Saturday 11 June 2022

ကျွန်တော်ဆက်မရေးချင်တဲ့ လူတစ်ယောက်အကြောင်း

        ကျွန်တော်တို့ကိုသယ်လာတဲ့လေယာဉ်ကြီး ကွာလာလမ်ပူလေဆိပ်ကို ဝေ့ဝဲကျလာတော့ ပတ်ပတ်လည်မှာရှိတဲ့ဆီအုန်းပင်တွေက လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုနေကြတယ်လို့ထင်မိတယ်။ တကယ်တော့ လေတဟူးဟူးတိုက်နေလို့ဘယ်ထိုးညာယိမ်းဖြစ်ပြီး ဘာသာဘာဝ လေနှင်ရာ ဆော့ကစားနေတာ ဖြစ်မှာပါ။


        ဒါကိုကျွန်တော်က ''ဟယ် တို့နိုင်ငံကို တိုးတက်ကြီးပွားအောင် လုပ်ပေးမယ့် ကောင်တွေလာပြီဟေ့''လို့ဆီအုန်းပင်ကြီးတွေက အော်ပြောနေကြသလိုလို ထင်မိတာ။ 


          လေယာဉ်ကြီးပေါ်က ခြေချတော့ အရင်ဆုံး တစိမ်းပြင်ပြင်ယဉ်ကျေးမှုက ရင်ဝကိုလာမှန်တယ်။ ဘယ်ကိုခြေဦးလှည့်  ရမှန်းမသိတော့    ကျွန်တော်နဲ့ တစ်အေးဂျင့်ထဲလာတဲ့ သူဌေလောင်းတွေနောက်ကပဲ ကပ်လိုက်လာခဲ့မိတယ်။


   ခရီးဆောင်အိတ်အသေးလေးကို လက်ကစွဲပြီး ကြောင်လျှာသီးကြီး တရမ်းရမ်းနဲ့ပေါ့။ သူတို ့သွားရာလိုက်၊သူတို့ ငေးရာငေးပြီး လူဖြူတွေတန်းစီတဲ့ထွက်ပေါက်မှာ ခရီးသည်ချင်းအတူတူပဲလေ ဆိုတဲ့ အတွေးနဲ့ စုပြုံတန်းစီကြတော့ လုံခြုံရေးတွေက ကျွန်တော်တို့ နားမလည်တဲ့ စကားတွေနဲ့ ပြောပြီး လက်ညိုးတွေနဲ့  ဝိုင်းထိုးလိုက်ကြတာ မှန်တွေကာထားတဲ့ ထောင့်တစ်ထောင့်ကို ကျွန်တော်တို့ အဖွဲ့ ရောက်သွားကြတယ်။


  အဲဒီနေရာမှာ ဘယ်အချိန်ကတည်းက ရောက်နေကြမှန်းမသိတဲ့ နီပေါ၊ ဘင်္ဂလား၊ မြန်မာ၊ ဖိလစ်ပိုင်စတဲ့ အလုပ်သမားတွေက ငေါင်တူတူထိုင်နေကြလေရဲ့။ တစ်ချို့က တိုင်ကြီးတစ်တိုင်ကို ပတ်ချာလှည့်ပြီးဝိုင်းကြီး ပတ်ပတ်ဒူဝေဝေ အိပ်ကြလို့။တစ်ချို့က သုံးလေးရက်ကြာလို့တောင်အေးဂျင့် လာမကြိုလို့ ထမင်းငတ်ကြ၊ ရေငတ်ကြ နဲ့ မှိုင်တွေရီဝေကြလို့။သူတို့ကိုကြည့်ပြီး '' သြော်   သူဌေးလောင်းတွေ သူဌေးလောင်းတွေ၊ မကြာခင်ကြီးပွား ချမ်းသာလာမယ့် သူဌေးလောင်းတွေ ''...... လို့ ကျွန်တော်တွေးလိုက်မိတယ်။


       တစ်ချို့ ကြတော့ နေရောင်အနည်းအကျဉ်းရတဲ့ နေရာလေးမှာ သူ့ထက်ငါတိုးဝေ့ပြီး နေပူစာလှုံနေကြလေရဲ့။ သူတို့တွေ နေရောင်အငမ်းမရ ဖြစ်တာမြင်မှ ခေါင်းပေါ်မော့ကြည့်လိုက်တော့ မျက်နှာကျက် အနှံ့မှာ တပ်ထားတဲ့ လေအေးပေးစက်တွေက အငြိုးတကြီးနဲ့ လေတွေ တဟူးဟူး မှုတ်ထုတ်လို့ ။


        လေအေးစက်ကြီးတွေမြင်မှ ကျွန်တော့်စိတ်က အနွေးထည်ကိုသတိရလာတယ်။ စားစရာတွေရော၊အနွေးထည်ရော အကုန်းလုံး ပစ္စည်းတွေထည့်တဲ့အိတ်ထဲ ပါသွားတာ။ တစ်ဖွဲ့ တည်းအတူလာတဲ့ လူတွေကိုကြည့်လိုက်တော့ သူတို့ မှာလည်း ဖတ်လတ်ဖတ်လတ်ဖြစ်နေတဲ့ ကြောင်လျှာသီးတောင့်ကြီးတွေ ကိုယ်စီနဲ့။


        စားစရာ တစ်စုံတရာ တွေ့ လိုတွေ့ ငြား ဆွဲအိတ်အသေးလေးထဲ ရှာကြည့်တော့ မလေးစကားပြောစာအုပ် အသစ်စက်စက်လေးပဲ   ထွက်လာတယ်  ဟုတ်သားပဲ။  အေးဂျင့်  လာမခေါ်ခင် စာအုပ်ထဲကရသလောက်ကျက်ရမယ်လို့ တွေးရင်း တွေ့ ကရာစာလုံးတွေကို လျှောက်ဖတ်နေမိတယ်။


            Bukan= မဟုတ်ဘူး

            Saya= ကျွန်တော် ငါ

            နှစ်ခုပေါင်းလိုက်တော့ ‘'ငါမဟုတ်ဘူး''


    အလဲ့ ဘယ်ဆိုးလို့လဲ။  Bukan Saya ငါမဟုတ်ဘူး Bukan Saya Your Worker အင်္ဂလိပ်နဲ့ မလေးသိသလောက် ရောချလိုက်တော့ '' ငါကမင်းတို့ အလုပ်သမားမဟုတ်ဘူး ဟဲ  ဟဲ…..ကျွန်တော်ခံတွင်းတွေ့ သွားရတယ်။


             ကျွန်တော် အဲဒီလိုလျှောက်ပြီး ထွေရာလေးပါး ကျက်မှတ်နေတုန်း ခန္ဓာကိုယ်ကိုလာထိတဲ့  မာဆတ်ဆတ် အထိအတွေ့ တစ်ခုကြောင့်လန့်သွားတယ်။ မော့ကြည့်လိုက်တော့ ကျွန်တော်မသိတဲ့ဘာသာစကားနဲ့ပွစိပွစိ လုပ်နေတဲ့ လူတစ်ယောက် ။ဘာတွေပြောနေမှန်းလဲမသိဘူး။ ရဲဘော်ရဲဘက်တွေကို ကြည့်လိုက်တော့ တန်းစီနေကြတာတွေ့ တာနဲ့ ကျွန်တော်လည်းဘုမသိ၊ဘမသိ ဝင်ပြီး တန်းစီလိုက်ရတယ်။


               ''လိုင်း......လိုင်း''

      ကျွန်တော်တို့ကို လာဟောက်တဲ့ လူရဲ့ ပါးစပ်က အော်နေတဲ့ အသံကြီး။ ပြောလည်းပြော ခြေထောက်ကလည်း တန်းစီနေတဲ့လူတွေကို တဖတ်ဖတ်နဲ့ လိုက်ကန်နေတယ်။ ခုမှ ကျွန်တော်သတိရတယ်။ကျွန်တော်စာတွေလိုက်ကျက်နေတုန်းက လူကိုလာထိတဲ့ မာဆတ်ဆတ်အရာ က သူ့ဖိနပ်ပဲဖြစ်ရမယ်။


   ကျွန်တော့်ရဲဘော်တွေကိုမေးကြည့်တော့ အေးဂျင့် တဲ ့။ သြော် မလေးလူမျိုး နဲ ့့ငါတို ့လူမျိုးနဲ ့တော်တော် အရောင်အသွေး တူပါလားလို ့ တွေးမိတယ်။ ဘာသာစကားရယ်၊ အကျင့်စာရိတ္တရယ်ပဲ ကွာလိမ့်မယ်လို ့တွေးလိုက်မိတယ်။


      အဲဒီလူက ကျွန်တော်တို့ နာမည်တွေကိုမပီ မသနဲ့ ခေါ်လိုက်၊ ကျွန်တော်တို့က ရှိပါတယ် လုပ်လိုက်နဲ့ ကျွန်တော်တို့အဖွဲ့ အောင်လက်မှတ်ရသွားတယ်။   ပြီးတော့ အခန်းတစ်ခန်းထဲက ပစ္စည်းထည့်တဲ့ အိတ်တွေသွားယူကြရတယ်။ အိတ်တွေလက်ထဲရောက်တော့ ကိုယ့်အိတ်ကိုယ် ဖွင့်ပြီး ဆာလောင်နေတာတွေ ပြေပျောက်အောင်စားကြမယ်လို့ ပြင်တော့ .....


               ''ဟေး .....ဟေး ...''

       အေးဂျင့်ဆိုတဲ့လူက လက်မှာပတ်ထားတဲ့ နာရီကိုပုတ်ပြပြီး အချိန်မရဘူး ဆိုတဲ့အမူအယာနဲ့ အော်ရင်း ကားပေါ်ကို အတင်းတက်ခိုင်းတယ်။ ဘာတတ်နိုင်မှာလဲ။ သူ့လက်ခုပ်ထဲကရေပဲ ။သူခိုင်းတဲ့အတိုင်း ကားပေါ် တက်ကြရတယ်။


        စိတ်ထဲကတော့ တွေးနေမိတယ်။ ကိုယ်ကျင်းစာတရား မရှိတဲ့လူ။ လူ လူချင်းဘာညာ ဆိုပြီး တော့။မေတ္တာပို့ ပေးလိုက်တယ်။ ပြီးတော့ ဒီလူသာ တို့လူမျိုးဆိုရင် တို့ကိုခြေထောက်နဲ့လည်းကန်မှာ မဟုတ်ဘူး ။ဗိုက်ဆာနေတာကိုလည်း ပစ်ထားမှာ မဟုတ်ဘူး.. ဆိုပြီး မဖြစ်နိုင်တာကို လျှောက်တွေးနေမိတယ်။  အဲဒီလို ကျွန်တော်လျှောက်တွေးနေတုန်းမှာ အေးဂျင့်ဆိုတဲ့လူရဲ့ ခါးကြားမှာ ချိတ်ထားတဲ့ ဖုန်းအကောင်းစားကြီးက ထမြည်လာတယ်။


               '' ရွှေပြုန်း ငွေပြုန်း ပွဲတော် တောင်ပြုန်း  .......ပျော်မဆုံးကြလို့တို့တတွေနွှဲပျော် ……ကားလေးနဲ့လာလေလာနော်....ရထားလေးနဲ့ လာလေလာနော် ..... လှည်းယာဉ် ကလေးနဲ့ ပိုလို့ ပိုလို့ ပျော်.....''အေးဂျင့်ဆိုတဲ့လူ မျက်စိမျက်နှာပျက်နဲ့  သူ့ ဖုန်းကို ကမန်းကတန်းလက် လှမ်းတယ်။ ကျွန်တော်တို့အဖွဲ့လည်း သူ့ဖုန်းကသီချင်းသံကြောင့် မှင်တက်သွားကြရတယ်။ဒီလူ့ ဖုန်းက ဘာ့ကြော င့်မြန်မာသီချင်း ထမြည်တာလဲ။ ပြီးတော့ မြည်တဲ့ သီချင်းကလည်း ကြည့်ဦး .....


                 '' ရထားလေးနဲ့လာလေ လာနော် ...ကားလေးနဲ့လာလေ လာနော် ..''  တဲ့။

 ဒါ  ရွဲ့တာ ။ပျော်မဆုံးကြလို့ဘာလို့နဲ့။ ဒါ ဒီကိုလာတဲ့ လူတွေကို ရွဲ့တာ။ ဒီလူက ကျွန်တော်တို့မြန်မာ လူမျိုးလား ။မြန်မာနဲ့တော့ တူပါရဲ့ ။ ဒါဆို ကျွန်တော်တို့ကို မြန်မာလို ဘာလို့မပြောချင်ရတာလဲ။ မြန်မာ ဆိုရင်ရော ကျွန်တော်တို့ကို အချင်းချင်း ဒီလိုပြုမူ ဆက်ဆံပါ့မလား။


                   သူ့လက်က ဖုန်းဆီကိုသွားနေတဲ့ အခိုက်အတန့် ကလေးမှာ ကျွန်တော့် ခေါင်းထဲ ဝင်လာတဲ့ အတွေးတွေပါ။ အဲဒီလူက ဖုန်းကို တစ်ချက်ကြည့်ပြီး စကားတစ်ခွန်းခပ်ကျယ်ကျယ်ပြန်ပြောလိုက်တယ်။


                  ''ဘူကန်း  ဆာယာ မြန်မာ ''

                    ''ဟင် ''


                    ကျွန်တော်ချက်ချင်းတွေးမိသွားပြန်တယ်။  " ဘူကန်း ဆိုတာ မဟုတ်တာ '' ဆာယာ'' ဆိုတာကငါ ဒါဆို သူပြောတာ'' ငါ မြန်မာ မဟုတ်ဘူး'' လို့ပြောတာပေါ့။ တစ်ဖက်လူက ဘာမှ မပြောရသေးခင်သူကပြောလိုက်တဲ့စကား ။ဒါ သီချင်းသံကြောင့်သံသယ ဝင်နေတဲ့ကျွန်တော်တို့ရဲ့အကြည့်ကို ဖြေရှင်းချက်ထုတ်လိုက်တဲ့သဘောလား ပြောပြီး ပြီးချင်း သူ့မျက်လုံးတွေက ကျွန်တော်တို့ဆီ ကို မလုံမလဲ နဲ့ကြည့်လာတယ်။အဲဒီ အကြည့်ဟာ သူခိုးလူမိသွားရတဲ့ အကြည့် မျိုး ဆိုတာ ကျွန်တော်သိပါတယ်။


                   ကျွန်တော့်ရင်ထဲက ဆန္ဒတွေကို မျိုသိပ်ပြီး ရေးလက်စ စာကို ဒီနေရာမှာပဲ ရပ်ပစ်လိုက်ပါတယ်။သူ့ အကြောင်းဟာ ကျွန်တော်ဆက်ပြီး ရေးရလောက်အောင် မထိုက်တန်တော့လို့ပါပဲ . . . .


           

                                                                                                                                              လူခါး

                                                                                                             လမ်းသစ် ဂျာနယ် မလေးရှား

                                                                                                             ဇန်နဝါရီ ၂၀၁၂


No comments: