Wednesday 29 July 2020

ဂျပန်ရောက် မြန်မာအလုပ်သမားတစ်ယောက်၏ COVID ကာလ အတွေ့အကြုံများ

အပိုင်း(၄)

လှေနံနှစ်ဖက် နင်းမိခြင်း

စိုင်းတမ ဆိုတာက ကျနော် နေတဲ့ ဂူးမားနဲ့တစ်နာရီခွဲလောက် ကားမောင်းရတဲ့နေရာပါ။ ရထားနဲ့ သွားရင်တော့ တိုကျိုမရောက်ခင် လမ်းတစ်ဝက်မှာ ရှိပါတယ်။ အတော်အသင့် ကြီးတဲ့ မြို့ဆန်တဲ့ နေရာပါပဲ။ မြန်မာဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ရှိတယ်။ မြန်မာစားသောက်ဆိုင် အကြီးကြီး တစ်ဆိုင် ရှိပါတယ်။ အဲဒီဆိုင်မှာ မြန်မာစာအုပ်ကလွဲလို့ မြန်မာပြည်ထွက် ပစ္စည်းတော်တော်များများ ရှိပါတယ်။



အဲဒီကို တခြားသူတွေ မောင်းတဲ့ကားပေါ်မှာ ထိုင်ပြီး လိုက်ဖူးပေမယ့် ကျနော်ကိုယ်တိုင် တစ်ခါမှ ကားမောင်းပြီး မသွားဖူးပါဘူး။ အလုပ် လုပ်ရမယ့် စက်ရုံက ဘူတာနဲ့ဝေးတယ်လို့ သိရတာရယ်၊ ကိုဗစ်ကာလ ဖြစ်တာရယ်ကြောင့် ရထားစီးပြီး သွားဖို့ကလည်း လုံးဝ မဖြစ်နိုင်ပါဘူး။ ကားနဲ့သွားမယ်ဆိုရင် အပေါ်လမ်းနဲ့အောက်လမ်းဆိုပြီး နှစ်လမ်းရှိပါတယ်။ အပေါ်လမ်းဆိုတာက highway (အမြန်လမ်းမကြီး)ဖြစ်ပြီး
အောက်လမ်းဆိုတာကတော့ မြို့ကြိုမြို့ကြားကနေ ဖြတ်မောင်းသွားရတဲ့လမ်းပါ။



အပေါ်လမ်းက ဂိတ်ကြေးတွေဆောင်ရမယ်။ လမ်းပေါ်တက်တာနဲ့ ကီလို ၈၀ အောက် လျှော့မောင်းလို့လည်း မရပါဘူး။ မြန်ရမယ်၊ စည်းကမ်းတကျ ရှိရမယ်။ အန္တရာယ် များတယ်။ မှားလို့ မရဘူးပေါ့။ လမ်းတစ်လျှောက် ကင်မရာတွေ ရှိတယ်။ စည်းကမ်းဖောက်ဖျက်ရင် ရဲကား လိုက်မယ်။ ဂျပန်ရဲကားဟာ အင်ဂျင်ပါဝါ လေးထောင်ကျော် ကားတွေနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကို မောင်းပြေးလို့မရအောင် လိုက်တတ်ပါတယ်။ မတော်တဆပဲမှားမှား နားမလည်လို့မှားမှား မှားတာနဲ့ တန်းလိုက်တော့တာပါပဲ။ ကျနော့်ကားကတော့ အင်ဂျင်ပါဝါ  ၆၆၀ ပဲ ရှိတဲ့ ဂျပန်မှာ အင်ဂျင်ပါဝါအနိမ့်ဆုံး ကားအမျိုးအစားလေးပါ။ အောက်လမ်းကတော့ ဂိတ်ကြေးတွေ မပေးရဘူး။ အန္တရာယ်ကင်းတယ်။ အချိန်ကြာမယ်။ ကီလို ၄၀ ကနေ ၆၀ အထိ မောင်းရင် ရပြီ။ အေးအေးသာသာ သွားလို့ရတယ်။ ကျနော် အောက်လမ်းကနေပဲ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။



ဆုံးဖြတ်ပြီးတာနဲ့ ဟတ်ကင်းဆီကို ကျနော်လာရမယ့် လိပ်စာကို လှမ်းတောင်းလိုက်တော့ ဟတ်ကင်းက မက်ဆေ့ချ်ကနေ ပို့ပေးတာနဲ့ အဲဒီလိပ်စာကို ကော်ပီကူးယူပြီး google map ထဲ ရိုက်ထည့်ကြည့်ရင်း အိမ်ကနေ
ထွက်ခဲ့လိုက်ပါတယ်။ ဟတ်ကင်းနဲ့ကျနော်နဲ့ချိန်းထားတဲ့ မနက် ၁၀ နာရီ မထိုးခင်မှာပဲ ကျနော် သူ ချိန်းထားတဲ့နေရာကို ရောက်သွားပါတယ်။ ဟတ်ကင်းဆီကို ကျနော် ရောက်နေ‌ကြောင်း ဖုန်းဆက်လိုက်တော့ သူကလည်း ရောက်နေပြီဆိုတာနဲ့ သူ့ကို ရှာရပါတယ်။


''အိုဟိုင်းယော ဂိုဇိုင်းမတ်။ ဒိုးမိုး...ဆဲအိခုချိဒက်''


ဂျပန်ရောက်နေတဲ့ ၅ နှစ်တာကာလအတွင်း တစ်ခါမှ မတွေ့ဖူးတဲ့ နူးညံ့တဲ့ လေသံ၊ သိမ့်မွေ့တဲ့ အပြုအမူတွေကို သူ့ဆီမှာ ပထမဆုံး တွေ့လိုက်ရပါတယ်။ မင်္ဂလာပါ၊ တွေ့ဆုံခွင့်ရလို့ကျေးဇူးတင်ပါတယ်၊ ဆဲအိခုချိလို့ ခေါ်ပါတယ်တဲ့။ အသက် ၆၀ လောက်ဖြစ်ပြီး မျက်နှာလေးဟာ ပြုံးနေတာပါပဲ။



ကျနော်လည်း မင်္ဂလာပါ၊ ဇော်..ပါ၊ ရင်းရင်းနီးနီး ဆက်ဆံပေးပါလို့ ပြောလိုက်တယ်။ သူက ကျနော့်ရဲ့ဗီဇာကတ်တွေ ၊ ကားလိုင်စင်၊ ပတ်စ်ပို့စာအုပ် စတဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ဆိုင်တစ်ဆိုင်မှာ ဝင်ပြီး ကော်ပီကူးပါတယ်။ ပြီးတာနဲ့ စက်ရုံသွားကြရအောင် ဆိုပြီး ကျနော်နဲ့ သူနဲ့ စက်ရုံကို ထွက်လာခဲ့ကြပါတယ်။



သူ့ကားလေးက ရှေ့ကသွား နောက်ကနေ ကျနော့်ကားလေး မောင်းလိုက်သွားရတာပါ။ စိုင်းတမဟာ လူသူရှင်းလင်းနေပါတယ်။ ကားတွေသာ တစ်စီးပြီး တစ်စီး တွေ့ရပေမယ့် လူချည်းသက်သက် မတွေ့ရသလောက်ပါပဲ။ ကိုဗစ်ရောဂါကြောင့် လူတွေ အပြင်ကို တတ်နိုင်သလောက် မထွက်ကြတာပါ။ ဂျပန်နိုင်ငံသူ နိုင်ငံသားတွေဟာ အစိုးရကနေ စည်းကမ်းတစ်ခုကို ထုတ်လိုက်ရင် လိုက်နာတဲ့လူက များပါတယ်။ မသွားနဲ့ဆို မသွားကြပါဘူး။ အပြင်မထွက်နဲ့ဆို မထွက်ကြပါဘူး။ ဒီနေရာဟာ သေချာပေါက် အန္တရာယ် ရှိတယ်လို့ ကြေညာထားရင် သေချာပေါက် လိုက်နာကြပါတယ်။ အဲဒီလိုလူတွေ များတဲ့နိုင်ငံမှာတောင် ကိုဗစ်ရောဂါဟာ တစ်စစ ပျံ့နှံ့လာတယ်ဆိုရင် အများစု မလိုက်နာကြတဲ့ ကျနော်တို့ဆီမှာ ဘယ်လောက်တောင် ကူးစက်နေပြီလဲလို့ တွေးမိပါသေးတယ်။



ကျနော်နဲ့ဆဲအိခုချိ ချိန်းထားတဲ့ နေရာကနေ စက်ရုံကို မိနစ် ၃၀ လောက် ကားမောင်းလိုက်ရပါတယ်။ စက်ရုံက အတော်ကြီးပါတယ်။ ဆဲအိခုချိ ပြောသလိုဆိုရင် ကျနော်နဲ့သိပ်မစိမ်းတဲ့ အလုပ်ဆိုတာရယ် ၊ အချိန်ပို နာရီ ၂၀ ကနေ နာရီ ၄၀ အထိရနိုင်တာရယ်၊ စက်ကိုင်ရမယ် ဆိုတာရယ်ပဲ ကြိုသိထားခဲ့ပါတယ်။



စက်ရုံကိုရောက်တော့ ပထမဆုံး စက်ရုံမှူးနှစ်ယောက်က ကျနော့်ကို အင်တာဗျူးပါတယ်။ ဂျပန်မှာ အလုပ်အသစ်တစ်ခုကို ဝင်တဲ့အခါ ကိုယ်မလုပ်ချင်လို့ ထွက်လာခဲ့တဲ့ အရင်အလုပ်ရဲ့ရာဇဝင်ကို သေသေချာချာ မေးလေ့ရှိပါတယ်။ အလုပ်ကထွက်လာတာလား။ အဖြုတ်ခံရတာလား။ ဘာလို့ထွက်လာတာလဲ။ အဆင်မပြေတာကဘာလဲ။ စသဖြင့် အများကြီးပါပဲ။



ကျနော်ဟာ ကျနော့်ကို နေရာပြောင်းလို့ ထွက်လာတယ်လို့မဖြေဘဲ အချိန်ပို နာရီနည်းလို့၊ ကိုဗစ်ရောဂါကြောင့် မကြာခင် စက်ရုံပိတ်နိုင်တာမို့ အလုပ်သစ်တစ်ခုကို ကြိုရှာထားတာဖြစ်ကြောင်း ဖြေလိုက်ပါတယ်။ မေးခွန်းတွေကတော့ မနည်းပါဘူး။ နေကောင်းလား။ ခုရက်ထဲ ဆေးရုံဆေးခန်း သွားဖူးလား။ ဘာရောဂါရှိလဲ။ ဆေးလိပ်သောက်လား။ အရက်၊ ဘီယာသောက်လား။ ကျနော်က ဆေးလိပ်မသောက်ပေမယ့် အရက်တော့ သောက်ကြောင်း ဖြေလိုက်ပါတယ်။



နောက်ဆုံးတော့ ကျနော့်ကို စက်ရုံထဲကို ခေါ်သွားပြီး စက်တွေကို လိုက်ပြပါတယ်။ စက်တွေက ကျနော် မလေးရှားမှာ လုပ်ခဲ့ဖူးတဲ့ စက်တွေနဲ့ သိပ်မကွာပါဘူး။ စက်ထဲကို အလူမီနီယံလေးတွေ ထည့်ပြီး မောင်းပေးရုံပါပဲ။ အသံလည်း မဆူပါဘူး။ တစ်ရက်လောက် သင်ပြရုံနဲ့ လုပ်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။



စက်ရုံထဲ တခြားနေရာတွေလည်း ကျနော့်ကို လိုက်ပြပါတယ်။ အဲဒီမှာမှ မြန်မာတစ်ယောက် ရှိနေတာကို ကျနော်သိတာပါ။ သူ့အနားကိုကပ်ပြီး အဆင်ပြေလားလို့ ‌မေးလိုက်တော့ ပြေပါတယ်၊ ဒါပေမယ့် ခုလကုန်ထွက်တော့မှာတဲ့။ ကျနော်လည်း ဘာဖြစ်လို့ထွက်မှာလဲဆိုတော့ တိုကျိုတက်မလို့တဲ့။
ဟာ..တိုကျိုမှာ ရောဂါတွေ ကူးတာမြန်နေတယ်နော်လို့ ကျနော် သတိပေးလိုက်ပါသေးတယ်။ သူက ဘာမှ ပြန်မပြောတာနဲ့ ကျနော်လည်း ဘာမှ ဆက်မပြောဖြစ်တော့ဘဲ အင်တာဗျူးခန်းထဲကို ပြန်လိုက်လာခဲ့တော့တယ်။



အလုပ်ချိန်က မနက် ၈နာရီကနေ ညနေ ၅ နာရီအထိပါ။ တစ်လကို အချိန်ပို နာရီ ၄၀ အထိ ပေးမယ်။ ကျနော့်စက်မှာ အလုပ်မရှိရင်တောင် တခြားစက်တွေမှာ သွားလုပ်လို့ရအောင် စီစဉ်ပေးမယ်။ အားလုံး အဆင်ပြေပါတယ်။ တစ်ခုပဲ။ မနက်ပိုင်း ၁၀ နာရီမှာ နားချိန် မရှိပါဘူးတဲ့။ ကျနော် ပြန်မေးလိုက်တယ်။ တစ်နိုင်ငံလုံး မနက် ၁၀ နာရီမှာ ၁၀ မိနစ်၊ နေ့လယ် ထမင်းစားချိန် ၄၅ မိနစ်ကနေ ၁ နာရီ၊  မွန်းလွဲ ၃ နာရီမှာ နားချိန် ၁၀ မိနစ် ။ ဒါက ဂျပန်ရဲ့စည်းကမ်းမဟုတ်ဘူးလား။ ဒီမှာ ဘာလို့မပေးတာလဲလို့။



ဒါဟာ သူတို့စက်ရုံရဲ့စည်းကမ်းပါတဲ့။ ရှောကားနိုင်း..တဲ့။ ဂျပန်တွေမှာ ရှောကားနိုင်းဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ကျနော် နားလည်သလောက် ပြန်ပြောပြရရင် အတော် ယတိပြတ်နိုင်တဲ့ စကားပါပဲ။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ၊ ဒါဟာ မင်းလုပ်ရမယ့် အလုပ်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပါ။ အမိန့်ဆန်တဲ့ စကားစုပါပဲ။ အထက်လူ(စန်ပိုင်)ကနေ မင်း ဒါလုပ်ရမယ်၊ လုပ်နိုင်လား စသဖြင့် ကိုယ့်အတွက် အဆင်မပြောတာမျိုး သူ့ဘက်က ခိုင်းတော့မယ် ဒါမှမဟုတ် ဒါကတော့ ငါ့အတွက် ခက်ခဲမယ်လို့ သူတို့ကိုပြောလိုက်မိရင် ပြန်ပြောလေ့ရှိတဲ့စကားပါ။ ဒါ မင်းတာဝန်၊ မင်း လုပ်ကို လုပ်ရမယ် ဆိုတဲ့ အထာပါ။



ပြောရရင်တော့ အလုပ်နဲ့ပတ်သက်လို့ အကုန် အဆင်ပြေသွားတာပေါ့လေ။ တစ်ခုပဲ ကျနော် အိမ်ပြောင်းရမယ်။ စက်ရုံကနေ ပြန်ပြီးတော့ ကျနော်နဲ့ဟတ်ကင်း(ဆဲအိခုချိ)နဲ့အိမ်ရှာကြတယ်။ အိမ်က ကျနော့်ရဲ့ဂူးမားက အိမ်လို အိပ်ခန်းတစ်ခန်း ၊ ဧည့်ခန်းတစ်ခန်း မဟုတ်ပါဘူး။ လူနေတာရော ပစ္စည်းထားတာရော၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အားလုံးပေါင်းမှ ပေ ၃၀ ပတ်လည် အခန်းတစ်ခန်းပဲ ပါတယ်။ အခန်းကသာ တစ်ခန်းတည်း အိမ်လစာ
က ၅ သောင်းခွဲတဲ့။ ကျနော် မောသွားတယ်။ ဒါတောင် ရေ၊ မီး၊ ဂက်စ်ဖိုး မပါသေးဘူး။ ပြီးတော့ ကားပါကင်ကြေးကလည်း တစ်လကို ယန်း ၅ ထောင်ပေးရဦးမယ်။



 ''ဘယ်တော့ စပြောင်းလာပြီး အလုပ်ဝင်မလဲ''

ဟတ်ကင်းက ငြိမ်ကျသွားတဲ့ ကျနော့်ကို ကြည့်ရင်း မေးလာတယ်။ ကျနော့်ကို တစ်ပတ်တော့ အချိန်ပေးပါ။ အခုနေတဲ့ အိမ်ကို ပြန်အပ်ဖို့ လုပ်ရမယ်။ ရေ၊ မီး၊ ဂက်စ်တွေ ပိတ်ရမယ်။ ပစ္စည်းတွေကလည်း ကားအသေးနဲ့ပဲ သယ်ရမှာဆိုတော့ နှစ်ခေါက်လောက် သယ်မှ ရမှာလို့ပြောလိုက်တော့ ဟတ်ကင်းက စက်ရုံကို ဖုန်းဆက်ပြီး အိုကေဆိုတာနဲ့ကျနော် ဟတ်ကင်းကို နှုတ်ဆက်ပြီး ပြန်ခဲ့လိုက်ပါတယ်။




ကျနော့်အခန်းကို ပြန်ရောက်တော့ အလုပ်အသစ်က ရမယ့်ဝင်ငွေနဲ့ ထွက်ငွေကို ကျနော်တွက်တယ်။ ဂျပန်မှာ ကျနော် ပြောင်းလာခဲ့တဲ့ အလုပ် ၅ ခုရှိပြီ။ ပထမဆုံးက ငါး။ တစ်နာရီ ၇၃၁ ယန်း။ နောက် အလှမွေးငါးကန်ထဲထည့်တဲ့ အလှဆင်လုပ်ငန်း။ တစ်နာရီ ယန်း ၁၀၀၀။ ပြီးတော့ ကော်ဘူးတွေ ထုတ်တဲ့စက်ရုံ။ တစ်နာရီ ယန်း ၁၂၀၀။ ကား ဝိုက်ဘာထုတ်တဲ့ စက်ရုံ။ တစ်နာရီ ယန်း ၁၂၀၀ နဲ့နောက်ဆုံးလုပ်လာတဲ့ ကားစက်ရုံ။ တစ်နာရီ ယန်း ၁၄၀၀ ပေါ့။ သူတို့ပြောတဲ့အတိုင်း အလုပ်ချိန်မှန်တာ ရှိသလို မမှန်တာလည်း ရှိတယ်။ ရေရှည်လုပ်ခဲ့တဲ့ စက်ရုံရှိသလို သုံးလတည်းလုပ်ပြီး ထွက်ခဲ့ရတဲ့ စက်ရုံလည်း ရှိတယ်။ ဘယ်အလုပ်မှာပဲ အင်တာဗျူးလိုက် ဗျူးလိုက် အလုပ်မရဘူးဆိုတာ မရှိဘူး။ အားလုံး အဆင်ပြေခဲ့တာချည်းပဲ။



အခုကာလကကျတော့ ကိုဗစ်ကာလမို့လား။ စိုးရိမ်စိတ်က ပြည့်နေတယ်။ ရှေ့မှာလည်း မှားထားပြီးသားဆိုတော့လေ။ စက်ရုံက ခိုင်ရင်ခိုင်မယ်။ လဲပြိုရင်လည်း လဲပြိုနိုင်တယ်။ ကိုယ်အလုပ်ဝင်ပြီးမှ စက်ရုံက ရေရှည်မရပ်တည်နိုင်ဘဲ ရပ်သွားရင် အခု လက်ရှိကုန်နေတဲ့ ထွက်ငွေထက် ပိုကုန်မယ်။ ဒါဆို ကျနော် ဘာလုပ်ရမလဲ။ အဓိကကတော့ အိမ်လခ ဈေးကြီးနေတာပဲ။ အိမ်လခရယ်။ ရေးဖိုး၊ မီးဖိုး၊ ကားပါကင်၊ ဖုန်းဘေလ်နဲ့တင် တစ်လ ဆယ်သိန်းလောက် ကျွတ်မှာ ။ နောက်ဆုံးတော့ မတတ်နိုင်ဘူးကွာ ဆိုပြီး အလုပ်ကို သေချာပေါက် ပြောင်းဖို့ ဆုံးဖြတ်ပစ်လိုက်တယ်။ ပစ္စည်းတွေ သိမ်းဖို့ ပြင်ရဆင်ရတော့တယ်။



သုံးနှစ်လောက် နေလာခဲ့တဲ့ အိမ်ကလေးကို ခွဲရတော့မယ်ဆိုတော့ ရင်ထဲမှာ ဟာလာတယ်။ ဒီအိမ်လေးထဲကနေ စာတွေ အများကြီးရေးဖူးတယ်။ ဒီအိမ်ကလေးထဲမှာ နေရင်း မုန်တိုင်းအမှတ်(၁၉)ကို တစ်ယောက်တည်း အံတုဖူးတယ်။ ဒီအိမ်ကလေးထဲမှာနေရင်း တံဆိပ်အမျိုးမျိုးသော အရက်တွေ စမ်းသောက်ဖူးတယ်။ ဆာကူရာထက်လှပါစေ စာအုပ်ကလေးဟာ ဒီအိမ်ကလေးထဲကနေ ကျနော်ရေးထုတ်လိုက်တဲ့ လုံးချင်းစာအုပ်ကလေးပဲ။




ကျနော်ဟာ လွမ်းစရာမရှိရင် တစ်ခါမှ စကားမဆိုဖူးတဲ့ ကိုယ့်အိမ်ဘေးနားက ပြောင်းသွားတဲ့ တခြားနိုင်ငံခြားသားကိုတောင် လွမ်းနေတတ်တာမျိုးပါ။ ခုလည်း ကျနော်ဟာ လွမ်းနေတာပေါ့။ အဲဒီအချိန်မှာပဲ။ ကျနော့်ဆီကို ဖုန်းတစ်လုံး ဝင်လာခဲ့တယ်။ ကြည့်လိုက်တော့ ဟနဂျီးမား..တဲ့။ ဟနဂျီးမားဆိုတာက ဟတ်ကင်းပဲ။ ကျနော့်အိမ်နဲ့သိပ်မဝေးတဲ့ နေရာက အလုပ်ကို လူတွေထည့်ပေးလေ့ရှိတဲ့ ဟတ်ကင်းပဲ။ မကြာခင်ကမှ သူနဲ့လူချင်းတွေ့ပြီး အလုပ်အတွက် စာရွက်စာတမ်းတွေ ပေးထားခဲ့၊ အင်တာဗျူးထားခဲ့တာ။



 ''ဟလို။ ကျနော် ဇော်ပါ..''


''မင်း မနက်ဖြန် နေ့လယ်က စပြီး အလုပ်ဆင်းရမယ်။ လုပ်မလား''

 ဟနဂျီးမားဆီက စကားကို ကြားလိုက်တဲ့အခါ ကျနော့်ခေါင်းဟာ တစ်စက္ကန့်ကို ဘယ်လောက်နှုန်းနဲ့များ တွက်ချက်စဉ်းစားပစ်လိုက်သလဲဆိုတာ ကျနော်ကိုယ်တိုင်တောင် မသိတော့ဘူး။ ကားမောင်းရမယ့် အကွာအဝေး။ အိမ်လစာ။ နေ နေကျအိမ်။ နာရီကြေးလည်းတူ။ အချိန်ပိုက လုပ်နေတဲ့ အသိတွေ ပြောထားဖူးသလိုဆို ဒီကတောင် ပိုများဦးမယ်။ စိုင်းတမက အလုပ်ထက်စာရင် ဝင်ငွေများမယ်။ ထွက်ငွေနည်းမယ့် အလုပ်ပေါ့။




''ဟုတ်..ဟုတ်...ကျနော် ဆင်းမယ်'' လို့ဖြေချပစ်လိုက်တယ်။


''ဒါပေမယ့်..အလုပ်က သေရော သေချာလို့လား။ ကျနော် စက်ရုံထဲ လိုက်မကြည့်ရသေးဘူးနော်။ သေရော သေချာလို့လားဗျာ''

ကျနော် စိုးရိမ်စိတ်တွေနဲ့မေးလိုက်မိတယ်။ စိုင်းတမက အလုပ်က လုံးဝသေချာနေပြီလေ။ ဒီအလုပ်က မတော်လို့ တစ်ခုခု ချွတ်ချော်သွားရင် သေပြီပေါ့။ ဒါ့ကြောင့် ကျနော် ထပ်ကာထပ်ကာ မေးမိနေတာ။

 ''သေချာတယ်၊ သေချာတယ်။ မင်းရဲ့အဝတ်အစားတွေတောင် စက်ရုံကနေ သွားထုတ်ထားပြီးပြီ ''

 ''ဝိုး''


ကျနော် ပျော်သွားတယ်။ ဒါဆို လုံးဝသေချာလို့ပဲ။ ဒီအချိန်မှာ ကျနော့်လောက် ပျော်တဲ့လူ ရှိပါ့မလား။ ဒီအိမ်ကလေးကိုလည်း စွန့်စရာ မလိုဘူး။ အိမ်နားလည်း နီးတယ်။ ကျနော့်နယ်မြေထဲမှာလည်း လုပ်ရမယ်။ တစ်ခုပဲ..စိုင်းတမက အလုပ်ကို ကန်ဆယ်လုပ်ရမယ်။ မျက်နှာတော့ ပျက်စရာဖြစ်တာပေါ့။ အကယ်၍ နောက်နောင် အလုပ်လိုချင်လို့ ဖုန်းဆက်ရင် ကျနော်ဟာ ဦးစားပေးအဆင့်ထဲမှာ မပါနိုင်တော့ဘူးပေါ့။


''ကျနော်..ဘယ်အချိန် အလုပ်ဝင်ရမလဲခင်ဗျာ။ စိတ်မရှိပါနဲ့ သေချာချင်လို့ပါ''

 ''မနက်ဖြန်လေ။ မနက်ဖြန် ၈ နာရီ စက်ရုံရှေ့အရောက်။ ငါ စက်ရုံရှေ့ကစောင့်နေမယ်''


''ဟုတ်ကဲ့..ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ''


ဟနဂျီးမားနဲ့ဖုန်းပြောပြီး ရှေ့မှာ ကြုံခဲ့ရတဲ့ သောကတွေဟာ ကျနော့်ရင်ထဲကနေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတယ်။ ဆဲအိခုချိဆီကို ဖုန်းဆက်ပြီး စိုင်းတမက အလုပ်ကို ကန်ဆယ်လုပ်လိုက်တယ်။ တောင်းလည်း တောင်းပန်ရတာပေါ့။ ဆဲအိခုချိကတော့ သူ့ထုံးစံအတိုင်းပဲ။ ကျေးဇူးတင်ပါတယ်၊ ရပါတယ် ဆိုပြီး ဖုန်းချသွားတယ်။




ပျော်လိုက်တာ။ ညရောက်တော့လည်း ကျနော် တစ်ညလုံး အိပ်မပျော်ဘူး။ အရင်က အလုပ်တစ်ခု စဆင်းရတော့မယ်ဆိုရင် နေ့စဉ် ပြုနေကျ ဝတ္တရားတစ်ခုကို လုပ်နေရသလိုပဲ။ ကျနော့်အတွက် ဘာမှ ထူးဆန်းမနေခဲ့ဖူးဘူး။ ခုကျတော့။ တွေးရင်း ကိုဗစ်ဆိုတဲ့ ရောဂါကြီးကိုတောင် ကျေးဇူးတင်ရမလိုလို ဖြစ်နေမိတာ။ နှာခေါင်းစည်းတွေ ဘယ်ဆိုင်မှာမှ ဝယ်လို့မရတော့လို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး သတိထား နေတတ်ခဲ့တာလည်း သူ့ကျေးဇူး။ မရှိမဲ့ရှိမဲ့ မာနကလေးကို မစဉ်းမစား ထုတ်သုံးမိလို့ မှားပြီဆိုပြီး သိခဲ့ရတာလည်း သူ့ကျေးဇူး။ ဟိုဟာလေးစားချင် ဒီဟာလေးစားချင် ဖြစ်နေတတ်တဲ့ စိတ်ကို ခေါက်ဆွဲလေးတစ်ထုပ်တည်းနဲ့ ချိုးနှိမ်တတ်ခဲ့တာလည်း သူ့ကျေးဇူးပေါ့။




တိုကျိုမှာတော့ ကူးစက်မှုတွေ ကျသွားလို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ပေါ်လာတော့မလား ဆိုပြီး အလုပ်သမားတွေက မျှော်လင့်နေကြတယ်။ ကျောင်းသားတွေဟာ မူလကမှ တစ်ပတ်ကို အလုပ်ချိန်၂၈ နာရီပဲ လုပ်ခွင့်ရှိတာမို့ ကိုဗစ်ကာလမှာ ပိုပြီးတော့ အခက်ကြုံနေကြရတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောရရင်တော့ တိုကျိုရောက် မြန်မာတွေ ၅၀ ရာနှုန်းလောက် အလုပ်မရှိ ဖြစ်ကုန်တယ်။ အလက်လက်မဲ့ ဦးရေတွေ တိုးသထက် တိုးလာတယ်။



ကံကောင်းထောက်မစွာနဲ့ပဲ တိုကျို မြန်မာသံရုံးရဲ့အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ချင်တဲ့ လူတွေအတွက် ပထမဆုံးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပေးမယ့်အကြောင်း၊ ပြန်လိုက်ချင်သူတွေ စာရင်းပေးနိုင်ကြောင်း ကြေညာချက်ထွက်လာတယ်။




ကိုဗစ်ကြောင့် ကျနော်ဟာ အလုပ်ရဲ့တန်ဖိုးကို သိသွားတယ်။ ပိုက်ဆံရဲ့တန်ဖိုးကို ပိုနားလည်သွားတယ်။ အလုပ်လုပ်ပြီးလို့ ပထမဆုံး ရတဲ့လစာကို သမီးလေးတို့အတွက် စုဘူးလေး ပြန်လုပ်ပေးမယ်လို့ တွေးရင်း ပျော်နေမိတယ်။ မနက်လည်းကျရော ကျနော် အစောကြီးနိုးတယ်။ ရေချိုး၊ ဘုရားရှိခိုးပြီး ပေါင်မုန့်တစ်ချပ်နဲ့ ကော်ဖီတစ်ခွက်ကို မနက်စာအဖြစ် စားပြီး ၇ နာရီ ခွဲတာနဲ့အိမ်ကနေ ထွက်လာခဲ့တယ်။ အိမ်ကနေ မထွက်ခင် စာတိုက်ပုံးကို ကျနော် လှပ်ကြည့်မိသေးတယ်။ ခုရက်ထဲ အာဘေးစံ ပို့ပေးမယ့် နှာခေါင်းစည်းနှစ်ခု ရောက်လာစရာ ရှိတယ်လေ။ ခုထိ ရောက်မလာသေးဘူး။ စာတိုက်ပုံးထဲမှာ ဗလာ။



အလုပ်နေရာက ၁၀ မိနစ်လောက် ကားမောင်းရုံနဲ့ရောက်နိုင်ပေမယ့် ပထမဆုံးနေ့လည်း ဖြစ်တော့ ကျနော့်ဘက်က စောနေမှကို ကောင်းမယ်လို့ တွေးမိတယ်လေ။ ဒါကြောင့် ကျနော် အိမ်က စောထွက်လာခဲ့တာ။ စက်ရုံနားရောက်ခါနီးလို့ လမ်းတစ်ဝက်လောက်လည်း ရှိရော ကျနော့်ဖုန်းက မြည်လာတယ်။ ကျနော် ကားကို  စုံမီးပြရင်း လမ်းဘေးမှာ ရပ်လိုက်တယ်။ ဖုန်းကို ကြည့်လိုက်တော့ ဟနဂျီးမား။ ဪ..သူလည်း စောရောက်နေလို့ ကျနော့်ကို ဖုန်းဆက်ပြီး အသိပေးတာပဲလို့ တွေးရင်း ဖုန်းကို ကိုင်လိုက်တယ်။


''ဇော်..အိုဟိုင်းယော ဂိုဇိုင်းမတ်။ မင်း လာနေပြီလား''


''ဟုတ်ကဲ့။ မင်္ဂလာမနက်ခင်းပါ။ ကျနော် လာနေပြီ။ အခုပဲ ရောက်တော့မယ် ''


ကျနော် တက်တက်ကြွကြွပဲ ပြောလိုက်တယ်။


''ဒါဆို....''


ဟနဂျီးမားအသံဟာ ကျနော့်နားထဲ မိုးကြိုးပစ်လိုက်သလိုပဲ။

အပိုင်း(၅)ဆက်ရန်

No comments: