Monday, 22 June 2026

တောင်းစာမူ


တစ်ခါတုန်းက စာရေးဆရာတစ်ယောက်က ကျွန်တော့်ဆီက စာမူတောင်းတယ်။ “အက်ဆေးတစ်ပုဒ် ရေးပေးပါ..”တဲ့။ 

 အက်ဆေးဆိုတာ ကျွန်တော်သိပ်မရေးဖြစ်၊ မရေးနိုင်တဲ့ စာမူအမျိုးအစားပါပဲ။ ကျွန်တော် ငြင်းဖို့တွေးနေတုန်းမှာပဲ နောက်ထပ် စာဝင်လာတယ်။ ရေးရမှာက ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခု အကြောင်းတဲ့။ အက်ဆေးကိုမှ နေရာပါ သတ်မှတ်လိုက်တော့ ပိုသေချာသွားတာပေါ့။ သူပြောတဲ့ ရန်ကုန်မြို့က ထင်ရှားတဲ့နေရာဆိုတာက ကျွန်တော် သိပ်မှ အကျွမ်းတဝင်မရှိတာ၊ ဘယ်လိုလုပ်ရေးနိုင်ပါ့မလဲ။  ဒါနဲ့ပဲ ငြင်းရတယ်။ “စိတ်မရှိပါနဲ့ ဆရာ..၊ အဲဒီနေရာအကြောင်း ကျွန်တော် ဘာမှ မသိဘူး။ နယ်ကဖြစ်လို့ သိပ်ပြီးလည်း ရင်ထဲမရှိဘူး..”  လို့ ပြောပြီး ငြင်းလိုက်တယ်။

 အဲဒီဆရာ့ဆီက စာပြန်လာတယ်။ “လူငယ်တွေကို ထည့်ချင်လို့ပါတဲ့။ ကြိုးစားရေးပေးပါတဲ့။ မင်းရေးတဲ့စာလေးတွေ လူကြိုက်များပါတယ်...” တဲ့ ။

 ပြောရရင် အဲဒီအချိန်က ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ မြန်မာပြည်အပြင်ဘက် လုံးချင်းစာအုပ်လေး ထွက်ပြီး နှစ်ပတ်လောက်ရှိတဲ့ အချိန်ပါ။ လုံးချင်းလေးက ဆရာ၊ဆရာမတွေ၊ စာချစ်သူတွေရဲ့ ဖေးမစောင့်ရှောက်မှုနဲ့ လူဖတ်များ၊ လူသိများတော့ အဲဒါကို မြင်လို့ တောင်းတယ် ထင်ပါရဲ့။ 

 တကယ်ဆို စာမူတောင်းတဲ့ ဆရာနဲ့ ကျွန်တော်က လူချင်းလည်း မရင်းနှီးသလို၊ စာချင်းလည်း သိပ်မဆုံဖြစ်ပါဘူး။ သူက ကျွန်တော့်ထက် စောပြီး နာမည်ရှိတဲ့၊ အက်ဆေးရော၊ ဝတ္ထုတွေရော ရေးတဲ့ ၊ ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ပါ။

 အဲဒါနဲ့ ကျွန်တော့်မှာ မိသားစုထဲက နာရေးတစ်ခုကို ပြောပြရတော့တယ်။ “ဆရာရေ..ပြီးခဲ့တဲ့ လေးငါးရက်ကပဲ ကျွန်တော့်အစ်မ ဆုံးသွားတယ်။ အခုအချိန်မှာ ကျွန်တော် စာရေးဖို့ ခံစားချက် ဘယ်လိုမှ လုပ်ယူလို့ မရလို့ပါ။ စိတ်မရှိပါနဲ့ ..” လို့။ အဲဒီလို အကြောင်းပြန်လိုက်တော့ အဲဒီဆရာ့ဆီက စာပြန်လာတယ်။ “သူ နှစ်လ စောင့်ပါ့မယ်..” တဲ့။

 ကဲ..ပြတ်ကရော၊ စောင့်မယ့်သူက စောင့်မယ်လို့ ပြောနေမှတော့ ကျွန်တော် ဘယ်လိုလုပ် ထပ်ငြင်းနိုင်တော့မှာလဲ။ 

“ကြိုးစားရေးပါ့မယ်ခင်ဗျာ..” လို့ ကတိပေးရင်း ရေးဖို့ ကြိုးစားရတော့တာပေါ့။

 အဲဒီ သူစောင့်နေမယ်ဆိုတဲ့ နှစ်လ အတွင်းမှာ စာအုပ်အဖုံးကလေး ထွက်လာတာ တွေ့ရတယ်။ ဖေ့ဘုတ်ပေါ်တင်လာတယ်။ ကျွန်တော့်နာမည်လေးက နောက်ဆုံးမှာ။ ကျွန်တော်သိတဲ့ အက်ဆေးဆရာတွေ ပါသလို၊ လူငယ်တွေလည်း အများကြီးပဲ။ အားရစရာကြီး။

 ဒါနဲ့ပဲ နှစ်လပြည့်တယ်။ ကျွန်တော်လည်း ကြိုးစားရေးထားတဲ့ အက်ဆေးလေး ပို့ပေးလိုက်တာပေ့ါ။ အက်ဆေးလေးပို့ပြီး မကြာဘူး အဲဒီ အက်ဆေးစာအုပ်ထွက်လာတာ တွေ့တယ်။ ကျွန်တော့်နာမည်မပါဘူး။ စာအုပ်ထွက်မှ ပြန်ဖျက်လိုက်တာ။

 ကျွန်တော် မျက်လုံးတွေ ပြူးသွားတယ်။ ငါ့နာမည် စာအုပ်

အဖုံးမှာ မပါတော့ပါလားပေါ့။ အဲဒီအက်ဆေးစာအုပ်ထဲရေးတဲ့ အသိစာရေးဆရာတစ်ယောက်ကို လှမ်းမေးရတယ်။ မာတိကာလေး ပြလို့ရမလားလို့။ အဲဒီဆရာကလည်း မာတိကာလေး ပို့ပေးတယ်။ ကျွန်တော့်နာမည် မပါဘူး။ တကယ်ဆို အဖုံးမှာမှ နာမည်မပါတာ။ မာတိကာမှာလည်း ဘယ်ပါလိမ့်မတုန်း။ ကျွန်တော်က သိသိနဲ့ သွားမေးမိတာ။

 မဖြစ်နိုင်ဘူးလို့လည်း ကိုယ့်ဘာသာတွေးမိတယ်။ စာမူကို သေသေချာချာကို လာတောင်းလို့ ရေးပေးလိုက်တာ။ ရက်

လည်း အကြာကြီးစောင့်နေခဲ့ပေးတာ။ အဖုံးမှာလည်း ငါ့နာမည် မြင်ခဲ့ဖူးသေးတာပဲ။ ဒါနဲ့ပဲ အကြာကြီး ဒွိဟ ဖြစ်နေခဲ့တာပေါ့။ 

 စာပေလောကရဲ့ တောင်းစာမူတစ်ပုဒ် အတောင်းခံရရင်၊ တောင်းတော့မယ်ဆိုရင်၊ ရေးတော့မယ်ဆိုရင် စတဲ့ ဖတ်ဖူးခဲ့တာတွေလည်း ပြန်တွေးမိပေါ့။ ဘယ်လိုမှ မနေနိုင်တော့အဆုံး စာမူလာတောင်းတဲ့ ဆရာ့ကိုပဲ သွားမေးရတော့တယ်။

 “ဆရာ..ကျွန်တော့် အက်ဆေးလေး ပါတာ မတွေ့လို့ပါ လို့..” ပေါ့။ အဲဒီမှာ သူက ပြန်ဖြေတယ်။ “မသုံးဖြစ်ဘူး။ သူများစာတွေနဲ့ အရမ်းကွာနေလို့..”တဲ့။

 “ဪဆရာရယ်..” 

 ကျွန်တော် အဲဒီလိုပဲ ရွတ်မိတယ်။ 

 “လူတစ်ယောက်ကို မရမက အိမ်အလည်ခေါ်ပြီး ဟိုက အားနာလွန်းလို့ လာမှ လှေကားတက်ကနေ ရင်ဝဆောင့်ကန်လိုက်သလိုပါပဲလား..”လို့ ကျွန်တော် တွေးမိတယ်။ ဘာမှတော့ မပြောဖြစ်ပါဘူး။ ကျွန်တော်က အငယ်မဟုတ်လား။


 #လူခါး

၂၀၂၆၊၀၆၊၁၆၊ဂျပန်

No comments: