Saturday 4 June 2022

ဦးအောင်သင်းကို မော့ကြည့်ခြင်း



  ကျွန်တော့် ကလောင်ကလေးနှင့်များဦးအောင်သင်းအကြောင်းရေးချင်သေးသလားဟု မေးလာလျှင် ဟုတ်ကဲ့ ကျွန်တော့်ကလောင်နှင့်ပင် ဦးအောင်သင်းအကြာင်းကို ရေးချင်ပါသည် ဟု ဖြေပါရစေတော့။


  ........................


  ဦးအောင်သင်းဆိုသော နာမည်ကို စတင်ကြားဖူးခဲ့သောအချိန်မှာ ကျွန်တော်က ရှစ်တန်းကျောင်းသား အရွယ်မျှပင် ရှိ ပါသေး၏။ တကယ်တွေးကြည့်လျှင် ရှစ်တန်းကျောင်းသားအရွယ်သည် ဦးအောင်သင်းကိုလည်းကောင်း ဦးအောင်သင်း၏စာများကိုလည်းကောင်းအများကြီးမဟုတ်တောင် အတန်အသင့်တော့ သိနေသင့်ပြီဟု ကျွန်တော်ယူဆပါသည်။ 


  သို့သော် ကျွန်တော်၏ ရှစ်တန်းကျောင်းသားဘဝမှာ ဘောလုံးနှင့် ဗွီဒီယို ကလွဲ၍အခြားဘာမှမသိခဲ့ပါ။ ထိုမျှဆိုလျှင် ကျွန်တော်၏ငယ်ဘဝကို အနီးစပ်ဆုံးသုံးသပ်နိုင်ပြီဟု ထင်ပါသည်။ စာမဖတ်ဘူးလားဆိုတော့ဖတ်နေပါပြီ။ သို့သော်ဦးအောင်သင်း၏စာတွေကိုတော့ဖြင့်မဖတ်ဖူးသေးပါ။


  တစ်နေ့ကျွန်တော်တို့ကျောင်း (အထက ၂၊တောင်တွင်းကြီး)တွင် သတင်းတစ်ခု ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေကြပါသည်။ ကျွန်တော်တို့ကျောင်းသို့ ``တောင်တွင်းအောင်သင်း``ဆိုသော စာရေးဆရာတစ်ယောက် လာရောက်ဟောပြောလိမ့်မည်။ ကျွန်တော်တို့ကမဖြစ်မနေ နားထောင်ရမည် ဟု လည်း ပြောကြပါသည်။အချို့ကစာမသင်ရသဖြင့်ပျော်ကြ၏။ အချို့က အတန်းထဲစာသင်သကဲ့သို့မလွတ်လပ်မှာကိုတွေးပြီးစိတ်ညစ်ကြသည်။ စိတ်ညစ်သည့် အထဲတွင်ကျွန်တော်သည်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါ၏။


  တကယ်လည်း နေ့လည်တစ်နာရီထမင်းစားကျောင်းပြန်တက်သည့်အခါမတော့ ကျောင်းခန်းမတွင် သွားရောက်၍ ငယ်စဉ်ကြီးလိုက် စီတန်းပြီးထိုင်ရပါသည်။ မူလတန်းများမပါဝင်သဖြင့် ကျွန်တော်က ရှေ့ဆုံးမှ စရေလျှင် သုံးတန်းမြောက်လောက်မှာ ထိုင်ရပါသည်။ အကောင်ငယ်တာလည်း ပါ ပါလိမ့်မည်။ 


  နေ့ခင်းဘက်လည်းနေ့ခင်းဘက် ၊နေပူပူမှလည်း ပြန်လာကာစဆိုတော့ အတော်ပူအိုက်ပြီး အားလုံးချွေးတစေးစေးနှင့်ဖြစ်နေကြပါသည်။ ဆရာဆရာမများက ဘေးမှနေပြီး "ဟိုကလေးမထနဲ့..ဒီကလေး ငြိမ်ငြိမ်နေ"ဟုကြတ်မတ်လျက်ရှိကြသည်။


  သို့သော်မရပါ။ တစ်ယောက်ယောက်က ''လာပြီ.. လာပြီ'' ဟု အော်လိုက်လျှင်ခေါင်းထောင်ကြည့်လိုက် "လှုပ်လှုပ်... လှုပ်လှုပ်" ဖြစ်လိုက်နှင့် ``တောင်တွင်းအောင်သင်း``ဆိုသော စာရေးဆရာကို မျှော်ရသည်မှာ အညာပွဲတစ်ည၌ မင်းသားထွက်အလာကိုမျှော်ရသည်နှင့် တူလှပါ၏။ 


  ကျွန်တော်ကတော့ ဘယ်အချိန် အတန်းပိုင်ဆရာမလစ်မလဲ ဟုသာ အသံတိတ်ချောင်းနေမိခဲ့သည်။ ထိုအချိန်မှာပင် ''ဦးအောင်သင်း လာပြီ ...သားတို့သမီးတို့ငြိမ်ငြိမ်နေ" ဟူသော ဆရာတစ်ယောက်၏ အသံထွက်လာလေ၏။ ဆရာက" ငြိမ် "ဟု အော်လိုက်မှ ကျောင်သားများကဆတ်ခနဲ ဒူးထောက်ကာ ထကြည့်ကြပါတော့သည်။ ကျွန်တော်မည်မျှ လျှင်သနည်းကြည့်ပါလေ။ ကျောင်းသားများကြားထဲမှ လေးဘက်ထောက်ကာထောက်ကာဖြင့် လှေကားနှင့်နီးသောအပေါက်ဝမှာ အသာသွားကပ်နေလိုက်သည်။ ဗြုန်းဆို လူအုပ်ကြီးတစ်အုပ် ကျောင်းပေါ်ရောက်လာသည်နှင့် လှေကားမှ ဒရောသောပါး ပြေးဆင်းလာခဲ့တော့၏။``တောင်တွင်းအောင်သင်း``ဆိုတာ ဘာသားနှင့်ထုထားသည့် လူတစ်ယောက် ဆိုတာကိုပင် မသိခဲ့။ လှေကားထစ်များနှင့် ကျွန်တော့်ခြေထောက်တို့သည်ပင် ထိလေသည်လား ကျွန်တော် မပြောတတ်တော့။


  သေချာသည်ကတော့ ထိုနေ့က ``တောင်တွင်းအောင်သင်း ``ဆိုသော စာရေးဆရာ ရန်မှ လွတ်မြောက်အောင် ကြံစည် အားထုတ် နိုင်ခဲ့သည့်အတွက် ကျွန်တော့်ကို ကျွန်တော် အလွန်ဂုဏ်ယူနေမိတာတော့ သေချာပါသည်။

 

  ........................


  ကျွန်တော့်ဘဝ၏နောင်တရစရာ နေ့ရက် များထဲတွင် ထိုနေ့ သည်လည်းအပါအဝင်ဖြစ်ကြောင်း လူတောထဲတိုးဝင်ခဲ့ရသည့် ကာလများ၌ ကျွန်တော်သိလာ နားလည်လာ ခဲ့ရပါသည်။ကျောင်းသားအရွယ်က တွေ့မြင်ရမည်ဖြစ်သော ဆရာ ဦးအောင် သင်း၏ ဖျတ်လတ်တက်ကြွမှု တို့ကို အခု ချိန်မှာ ကျွန်တော် မြင်ချင်ကြားချင်နေမိသည်။ ကလေးသာသာ ကျောင်းသားလေးများဖြစ်သော ကျွန်တော်တို့ကို ဆရာ ဦးအောင်သင်း ဘာတွေများ မျှဝေသွားခဲ့ပါသလဲ။ ဘာတွေ ဝေမျှ ချင်ခဲ့ပါသလဲ။ ကျွန်တော်အလွန်သိချင်နေသော်လည်းပြန်မရနိုင်တော့ပါ။ ကျွန်တော် စာတွေဖတ်ဖြစ်လာလေဆရာ ဦးအောင်သင်းနှင့်လွဲခဲ့ရလေအောင် အားထုတ်မိသည့်အတွက် ကိုယ့်ကိုယ်ကို အားမလိုအားမရ၊ ပြစ်တင်ဝေဖန်မိလေ ဖြစ်ဖြစ်နေခဲ့ရပါသည်။ ကျွန်တော့်အဖြစ်က သိကြားမင်းက ရွှေထုတ်ကြီးရှေ့တွင်ချပေးသည်ကိုမော့ပြီးလမ်းလျှောက်လာသည့် လူနုံလူအတစ်ယောက်အဖြစ်ပမာ ရင်နာစရာကြီးဖြစ်တော့၏


  သို့သော် ဆရာ ဦးအောင်သင်းနှင့်ပတ်သက်ပြီး ကံတရားကြီးက ကျွန်တော့် အတွက်နောက်ဆုံးနှင့် အရင်ဦးဆုံးအခွင့်အရေးတစ်ခုကိုတော့ ပေးခဲ့ပါသေးသည်။ ထိုအခွင့်အရေးကိုတော့ဖြင့် ကျွန်တော်ကလည်း ကံကောင်းထောက်မစွာဖြင့် အမိအရ ယူနိုင်ခဲ့ပါ၏။


  ထို့အတွက်ကိုတော့ဖြင့် ကျွန်တော်ဘယ်တော့မှ နောင်တရနေရလိမ့်မည်မဟုတ်ကြောင်း အခိုင်အမာပြောရဲပါသည်။ 


  ...............................


  ``ဖျန်း...ဖျန်...ဖျန်း...``


  ကျွန်တော် သူ့အနားကပ်လိုက်လျှင် ကပ်လိုက်ချင်း သူ၏ ညာဘက်လက်က လေထဲမြောက်တက်သွားပြီး ကျွန်တော့်ဘယ်ဘက်ပါးပေါ်သုံးကြိမ်ဆက်တိုက် အရှိန်ပြင်းပြင်းနှင့် ကျလာခဲ့ပါသည်။ကျွန်တော့် ဘယ်ဘက်ပါးသည် ဖျင်းခနဲ ဖျင်းခနဲပူဆင်းသွားခဲ့ပါ၏။ကျွန်တော့်ဘဝတွင် ကျွန်တော်နှင့်လည်းတစ်ခါမှ မရင်းနှီး ၊ကျွန်တော် ကလည်း ဘာအပြစ်မှ လုပ်မထားပါဘဲ ကျွန်တော့်ကို စတွေ့တွေ့ချင်း ယခုကဲ့သို့ပါးရိုက်မည် ဟု ဆိုလျှင် ထိုသူ့ကိုထိုနေရာတွင်ပင် အသက်ချင်းလဲပစ်လိုက်မိမည်မှာ အလွန့်အလွန်ကို သေချာပါသည်။


  သို့သော် လက်တွေ့တွင် ကျွန်တော့်အနေဖြင့် အသက်ချင်းလဲဖို့မဆိုထားနှင့် မော့၍ပင်မကြည့်ရဲခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုသူ မှာ ဆရာကြီး ဦးအောင်သင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။


  ``ငါ.. မင်းလို ပြန်ငယ်ချင်တယ် ကွာ``

  ``ငါ.. မင်းလိုပြန်ငယ်ချင်တယ် ကွာ``

  `` ငါ.. မင်းလို ပြန်ငယ်ချင်တယ် ကွာ``


  အသက် ရှစ်ဆယ့်ခြောက်နှစ်အရွယ် အဘိုးအိုက ထို စကားတစ်ခွန်းတည်းကို အားမာန်အပြည့်နှင့် သုံးကြိမ်ဆက်တိုက် ပြောခဲ့ပါသည်။ မလေးရှားနိုင်ငံသို့စာပေဟောပြောရန်ရောက်လာခဲ့ သော ဆရာကြီး ဦးအောင်သင်းနှင့် စာရေးဖို့ကလွဲပြီး ဘာမှမသိသေးသည့် လူငယ်လေး တစ်ယောက်၏ ပထမဦးဆုံးတွေ့ဆုံပွဲဖြစ်ပါ၏။ 


  နေရာက ကိုတာရာယာ ကုန်တိုက်အနီးမှ ``ဇေယျာ`` ဆိုသောမြန်မာဆိုင်တစ်ဆိုင်၏ စားသောက်ခန်းထဲတွင် ဖြစ်သည်။ ဆရာကြီး ဦးအောင်သင်းက ထောင့်အကျဆုံးသောစားပွဲ၏ ထိပ်တည့်တည့်တွင်နုံးခွေခွေလေးထိုင်နေပြီး ဆရာမ နုနုရည် (အင်းဝ) ဆရာ ကျော်ဝင်း ၊ဆရာ ကာတွန်းအော်ပီကျယ်တို့လည်းအတူရှိနေခဲ့ကြသည်။


  ဆရာကြီးဦးအောင်သင်းအတွက် အစားအစာများကို သီးခြားစီစဉ်ပေးထားခဲ့သော်လည်း ``သိပ်မစားနိုင်``ဟု ဆိုကာ ဆရာကြီးက တို့ရုံသာ တို့ကြည့်လေသည်။ ကျွန်တော်ကဆရာကြီး ဦးအောင်သင်း ထိုင်နေသော ခုံဘေးမှာ ဒူးဒေါက်လျက်။ ကျွန်တော့်ပါးသည် ဆရာကြီး၏ လက်ဝါးရာတို့ဖြင့် နီစွေးလျက်။

 

  စားသောက်ပြီးကြတော့ ဆရာ၊ ဆရာမတို့ကို တည်းခိုမည့် ဟော်တယ် ဆီသို့လိုက်ပို့ကြရသည်။ ဆရာကြီး ဦးအောင်သင်းက တစ်ခန်းလုံးတွင်တစ်ယောက်တည်း အခန်းထဲရောက်တော့ အသက် ရှစ်ဆယ့်ခြောက်နှစ်အရွယ် ဆရာကြီး၏ တစ်ယောက်တည်းနေရမှုကို စိုးရိမ်မိသော်ည်းဆရာက ``ငါတစ်ယောက်တည်းနေချင်လို့နေတာ ``ဟု ဆိုသဖြင့် အသာနှုတ်ဆိတ်နေလိုက်ရတော့သည်။ 


  ဆရာ ကြီး အနားမှာ သိပ်ကြာကြာနေခွင့်မရလိုက်ရပါ။ဆရာကြီးက ``နားချင်ပြီ ``ဟု ဆိုသဖြင့် မနက်ဖြန်မှ စောစောလာပါမည့်အကြောင်းပြောကာ နှုတ်ဆက်ပြီး ပြန်ခဲ့ရတော့သည်။ 


  ထိုမနက်ဖြန်သည် ကျွန်တော့်အတွက် သိပ်ကိုအရေးပါလွန်း ခဲ့သည် ဆိုတာကိုမူ ထိုနေ့က ကျွန်တော်ကိုယ်တိုင်ပင်လျှင် မသိခဲ့ရိုး အမှန်။


  ...................................


  နောက်တစ်နေ့၏နံနက်ခင်းတွင်ကား ဆရာကြီးတို့၏ တည်းခိုရာသို့ သွားသည့်သူမှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ပေ။ ကျွန်တော် နှင့်အတူ စာဖတ်ဖော်သူငယ်ချင်းများဖြစ်သော လင်းလက်တာရာ၊ ရာဇာမျိုး (အင်းကုန်း)တို့လည်း တစ်နေရာစီမှ လာ ကာ ချိန်းဆို သွားရောက်ခဲ့ကြသည်။ 


  ဆရာကြီး ဦးအောင်သင်းသည် ဖြူလွှလွှ မွေ့ယာပေါ်တွင် ပက်လက်ကလေး လှဲနေလေ၏။ အနွေးထည် အညိုလေးကိုဝတ်ထားပြီး ဘယ်ဘက်ခြေထောက်ပေါ်သို့ ညာဘက်ခြေထောက်အား တင်ထားကာ လက်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်ထားလေသည်။ 


  ဆရာကြီး၏ဘေးနားတွင် ကပ်လျက်ထိုင်မိကြသည်နှင့် ကျွန်တော်တို့က တစ်ယောက်ချင်းစီ ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပေးကြရသည်။ 

ဆရာကြီးက "အဟင်း...အဟင်း" နှင့်ချောင်းဟန့်ကာ ခေါင်းရင်းဘက်မှ ဖန်ခွက်ကလေးကို လှမ်းဆွဲသည်နှင့် ကျွန်တော်က အလိုက်သတိယူကာ ရေဇလားကို အဖုံးဖွင့်လိုက်၏။ 


  ``မဟုတ်ဘူး...မဟုတ်ဘူး...``


 ဆရာကြီးက အတင်းတားပြီး ခြေရင်းဘက်သို့လက်ညှိုးညွှန်သဖြင့် ကြည့်လိုက်တော့ အနီပုလင်း။ သိပ်များများစားစားပင်မကျန်တော့ပေ။ကျွန်တော်လည်း အသာငှဲ့ပေးလိုက် ရသည်။ ကျွန်တော်နှင့်အတူလာသူ နှစ်ယောက်ကိုကြည့်တော့ သူတို့နှစ်ယောက်က ခေါင်းများကိုအောက်ငုံ့ကာပြုံးနေကြလေသည်။ ကျွန်တော်လည်းပြုံးချင်သော်ငြား မပြုံးရဲပါပေ။ မျက်နှာကို တည်ကာ အသာ ငြိမ်နေလိုက်ရ၏။


  ဆရာကြီးက အနီကလေးကို အနည်းငယ်သာ အာဆွတ်ပြီး "အဟမ်း...အဟမ်း "နှင့် ပြန် လုပ်လာ တော့မှ ခွင့်တောင်းကာ ဖုန်းအသံသွင်းခလုပ်ကို ဖွင့်ပြီး ဆရာကြီးရင်ဘတ်ပေါ် အသာတင်ထားလိုက်မိသည်။


  ``လောကကို မေတ္တာထားတဲ့ စာရေးဆရာဟာ... ကြာရှည်ကို ခံတယ်``


  ဆရာကြီးထံမှ ပထမဆုံးကြားခွင့်ရသော စကားမှာ ထိုစကားဖြစ်ပါသည် ဆရာကြီး၏အသံသည် ကြည်၏ ။ဆရာကြီးမျက်လုံးတို့ကား အရောင်ဖိတ်ဖိတ် လက်နေကြလေ၏


  ``မင်းတို့နောက်ကျနေတော့ တွေ့လာလိမ့်မယ် ။လောကကို ..ပတ်ဝန်းကျင်ကို မေတ္တာထားတဲ့ စာရေးဆရာတွေက ဘယ်လိုဟာမျိုးလဲဆိုတော့...ကိုယ်စောက်သုံးမကျတဲ့ကိစ္စကို ပြန်ပြီးတော့ ..ကျွန်တော် ဒီလိုစောက်သုံးမကျပါဘူးလို့.. ဆိုတာ တိုက်ရိုက်မပြောရင်တောင်မှ အဲဒီဥစ္စာ ပြန်ဝန်ခံတယ် ။ပြောချင်မှ ပြောမယ် တိုက်ရိုက်ပြောချင်မှ ပြောမယ် ။ဒါပေမယ့်...ဒါမကောင်းဘူး ဒါကောင်းတယ် ..အဲဒါပြောတတ်တယ် ။အဲဒီစာပေအားဖြင့် အကုန်လုံးခြုံလိုက်လို့ရှိရင်... လောကကို မေတ္တာပွားတတ်တဲ့စာရေးဆရာတွေဟာ ကြာရှည်ခံလေ့ရှိတယ် ။အဲဒီ လောကကိုလည်း မေတ္တာထားရမှန်းမသိ..ဘာမှန်းလည်း မသိ ..ညာမှန်းလည်းမသိ.. ကယောက်ကတန်းနဲ့လျှောက်ရေးတဲ့ စာရေးဆရာတွေဟာ ဘယ်တော့မှကြာရှည်မခံဘူး


  ``ငါ တကယ်တွေ့ခဲ့တာတွေပါ။ ဥပမာ ဆိုပါတော့ကွာ...နမူနာတစ်ခုတင်ပြောမယ်..။ဒါ..နာမည်တွေတော့ မပြောတော့ပါဘူး..ငါမှတ်မိတယ်။ဘယ်သူလို့တော့ မပြောတော့ဘူး ။ဥပမာ ဆိုပါတော့..အမှောင်ခန်းတွေ ရေးကြတာ..ကာမ ယာဂ ကိစ္စမျိုး..အဲဒါမျိုးရေးတဲ့ စာရေးဆရာတွေက မရှိဘူးလားဆိုတော့ ရှိတယ် ။သူတို့ခေတ် သူတို့အခါလေးထဲမှာ ခဏတဖြုတ်ရောင်းပန်းမပွင့်ဘူးလား ဆိုတော့ ..ပွင့်တယ် နာမည်တော့ ဘာဖြစ်လဲ။ နာမည်က ပျက်သွားတယ် ။ကာမရာဂ အခန်းဆိုတော့ ကောင်လေးတွေ ကြိုက်တာပေါ့ကွ ကာလသားတွေ ကြိုက်တာပေါ့ အဲဒါကို အကြိုက်လိုက်ရေးတဲ့ စာရေးဆရာတွေ ..ငါ..တော်တော်များများ ကြုံခဲ့ဖူးတယ် ။ပြီးတော့ စာဖတ်တဲ့လူကအစ ကောင်လေးဖြစ်စေ ကောင်မလေးဖြစ်စေ..ဖတ်တော့ ဖတ်တယ်..အငမ်းမရဖတ်တယ် ။ဒါပေမယ့်..ဘယ်တော့မှ အထင်မကြီးဘူး ။အဲဒီ ကောင်လေးတွေ ကိုယ်တိုင်ကကို အထင်မကြီးဘူး ။အဲဒီလိုတွေနဲ့ပျောက်သွားတဲ့စာရေးဆရာတွေ ငါကြုံခဲ့ဖူးပြီ ။တကယ့်ကိုပြောတာပါ


  ဆရာကြီးက ပြောလက်စ စကားကို ခဏရပ်ပြီး အနားမှ အနီခွက်ကလေးဆီသို့လက်လှမ်းလိုက်ပြန်သဖြင့် ကျွန်တော်က ခွက်ကလေးကို ယူကာ ဆရာကြီးထံကမ်းပေးလိုက်ရပြန်သည် ။ဆရာကြီးက သိပ်အများကြီးတော့ မဟုတ် နည်းနည်း မြုံ့လိုက်ပြန်၏


  ``စာရေးရာမှာ နှစ်မျိုးရှိတယ်... တစ်မျိုးက ဘာလဲဆိုတော့ ..မင်းတို့အင်္ဂလိပ်စာ တော်တော်ဖတ်နိုင်လား.. မဖတ်နိုင်လား...ငါ မသိဘူး ။ဖတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။မဖတ်နိုင်လို့ရှိရင်.. လွတ်တဲ့ နည်းက ငါပြောမလို့..အဲဒီ ဘာသာပြန်ကောင်းကောင်းတွေကို မင်းတို့ရှာဖတ်ကြ ။အဲဒီလို ဖတ်ခြင်းအား ဖြင့် ..မင်းတို့ကမ္ဘာ့စာပေကို မင်းတို့ကျွမ်းငြိလာလိမ့်မယ်.. ဘာသာပြန်စာပေမှာလည်း နှစ်မျိုးရှိတယ်.. တစ်မျိုးက ဘာလဲဆိုတော့ creative writingလို့ခေါ်တဲ့ ဝတ္ထုလို ဟာမျိုးတွေ..နောက်တစ်မျိုးက နိုင်ငံရေးလို ဟာမျိုးတွေ.။ မင်းတို့က စာရေးချင်တဲ့ကောင်တွေ.. creative writing လို့ခေါ်တဲ့ ကမ္ဘာ့စာပေထဲမှာပါတဲ့ ဂန္တဝင်ပြောင်မြောက်ပါတယ် ဆိုတဲ့..ဝတ္ထုတွေကို မင်းတို့ရှာဖတ်ကြ ။နားလည်လား။အဲဒါ မင်းတို့အတွက် သိပ်အထောက်အပံ့ဖြစ်လိမ့်မယ် ။ပြီးတော့မှ ဘယ်လိုရေးရမယ်..သူ ဘယ်လိုရေးသွားတယ်ဆို တာ..ငါပြောလို့မရဘူး.. ဖတ်ရင်းဖတ်ရင်း မင်းတို့သိသွားလိမ့်မယ်


  ``ငါကိုယ်တိုင်လည်းပဲ..။ဒီလို..ပြောရမယ် ဆိုလို့ရှိရင်.. ကမ္ဘာ့ ဂန္တဝင် ဝတ္ထုတွေကို သူများ ဘာသာပြန်တာတွေ ဖတ်ခဲ့တာပါ ။ဒါပေမဲ့..နောက်ကျတော့မှ ငါကိုယ်တိုင် အင်္ဂလိပ်စာ ဖတ်နိုင်လာတော့မှ ဖတ်ခဲ့တာ။ ပြီးတော့မှ အဲဒါတင်မကဘဲနဲ့ အဲဒီအင်္ဂလိပ်ဝတ္ထုတွေကို ပြန်ပြီးတော့ သုံးသပ်ထားတဲ့ တခြားစာပေဝေဖန်ရေးဆရာတွေနဲ့စာပေသဘောတရားသုံးသပ်တဲ့ သူတွေရဲ့စာအုပ်တွေကို ဖတ်ခဲ့တာ ။အဲဒီမှာကျတော့ အင်္ဂလိပ်လိုချည်း ဖြစ်သွားပြီ ။ငါ..အဲဒီလိုနဲ့ပဲ အကြိုက်ဆုံး ဝတ္ထုတိုတို့ ဘာတို့ဆိုတာတွေ ငါရေးခဲ့တာ။ရေးခဲ့တယ် ဆိုတာ..ခုထက်ထိ ငါ့ကိုကျော်နိုင်တဲ့ သူ တစ်ယောက်မှမရှိသေးဘူး ။ကြိုးစားသူတို့ရေးကြပါတယ် ။မရဘူး..သူတို့ ငါ့ကိုမကျော်နိုင်ဘူး


  ``ပြောချင်တဲ့ အဓိပ္ပါယ်က လုပ်ပြီဆိုလို့ရှိရင် အဲဒါကို သေချာ ကျကျနန ပြတ်ပြတ်သားသား လုပ်ရတယ် ။ဒါပေမယ့် မင်းလုပ်တဲ့ အတွက်ကြောင့် မင်းကလောင်က အောင်မြင်ချင်အောင်မြင်မယ်.. မအောင်မြင်ချင် မအောင်မြင်ဘူး ။ငါမသိဘူး ...မပြောနိုင်ဘူး ။ဒါပေမယ့်သေချာတာတစ်ခုကတော့ မင်းစာရိတ္တ မပျက်တော့ဘူး ........မင်းစာရိတ္တမပျက်တော့ဘူး ။အဲဒါတော့ သေချာတယ်


  ``ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားမှာ ခုရောက်နေတာ..စာရိတ္တပျက်ပျက်သွားတာတွေ တစ်ပုံကြီး..ဘဝပျက်သွားတာတွေလည်း တစ်ပုံကြီးပဲ ။သို့ပေမယ်လို့သူတို့က တို့ကယ်လို့ရတာမဟုတ်ဘူး ။ငါဟောပြောတယ်...။ ငါ.. I never expected too much..။ အများကြီး ဘယ်တော့မှ မမျှော်လင့်ဘူး ။ဟောပြောတဲ့ ပွဲတွေမှာ လာတဲ့အထဲထဲမှာ တစ်ရာမှာ ဆယ်ယောက် ..၊များလွန်းတယ်..ငါးယောက် ။ဒါတောင် နည်းနည်းများလွန်းသေးတယ် ။နှစ်ယောက် သုံးယောက် ..ဒီလောက်ပဲ မျှော်လင့်တယ် ။ဘယ်တော့မှ အများကြီးမမျှော်လင့်နဲ့ ။များသောအားဖြင့် လူတော်တော်များများ ဟာ ပျက်ဖို့ဘက်ကို ဦးတည်တဲ့ လူက များတယ် ။လူငယ်တော်တော် များများဟာ အဲဒီအတိုင်းပဲ ။ငါ.. ဒါကြောင့်မို့လို့ ဘယ်တော့မှ မမျှော်လင့်ဘူး ဒါပေမယ့် တစ်ရာမှာ နှစ်ယောက် ၊သုံးယောက်..လေးယောက်..အဲဒါဟာ အမြတ်အများဆုံး ။တော့်တော့်ကို အောင်မြင်တဲ့ပွဲ ။အောင်သင်းရဲ့ပွဲထဲမှာ တော်တော်အောင်မြင်တဲ့ပွဲ


  ``မင်းတို့ကို တစ်ခုပြောချင်တာက ..မင်းတို့ကို ငါပြောလိုက်ချင်တဲ့ ဥစ္စာက ...မင်းတို့အဲဒီ စာကောင်းပေမွန်လို့ကမ္ဘာက သတ်မှတ်တဲ့ စာအုပ်တွေကို အစွမ်းကုန်ဖတ်ပါ ။နော်..ပထမတစ်ချက်က.. အဲဒါ ဖတ်ပါ ။နောက်တစ်ခုက မင်းတို့ကို မင်းတို့ပြန်ရှာပါ ။ငါ ဘယ်လိုခံခဲ့ရလဲ.. ငါ ဘယ်လို ဒုက္ခရောက်ခဲ့ရလဲ ။ငါ ဘယ်လို စောက်သုံးမကျခဲ့သလဲ။အဲဒီမှာ အရေးအကြီးဆုံးက ကိုယ်စောက်သုံးမကျခဲ့တဲ့ ကိုယ့်ဥစ္စာကို ပြန်တွေအောင်ရှာပါ ။ရှာပြီးတော့..အဲဒီဥစ္စာကို ပြန်ပြီးတော့ မင်းတို့ကြိုးစားပါ ။ကိုယ်ညံ့ခဲ့တဲ့ ဥစ္စာကို ပြန်ရှာပါ ။အဲဒါ ပြန်ပြီးတော့ ဘယ်လိုရေးမလဲဆိုတာ တင်ပြပုံ တင်ပြနည်း ကျတော့ ငါမပြောတတ်ဘူး ။မင်းဟာနဲ့မင်းတွေ့လာလိမ့်မယ် ။ဒါပေမယ့် စေတနာကတော့ အဲဒီအတိုင်းထား ။စေတနာ အရေးကြီးတယ်

 

  ``စာရေးတဲ့ အခါမှာ ...မင်းစာရေးချင်ပြီဆိုရင် အရေးအကြီးဆုံးက စေတနာပဲ အဲဒီစေတနာဆိုတာ ပြောလိုက်တော့ ဘာမှလည်း မခက်ဘူး ။လွယ်လွယ်လေးရယ် ။ဘယ်တော့မှ မမှားတဲ့ ဟာတစ်ခု ငါပြောပြမယ် ။အဲဒါဘာလဲဆိုတော့ ..ဗမာလို ဆိုရင် ရိုးရိုးလေးဖြစ်တယ် ။မေတ္တာစိတ်ဓာတ်၊ ဂရုဏာ စိတ်ဓာတ် မုဒိတာ စိတ်ဓာတ်။အဲဒီဟာ အရေးကြီးဆုံးပဲ ။အဲဒီကနေ ပွားပြီးတော့ မင်းရေး ။အဲဒါကမင်း..စာရေးတဲ့ အခါမှာ သိပ်အောင်မြင်တဲ့ လက္ခဏာဟာ အဲဒါတွေပဲ


  ``ပထမဆုံးအရေးကြီးဆုံးအချက်ကတော့ မင်းမှာ တစ်ခုခုပေါ့..စိတ်ချမ်းသာမှု ဖြစ်တဲ့ကိစ္စမှာ .သို့မဟုတ်လို့ရှိရင် စိတ်ဆင်းရဲခြင်း ဖြစ်တဲ့ကိစ္စမှာ မျှဝေပါ ။အဲဒါမျိုးမပါဘဲနဲ့အတွေ့အကြုံတွေရေးတာကော မရဘူးလားဆိုတော့ ရတယ် ။သိပ္ပံမောင်ဝ မင်းတို့ဖတ်ကြည့်ရမယ့် ကိစ္စက..။စာရေးဆရာတွေထဲမှာ ငါပြောလိုက်မယ် ။အရေးအကြီးဆုံး ဖတ်စေချင်တဲ့ ကိစ္စက ဘယ်သူတွေလဲ ဆိုတော့..သိပ္ပံမောင်ဝ နောက်တစ်ယောက်က ဇေယျ ၊နောက်တစ်ယောက်က ဆရာကြီးရွှေဥဒေါင်း..အဲဒီ သုံးယောက်ကို သေချာဖတ်ပါ


  ``အဲဒီထက် ပိုပြီးတော့ ရသစာပေရဲ့သဘောကို သွားချင်လို့ရှိရင် ဆရာ ဇော်ဂျီရယ် မင်းသုဝဏ်ရယ် ..အဲဒီနှစ်ယောက်ကို ဖတ်ပါ ။သေချာဖတ် ။ပေါ့တိပေါ့ဆ မလုပ်နဲ့။သေချာဖတ် ။ဘာကြောင့်လဲဆိုတော့ ငါမင်းတို့ကို နိုင်ငံခြားမှာ ရောက်နေတဲ့ အတွက်ကြောင့်..မင်းတို့ကို ကြီးပွားစေချင်လို့ငါပြောတာ


  ``ပထမ သိပ္ပံမောင်ဝ ၊ဒုတိယ ဆရာဇေယျ ၊နောက် တတိယ ဆရာကြီး ရွှေဥဒေါင်း ။နောက်တစ်ခုက ရသစာပေ အဖွဲ့အနွဲ့အတွက်ကို မင်းသုဝဏ် ဇော်ဂျီ ၊ငါးယောက်ကို သေချာဖတ် ။မင်းသုဝဏ် ကဗျာတွေကို ငါပြောတာမဟုတ်ဘူး ဆောင်းပါးတွေကို ဖတ်ပါ ။ဇော်ဂျီ ..ဆောင်းပါးတွေကို ဖတ်ပါ ။သေချာ ဂရုစိုက်ဖတ် ။ဖတ်လို့ရှိရင် မင်းတို့ကိုယ် မင်းတို့ပြန်ပြီး စူးစမ်းတတ် လာလိမ့်မယ် ဒါဟာ အရေးကြီးတယ်


  ``ငါ မင်းတို့ကို လက်ချာပေးသလို ဖြစ်နေတယ်..နော် ။ဒါပေမယ့် လက်ချာပဲ ။မင်းတို့ကို တက္ကသိုလ် သင်နည်းသင်နေတာ


  ``မင်း..ရသစာပေကို ရေးချင်လား..ဆောင်းပါးရေးချင်လား ။ရေးချင်တာရေးပါ ။အဲဒီ ပြောတဲ့ ငါးယောက်ကို လက်မလွှတ်ပါနဲ့။မင်းကိုယ်မင်းတွေ့လာလိမ့်မယ် ။ငါ..ဘာရေးချင်တယ် ဆိုတာတွေ့လာလိမ့်မယ် ။စာရေးတယ် ဆိုတာ ရုတ်တရက် ကြည့်လိုက်ရင် ပေါ့သေးသေးထင်ရတယ် ။ကိုယ့်ကိုယ်ကို တွေ့ရတယ် ။ you must try to discovery of source ။ မင်းကိုမင်းတွေ့အောင်ရှာပါ ။မရှာရင် ဘယ်တော့မှ စာကောင်းမထွက်ဘူး ။အဆင့်မြင့်တဲ့စာ မထွက်ဘူး


  ``ဥပမာ မင်း.. ပီနန်မှာ သွားတဲ့ သင်္ဘောလေး တွေ့မယ် ။ဘာလေးတွေ့မယ် ညာလေးတွေ့မယ် ။ရေးပါ ။ဒါပေမယ့် အဲဒီအထဲမှာ မင်းခံစားမှုပါရမယ် ။ဒီကနေသွားတဲ့ ပီနန်သင်္ဘောလေးတွေ ဥပမာ ဆိုပါတော့ ငါလှမ်းမြင်ရတာလေးတွေ ..ငါ့စိတ်ထဲမှာ လှမ်းပြီး...တစ်ရပ်တစ်ရွာတွေ သွားကြလာကြတာ..။ငါ့ကိုငါ ပြန်ရှာတယ် ။ငါ့ခံစားမှုကို ပြန်ရှာတယ်

အဲဒီလို မရှာဘဲနဲ့...ပီနန်သွားတဲ့ သင်္ဘောပေါ့ကွ ။ဘာအရေးကြီးလဲ ။ထားပါ..မင်းလိုက်ဖူးသလား ။မလိုက်ဖူးဘူး ။ဒီကနေ လှမ်းမြင်ရတာလား ။လှမ်းမြင်ရတယ်...သွားပြီ...မင်းခံစားမှုကို ပြန်ရေး ။အဲဒါ စာဖြစ်တယ်


``ငါ ဆိုလို့ရှိရင်ခု ..ပြန်သွားလို့ရှိရင်..စာလေးတွေ ဘာလေးတွေ ဝတ္ထု လေးတွေ ဖြစ်တော့မှာ ။ဖြစ်တော့မှာ ဘာကြောင့်လဲ ဆိုတော့ ငါ..ဒီမှာ ရှိတဲ့ ကလေးတွေ ခံစားနေရတဲ့ ဥစ္စာကို လှမ်း ခံစားမိတာကို . ငါ့ကို လာကန်တော့ကြတယ် ။ငိုကြတယ် ။သူတို့ အန်ပေါင်းပေးသလိုပေါ့ ...စာအိတ်ကလေးတွေနဲ့ပေးကြတယ် ။တစ်ချို့လည်း တစ်ကျပ် နှစ်ကျပ်ပါ ။ရင်းဂစ် တစ်ကျပ် နှစ်ကျပ်ပါ..မများပါဘူး။ ဒါပေမယ့် ငါ့စိတ်ထဲ ခံစားမိတဲ့ဥစ္စာလေးက ..သူတို့က သူတို့ရဲ့အဖိုး.. သူတို့ရဲ့ဘကြီး..ဘထွေး..ဝေးနေတာ ငါ့ကို အဲလိုသဘောထားပြီး ကန်တော့တာ။ အဲဒီလို စဉ်းစားလိုက်တဲ့ အခါကျတော့ သူတို့ပေးတဲ့ တစ်ကျပ်ကလေးက ငါ့ရင်ထဲ ထိတယ် ။သူက တစ်နေ့မှ ရင်းဂစ်ဘယ်လောက်ရမှန်းမှ မသိတာ

ကလေးမလေးတစ်ယောက်က ..လာပြီးတော့..ကြည့်လိုက်တော့ မျက်ရည်လေးလည်တော့..သြော်..သမီးရယ် ..ကျေးဇူးတင်လိုက်တာလို့ပြောတော့..ပခုံးပေါ်ခေါင်းတင်ပြီး ရှိုက်ပြီး ငိုတယ် ။ဟာ..ငါ ..အဲဒါ မခံစားနိုင်ဘဲနေမလား

သြော်..သူ့အဖိုး အစား သူ့ဘကြီး ဘထွေးအစား..အစားထိုးပြီးတော့ ငါ့ကို ကန်တော့ တာပါလား.. ဆိုတဲ့အခါကျတော့..သူပေးထားခဲ့တာကတစ်ကျပ်တန်လေးတွေ နှစ်ကျပ်တန်လေးတွေလည်း ပါရဲ့ ။ဒါပေမယ့် ငါ့ရင်ထဲ ထိခိုက်တယ်


  ``အဲဒါ ရေးမှာ ။ရပ်ဝေးမြေခြားတိုင်းတစ်ပါးမှာ နေရသော်လည်းပဲ..လွမ်းတယ် ။ဟုတ်ဘူးလား ။မလွမ်းရဘူးလား လွမ်းတဲ့ အခါကျတော့ရောက်လာတဲ့ အခါ ကြည့်လိုက်တော့..သူတို့ဘကြီး ဘထွေးအရွယ်..ငါ..အောင်သင်းရောက်လာတဲ့ အခါကျတော့ ..ဟာ..ငါ့စိတ်ထဲ ထိခိုက်တယ်


  ``အရေးကြီးတာက မင်းစိတ်ထဲ ဘယ်လောက်ထိခိုက်လဲ ဆိုတာ အရေးကြီးတယ်..စာရေးတယ်ဆိုတာ အဲဒါပဲ ။ငါရေးမှာ။တော်ပြီ ။သူကန်တော့ခဲ့တဲ့ ပိုက်ဆံက တစ်ကျပ်ဖြစ်ဖြစ် နှစ်ကျပ်ဖြစ်ဖြစ် ..လက်ဖက်ရည် တစ်ခွက်ဖိုးလေးပဲ ဖြစ်ဖြစ် ..ငါ့စိတ်ထိခိုက်တယ် ဟုတ်ဘူးလား ။စာရေးတယ် ဆိုတာ မင်းတို့အဲဒါပဲ ။မင်းစိတ်ထဲ ထိခိုက်တဲ့ ဥစ္စာကို သေချာစဉ်းစား ။ပြန်သုံးသပ် ။သုံးသပ်ပြီးတော့မှ တခြားသူ မျှဝေခံစားနိုင်အောင် မင်း ဝေဒနာ ..မင်းဝမ်းနည်းတဲ့ ဝေဒနာ..မင်းဝမ်းသာတဲ့ ဝေဒနာ..အဲဒီဥစ္စာ မျှဝေခံစားနိုင်အောင် ရေးလိုက်ရင်..အဲဒါ စာပဲ


  ``ဒါပေမယ့်..အဲဒီထဲမှာ ရသသဘော ပါသွားတယ် ။ရသ ဆိုတာ အဲဒါပဲ ။ရသ ဆိုလိုက်တဲ့ ကိစ္စက မင်းဝေဒနာကို ခံစားမှုရအောင် ပေးလိုက်တာ


 ``သုတကျ တစ်မျိုးဖြစ်သွားတယ် ။မင်း ပီနန်သွားတဲ့ ဥစ္စာ ..ဘယ်ကနေ သွားရတယ်..ဘယ်လို သွားရတယ် ။ဘယ်လောက်ရောက်တယ် ဒါကျတော့ သုတ ဖြစ်သွားပြီ ။အဲဒီတော့ မင်းတို့က နိုင်ငံခြားမှာ ရောက်နေတဲ့ အခါကျတော့ ..မင်းတို့အဲဒီ နှစ်မျိုးရှိတယ် ။သုတနဲ့ရသ သုတရေးမှာလား ..ရသရေးမှာလား ..ကိုယ့်ကိုယ်ကို စဉ်းစားကြ။ ငါမပြောတတ်ဘူး ။နှစ်မျိုးလုံးရေးလို့ရတယ် ။စဉ်းစားကြပေါ့ အဲဒါ


  ``ငါက စိတ်ထဲမှာ အခုတွေ့တာကကျတော့..ငါ့စိတ်ထဲမှာ ခံစားမိတဲ့ ဥစ္စာကျတော့ မင်းတို့တတွေရဲ့ဘဝကို ငါ..တော်တော့်ကို ခံစားမိတယ် ။ဒါ..ခု လာတဲ့ အလာမှာပြောတာ ။မလွှဲသာလို့ထွက်လာရတာကကိုး ။ငါ..အဲဒါတွေ ရေးမှာ ။ခု..ပြန်သွားလို့ရှိရင် အဲဒီဟာ အတွက်ကို ခေါင်းထဲမှာ ပြင်ဆင်နေပြီ ။ဘာကို ပြင်ဆင်နေလဲ..မင်းတို့ကို စာနာနားလည်သော စိတ်ဓာတ်မျိုး ပီနန်ရောက်နေတဲ့ ကလေးတွေ ကွာလာလမ်ပူရောက်နေတဲ့ ကလေးတွေ မလေးရှားမှာ ရောက်နေတဲ့ ကလေးတွေ အဲဒီကလေးတွေ အကြောင်းကိုငါ ..စာနာတဲ့ စိတ်နဲ့ရေးတော့မှာ ငါ..မင်းတို့ဘဝကို အကုန်လုံးမသိဘူး ။မသိပေမယ့်လို့ သိတဲ့ ဥစ္စာတစ်ချက်က ဘာလဲဆိုတော့ ..တစ်ချက်တည်းရယ် ဒီလိုတော့ တိုက်ရိုက်မရေးဘူးပေါ့ ။နိုင်ငံခြားမှာ မလွှဲသာလို့လာပြီး ကျွန်ခံနေရတာ..မဟုတ်ဘူးလား။ 

မလွှဲသာလို့ကျွန်ခံနေရတာ ။ကိုယ့်ရပ်ကိုယ့်မြေမှာ နေချင်တာပေါ့ ။ကိုယ့်အဖေ..ကိုယ့်အမေနဲ့နေချင်တာပေါ့ နေလို့မှ မရဘဲနဲ့ ။မောင်းထုတ်လိုက်သလို ထွက်ပြေးလာရတာ ။မနေချင်သော်လည်း နေခဲ့ ။မသွားချင်သော်လည်းသွား ။အဲလို လုပ်နေရတဲ့ ဘဝမျိုး မင်းတို့ရောက်နေတာပါ


  ``မျက်နှာငယ်တာပေါ့ ။မဟုတ်ဘူးလား ။ငါ အဲဒါတွေ ခံစားမိတယ် ။အကုန်တော့ ဟုတ်ချင်မှ ဟုတ်မယ် ။ဒါပေမယ့် များသောအားဖြင့်က အဲဒီပုံစံပဲ မလုပ်ချင်ဘဲလုပ် ။အိပ်ယာက မထချင်သော်လည်းထ ။ကိုယ့် အိမ်မှာ ကိုယ်နေတုန်းကတော့ မိဘနဲ့နေတဲ့ အခါတုန်းကတော့ အိပ်ယာကထချင်မှ ထတာပေါ့ ။မအေက ဆဲလား ဆိုလားပြောမှ .. အိပ်ယာ

မင်းတို့ရလို့လား ။ရင်းဂစ်တစ်နေ့ဘယ်လောက် ဒါ မောင်းထုတ်နေတာ မဟုတ်ဘူးလား


  ``မင်းတို့ဘဝကို ငါနားလည်တယ် ။ငါရေးရင် အဲဒါမျိုးတွေ ပါသွားလိမ့်မယ် ။စကားလုံးကတော့ ရင့်ရင့်သီးသီး သုံးချင်မှ သုံးမှာပေါ့ ။ဒါပေမဲ့ ကောင်းတော့လည်း ကောင်းတယ်လို့။ ဘာကောင်းလဲ ဆိုတဲ့ အခါကျတော့ ..မင်းကိုယ်မင်း ခိုင်းရကောင်းမှန်းသိလာတယ် ။နည်းတဲ့ တန်ဖိုးမဟုတ်ဘူးနော် ။ရုတ်တရက် ကြည့်လိုက်ရင် မကောင်းဘူးလို့ထင်ရတယ် ။တကယ်ကောင်းတာ တစ်ချက်က ဘာလဲဆိုတော့ မင်းကိုယ်မင်း ခိုင်းရကောင်းမှန်းသိလာတယ် ။အဲဒီ အမြတ်တွေ ထွက်တယ်နော်


  ထိုအချိန်တွင် ဆရာကြီးအား လာကြိုသော ကားသည် ဟော်တယ်အောက်သို့ရောက်နေပြီး ဖြစ်ကြောင်း သတင်းစကားက ဆရာကြီးနှင့် ကျွန်တော်တို့သုံးယောက်၏ စကားဝိုင်းကလေးဆီသို့ အလျှင်တစော ရောက်လာခဲ့သည်။``ဆရာကြီး...အောက်မှာ ကားရောက်နေပါပြီ..``ဟု ကျွန်တော်ကပြောလိုက်ရတော့သည် ဆရာကြီးက ``ဟုတ်လား `` ဟု ပြန်မေးရင်း ``ဘယ်သွားမှာလဲ ``ဟု ထပ်ဆင့်မေးပြန်သေး၏


  ``နှုတ်ဆက် ညစာ စားပွဲကို သွားဖို့အတွက်ပါ ``ဟု ဖြေလိုက်တော့ လှဲနေရာမှ အားယူထရင်း..ကိုယ့်ကိုယ်ကို ခိုင်းရမယ်။ 

``မင်း..အဲဒီပညာကိုတန်ဖိုးထားနော်..။တစ်သက်လုံးတန်ဖိုးထားနော် ..``ဟု အားအင်အပြည့်နှင့်အော်လိုက်သော ဆရာကြီးအသံက ဟော်တယ် ခန်းထဲတွင် ဟိန်းဟိန်း ညံသွားပြန်၏ ဆရာကြီးသည် မောနေလေပြီ ။သို့သော် စကားသံသည် တိတ်မသွား ပို၍ပင် ကျယ်လောင်လာသေး၏


  ``သား...တစ်သက်လုံးတန်ဖိုးထားနော်..။ငါ့ကိုယ်ငါ ခိုင်းရမယ် ။ငါ့ကိုယ်ငါ မခိုင်းရင် သူများခိုင်းတာ ခံရလိမ့်မယ်...``


  ကျွန်တော်တို့က တစ်ဖက်တစ်ချက်စီမှ တွဲပေးရင်း ဆရာကြီးအား ကုတင်အောက်သို့ဆင်းစေရန်ဖေးကူလိုက်သော အခါ ဆရာကြီးသည် ကုတင်အောက်သို့အလိုက်သင့်ဆင်းလာပြီး ဖြစ်သည် ။ဆရာကြီး၏ စကားသံက မရပ်သေး။ ပြောမြဲ ရှိ၏ အသံကား ပို၍ မာကျောလာသည်။


  ``လူလေး....ယောက်ျားကွ..။ယောက်ျား ။အားမာန်ထားရတယ် ။မင်းကိုယ်မင်း ခိုင်းလိုက်စမ်းပါ ။အောင်သင်းလည်း ငါ့ကိုငါ အများကြီးခိုင်းခဲ့တာနော် ။မင်းတို့ကို ကိုယ်ချင်းမစာလို့ပြောနေတယ် မထင်နဲ့။ငါလည်း ငါ့ကိုယ်ငါ အများကြီး ခိုင်းခဲ့တာ ကြားလား ``


  စကားတို့သည် မရပ် ပြောရင်း အော်ရင်း နှင့် ဆရာကြီးသည် အခန်းတံခါးဝသို့ ရောက် ခဲ့ပြီ ကျွန်တော်က ဆရာကြီး ခြေထောက်အားဖိနပ်စီးပေးလိုက်ရသည် ။ဆရာကြီးသည် ပြောမြဲ...အော်မြဲ


  ``သားတို့ရေ...လူလေးတို့ရေ..မင်းတို့ကို ငါမေ့ချင်မေ့သွားမှာနော် ။ဒါပေမယ့်လို့ မင်းတို့ငါ့ကို မနေ့နဲ့နော် ။မမေ့နဲ့ အထူးသဖြင့် ငါ့ကို...အောင်သင်းဆိုတာကို မေ့ချင်မေ့ပစ်လိုက်စမ်း ။ငါ ပြောလိုက်တဲ့ စကားလုံးတွေ မမေ့ပါနဲ့``


  ထိုစကားသည် နောက်ဆုံးစကားဖြစ်လေ၏ ။လာကြိုသော ကားလေးပေါ်သို့ဆရာကြီးအား တင်ပေးပြီး ကျွန်တော်တို့သည် ကိုယ့်အလုပ်ရှိရာနေရာများဆီသို့ပြန်ခဲ့ကြရလေသည် ။ဆရာကြီးနှင့် ကျွန်တော်တို့၏ တစ်သက်လုံးအတွက် ပထမဦးဆုံးနှင့်နောက်ဆုံးနေ့ပါပေပဲ။


  အလွန်ကြာခဲ့ပါပြီ ။၂၀၁၁ ခုနစ်က ဆိုတော့ ခြောက်နှစ်ကျော်ခဲ့ပြီပဲ ။ထိုစဉ်က ဆရာကြီး ပြောခဲ့သော အသံဖိုင်မှာ သုံးဆယ့်ခုနစ်မိနစ်နှင့်တစ်စက္ကန့်တိတိ ကြာမြင့်၏ ။ကျွန်တော်သည် ထိုအသံဖိုင်လေးအား အချိန်မရွေး နေရာမရွေးနားထောင်ဖြစ်ခဲ့သည် ဖုန်းတွေတစ်လုံးပြီးတစ်လုံး ပြောင်းသော်လည်း ထိုအသံဖိုင်လေးကိုတော့ ဖြင့် ကျွန်တော် ဂရုတစိုက်ထိမ်းသိမ်းထားနိုင်ခဲ့သည် ကျွန်တော် စာရေးပျင်းသည့်အခါ ကျွန်တော် ပျက်စီးခြင်းဆီသို့ဦးတည်နေပြီ ဟု ကိုယ့်ကိုယ်ကို သတိထားမိလာရသည့်အခါ ဆရာကြီး၏ ထိုအသံဖိုင်လေးကို နားထောင်ကာ အားမွေးရ ပြုပြင်ရပါသည် ။အားမာန်အပြည့်နှင့်ဆရာကြီး၏ စကားသံသည်ကျွန်တော့်အား ယခုထိ စောင့်ရှောက်အားပေးနေခဲ့၏ ။ဆရာကြီး၏ ထို သုံးဆယ့်ခုနစ်မိနစ်နှင့်တစ်စက္ကန့်တည်းဟူသော စေတနာဗရပွ တို့ဖြင့်ချစ်မက်စွာ မှာကြားသွန်သင်ခဲ့လေသော အသံဖိုင်လေးသည် ကျွန်တော့်အတွက် လမ်းပြကြယ်


  ဆရာကြီးမရှိသည်မှာလည်း ကြာခဲ့လေပြီ ကျွန်တော်သည် ဆရာကြီးအား မမေ့သလို ဆရာကြီး၏ စကားတို့အားလည်း မမေ့ခဲ့ပါလေ ။တစ်သက်တွင်တစ်ကြိမ်သာတွေ့ခွင့်ရခဲ့၏ ။သို့သော်..ထိုတစ်ကြိမ်သည်ကသာ ကျွန်တော့်အား တစ်သက်လုံးထိမ်းကျောင်းစောင့်ရှောက် လမ်းပြခဲ့ပါသည် ဆိုတာကို ဆရာကြီးသိခဲ့လျှင် ကောင်းကင်အထက် တစ်နေရာရာမှ ဆရာကြီး ကျေနပ်နေလိမ့်မည် ဟု ကျွန်တော် ယုံကြည်နေမိပါသည်


  လူခါး

ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ၊၂၀၁၇




No comments: