Tuesday 28 July 2020

ဂျပန်ရောက် မြန်မာတစ်ယောက်၏ COVID ကာလ အတွေ့အကြုံများ

အပိုင်း(၃)
အကြွေစေ့ပုံပြင်
——————
ကျနော် စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ ဒါဟာ အရှိတရားတစ်ခုပဲ။ မဖြစ်မနေ ရင်ဆိုင်ရမယ့် အခက်အခဲတစ်ခုပဲ။ သူ့အိမ်မှာနေရင် သူ့အိမ်လစာပေးရမှာပဲ။ အိမ်လစာလို့တွေးလိုက်တော့ ရေ၊ မီး၊ ဂက်စ်၊ ဝိုင်ဖိုင်၊ ကားဆီဖိုး၊ ကျန်းမာရေး အခွန်။ ခေါင်းထဲကိုရောက်လာတာ အများကြီးပဲ။ မီးခိုးမဆုံး မိုးမဆုံး ဆိုသလိုပေါ့။ အရင်က ဂျပန်ကိုလာခဲ့တဲ့ အလုပ်သင် အလုပ်သမားတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ ကာလတွေတုန်းက နေစရိတ်၊ စားစရိတ်ဆိုတာ ကုန်တယ်ဆိုရုံလေးပဲ ကုန်ခဲ့တာ။ အားလုံးနီးပါး သူဌေးက ဖြေရှင်းပေးပြီးသား။

အခု ကိုယ်တိုင် စိတ်ကြိုက်ဘဝကို ရွေးချယ်ပြီးတဲ့နောက်မှာ အိမ်ထောင်ကျပြီး အိမ်ခွဲနေလိုက်တဲ့ မိသားစုတစ်စုလို ဖြစ်သွားခဲ့တယ်။ အိမ်တစ်ဆောင် မီးတစ်ပြောင်ပေါ့လေ။ အရင်ကတော့ ကျနော့် အိမ်လေးမှာ ကျနော်ရယ်၊ ကွမ်းခြံကုန်းက သူငယ်ချင်းရယ်၊ ပခုက္ကူက သူငယ်ချင်းရယ် သုံးယောက်နေကြတယ်။ သူတို့မရှိတော့တဲ့နောက် ကျနော်တစ်ယောက်တည်းပဲ နေဖြစ်တော့တယ်။ အစတော့ အိမ်ငှားတင်သေးပေမယ့် အလုပ်ချိန်မတူ၊ ဝါသနာအကျင့် မတူကြတဲ့အခါ နေရတာ အတော်အခက်အခဲရှိတယ်။ ဒါနဲ့နောက်ပိုင်းမှာ ဘယ်သူ့မှ မထားဖြစ်တော့ဘူး။ တစ်ယောက်တည်းနေရတာက စာရေးဖို့ အခွင့်အလမ်း ပိုများတယ်လို့ ကျနော် ယုံကြည်ထားတာလည်း ပါတာပေါ့။ သုံးယောက်နေတုန်းက ကုန်ကျစရိတ်က မပြောပလောက်ပေမယ့် တစ်ယောက်တည်း နေတဲ့အခါ အတော်ထိတယ်။ အလုပ်မရှိတော့ ပိုသိသာလာတာပေါ့။

အားလုံးကို တွက်ကြည့်ရရင်-

အိမ်လစာက ယန်း ၃၅၀၀၀
 ဖုန်းဘေလ်က ယန်း ၇၅၀၀
 ရေ၊ မီး၊ ဂက်စ်ဖိုးက ယန်း ၁၀၀၀၀
 ကားဓာတ်ဆီဖိုးက ယန်း ၄၀၀၀။

စုပေါင်းကုန်ကျစရိတ်ဟာ တစ်လတစ်လ မြန်မာငွေနဲ့ဆို ၈ သိန်းလောက်ရှိတယ်။ စားစရိတ်ရောဆို ၁၀ သိန်းတော့ အသာလေးပေါ့။ ဒါတောင် ကားအာမခံကြေးတို့၊ ပင်စင်ကြေးတို့လို ရှောင်လို့ရတာတွေ ရှောင်ထားလို့။

ဒီကြားထဲ ကျနော်က ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေရေးအနေနဲ့ အရက်၊ ဘီယာ၊ ဝိုင်၊ ဆိုဂျု စုံတကာ့စုံအောင် သောက်လိုက်သေးတော့ ဦးသုမောင်ရဲ့'အရက်သမား အမှားတစ်ခါ' ထဲက သူ သောက်တဲ့အရက်ဖိုးကို ပေါင်းလိုက်ရင် လင်ခရူဆာ ကားနှစ်စီးစာရှိတယ် ဆိုတာလောက် မရှိပေမယ့် ကျနော်သောက်တဲ့ အရက်ဖိုးက စကိုပီဆိုင်ကယ် တစ်စီးစာလောက်များ ရှိနေမလားလို့တွေးမိသေးတယ်။ ဆရာသုက တစ်သက်လုံး ဖြတ်လိုက်သောက်လိုက် လုပ်နေခဲ့လို့ ကားနှစ်စီးစာ။ ကျနော်က ၅ နှစ်လောက်ပဲ ဆက်တိုက် သောက်လာခဲ့ရသေးတာမို့ နည်းနေတာ။ ဒီမှာသာ တစ်သက်လုံးနေရရင် ဆရာသုရဲ့ စံချိန်ကို သေချာပေါက် မီမယ်လို့ကျနော် ထင်မိတယ်။ (ဂုဏ်ယူစရာ မဟုတ်ပေမယ့်) အိမ်နားက ဆိုင်တွေမှာ ကျနော်မသောက်ဖူးတဲ့အရက် မရှိတော့ဘူး ဆိုလောက်အောင်အထိ သောက်ခဲ့မိတယ်။



အဲဒီတော့ ကျနော့်ရဲ့တစ်လ အသုံးစရိတ်ဟာ ၁၀ သိန်း အထက်မှာပဲ။ အဲဒီလိုပြောလို့သောက်လှချည်လား၊ အရက်စွဲနေတာလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အရက် မသောက်ဘဲလည်း ကျနော် နေနိုင်ပါတယ်။ ဒါဆို ဘာလို့ သောက်ဖြစ်နေလဲဆိုတော့ အိမ်အပြင်ကို ထွက်ပြီး ပျော်ရာပျော်ကြောင်း ရှာတာထက်စာရင် အိမ်ထဲမှာတင် တိတ်တဆိတ် အဖော်မဲ့နေရတာက ပိုသင့်တော်တယ်လို့ ကျနော် တွေးမိလို့ပါ။

ဆရာကြီး ဦးအောင်သင်းရဲ့'သရက်ထောင် ဖောက်ခဲ့စဉ်က' ထဲမှာ ပါးစပ်ဆိုင်းတီးပြီး သူ့ကိုယ်သူ ဖျော်ဖြေတယ်ဆိုတာ စာဖတ်သူ တော်တော်များများ မှတ်မိကြမှာပါ။ ကျနော်ကလည်း အရက်သောက်ခြင်းနဲ့ကျနော့်ကိုယ်ကျနော် ဖျော်ဖြေနေတာမျိုးပါ။ ကျနော်ဟာ စာရေးနေရရင် ရေး။ ဘောလုံး
ကန်နေရရင် ကန်။ အဲဒီ နှစ်ခုကိုမှ မလုပ်ရရင် ဘီယာလေးစုပ်လိုက် အရက်ကလေး မျိုလိုက် လုပ်နေတတ်တာ။ ပိုင်တံခွန်ပြောတဲ့ အရက်သမားလားဆိုတော့လည်း မဟုတ်ဘူး၊ သောက်နိုင်လားဆိုတော့လည်း သောက်နိုင်တယ် ဆိုတာ ကျနော်ပေါ့။ ဒါတွေက ထားပါတော့လေ။

ခုန အိမ်လစာပေးရမယ်ဆိုတော့ ဂျပန်မှာက လတစ်လရဲ့ ၂၀ ရက်ကျော် ကာလေတွေဟာ ထွက်ငွေများတဲ့ ကာလတွေပါပဲ။ ရှိရှိသမျှ ကုန်ကျငွေတွေဟာ စာတိုက်ကနေတစ်ဆင့် ပို့လာတတ်တယ်။ သတ်မှတ်ရက် မကျော်ခင် အဲဒီကုန်ကျငွေကို အကုန် ဆောင်ပေးရတယ်။ မဆောင်ဘူးလား။ ဖြတ်ပစ်လိုက်တာပါပဲ။ တောင်းပန်လို့မရဘူး။ ငိုပြလို့မရဘူး။ ရေဖြတ်၊ မီးဖြတ်၊ဘေလ်ဖြတ်။ အင်္ဂုလိမာလ လက်ညှိုးဖြတ်တယ်ဆိုတာ ဂျပန်က ရယ်တာပေါ့ ။ ဂျပန်က ဖြတ်လိုက်ရင် အမှောင်ကမ္ဘာထဲမှာ ရေချိုးလို့မရ၊ ထမင်းအိုး တည်လို့မရ။ ဖုန်းအားသွင်းလို့မရ။ အေးတဲ့ကာလတွေနဲ့ ဖြတ်တဲ့ကာလ ကြုံပြီဆိုရင် ချမ်းလို့တောင် ဘဝကူးသွားနိုင်တာမျိုး။

ကျနော် ဘယ်လိုလုပ်မလဲ။ ခုနပြောခဲ့တဲ့ စုပေါင်းကုန်ကျငွေတွေ ဆောင်မလား။ ကျန်တာတွေက ဘေလ်စာရွက် မလာသေးရင်တောင် အိမ်လစာကတော့ သေချာပေါက် ဆောင်ရတော့မယ်။ ဒါနဲ့ပဲ ငွေရနိုင်မယ့်နည်းကို ကျနော် စဉ်းစားရတော့တယ်။ နှစ်နည်းပဲ ရှိတယ်။ ပထမတစ်နည်းက အိမ်က ပြန်မှာ။ လွယ်တော့ လွယ်သလိုပါပဲ။ ကိုယ်ပို့ထားတဲ့ ငွေကို ကိုယ်က ပြန်မှာတာပဲ ။ကိုယ်လိုအပ်ချိန် ပြန်မှာခွင့် ရှိတာပေါ့လို့ ပြောလို့ရတာပေါ့။



တကယ်တွေးကြည့်တော့ မလွယ်လှဘူး။ ကိုယ်ကပို့တုန်းက ငွေဈေးက တစ်ဈေး။ မြန်မာငွေ တစ်သိန်းဆိုရင် ယန်း ၇၅၀၀။ ကိုယ်က ပြန်မှာမယ်ဆိုရင် ငွေက တစ်ဈေး။ မြန်မာငွေ တစ်သိန်းကို ယန်း ၈၀၀၀ လောက် ရှိတယ်။ ရှုံးတာပေါ့လေ။ ပြီးတော့ နယ်ကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ ဂျပန်။ ဆိုတော့ အိမ်က ပြန်မှာရမယ့်နည်းကို ကျနော်ဖယ်လိုက်တယ်။ ဂျပန်မှာ နေပြီး အိမ်က ပြန်မှာရတဲ့လူ ရှိလို့လားလို့မေးရင် ကျနော့် မိတ်ဆွေတွေထဲမှာကို အတော်များများ ရှိတယ်လို့ ပြောရမယ်။ ဒါပေမဲ့ သူတို့ ဘယ်သူ့မှ ထုတ်ပြောကြလိမ့်မယ် မထင်ဘူး။



ဒုတိယနည်း..။ ဒါကတော့ ရှင်းတယ်။ ပိုက်ဆံကို တစ်ယောက်ယောက်ဆီက ချေးသုံးပေတော့။ ဂျပန်ရဲ့လူနေမှုဘဝ ကိစ္စအဝဝကို ထဲထဲဝင်ဝင် မသိသူတွေအတွက် ဒါဟာ လွယ်ကောင်း လွယ်နိုင်ပေမယ့် ကျနော့်အတွက်တော့ အင်မတန်ခက်တဲ့ ကိစ္စပါပဲ။ ဂျပန်လိုနိုင်ငံမျိုးမှာ လူတစ်ယောက်ဆီက ပိုက်ဆံချေးသုံးဖို့ဆိုရင် အဲဒီလူကို ကိုယ်က ဘယ်လောက် ကူညီထားဖူးလို့လဲ ဆိုတာကို အရင်တွေးရတာ။ ကိုယ်က မကူညီဖူးဘဲ အကူအညီသွားတောင်းရင် လူတောထဲ ပုဆိုးကျွတ်ကျသလိုဖြစ်မှာပဲ။ ကျနော်လို စာအုပ်တစ်အုပ်ကို မျက်နှာအပ်နေတာများတဲ့ လူတစ်ယောက်အတွက် ပိုဆိုးတာပေါ့။ ကျနော်က ဧရာမ ကိစ္စတွေအထိ ကူညီဖူးခဲ့တာမျိုးရှိပေမယ့် သူတို့ဆီက ပြန်ရဖို့ဆိုရင် မင်း အလို့ကူညီခဲ့တာ ခံပေါ့ဆိုတာမျိုးကို တွေးနေတဲ့ အကူအညီပေးဖူးသူ တချို့ရဲ့ တုံ့ပြန်မှုကို ရထားခဲ့ဖူးလေတော့ ဘယ်သူ့ကိုမှ အကူအညီ မတောင်းချင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒုတိယနည်းကိုလည်း ကျနော် လျှော်လိုက်ရတယ်။

ဒါဆို ကျနော် ဘယ်လို လုပ်မလဲ။ ကျနော့်မျက်လုံးတွေဟာ စာအုပ်စင်ပေါ်က စုဘူးလေးဆီ ရောက်သွားတယ်။
ကျနော့်မှာ စုဘူးလေးတစ်ခု ရှိတယ်။ အဲဒီစုဘူးလေးနဲ့ပတ်သက်လို့ ကျနော် ကဗျာတစ်ပုဒ်ရေးဖူးပါတယ်။ သမီးတို့အတွက် စုဘူးဆိုပြီးတော့။ ကျနော့် PAGE မှာ ဖတ်နေကျ မိတ်ဆွေတွေဆိုရင် သိနိုင်တယ်။ အဲဒီစုဘူးကလေးကို ဘာယူယူ ယန်းတစ်ရာ(ဒိုင်စို)ဆိုတဲ့ ဆိုင်ကနေ ကျနော် ဝယ်ခဲ့တာပါ။



စုဘူးက သံဘူးလေး။ အပေါ်မှာ စာရေးထားတယ်။ အကြွေစေ့ ၅၀၀ စေ့တွေ ထည့်စုရင် ယန်းသောင်း ၃၀ (မြန်မာငွေ ၄၅ သိန်း)လောက် ထည့်ပြီး စုလို့ ရတယ်တဲ့။ အဲဒီစုဘူးကလေးထဲမှာ ကျနော် ၂ နှစ်လောက် စုထားတဲ့ အကြွေစေ့တွေရှိတယ်။ အကုန်လုံးက ယန်း ၅၀၀ စေ့တွေချည်းပဲ။ သမီးတို့အတွက် ကျနော် စုထားခဲ့တာ။ ဘယ်လို အကြောင်းကြောင်းနဲ့မှ ဒီစုဘူးကလေးကို ကျနော် မဖောက်ဘူးလို့ သံဓိဌာန် ချထားခဲ့တာ။


အဲဒီ စုဘူးလေး ဝယ်ပြီးကတည်းက ဒီစုဘူးကလေးဟာ သမီးတို့(ကျနော့်မှာ သမီးနှစ်ယောက်ရှိပါတယ်) အတွက်ပဲ ဖြစ်ရမယ်ဆိုပြီး ကျနော် စုထားခဲ့တာပါ။ ဈေးပဲ ဝယ်ဝယ်၊ လစာပဲရရ။ ဘယ်ကနေ ဘယ်လိုပဲ ရရ ၊ ရလာတဲ့ ယန်း ၅၀၀ စေ့ကို သမီးတို့စုဘူးထဲ ကျနော် ထည့်တယ်။ အနည်းဆုံးတော့ တစ်နေ့ကို ယန်း ၅၀၀ စုနိုင်ရမယ်လို့ တွေးပြီး ကျနော် စုတယ်။ လက်တွေ့လည်း လုပ်တယ်။ မထည့်နိုင်တဲ့နေ့ရှိရင် ထည့်နိုင်တဲ့နေ့မှာ ပိုထည့်တယ်။ ကျနော့် အကြွေစေ့အိတ်ထဲမှာ ယန်း ၅၀၀ စေ့ ရောက်လာရင် ဘယ်လို ကိစ္စပဲ ရှိရှိ ကျနော် မသုံးဘူး။ ဒါဟာ သမီးတို့စုဘူးထဲကို ထည့်ရမယ့် အကြွေစေ့ပဲလို့ ကျနော့်မှတ်ဉာဏ်က အလွတ်ရနေတာ။

ကျနော် စုဘူးကလေးကို လှုပ်ကြည့်တယ်။ အကြွေစေ့တွေဟာ စုဘူးတစ်ဝက်လောက်ရှိနေပြီ။ ဘယ်လောက်ရှိနေမလဲ ဆိုတာတော့ ကျနော် မသိဘူး။ ကျနော် စုဘူးကို ချက်ချင်းမဖောက်ဘူး။ စုဘူးကလေးကို ပြောင်းပြန်ထောင်ပြီး အထက်အောက် လှုပ်ကြည့်တယ်။ စုဘူးအပေါက်ကနေ အကြွေစေ့လေးတွေများ ထွက်ကျလာမလားဆိုတဲ့ အတွေးနဲ့ပါ။ အပေါက်ကနေ အကြွေစေ့ကလေးတွေ ထွက်ကျလာရင် ကျနော်လိုသလောက်ပဲ သုံးမယ်။ ပြီးရင် စုဘူးထဲကို သုံးသလောက် ပြန်ထည့်မယ်ပေါ့။ ဒါပေမဲ့ စုဘူးအပေါက်က ကျဉ်းတော့ အကြွေစေ့တွေက ကျမလာဘူး။ ကျနော် ဝက်အူလှည့် အပြားလေး သွားယူပြီး အပေါက်ကလေးကို ချဲ့တယ်။ စုဘူးဟာ ဈေးပေါတဲ့ ယန်း၁၀၀ ဆိုင်က ဝယ်တာ ဖြစ်ပေမယ့် လွယ်လွယ် ချဲ့လို့မရဘူး။
သေချာပြီ။ စုဘူးကို လုံးဝဖျက်ဆီးပစ်မှကို ပိုက်ဆံတွေက အပြင်ကိုရောက်မှာ။ ဒါဆို ဘယ်လိုလုပ်မလဲ။ ကျနော် စုဘူးကို ဖျက်ဆီးပစ်ရတော့မလား။

ကျနော် ကိုယ်တိုင် အဖြေကို မသဲကွဲဘူး။ ပြီးတော့ ကျနော့်မျက်လုံးထဲ သမီးတို့ကို မြင်ယောင်လာတယ်။
 ''သမီးတို့ရေ..တွေ့လား.စုဘူး..စုဘူး။ ဖေဖေစုထားတာ။ ပြန်လာရင် ဒီစုဘူးကို ခွဲမယ်။ ဒီထဲက ပိုက်ဆံကို သပ်သပ် ယူလာခဲ့မယ်။ ရန်ကုန်မှာ သမီးတို့စားချင်တာ ကျွေးမယ်။ သမီးတို့သွားချင်တာ လိုက်ပို့မယ်''

ကျနော်ဟာ သမီးတို့နဲ့ ဗီဒီယိုကောလ်ပြောတိုင်း စာအုပ်စင်ပေါ်က စုဘူးကို ယူယူပြီး လှုပ်ပြရင်း ပြောလေ့ရှိတယ်။ ကျနော်များ အဲဒီလိုပြောလိုက်ပြီဆိုရင် ကျနော့်သမီးအငယ်မက KFC စားမယ်တဲ့။ ကျနော့်သမီး အကြီးမကတော့ HAPPY WORLD သွားမယ်တဲ့။ စုံလို့ပဲ။ အိုကေ မှတ်ထား..မှတ်ထားလို့ကျနော်က ပြန်ပြောရတယ်။ အငယ်မလေးကဆို ဖုန်းခေါ်တဲ့အချိန်နဲ့သူ စိတ်ကောက်နေချိန်နဲ့တိုးရင် ကျနော်က စုဘူးလေး လှုပ်ပြလိုက်ရုံပဲ။ ဒီ
မှာတွေ့လား၊ အတော်စုမိနေပြီ..ဘာညာ ပြောလိုက်ရင် သူ စိတ်ကောက်နေသမျှတွေ အကုန်ပြေသွားရော။



အခုတော့..။ အခုတော့ သမီးတို့ရဲ့စုဘူးလေး။ သမီးတို့ရဲ့အိပ်မက်ကလေး။ အဝေးရောက် အဖေနဲ့သမီးတို့ကို ကြားကနေ ဆက်သွယ်ပေးတဲ့ သားအဖ သံယောဇဉ် ကြိုးမျှင်ကလေး။ ကျနော် ဖြတ်ရတော့မယ်။ ကျနော်ကိုယ်တိုင် ဖြတ်ရတော့မယ်။

ကျနော် ဖုန်းနဲ့သေချာ ချိန်ပြီး ဗီဒီယိုရိုက်ထားတယ်။ ဘေးနားမှာ နေ့စဉ်မှတ်တမ်းစာအုပ်နဲ့ဘောလ်ပင်ကို အဆင်သင့်ထားတယ်။ အားလုံး အဆင်သင့် ဖြစ်တော့ ကျနော့်လက်နဲ့ စုဘူးကလေးကို တကယ်ပဲ ဖောက်လိုက်မိတော့တယ်။ စုဘူးကလေး ပေါက်သွားပြီ။ ကျနော် အကြွေစေ့တွေကို သွန်ချတယ်။ တစ်စေ့၊ နှစ်စေ့..သုံးစေ့...၊အများကြီးပဲ။


''သမီးတို့ရေ..၊သမီးတို့စုဘူးလေး ..၊ ဖေဖေ.. ဖောက်လိုက်ရပြီ။ မဖြစ်မနေမို့ ဖေဖေ ဖောက်လိုက်ရပါပြီ။ ခွင့်လွှတ်ပါ''

ကျနော် အဲဒီစကားကိုပဲ ထပ်ကာထပ်ကာ ပြောရင်း စုဘူးထဲက အကြွေစေ့တွေကို သွန်ချနေမိတယ်။ ကျနော် သွန်ချနေတာက အကြွေစေ့တွေဆိုပေမယ့် သွန်မချတဲ့ မျက်ရည်တွေကပါ ကျလာတယ်။ အဖေတစ်ယောက်အနေနဲ့သမီးတို့အပေါ် သစ္စာမဲ့ခြင်းလား။ အကြွေစေ့တွေကို ကျနော် သွန်ချတယ်။ ကိုဗစ်ရေ။ မင်းဟာ ငါနဲ့ငါ့သမီးတွေကြားထဲက ပေါင်းကူးတံတားလေးတစ်စင်းကို ဖြိုချဖျက်စီးပစ်လိုက်တာပဲ။ ကျနော် အကြွေစေ့တွေကို  သွန်ချတယ်။ တစ်စေ့...နှစ်စေ့..သုံးစေ့..။



နောက်ဆုံး စုဘူးကလေးထဲမှာ အကြွေစေ့တစ်စေ့မှ မကျန်တော့ဘူး။ စုဘူးကလေးဟာ အခွံဖြစ်သွားတယ်။ ကျနော့် ရင်ထဲမှာလည်း အခွံပေါ့။



သမီးတို့နဲ့ဖုန်းပြောလို့ ဖေဖေ စုဘူးလေးလှုပ်ပြပါဦးဆိုရင် ကျနော် ဘယ်လိုပြောမလဲ။ သမီးငယ်လေး စိတ်ကောက်တဲ့အခါ ဒီမှာ စုဘူးလေးလို့ပြောပြီး ချော့နေကျ ကျနော်ဟာ စုဘူးလေးမရှိတော့တဲ့နောက် ဘယ်လိုပြောပြီး ချော့ရမလဲ။ ကျနော် မတွေးတတ်တော့ဘူး။ မွေ့ယာပေါ်မှာ ယန်း ၅၀၀ တန် အကြွေစေ့တွေဟာ ပုံနေတယ်။ ကျနော် တို့ထိကြည့်တယ်။ သမီးတို့စားချင်တဲ့ ကေအက်စီ၊ သမီးတို့သွားချင်တဲ့ ဟက်ပီးဝေါလ်။ အိပ်မက်တွေဟာ တိမ်တွေ ဖြစ်ခဲ့ပြီ ကလေးတို့ရေ။ ကမ္ဘာကြီးရဲ့တစ်နေရာရာမှာ ရှိနေတဲ့ လူတစ်စုရဲ့အတ္တကြောင့် ကမ္ဘာကြီးရဲ့တစ်နေရာရာမှာ ရှိတဲ့ မိသားစုတစ်စုရဲ့ချစ်ခြင်းတရားဟာ ပျက်သွားနိုင်ခဲ့ပြီလား။ ကမ္ဘာကြီးဟာ အဲဒီလောက်တောင် ကျဉ်းလွန်းနေခဲ့ပြီလား။



အကြွေစေ့တွေကို ကျနော်ရေတွက်တယ်။ တစ်စေ့..နှစ်စေ့...သုံးစေ့။ အားလုံးပေါင်း ယန်း ၁၃၈၄၀၀(ဆယ့်သုံးသောင်းရှစ်ထောင့်လေးရာ)။

မြန်မာငွေနဲ့ဆို ဆယ့်ရှစ်သိန်း လေးသောင်း ငါးထောင် သုံးရာ သုံးဆယ့် သုံးကျပ် (၁၈၄၅၃၃၃) တိတိရတယ်။ ယန်း ၅၀၀ တန်အကြွေစေ့ကလေးတွေကနေ ဒီလောက်များတဲ့ ပိုက်ဆံတွေဖြစ်လာတယ်။ သူတို့စုဘူးလေးထဲမှာ ဒီလောက်များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့သမီးတို့သိရင် ဘာများပြောကြမှာပါလိမ့်။ ကျနော် မျက်ရည်တွေ ကျလာတယ်။ သမီးတို့ကို ဖေဖေ အဆင်ပြေတာနဲ့ ပြန်ပေးပါ့မယ်လို့ကတိပေးလိုက်တယ်။ ပြီးတော့ သမီးတို့ရဲ့စုဘူးလေးကို ခုလိုသုံးခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ပြောလိုက်တယ်။ ဖုန်းကို ပိတ်လိုက်တယ်။



စုဘူးလေး ဖောက်လိုက်ရတဲ့အကြောင်းနဲ့ငွေပမာဏကို နေ့စဉ်မှတ်တမ်း စာအုပ်ကလေးထဲမှာ ကျနော် မှတ်လိုက်တယ်။ ပြီးတော့ စာအုပ်ထဲမှာပဲ ကဗျာတစ်ပုဒ် ချရေးပစ်လိုက်တယ်။



ငါ့ စုဘူးလေး
 —————
 သေရေးရှင်ရေးသမျှ အရေးကြီးတဲ့
 ကိုယ်ရေးကိုယ်တာ ကိစ္စပါ
 ရေမရှိတဲ့ မြစ်ကောတစ်စင်းရဲ့
 နောက်ဆုံး ထွက်သက်ပါ
 သေဆေးမှန်း သိရက်နဲ့
 ကိုယ့်လက်ဖျံထဲ
 ပြန်ထိုးသွင်းရတဲ့ ယုံကြည်မှုပါ
 အတောင်ကျိုး ငှက်တစ်ကောင်ရဲ့
 နောက်ဆုံး အော်ဟစ်သံပါ
 နှစ်ခြမ်းကွဲသွားတဲ့
 သစ်တစ်ပင်ရဲ့ ရေသောက်မြစ်ပါ
 ငါ့ စုဘူးလေးရေ....
 မင်းကို ချည်ထားတဲ့ကြိုးတွေ
 ဖြည်ချလိုက်ပါပြီ
 သွားလိုရာ သွားပါတော့။

အဲဒီကဗျာကို ရေးပြီးသွားတော့ ကျနော် အမှိုက်ပုံးနားကို သွားတယ်။ စုဘူးလေးကို ကပ်ကြေးနဲ့အစိတ်စိတ် အမွှာမွှာ ဖြစ်သွားအောင် ညှပ်ပစ်လိုက်ပြီး သံဘူးတွေ ပစ်ရမယ့် အိတ်ထဲမှာ ရောထည့်ထားလိုက်တယ်။ ပြီးတော့ အကြွေစေ့တွေကို မျက်နှာသုတ်ပုဝါ အသေးလေးနဲ့ထုတ်ပြီး အိမ်နား အနီးဆုံးမှာ ရှိတဲ့ ဘဏ်ကို သွားတယ်။ ATM စက်ထဲကို အကြွေစေ့တွေထည့်ပြီး တစ်သောင်းတန်နဲ့ တစ်ထောင်တန်တွေ ပြန်ထုတ်လာခဲ့တယ်။ စုစုပေါင်း ယန်း ၁၃၈၄၀၀။


အဲဒီနေ့က မေလ ၅ ရက်နေ့။ တိုကျိုတစ်မြို့တည်း ကိုရိုနာကူးစက်သူ (၅၈) ယောက်ရှိတယ်။ ၄ ရက်နေ့က ကူးစက်သူ (၈၇) ယောက်ရှိထားတာမို့ အနည်းငယ် လျော့ကျသွားတယ်လို့ ထင်ရပေမယ့် တိုကျိုနဲ့ချိဘာစီရင်စုအတွက် အရေးပေါ်ကြေညာချက်ကို ၅ လပိုင်းကုန်အထိ ထပ်တိုးတဲ့အကြောင်း ဂျပန်အစိုးရက ကြေညာခဲ့တယ်။ ကျောင်းတွေလည်း ပိတ်ထားဦးမယ်။ လူဝင်လူထွက်များတဲ့ အဆောက်အဦတွေ၊ ဈေးဆိုင်တွေ ပိတ်ထားဦးမယ်လို့ ကြေညာခဲ့တယ်။

မလိုအပ်ဘဲ အပြင်မထွက်နဲ့လို့ ကြေညာထားပေမယ့် ကျနော်ဟာ လက်ထဲကငွေ
မကုန်ခင် စိုင်းတမအလုပ်ကို သွားဖို့ အဲဒီနေ့ကပဲ ဆုံးဖြတ်ချ ချပစ်လိုက်တော့တယ်။

 အပိုင်း(၄) ..ဆက်ရန်

No comments: