အကယ်ဒမီ မင်းမော်ကွန်းကို ကျနော်စတွေ့ဖူးတာက
ဆယ်တန်းအောင်ပြီး နားနေတဲ့အချိန် နယ်ကနေ ရန်ကုန်တက်ပြီး အလုပ် လုပ်နေတုန်း။ နေရာက ကန်တော်ကြီးထဲမှာ။ သူရယ် အူဝဲရယ် လွယ်အိတ်ကိုယ်စီ လွယ်ပြီး လမ်းလျှောက်ရင်း စကားပြောလာတဲ့ အခန်းကို ရုပ်ရှင် ရိုက်နေကြတာ။ ပေါ့ပေ့ါပါးပါးပဲ၊ လူငယ် စတိုင်လ်ပဲ။ တခြားသော ပရိတ်သတ်တွေနဲ့အတူ ဘေးကနေ ငေးကြည့်ရင်း ဪ..နုနုငယ်ငယ် မင်းသားပါလားလို့ တွေးမိလိုက်တယ်။ ဒီလောက်ပဲ။
နောက်တော့ မင်းမော်ကွန်းကို ရုပ်ရှင်ထဲမှာ ပြန်တွေ့ခွင့်ရခဲ့တယ်။ ရုပ်ရှင်နာမည်က နှလုံးလှလူမိုက်။
“အမေက အစ်ကိုကြီးကိုကျတော့ ဘွဲ့ရ ပညာတတ်၊ တရားသူကြီးမို့လို့ ဂုဏ်ယူပြီးချစ်တယ်၊ အစ်ကိုလတ်ကိုကျတော့ စီးပွားအရှာကောင်းလို့ချစ်တယ်၊ သားကျတော့ မိချောင်းနဲ့ ဖက်ဖက်ပြီး နပန်းလုံးလွန်းလို့ ဘယ်နေ့ သေမလဲဟဲ့ ဆိုပြီး စိုးရိမ်ပြီး ချစ်တယ်.. ဟုတ်တယ်မဟုတ်လား” ဆိုပြီး သူ့အမေကို မေးလိုက်တဲ့ အခန်းက ကျနော်ကိုယ်တိုင်လည်း ဆိုးပေတေနေတဲ့ ကာလဆိုတော့ အတော် သဘောကျမိတဲ့ ဒိုင်ယာလော့ပဲ။
အပြင်မှာ မြင်ဖူးတဲ့ မင်းမော်ကွန်း မဟုတ်တော့ဘဲ နှလုံးသားလှတဲ့ လူမိုက်တစ်ယောက် ဖြစ်သွားတာကို မြင်လိုက်ရတော့ ဪ..သရုပ်ဆောင်လည်း ကောင်းတဲ့ မင်းသားတစ်လက်ပါလားလို့ တွေးမိလိုက်ပြန်တယ်။ ဒီလောက်ပဲ။
အဲဒီကနေမှ ထပ်ပြီး သတိထားမိတာက မြေပဲယို။ ပြီးYES or
NO ဆိုတဲ့ သီချင်း။ အယ်လ်ဖြူရေးပြီး မင်းမော်ကွန်းဆိုတာ။
တခြားသီချင်းတွေလည်း နားထောင်ဖြစ်ပေမယ့် အဲဒီသီချင်း
ကိုတော့ ခုထိမှတ်မိနေခဲ့တယ်။
“မနေ့ညက အိပ်မက်ဆိုးတွေ မက်တယ်..မနက်ကျတော့ မျက်ခုံးများက လှုပ်တယ်...အခန်းထဲက တင်ထားတဲ့ ဖန်ခွက်ရယ်...လေမတိုက်ဘဲနဲ့ ဒီအတိုင်းပဲ ကျကွဲတယ်...”
သီချင်းဆိုပေမယ့် ကဗျာစာသားတွေလိုပဲ။ လူငယ်ဘဝတိုင်းအတွက် ကွက်တိပဲ။ ဒါပေမယ့် ကာလတော်တော်ကြာတဲ့
အထိ မင်းမော်ကွန်းဆိုတာ အဆိုကောင်း၊ သရုပ်ဆောင်ကောင်းပြီး နုဖတ်နေတဲ့ မြန်မာနိုင်ငံသား သရုပ်ဆောင် တစ်ယောက်ပဲ။ ကျနော်သိတဲ့ မင်းမော်ကွန်းက အဲဒီလောက်ပဲ။
ဒါပေမဲ့ ၂၀၂၁ ဖော်ဖော်ဝါရီ ၁ ရက်ကစလို့ မင်းမော်ကွန်းဟာ ကျနော်သိခဲ့ဖူးတဲ့ မင်းမော်ကွန်း မဟုတ်တော့ဘူး။ အရင်က သရုပ်ဆောင်ကောင်းတဲ့၊ သီချင်းဆိုကောင်းတဲ့ မင်းမော်ကွန်းက ပြည်သူနဲ့ တစ်သားတည်းရှိတဲ့ ရဲရဲတောက် မင်းမော်ကွန်း ဖြစ်လာတယ်။ အမှန်တရားအတွက် အကုန်လုံးကို စွန့်လွှတ်ရဲတဲ့ မင်းမော်ကွန်းဖြစ်လာတယ်။
ပိုပြီးချစ်စရာကောင်းတာက သူ့စိတ်နဲ့ မထင်ရင် မထင်သလို ဆဲပစ်တာပဲ။ သူက ဘယ်လောက် စိတ်ကြီးသလဲဆို သူ့ဆဲရင်
ကွန်မန့်တွေအထိပါ ပြန်လိုက်ဆဲပစ်တာ..။ ကျနော်သတိထားမိ
သလောက်ဆို ဆဲနေတာကိုက ချစ်စရာကောင်းတာဆိုလို့ မင်း
မော်ကွန်းရယ် ဆရာကြီး ဦးအောင်သင်းရယ် နှစ်ယောက်ပဲ ရှိသေးတယ်။ ဆရာကြီးကလည်း လူငယ်တွေကို ချစ်လွန်းလို့ ဆဲသင်လေးသင်တာ။ မင်းမော်ကွန်းကကျ အမှန်တရားအတွက် ကြက်ခေါင်းဆိတ်မခံဆဲတာ။ သူတို့ဆဲကြတာက စေတနာပါတော့ ချစ်စရာကောင်းနေတာပေါ့လေ..။
မင်းမော်ကွန်းအကြောင်းတွေးရင်း ဂျူးရဲ့ ဆဲတတ်သူများနဲ့ တစ်ညနေ ဆိုတဲ့ ဝတ္ထုတိုလေးကို ပြန်သတိရမိတယ်။ ဘောလုံးပွဲကြည့်ရင်း ဆဲတတ်သူတွေက ကားလည်း ဗွက်နစ်ရော ဗွက်ပေမှာ မကြောက်ဘဲ ဟန်ဆောင်မှု မရှိ ဆင်းတွန်းကြတာကို ဖွဲ့ထားတာ။ ဪ..မင်းမော်ကွန်းက အမှန်တရားကို မြတ်နိုးရုံတင်မက လူသားဆန်လိုက်တာလို့ပါ နားလည် ခံစားမိခဲ့တယ်။
ဒါပေမဲ့ သူက ဘယ်လောက်ဆဲဆဲ သူ့ဇနီး မသဉ္ဇာပြောသလိုဆို မွေးရာပါ ပါရမီကကိုပဲ ချစ်စရာကောင်းနေ နုဖတ်နေ အပြစ်ကင်းနေ ပရိတ်သတ်က ချစ်နေတာမျိုး။
ကဗျာဆရာ မောင်ချောနွယ်ရဲ့စကားနဲ့ ပြောရရင် ၂၀၂၁ နောက်ပိုင်း ကာလတွေက မင်းမော်ကွန်းနဲ့ ပြည်သူနဲ့ လမ်းချင်း
တူလို့ လူချင်းတွေ့ကြတဲ့ ကာလတွေပေါ့လေ။
အခုလာမယ့် ၂၀၂၄ ဇူလိုင်လ ၇ ရက်နေ့မှာ ကျနော်နေတဲ့ GUNMA မှာ Jp Gunma GZ က ကျင်းပတဲ့ သူ့ပွဲရှိတယ်။
ကျနော်ခေါင်းစဉ်တပ်ထားသလို အမှန်တရားအတွက်
သီချင်းဆိုမယ့် မင်းမော်ကွန်းရဲ့ ပွဲပေါ့လေ။
တကယ်လို့ ခင်ဗျားက အမှန်တရားကိုလည်း ချစ်တယ်၊ သူနဲ့ လမ်းချင်းလည်း တူတယ်လို့ ခံစားရရင် သူနဲ့ လူချင်းရော မတွေ့ချင်ဘူးလား။ တွေ့ချင်တယ်ဆိုရင်တော့ ပထမဆုံး ကွန်
မန့်မှာ မင်းမော်ကွန်းနဲ့ တွေ့နိုင်မယ့် နည်းလေး ကျနော် လမ်းညွှန်ပေးထားပါတယ်။ မင်းမော်ကွန်းနဲ့တွေ့ရင်း ကံကောင်းရင် သူဌေးဖြစ်နိုင်တဲ့ ကံစမ်းမဲ လက်မှတ်တစ်စောင်စီလည်း
လက်ဆောင် ရဦးမှာနော့..။
ချစ်တဲ့
#လူခါး
No comments:
Post a Comment