Saturday, 11 July 2026

ဏကြီးကို တွေ့ခြင်း”



 ဒါရိုက်တာ ဏကြီးရဲ့ စကားတစ်ခွန်းကို ကျွန်တော် ဒီနေ့အထိ မမေ့ဘူး။ သူပြောလိုက်တာက 

 “သုသုက ကျွန်တော် ဖတ်တဲ့စာတွေကို လိုက်ဖတ်နိုင်တယ်..” တဲ့။


 အဲဒီစကားကိုကြားတော့ ဒီဘဲရင့်လှချည်လားလို့ ကျွန်တော်တွေးမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သုသု ဖန်လေ။ အူဝဲနောက်ပိုင်း တက်လာတဲ့ အမျိုးသမီး သရုပ်ဆောင်ထဲမှာ ကျွန်တော် ခိုက်တာ သုသုပဲ။ ဒီကောင်မလေး သရုပ်ဆောင်တာ မိုက်တယ်ဆိုပြီး ရင်ထဲကကို တခုတ်တရ ဖြစ်နေမိတာမျိုး။ 


 အဲဒီလို ရှားရှားပါးပါး ခိုက်ရတဲ့ သုသုကို “သုသုက ကျွန်တော်ဖတ်တဲ့စာတွေကို လိုက်ဖတ်နိုင်တယ်..” လို့ ဏကြီးကပြောလိုက်တော့ သုသုဖန်ဖြစ်တဲ့ ကျွန်တော့အဖို့ ဏကြီးကို ဖုတာတော့ လွန်တယ်မထင်မိဘူး။


 ဏကြီးက ဘယ်လိုစာမျိုး ဖတ်လို့လဲ။ ငါအားပေးတဲ့ သုသုကိုတောင် သူဖတ်တဲ့စာမျိုး လိုက်-ဖတ်-နိုင်တယ်..လို့ ပြောရအောင် ဏကြီးကရော ဘယ်လို စာမျိုးဖတ်လို့လဲ..။

 အဲဒီမေးခွန်းက ကျွန်တော့်ကို ကျွန်တော် ပြန်မေးနေမိတဲ့ မေးခွန်းပဲ။


 သိပ်မကြာလိုက်ဘူး။ ဏကြီးရိုက်တဲ့ ရုပ်ရှင်ကားတစ်ကား ရုံတင်လာတယ်။ မီ။ ပိုစတာမှာ သုသုက စစ်ကရက်ကို လက်ကကိုင်ပြီး၊ မြန်မာဝတ်စုံနဲ့။ ရုပ်ရှင်နာမည်က မီ။ 

 ကြည်အေး အသက် ၁၇ နှစ်အရွယ်ကရေးထားခဲ့တဲ့ စာအုပ် မီ။ ကျွန်တော် အကြိမ်ကြိမ်ဖတ်ခဲ့ရတဲ့ စာအုပ်။ 


 အဲဒီစာအုပ်ကို ဏကြီးက ရုပ်ရှင်အဖြစ်အသက်သွင်းတာ ကျွန်တော့်အတွက် သိပ်မထူးဘူး။ မြန်မာပြည်က ရုပ်ရှင်သမားတွေ လုပ်လေ့လုပ်ထရှိတဲ့ အကွက်တွေပဲ။ ဒါ ဘာဆန်းလို့လဲ။ နာမည်ကြီးပြီးသားစာအုပ်ကို ရိုက်ကတည်းက လူစိတ်ဝင်စားမှုရဖို့က သေချာပြီးသားကြီးလေ။


 အဲဒီရုပ်ရှင်ထွက်လာတုန်းက ကျွန်တော် ဂျပန်မှာပေမယ့် မြန်မာပြည်မှာ ရှိနေရင်လည်း သွားကြည့်ဖြစ်မှာ မဟုတ်ဘူး။ (၁) က နာမည်ရှိပြီးသား စာအုပ်ကို ရိုက်လို့။ (၂) က စီးကရက်ကို စတစ်ကာနဲ့ အုပ်ပေးရမယ်ဆိုတဲ့ ဒိတ်လွန် ဆင်ဆာယူဆချက်တွေနဲ့မို့။


 ပြီးခဲ့တဲ့ရက်ကတော့ တိုကျိုမှာပြတဲ့ ရုပ်ရှင်ပွဲတစ်ခုကို ကျွန်တော် သွားကြည့်ခဲ့တယ်။ တကူးတကန့်ကို သွားကြည့်ခဲ့တာ။ လက်မှတ်ခက ယန်း လေးထောင်။ မြန်မာငွေနဲ့ တစ်သိန်းကျော်။ ရုပ်ရှင်က ည ၇ နာရီခွဲမှပြမှာ။ ကျွန်တော်ရောက်သွားတဲ့ ၆ နာရီမှာတင် လူက ပြည့်နေပြီ။ 


 ထိုင်စောင့်နေရင်းနဲ့ပဲ ရုပ်ရှင်ပြချိန်ရောက်လာတယ်။ သရုပ်ဆောင်တာက ကျွန်တော်ကြိုက်တဲ့ အူဝဲနဲ့သုသု။ ရုပ်ရှင် ကြည့်နေတဲ့တစ်လျှောက်လုံး ကျွန်တော် မလှုပ်ဘူး။ ရေလည်း ထမသောက်ဘူး။ တပိုတပါးလည်း ထ မသွားဘူး။ 

 ဇာတ်ကွက်တစ်ခုချင်းစီကို အရသာခံပြီး ကြည့်နေမိတယ်။ ဇာတ်ဝင်ခန်းတစ်ခန်းကူးတိုင်း..ဟာ..ဟာ..ဆိုပြီး စိတ်ထဲက အော်မိတယ်။


 တန်ပြီ..တန်ပြီကွာ။ ငါ ဒီရုပ်ရှင်ကို လာကြည့်ရတာ တန်ပြီ လို့ စိတ်ထဲကနေ အော်နေမိတယ်။ အဲဒီရုပ်ရှင်ကြည့်ရင်း ဏကြီးကို ကျွန်တော် တွေ့ခဲ့တယ်။


 ပြီးခဲ့တဲ့ရက်က ကွယ်လွန်ခဲ့တဲ့ ဆရာမောင်သာချိုရဲ့ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများထဲမှာ ဒါရိုက်တာ ပိုင်သက ကဗျာကို ရုပ်ရှင်ရိုက်မယ်ဆိုတဲ့အကြောင်း ဖတ်ခဲ့ဖူးတယ်။ ကိုငှက်ရဲ့ အင်တာဗျူးတစ်ခုမှာ ကဗျာကို ရုပ်ရှင်ရိုက်ဖို့ မဖြစ်

နိုင်ဘူး။ ဝတ္ထုဆိုရင်တော့ ရနိုင်တယ်လို့ ဖြေခဲ့ဖူးတယ်။ 


 မြန်မာ့ရုပ်ရှင်ဟာ ကမ္ဘာမှာ နှစ်ပေါင်းလေးဆယ် နောက်ကျခဲ့တယ်။။ ပထမဆုံး ရုပ်ရှင်ရိုက်ကူးသူက လန်ဒန်အတ်ဦးအုန်းမောင်။ပထမဆုံးရိုက်ခဲ့တာက ဦးထွန်ရှိန်ရဲ့ ဈာပန..။


 ကျွန်တော်ဟာ ဏကြီးရဲ့ ရုပ်ရှင်ကိုကြည့်နေရင်း တက်ခဲ့ဖူးတဲ့ ဇာတ်ညွှန်းသင်တန်းက ဆရာရဲ့ စကားတွေကို ပြန်ကြားနေမိတယ်။ ဏကြီးရဲ့ ဒီရုပ်ရှင်ဟာ နှစ်ပေါင်း ၄၀ လောက်စောတဲ့

ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ပခုံးကို လှမ်းပုတ်လိုက်တာပဲ။ 


 ကိုဘိန်း၊သုခမိန်လှိုင်၊ K ဇော်၊ မောင်ချောနွယ်၊ ခင်ဝမ်း၊မုရာကာမိ။

နှစ်ထပ်သင်္ဘောမြို့ကလေး။ 


ဟာ။ ဏကြီးက ဒီလိုစာတွေ ဖတ်တာပါလား ။ ကျွန်တော် ကြက်သီး ဖြန်းဖြန်းထမိတယ်။

ဏကြီးက ကဗျာကို ရုပ်ရှင်ရိုက်ပစ်လိုက်ပြီပဲ။ မြန်မာပြည်မှာ

ဘယ်တုန်းကမှနေရာပေးခြင်းမခံရတဲ့ ကဗျာကို ဏကြီးက

အိမ်ဦးခန်းမှာ တင်ပြလိုက်တာပဲ။ 


 ဏကြီးက ဘယ်လိုစာမျိုးတွေဖတ်တာလဲဆိုတဲ့ ကျွန်တော့်မေးခွန်းရဲ့ အဖြေကို ဏကြီးရိုက်တဲ့ အဲဒီရုပ်ရှင်ကို ကြည့်နေရင်းနဲ့ပဲ  တွေ့ ခဲ့တယ်။


 မြန်မာ ပြည်က တချို့အမည်ခံ ဒါရိုက်တာတွေရိုက်တဲ့ ဘယ်ရုပ်ရှင်ကိုမှ မကြည့်တဲ့ ကျွန်တော်ဟာ ဏကြီးရိုက်တဲ့ what happened to the wolf ကို ကြည့်ပြီး ငါကြည့်ချင်တဲ့ ရုပ်ရှင်မျိုးကို ရိုက်ပြနိုင်တဲ့ ဒါရိုက်တာကို တွေ့ပြီလို့ ဝံ့ကြွားမိတယ်။


 ပြီးတော့ ပြီးခဲ့တဲ့ရက်က ယူကျုမှာ ကြည့်ခဲ့တဲ့ တေးရေး၊တေးဆို၊စာရေးဆရာ အရိုးရဲ့ စကားတစ်ခွန်းကိုလည်း ပြန်ကြားမိတယ်။


 “ဖန်တီးမှုမပါရင် ဘယ်အရာမှ အနုပညာ မဟုတ်ဘူး..” တဲ့။ 


 ဏကြီးဟာ အနုပညာဖန်တီးသူစစ်စစ်ပဲ။  


မြန်မာ့စာပေလောကမှာ အထင်ကရစကားတစ်ခွန်းရှိတယ်။ မပြောနဲ့ပြ..တဲ့။ ဏကြီးဟာ ဒီရုပ်ရှင်မှာ ရုပ်ရှင်ဆိုတာ ဒါဗျလို့

ရိုက်ပြ သွားခဲ့တာ။ ဇာတ်ညွှန်းဆိုတာ ဒါဗျလို့ ရေးပြသွားခဲ့

တာ။ 


ဘဝမှာ ရုပ်ရှင်တစ်ကားပဲ ထပ်ကြည့်ခွင့်ရမယ်ဆိုရင်တောင် 

ကျွန်တော်ထပ်ကြည့်မှာ what happened to the wolf ပဲ။


                        #လူခါး

                      #whathappenedtothewolf

No comments: