သစ်မွှေး၊ နဂါးမောက် စသဖြင့် သာမန်တောင်သူများ မစိုက်ပျိုးနိုင် သော အဖိုးတန် မျိုးကောင်းမျိုးသန့်များကို နှစ်ရှည်စီမံကိန်းအဖြစ် စိုက်ပျိုးထားပါသည်။
              အဆိုပါခြံကြီး၏ ပိုင်ရှင်မှာ ဒီကနေ့ အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော အရေးပါ အရာရောက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးပဲဖြစ်ပါသည်။ လုပ်သားများအနေဖြင့် လူနေအိမ်ခြေများနှင့် အလှမ်း ကွာလှသော ထိုခြံကြီးထဲသို့ သတ်မှတ်ချိန် ဒင်ခနဲ အတိရောက်မှ အလုပ်ဝင်ခွင့်ရပါသည်။ ငါးမိနစ် တန်သည်၊ ဆယ်မိနစ်တန်သည် နောက်ကျပါက စည်းကမ်းဟူသော စည်းမျဉ်းကြီးဖြင့် ဆီးကြိုရိုက်နှက်ကာ အလုပ်ဆင်းခွင့်ကို ပိတ်ပင်ပစ်တတ်ပါသည်။
အလုပ်ခွင်တွင်ကား စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုပီပီ အဆင့်များခွဲကာ နောက်ဆုံးအဆင့်အနေဖြင့် ပေါင်းပေါက်၊ ရေလောင်း၊ သစ်သီးဆွတ်သည့်အဆင့်ထိ လုပ်ဆောင်ကြရသည်။ ကျွန်တော်နှင့် ခင်မင်ရသော ညီငယ်လေးမှာ နေ့စားထောင့်ငါးရာကျပ်မျှဖြင့် လုပ်ကိုင်နေရရှာသော အောက် ဆုံးအဆင့် အလုပ်သမားကလေးမျှသာဖြစ်သည်။
             သူသည် စည်းကမ်းများ၏ ဒဏ်တပ်မှုဖြင့် အလုပ်မဆင်းရခြင်း၊ အခမဲ့ အချိန်ပိုလုပ်ပေးရခြင်းများကို  ဖက်တွယ်ကာ မိသားစုကို ဖေးမနေရရှာသူကလေး ဖြစ်သည်။
သို့သော် ထိုညီငယ်နှင့်ဘ၀တူ အလုပ်သမား ကြုံတွေ့နေရသည့် ကြီးမားသောကိစ္စမှာ အထက်က ငွေမကျသေးလို့ ဟူသော အကြောင်းပြချက်ဖြင့်  လုပ်အားခရှင်းပေးရန် နောက်ဆွယ်ထားတတ်ခြင်းပင် ဖြစ်သည်။ တစ်လ၊ ရက်နှစ်ဆယ် နောက်ကျပြီးမှသာ လုပ်အားခကို ရှင်းပေးတတ်ပါသည်။
             သာမန် လက်လုပ်လက်စားများသာဖြစ်သော သူတို့တစ်တွေမှာ ထိုခြံကြီးတွင်မှ အလုပ်မလုပ်လျှင် လုပ်စရာအလုပ်မရှိသလောက်နီးနီး ရှားပါးသော ဘ၀တွေပဲဖြစ်ပါသည်။ အလုပ်ရှားပါးသဖြင့် ရှိသည့်အလုပ် ကလေး ဖက်တွယ်ထားမိပြန်တော့လည်း နေ့တဓူဝ ထမင်းနပ်များမှာ မျှော်တော်ဇောနှင့် မောရသော ထမင်း နပ်များ ဖြစ်လို့နေပြန်ပါသည်။
            ကျွန်တော်ကတော့ ထိုညီငယ်လေး ပြန်သွားပြီးသည့်နောက်၌ လူတစ်ယောက်၏ တန်ဖိုးကို လူဘယ်နှစ်ယောက်ကို ထမင်းကျွေးထားနိုင်သလဲ ဆိုတဲ့အချက်ပေါ်မှာ မူတည်တယ်ဟု သတ်မှတ်ပြောဆိုခဲ့ သော မိတ်ဆွေ စာရေးဆရာကို သတိရလိုက်မိပါသေးသည်။ ထမင်းနပ်တိုင်းသည် စေတနာသဒ္ဒါတရား တစ်ခုတည်းဖြင့် ကျွေးမွေးခဲ့ကြသော ထမင်းနပ်များ ဟုတ်ပါရဲ့လား ဆင်ခြင်ကြည့်ဖို့ တော့ လိုပါလိမ့်မည် ။


                                                          (၆)

လူတွေ မြင်မြင် မမြင်မြင်
လူတွေ သိသိ မသိသိ
လူတွေ တွေ့တွေ့ မတွေ့တွေ့
ဆီးပင်အောက်က ဆီးသီးတစ်လုံး
ကောက်စားဖူးခဲ့တယ်။
လူတွေ မြင်မြင် မမြင်မြင်
လူတွေ သိသိ မသိသိ
လူတွေ တွေ့တွေ့ မတွေ့တွေ့
လမ်းလယ်ခေါင်က ဆီးသီးတစ်လုံး
ကောက် မစားခဲ့ဖူးဘူး။


               တောင်တွင်းကြီးမြို့ အရှေ့တောင်ဘက်ရှိ ငွေဖိုကျေးရွာကလေး၏ အတွေးသစ် စာကြည့်တိုက် တတိယအကြိမ် နှစ်ပတ်လည် အခမ်းအနားမှာပဲဖြစ်၏။ အထက်ပါ ကဗျာလေးမှာ ထိုပွဲကလေးသို့ လာရောက်ဟောပြောသော ဆရာ၊ ဆရာမများအနက်မှ ဆရာခိုင်မင်း ရွတ်ဆိုသွားခဲ့သော “တန်ဖိုး” ဆိုသည့် ကဗျာလေးဖြစ်ပါသည်။ ထိုစဉ်က ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ကို စာအုပ်ကလေးဖြင့် လိုက်လံ မှတ်သားထားရမှန်း မသိသေးသော ကျွန်တော်က ထိုကဗျာကလေးကိုတော့ ရင်ထဲ အသည်းထဲ၌ အမှတ် တရ သိမ်းထားမိခဲ့ခြင်း ဖြစ်ပါသည်။
                    ကဗျာကလေးက ရှင်းရှင်းကလေးပဲ ဖြစ်ပါသည်။ဆီးသီးလေးတစ်လုံး ကောက်စားခဲ့ခြင်းအား ပတ်ဝန်းကျင်မှ လူတို့၏ နားများ၊ မျက်လုံးများဖြင့် အလှဆင်ကာ ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ အများ သူငါနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြုလုပ်ပြင်ဆင်တော့မည့်အခါတိုင်း ထိုကဗျာလေးကို သတိတရ ရွတ်ဆိုနေတတ်ပါသည်။
ကျွန်တော်ကတော့ လူပုဂ္ဂိုလ်တစ်ယောက်မှဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ၊ သူတို့သတ်မှတ် ဖော်ညွှန်းထားသော စံချိန်စံညွှန်းများဖြင့် တိုင်းတာတွက်ချက်ခြင်းအားဖြင့် လူတစ်ယောက်၏ တန်ဖိုးအမှန် ကို ရစေဖို့ဆိုသည်မှာ နည်းနည်းတော့ ကျဉ်းမြောင်းရာကျသည်ဟု ထင်ပါသည်။
လူတစ်ယောက်၏တန်ဖိုးကို သိဖို့ အနည်းဆုံး ခေတ်တစ်ခေတ်လောက် စောင့်ကြည့်စေချင် ပါသည်။

                  ခေတ်သည် မလိမ်ညာတတ်သောသူပင် မဟုတ်လော။


                                                                                                                                                                            လူခါး
                                                                                                                                                faces ၊2014 ။ သြဂုတ်

No comments: