ကျွန်တော် ဂျပန်မရောက်ခင်က ရန်ကုန်မှာ နေခဲ့ရတဲ့ရက်တွေဟာ အင်မတန် ခက်ခဲခဲ့တာ။ အဓိကကတော့ ငွေရေးကြေးရေးပါပဲ။ ထမင်းနပ်ကျော်တယ်။ ဖုန်းဘေလ် မထည့်နိုင်ဘူး။ လှိုင်သာယာက အခန်းကျဉ်းကလေးကို သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူငှားနေရတယ်။ တစ်လကို တစ်ယောက်နှစ်သောင်း။ စားတော့လည်း သူ့အမျိုးတွေရဲ့ဆိုင်မှာ လပေးနဲ့ စားရတာ။
အဲဒီလိုဖြစ်နေတဲ့ ကျွန်တော့်ကို အလွန်ရင်းနှီးတဲ့ စာရေးဆရာတစ်ယောက်က စာစောင်တစ်ခုရဲ့ နာမည်ကို ပြောပြတယ်။ အဲဒီစာစောင်ကို စာမူမပို့ဘူးလား။ စာမူခက တစ်သောင်းတောင်ပေးတာ။ နှစ်ရက်လောက်ပဲ စောင့်ရတယ်။ တစ်လ လေးပုဒ်လောက်ပို့ရင် ခင်ဗျား အသုံးစရိတ်နည်းနည်း ရတာပေါ့တဲ့။
ကျွန်တော်လည်း ဝမ်းသာသွားတယ်။ အဲဒီစာစောင်ကို ကျွန်တော်သိတာပေါ့။ လူကြိုက်များတယ်။ စောင်ရေများတယ်။ စာမူတွေကလည်း ကျွန်တော်တို့လို ရသလိုင်းစာမူတွေလည်း သုံးတယ်။ ဒါနဲ့ပဲ မိတ်ဆွေစာရေးဆရာရဲ့ အကြံပြုချက်အတိုင်း စာမူရေးပြီး သွားပို့တော့တာပဲ။
နေရာက အတော်ဝေးတယ်။ ဘတ်စကားနဲ့ သွားရတာ။ ရောက်တော့ စာအုပ်တိုက်ထဲဝင်ပြီး တွေ့တဲ့လူတစ်ယောက်ကို “စာမူလာပို့တာပါခင်ဗျာ..”လို့ ပြောလိုက်တော့ နောက်ထပ်နေရာတစ်ခုကို ညွှန်တယ်။ အထပ်တစ်ထပ် ထပ်တက်သွားရတာပေါ့။ အဲဒီမှာ လူတစ်ယောက်ရှိနေတယ်။ အယ်ဒီတာချုပ်တို့ ဘာတို့ဖြစ်မယ်ထင်တယ်။ ကျွန်တော့်ကို သိမှာ မဟုတ်သလို၊ ကျွန်တော်ကလည်း မသိပါဘူး။
“ကျွန်တော်စာမူလာပို့တာပါခင်ဗျာ..” လို့ ပြောလိုက်တော့ သူက စာမူကို လှမ်းယူတယ်။ စာမူက နာမည်ကို ကြည့်တယ်။ ပြီးတော့ မေးတယ်။ “အရင်က စာရေးဖူးလား..” တဲ့။ ကျွန်တော်လည်း ဘယ်ရမလဲ။ ကျွန်တော်ရေးဖူးတဲ့ မဂ္ဂဇင်းတွေ၊ စာစောင်တွေရဲ့ နာမည်တွေ ပြောပြတာပေါ့။ (ဝန်ခံရရင် အခုစာမူက ငွေရေးကြေးရေး အသုံးလိုလွန်းလို့ကို ရေးပြီး လာပို့တဲ့စာမူပါ )။ သူက ကျွန်တော်ပြောတဲ့ မဂ္ဂဇင်း၊ စာစောင်တွေ သိပေမဲ့ ကျွန်တော့်နာမည် ကြားဖူးဟန်မရှိပါဘူး။
သူက ဆက်ပြောတယ်။ “ဖတ်ကြည့်လိုက်မယ်လေ၊ စာမူထားခဲ့ပါ..” တဲ့။ ဒါနဲ့ပဲ ကျွန်တော်လည်း စာမူလေး ထားခဲ့ပြီး ပြန်လာခဲ့တယ်။ အပြန်လည်း ဘတ်စကားနဲ့ပဲ ပြန်ခဲ့ရတယ်။ ဆိုတော့ အသွားအပြန် ဘတ်စကားခကတော့ ထွက်သွားပြီပေါ့လေ။ စာမူကို သုံးမသုံး၊ စာမူခ ရမရကတော့ မသေချာဘူးပေါ့။
ဒါပေမဲ့ ကျွန်တော့် ကိုယ့်ဘာသာ အယုံကြည် လွန်နေခဲ့တယ်။ ငါ့စာမူ သေချာပေါက်သုံးမှာပဲလို့ ယုံကြည်နေခဲ့တယ်။ စာမူခရဖို့ပဲ တွေးနေမိတယ်။
သို့သော်လည်း တစ်လသာ ကုန်သွားတယ်။ ကျွန်တော့်စာမူ အသုံးမခံခဲ့ရဘူး။ အဲဒီလိုနဲ့ ကျွန်တော် ဂျပန်ရောက်လာတယ်။ ပထမဆုံး လစာလေးနဲ့ လုံးချင်းစာအုပ် ထုတ်တယ်။ အသိမိတ်ဆွေတွေ၊ ဆရာ၊ ဆရာမတွေ၊ စာချစ်သူတွေရဲ့ ဖေးမမှုနဲ့ လူသိများသွားတယ် ဆိုပါတော့။ ဖြစ်ချင်တော့ အဲဒီစာအုပ်နဲ့ပဲ ကံကောင်းပြီး အမျိုးသားစာပေဆု ရသွားတယ်။
အရမ်း ပျော်နေတဲ့ အချိန်ပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ကျွန်တော့်ဆီကို လူတစ်ယောက် ဆက်သွယ်လာတယ်။ သူတို့စာစောင်အတွက် အင်တာဗျူးလေး လုပ်ချင်လို့ပါတဲ့။ သူက စာစောင်နာမည်ကိုပါ ထပ်ပြောတယ်။ …တဲ့။ အဲဒီစာစောင်ဟာ ကျွန်တော် ပိုက်ဆံအသုံးကြပ်နေတုန်းက စာမူသွားပို့ခဲ့ဖူးတဲ့ စာစောင်ဖြစ်နေတယ်။ ကျွန်တော် ဝမ်းသာအယ်လဲ အင်တာဗျူးဖြေခဲ့တယ်။ အဲဒီစာစောင်ရဲ့ ကျေးဇူးကိုလည်း အခုထက်ထိ အမြဲအောက်မေ့နေမိတယ်။
ကျွန်တော်ဟာ အနုပညာကို အရင်မတည်ဆောက်ခဲ့မိဘဲ ပိုက်ဆံရချင်စိတ်ကြီးနဲ့ စာမူပို့ခဲ့မိတာပဲ။ မှားခဲ့တယ်။
#လူခါး
၂၀၂၆၊၀၆၊၁၇၊ဂျပန်
No comments:
Post a Comment