တရိပ်ရိပ်ပြေးနေတဲ့ ဆိုက္ကားရဲ့ အရှိန်ကြောင့်ထင်တယ် ဆောင်းမနက်ခင်းရဲ့ အအေးဓာတ်ကပိုလို့  တောင် အေးနေသေးတယ်။ လက်ကနာရီကို ကြည့်လိုက်တော့ လေးနာရီထိုးပြီးလို့ မိနစ်နှစ်ဆယ်။ ''အင်း ဒီအချိန်လောက် ဂိတ်ကိုရောက်မှ တန်ကာကျမယ်'' လို့  တစ်ကိုယ်တည်း တွေးလိုက်မိတယ် ။
ဟုတ်တယ်။ ကျုပ်တို့  ဆိုက္ကားသမားဆိုတာ ဘယ်ဆိုက်ကားသမားမှ မှမထွက်နိုင်တဲ့အချိန်ထွက်လေပိုပြီးတွက်ခြေကိုက်လေပဲ။အခုလိုဆောင်းရာသီဆိုသာတောင်အဆင်ပြေသေး ။ သူများတွေကအေးလို့ ကွေးကောင်းတုန်း ဂိတ်မှာက ကိုယ်တစ်ယောက်တည်း ။
ရန်ကုန်တောင်တွင်းကြီး ပြေးတဲ့ အာရှ တို့ ရွှေတွင်းကြီး တို့ ဆို တာက မနက်လေးနာရီခွဲ ငါးနာရီ ဆိုဝင်လာကြပြီ။ ဆိုက္ကားကနည်းတော့ ကိုယ်ကခပ်တည်တည်နဲ့ ထိုင်နေ၊ ဆိုက္ကားများရင်တော့
ကိုယ်ကဦးအောင်ခေါ်ယူရတယ်။ ဆိုက္ကားကလည်း ခုလိုမနက်စောလေး တစ်ချက်ပဲနည်းတယ် ။ ခရီးသည်ကလာမေး ၊ကြိုက်ဈေးရရင်လိုက်ပို့ ၊မရရင်တော့ငြင်းလွှတ်လိုက်တာပေါ့။ကားတစ်စီးဆိုက်လာရင် အနဲဆုံးတစ်ကြောင်းတော့ ဆွဲရတယ်။ အပေးအယူတည့် ရင် အနဲဆုံး ငါးရာ တစ်ထောင်တော့ အိတ်ကပ်ထဲရောက်ပြီးသားပဲ ။ ဒီနေ့ တော့ ကျုပ်ကပဲစိတ်စောနေလို့ လားမသိဘူး ကားတွေ အခုထိမဝင်သေးဘူး။ ဂိတ်မှာထိုင်နေတာကိုပဲ နာရီဝက်လောက်ရှိပြီ ။ ဆိုက္ကားသမားတွေလည်း တစ်ယောက်စ နှစ်ယောက်စ ရောကလာကြပြီ ။ "'ကွာ ဒီနေ့ မှပဲ '' ဆိုပြီး ဘာမဆိုင် ဘာမဆိုင် တခြားဆိုက္ကားသမားတွေကိုပါ စိတ်တိုနေမိသေးတယ် ။ ကျုပ်ဒီနေ့ ကိုဖြတ်ကျော်ဖို့ အတွက် သမရိုးကျလိုအပ်ချက်တွေ အပြင် ပိုက်ဆံများများ လည်းလိုနေသေးတယ်။ ''ဘာ့ကြောင့် ဒီနေ့ မှ လိုရသလဲ ''ဆိုရင် 'ဒီနေ့ က ကျုပ်သမီးလေးမွေးပြီး လို့  ခုနှစ်ရက်မြောက်တဲ့ ရက်၊ မီးထွက်တဲ့ရက်ပဲ ။ သမီးလေးကိုမီးဖွားတုန်းက မွေးပေးတဲ့ လက်သည်အမေကြီးကို ပိုက်ဆံပေးရမယ် ။ ပိုက်ဆံတစ်သောင်းခွဲပေးရမယ် ။ကျုပ်အဲဒီအတွက် စိတ်စောနေမိတယ်။
ကျုပ်တို့ ဆိုက္ကားသမားဆိုတာ သိတဲ့ အတိုင်းပဲ ခရိးသည်ရမှ ပိုက်ဆံရတာ။ ကိုယ်ကအတင်းပို့ 
ချင်နေ လည်း ခရီးသည်က မစီးရင်အလကားပဲ။ ပြီးတော့ ကျုပ်တို့ တောင်တွင်းကြီးဆိုတာက မြို့ လေးနဲ့ မလိုက် ဆိုက္ကားတွေ တအားပေါတဲ့မြို့  ။ဒီကြားထဲ ကျုပ်ကတောကလာတဲ့ ဆိုက္ကားသမားဆိုတော့ ခပ်အအ။ခရိးသည်ဆိုတာကလည်း မေးလိုက်ရင်ဒက်ခနဲ သိမှ စိးချင်ကြတာ။ စဉ်းစားနေရင်ကိုပဲ ''မင်းကွာဆိုက္ကားသမားလုပ်နေပြီးတော့''လို့  ငေါက်ငမ်းပြီး တခြားဆိုက္ကား စီးသွားတတ်ကြတယ်။
ကျုပ်ကလည်း ဟိုးမြို့ သစ်နယ်ထဲက အိုင်တိုဆိုတဲ့မဖြစ်စလောက်မြို့ ကလေးကလာခဲ့တဲ့အကောင်ဆိုတော့ဘာမှမသိတာသိပ်မဆန်းပါဘူး။ဒါပေမယ်တယ်တော့မနိပ်လှဘူး။ ရောမေ၇ာက်ပြီး ရောမ
လိုမကျင့်တတ်ဘူး ပြောရမှာပေါ့။ခရီးသည်ကဆယ်ခုလောက်မေးမှကျုပ်ကသုံးနေရာလောက်သာသိတဲ့ကောင်။ ကိုယ့်အကြောင်းကိုယ်သိလို့ လည်း ကျုပ်ကခုလိုမနက်စောစောတို့  နေ့ လယ်နေပူပူတို့ မှာ ပိုပြီးဂရုတစိုက်ရှာရတယ် ။ အဲဒါတောင်မှ တစ်နေ့ ဆိုက္ကားနင်းလို့ ရတဲ့ ကျုပ်ဝင်ငွေက ဆန်တစ်ပြီ၊ ဆီတစ်ဆယ်သားနဲ့  ဟင်းသီး ဟင်းရွက်လောက်ပဲဝယ်လို့ ရတယ် ။ အိမ်ခန်းငှားခတို့  တခြားမီးသွေးလေး ဘာလေးကျတော့ကျုပ် မိန်းမ စက်ချုပ်လို့ ရတဲ့အခလေးနဲ့ ဖြေရှင်းနေရတာ။ သူလည်းသမီးလေး ကိုယ်ဝန်ရင့် ကတည်းကမလုပ်နိုင်တော့တာ ခုမီးဖွားပြီးတဲ့ အထိပဲ ။ ရုန်းရင်းကန်ရင်းနဲ့ အကြွေးတင်နေတာ။ ဒီနေ့ ပေးရမယ့် လက်သည်ခကအရေးကြီးဆုံးပဲ။ အရေးကြီးဆိုသူကလည်း '' မရှိလို့ လုပ်စားတာ '' တဲ့ ။
တကယ်တော့ ကျုပ်တို့ အဖြစ်က ''ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး'' ဆိုတဲ့
အဖြစ်မျိုး။ ဦးရှင်ကြီးက ကျားထက်ကြောက်စရာကောင်းမှန်းသိပေမယ့် နောက်ကျသွားပြီ။
ပြောရဦးမယ်။ ကျုပ်မိန်းမကိုယ်ဝန်ခြောက်လလောက်ရောက်တော့အတွေ့ အကြုံရှိတဲ့လူတွေ
ကညွှန်တာပေါ့။ ဘယ်ဆရာမဆီကိုသွား ၊ ဘယ်လောက်ပဲတောင်းတယ် ပေါ့။ တစ်ခါတယ်းဗိုက်အပ်ထားနဲ့ ။ကျုပ်တို့ လည်း မြို့ နယ် မိခင်နဲ့ ကလေးစောင့် ရှောက်ရေးမှာ အကြံဥာဏ်တောင်းတာပေါ့။ ဆေးထိုးစရာရှိသွားထိုးလိုက် ။ဗိုက်ပြင်စရာရှိသွားပြင်လိုက်။ တကယ့် တကယ် မွေးလည်းမွေးရော ဆေးထိုးဗိုက်ပြင်တဲ့  ဆရာမဆီ မရောက်တော့ဘူး။ အဲဒီဆရာမက မွေးခါနီးရင် ဆေးထိုးဘာထိုးနဲ့  ပိုက်ဆံ ပိုတောင်းလိမ့်မယ်ဆိုပြီးအရပ်ထဲကလက်သည်နဲ့ ပဲ အဖိုးနည်း ဝန်ပါလေးလုပ်လိုက်တာ ။ ကိစ္စအားလုံးပြီးမှ သူကလည်း ဟိုဆရာမတွေနဲ့ တစ်ဈေးတည်းပဲတဲ့။ ဘာတတ်နိုင်မှာလဲ။ ရှာရတော့တာပေါ့။
ကျုပ်မှာလည်း ရှာတာ ရှာနေရတာ ဆန်ဘိုးဆီဘိုး ကလွဲလို့  အပိုထွက်မလာသေးဘူး။ ''ဒီနေ
တော့ ဖြစ်အောင်ရှာရမှာပဲ ''လို့ ကိုယ့်ကိုယ်ကို သတိပေးနေတုန်း မြို့ လယ်လမ်းဆုံဘက်က တပွမ်ပွမ်နဲ့ ဟွမ်းသံပေးပြီးကားတစ်စီး ကျုပ်တို့ ဂိတ်နားရောက်လာတယ်။ ကျုပ်အပါအဝင် ဆိုက္ကားသမားက ငါးယောက်မကရှိတယ်.။ ကားတံခါးနားကပ်ပြီး ဆင်းလာသမျှလူတိုင်းကို" ဆိုက္ကားစီးမှာလား၊ ဆိုက္ကားသွားမှာလား''နဲ့ မေးရတာ ။တကယ်ပြောတာ လျှာတောင် ခလုတ်တိုက်မိမှာ စိုးရတယ်။
ဆိုက္ကားတစ်ချို့ လည်းလူစီးရလို့ အလျိုလျိုထွက်သွားကုန်ကြပြီ။ကျုပ်နဲ့ တခြားဆိုက္ကားတစ်စီးပဲ
ကျန်တော့ တယ်။ ကားပေါ်ကနောက်ဆုံးဆင်းလာတာက ဘုန်းကြီးနှစ်ပါး။သွားမှာကတော့တစ်ပါးကိုယ်တစ်
နေရာစီ။ ဒါပေမယ့် ဝေးဝေးပို့ ရလေ ပိုက်ဆံပိုရလေ ဆိုတော့ ကျုပ်နဲ့ ဟိုဆိုက္ကားသမားနဲ့  အဝေ မတည့်ဘူးပေါ့ဗျာ။ နှစ်ယောက်စလုးံ လောဘ သမားတွေချည်း ဖြစ်နေကြတာ။ သူကလည်းကျုပ်ကိုတောသားမှန်းသိပြီးသား။ တစ်ဂိတ်တည်းသားချင်းဆိုတော့ မြို့ ခံအရှိန်လေးနဲ့ ဖြဲခြောက်တာပေါ့။ ပိုဝေးတဲ့ နေရာကို ပို့ ချင်တာပေါ့။ ကျုပ်ကလည်း ပိုက်ဆံလိုနေတာဆိုတော့ အရင်ကကြောက်ပေမယ့် အခုမကြောက်ဘူးပေါ့ ဗျာ။ အာခံတာပေါ့။ သူလည်းဘယ်လိုမှ အာနာပြလို့ မရမှန်းလည်းသိရော ဆတ်ဆို ကျုပ်အင်္ကျီကော်လာကိုဖမ်းကိုင်ပြီး''ဟေ့ကောင်တောသား မင်းကလူမိုက်လား" ဆိုပြီး သူ့ လက်က မြောက်တက်အလာပဲရှိသေးတယ်။ ကျုပ် လက်သီးက ခွပ် ခနဲ သူ့ နားထင်ပေါ် မိမိရရရောက်သွားပြီ။ ကျုပ်ကိုယ်ကျုပ်တောင် အံ့သြသွားတယ်။ ပြီးတော့ရွာဦးကျောင်းက ဆရာတော်ဦးဝေပုလ္လ ကိုလည်း ချက်ချင်းအမှတ်ရသွားတယ်။ ငယ်ငယ်တုန်းကဆို ဆရာတော်က ရန်ဖြစ်ရင် လုပ်တဲ့ ကောင်ရော ခံရတဲ့ ကောင်ပါ လက်ဆစ်တွေ ရဲနေအောင်ခေါက်တာ။ အခုတော့ ဟိုဆိုက္ကားသမားက လည်းပြန်ထိုးမယ် ဟန်ပြင်ပြီး ပြေးအလာ ဘုန်းကြီး နှစ်ပါးက ကြားကဝင်ပြီး တားလိုက်မှပဲ ငြိမ်သွားတော့တယ်။
'' ကဲ..ကဲ..ဒကာတို့ လည်းရန်မဖြစ်ကြနဲ့ ဘုန်းကြီးတို့ လည်း မစီးတော့ဘူး''ဆိုပြီး ခြေလျှင်ကြွသွားကြလေရဲ့ ။ သြော်မသွားခင် ကျုပ်တို့ နှစ်ယောက်ကို တစ်ယောက်ငါးရာစီ ပေးသွားသေးတယ်။ကျုပ်ဖြင့်တစ်သက်နဲ့ တစ်ကိုယ် သူများကိုလည်းမလုပ်ရဲဘူး။ ကိုယ်ကလည်းခံရမှာကြောက်တယ်။ ဒီနေ့ တော့  ကျုပ်လက်သီးတွေ လကိသည်အမေကြီး စီးနေပြီ။ ပိုက်ဆံတစ်သောင်းခွဲ ပေးရမယ်ဆိုတဲ့  တွန်းအားတွေ ကျုပ်ကိုကျုပ် ပြန်ပေးနေမိတယ်။
ကျုပ်စိတ်ထဲလည်း မနက်စောစော တော်တော် ဓာတ်ကျသွားတယ်။ ဘာမှ မသိသေးတဲ့ အိမ်ကသမီးလေးကိုတောင် ''နင့်ကြောင့် ...နင့်ကြောင့်'' နဲ့ စိတ်တိုနေမိသေးတယ်။ တကယ်တန်းကျတော့ကျုပ်ကြောင့်ထင်ပါရဲ့ ဗျာ။
အဲဒီလိုနဲ့  မိုးသာလင်းသွားတယ်။ ကျုပ်အိတ်ကပ်ထဲ ဟိုဘုန်းကြီးနှစ်ပါးပေးသွားတဲ့ပိုက်ဆံလေး ငါးရာပဲရှိသေးတယ်။ ကျုပ်အထင်တော့ သနားလို့ ပေးတာ မဟုတ်လောက်ဘူး။ ရေနဲ့ ပက်လိုက်တဲ့ သဘောနဲ့ တူပါရဲ့ ဗျာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အိတ်ထဲရောက် ကိုယ့်ဟာပဲ။ အဲဒီငါးရာတန်လေးနဲ့  ဆိုက္ကားဦး ကိုပုတ်ပြီးတော့ မြို့ ရိုးပတ်လမ်းထဲ နင်းလာခဲ့ လိုက်တယ်။
အဲဒီလမ်းထဲက ခုလိုမနက်ခင်းဆိုရင် ရွာဘက်ကလာတဲ့ ကားတွေ ရပ်တယ်။ ပွဲရုံတန်းကလေးကလဲ ရှိတော့ လူသွားလူလာလည်းမပြတ်ဘူး။ အများဆုံးကတော့ မကွေးရထားဆင်းတို့ ၊ ရွှေရောင်တော်ဗိဿနိုးတို့ ၊ဂုံညင်းတန်းကြမ်းကြားတို့ ဘက်ကလူတွေနဲ့ စည်ကားနေတတ်တယ်။ကျုပ်တို့ ဂိတ်ပြီးရင်
အဲဒီလမ်းကြားက ကျုပ်ကျက်စားရာ နေရာပဲ ။
ကျုပ်လည်းဆိုက္ကားပေါ်ထိုင်ပြီး 'ဒိဝါတိပတိ ' ဂါထာလေး ရွတ်နေတုန်းပဲ ရှိသေးတယ် ရွှေ
ရောင်တော် ဗိဿနိုးဘက်က ကားတစ်စီး ထိုးရပ်လာတယ်။ ကျုပ်လည်း လူစီးရလိုရငြား သွားရပ်နေလိုက်တယ်။ ဆိုက္ကားကတော့ ကျုပ်တစ်စီးတည်း။ ဒါပေမယ့် ကံဆိုးချင်တော့ပြောပါတယ်။ကားပေါ်ကဆင်းသွားတဲ့ အဖွားကြီးတစ်ယောက်က ခပ်လှမ်းလှမ်းရောက်မှ တခြားဆိုက္ကားတစ်စီး ငှားစီးသွားလေရဲ့ ။ ကားပေါ်မှာ လူတွေသာ ကုန်သွားတယ် ။ ကျုပ်ကတော့ ဒုံရင်း ဒုံရင်းပဲ ။
ကျုပ်လည်းစိတ်ကုန်ကုန်နဲ့  ဆိုက္ကားပေါ် ပြန်တက်ထိုင်နေတုန်းကားကနေရာရွှေ့ သွား
တယ်။ ကားရပ်သွားတဲ့ နေရာ ကျုပ်နဲ့ တည့်တည့်မှာ ဆီပုံးတစ်ပုံး။ ဆယ်ပိဿာလောက်တော့ဆန့် မယ်ထင်တယ်။ ကျုပ်လည်းအနားသွါးပြီး မကြည့်လိုက်တော့  ဆီတွေအပြည့်နဲ့ ။
ဒီနေရာမှာ ကျုပ်ထက်ပျော်တဲ့ လူတောင်ကျုပ်လောက်ပျော်မှာမဟုတ်ဘူး။ ဘေးဘီဝဲ
ယာကိုအကဲခတ်ကြည့်တော့လည်းအခြေအနေကောင်းတယ်။ကျုပ်တစ်ယောက်တည်း။ပြီးတော့လိုနေတုန်းရတာ။ရေဆာနေတဲ့လူ ရေတွင်းထဲ ပြုတ်ကျတာ။ ဆာရုံတင်မကဘူး။ ရေကငတ်ကိုငတ်နေတာ။ ကျုပ်ကတော့ အဝ သောက်ပစ်လိုက်မှာပဲ လို့ တွေးရင်း ဆီပုံးကိုဆိုက္ကားပေါ်မတင်လိုက်တယ် ။
လူကဆိုက္ကား ကိုလည်းခွပြီးရော ကျုပ်ခန္တာကိုယ်ကြီးက စပ်ဖြင်းဖြင်းကြီးဖြစ်လာတယ် ။
''မလုပ်နဲ့ ...မလုပ်နဲ့ '' ကျုပ်ကိုယ်ကျုပ် ပြန်ပြောနေမိတယ်။ ''မင်းဆိုတဲ့ကောင်က ပိုက်ဆံ ပေးစရာရှိတာ အကြောင်းပြပြီး စောစောစီးစိး သူများကိုလက်သီးနဲ့ လည်းထိုးပြီးပြီ။ အခုတစ်ခါလည်း သူတစ်ပါးပစ္စည်းအချောင် နှိုက်ဦးမယ်။ ပြန်ထားလိုက်'' ။
ကျုပ်တကယ်ပဲပြန်ထားလိုက်တယ်။ ကျုပ်ရဲ့ ဆင်ခြင်တုံတရားက ကျုပ်ကိုနိုင်လိုက်
တယ်။ကျုပ် ဆိုက္ကားပေါ်မှာပဲ အေးအေးဆေးဆေးပြန်ထိုင်နေလိုက်တယ်။အကြည့်တွေကတော့ဆီပုံးဆီမှာပဲ။
လွှင့်ပစ်ရမှာလည်းအဆီနဲ့ တဝင်းဝင်း ၊ စားရမှာလည်း သဲနဲ့ တရှရှဖြစ်နေတာ။
ကျုပ် ဆီပုံးကိုကြည့်ရင်းကြည့်ရင်းနဲ့ လက်သည်အမေကြီးကိုမြင်လာတယ်။ ပြီးတော့ပိုက်ဆံ တစ်သောင်းခွဲ ။ ကျုပ်တွက်ကြည့်လိုက်တယ်။ ဆီကဆယ် ပိဿာဆိုရင် အနဲ ဆုံး သုံးထောင်ဈေးနဲ့ တွက်။ သုံးသောင်း။ တစ်သောင်းခွဲတောင်ပိုဦးမယ်။ ကျုပ် သမီးလေးအတွက် ခြင်ထောင်သေးသေးလေးဝယ်လို့ ရတယ်။တကယ်တမ်းရှာရင်သုံးထောင်တောင်မလွယ်ဘူး။ကျုပ် ခြေလှမ်းတွေကို ဆီပုံးဆီပြန်လှမ်းလိုက်တယ်။ တစ်လှမ်း၊ နှစ်လှမ်း ..။ သုံးလှမ်းမြောက်မှာ ကျုပ်ခြေလှမ်းတွေ တုန့် ခနဲ ဖြစ်သွားတယ်။
ကျုပ် မိန်းမရခါစ မြို့ ကိုရွှေ့ လာတုန်းက ကျုပ်အဖေပြောတဲ့ စကားတွေကိုနားထဲပြန်
ကြားလာတယ်။ '' သား....မင်းကမြို့ ကိုမှ အထင်ကြီးတဲ့ကောင် ၊အဖေ မှတားမရရင် သွားပေါ့ကွာ။ ဒါပေမယ့် မင်းကိုအဖေ မှာလိုက်မယ် ငါ့သား။ မြို့ ဆိုတာ တို့ တောရွာလေးလို မဟုတ်ဘူး။ အရောင်အသွေး စုံတယ်။ကုန်ကုန်ပြောမယ်ကွာ၊ လေတောင်မှ တို့ တောကလေက ပိုပြီး လတ်ဆတ်တယ်။ သန့် ရှင်းတယ်။ မင်းကိုမြို့ မှာ ရင်းနီး စားစရာ အဖေ ဘာမှ မပေးလိုက်နိုင်ဘူး။ အဖေ ပေးလိုက်နိုင်တာက တို့ တောက တောင်သူလယ်သမားကျောမွဲတွေရဲ့ မွေးရာပါ ရိုးသားမှုတွေပဲ ။ အဲဒီရိုးသားမှုတွေကို မင်းရဲ့ ကြိုးစားမှုတွေနဲ့ ပေါင်းစပ်ပြီးမင်းဘဝတိုးတက်အောင် မင်းကြိုးစား ''......တဲ့ ။
ဟုတ်တယ်။ ကျုပ်မှာ အဖေ ပြောသလို ဘာမှရင်းနီးစားစရာပါမလာခဲ့ဘူး။ဒါပေမယ့်
မွေးကတည်းက ပါလာခဲ့တဲ့ကျုပ်ရဲ့ ရိုးသားမှုတွေကိုတော့ ကျုပ်သေသည်အထိ ယူသွားရလိမ့်မယ် ''လို့ တွေးရင်းနောက်ဆုတ်လာတဲ့ ကျုပ်ရဲ့ ခြေလှမ်းတွေက အပေါင်ဆိုင်ဆီကို ဦးတည်နေတာတော့ ကျုပ်ကိုယ် ကျုပ်ပဲ သိတယ်။
ကျုပ်ရဲ့ အိမ်အပြန်ခရီးမှာဆိုက္ကားပြန်ပါမလာတော့ပေမယ့် ရိုးသားမှုတွေတော့ပါလာ
ခဲ့သေးတယ်။ဟုတ်တယ်။ကျုပ်မှာရှိတဲ့ အဲဒီရိုးသားမှုကိုတော့ကျုပ်သေသည်အထိ ရောင်းလည်းမရောင်းဘူး ။ပေါင်လည်းမပေါင်ဘူး။ဘယ်လောက်တန်ကြေးကြီးကြီးပေးပြီးတော့လဲလှယ်ချင်ပါတယ်ဆိုရင်လည်းကျုပ်မလဲဘူး ။ကျုပ်တို့ ဆင်းရဲသားတွေဘဝမှာ၊အထူးသဖြင့် ကျုပ်တို့ လိုရိုးသားမှုကလွဲလို့ ဘာမှတန်ဘိုးထားစရာမရှိတဲ့  ကျောမွဲတွေရဲ့ ဘဝမှာ စွဲစွဲမြဲမြဲ ကိုင်ဆွဲထားရမယ့် အရာက ရိုးသားမှုပဲ လို့ ကျုပ်ထင်တယ်ဗျာ ။ ။
လူခါး
အပြင်စီးမဂ္ဂဇင်း၊ မလေးရှား
အမှတ် ၁၁ ၊ နိုဝင်ဘာ ၊ ၂၀၁၁
(၃၁၊ ၁၁၊၂၀၀၈) တွင် တောင်တွင်းကြီးမြို့ နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့ မှ
ကြီးမှူး ကျင်းပသော စာဆိုတော်နေ့ အထိမ်းအမှတ် ဝတ္ထုတို ပြိုင်ပွဲပထမ ဆုရ ဝတ္ထု
ဲ့်
No comments:
Post a Comment