Friday 15 June 2012

ကြွေတစ်လက်


၁။
“တီ တောင်၊ တီ တောင်”
ကောင်တာ အထက်မှာ တပ်ထားတဲ့ လူခေါ်ဘဲလ်က ရုတ်တရက် အသံ ထမြည်တော့ မှေးခနဲ ဖြစ်သွားရာကနေ ကျွန်တော် လန့်နိုးလာတယ်။
မျက်လုံးကို ပွတ်ပြီး ကမန်းကတန်း CCTV ကို ကြည့်လိုက်တော့ ကုတ်အင်္ကျီ အနက်နဲ့ လူသုံးယောက်။

“ရှူး”
ကျွန်တော်နဲ့ အတူလုပ်တဲ့ ကောင်လေးကို တိတ်တိတ်နေဖို့ လှမ်းဟန့်လိုက်ရင်း ဘဲလ်ခလုတ်ကို ပိတ်ပစ်လိုက်တယ်။ ဆော့နေတဲ့ Customer တွေက ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အပြင်က လူသုံးယောက်ကတော့ CCTV ကို ကျောပေးပြီး ဘဲလ်ကို ဆောင့်ဆောင့် တီးနေတုန်းပဲ။

ရှေ့တည့်တည့်မှာ ကပ်ထားတဲ့ ဓာတ်ပုံတွေကို ကျွန်တော် တစ်ချက်ကြည့်လိုက်တယ်။ ကွာလာလမ်ပူ တစ်ခွင်မှာ ဆိုးသွမ်းနေတဲ့ ဓားပြတွေရဲ့ ဓာတ်ပုံတွေ။ ဟုတ်တယ်။ သူဌေးက သူပိုင်တဲ့ CASINO ဆိုင်တွေကို ၀င်တိုက်ဖူးတဲ့ ဓားပြတွေရဲ့ ဓာတ်ပုံမှန်သမျှ ဆိုင်တိုင်းမှာ ကပ်ထားပေးတယ်။

ဓားပြတွေဟာ အခုလိုပဲ နှစ်ယောက်၊ သုံးယောက်စုပြီး လာတတ်တယ်။ သူတို့လာရင် CCTV ကို ကျောခိုင်းပြီး ဦးထုပ်တွေကို မချွတ်ဘဲ ထားတတ်တယ်။ ဒါဆိုရင် ကောင်တာမှာ ထိုင်တဲ့ လူက တံခါးကို ဖွင့်မပေးဘဲ ထားရတယ်။ သူတို့ ဘက်က ဘဲလ်ကိုတီးလွန်းမက တီးလာပြီဆိုရင်တော့ ခလုတ်ကို ပိတ်ပစ်ရတယ်။ အဲဒီလို ဖွင့်မပေးဘဲ အကြာကြီး နေလိုက်ရင် သူတို့ကို ရိပ်မိသွားပြီ ဆိုတာ သိပြီးတော့ လှည့် ပြန်သွားတတ်ကြတယ်။ အဲ သူတို့ဘက်ကလည်း တိုက်ကို တိုက်မယ်လို့ ဆုံးဖြတ်ထားပြီးသား ဆိုရင်တော့ ပါလာတဲ့ တုတ်တွေ၊ ဓားတွေနဲ့ ဆိုင်တံခါးကို ဖျက်ဆီးပြီး ၀င်တော့တယ်။

သူတို့ဘက်က အဲဒီလိုကြီး သေချာပေါက် ကြမ်းလာပြီ ဆိုရင်တော့ ကျွန်တော်တို့ရော၊ ဆော့နေတဲ့ Customer တွေရော နောက်ပေါက်က လစ်ပြေးရတော့တာပဲ။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဆိုတာမျိုးပေါ့။
အခုလည်း အပြင်မှာ ရောက်နေတဲ့ လူသုံးယောက်က “NO HELMET”ဆိုတဲ့ စာတန်းကို ဂရုမစိုက်ဘဲ ဦးထုပ်တွေကို ဆောင်းထားတယ်။ အံဆွဲထဲက ရှိသမျှ ပိုက်ဆံတွေကို ဘေးလွယ်အိတ်ထဲ ထိုးထည့်လိုက် ရင်း ကျွန်တော် တွေးလိုက်တယ်။ အခန့်မသင့်ရင် ပြေးရတော့မယ်။ Customer တွေကလည်း ခြေ ဟန်၊ လက်ဟန်တွေ လုပ်ပြပြီး ကျွန်တော့် စားပွဲနား ကပ်လာကြတယ်။

“ဘယ်သူလဲ”

ကျွန်တော်က ခပ်တည်တည်ပဲ “ကိစ္စ မရှိပါ ဘူးကွာ”လို့ ပြောလိုက်တယ်။ ကောင်လေးကို အနားခေါ်ပြီး နောက်ဖေးတံခါးသော့ထိုးပေး လိုက်တယ်။
“မင်း လစ်တော့”

“ဗျာ”

“မင်း လစ်တော့လို့ ပြောတာ”

ကျွန်တော့်အသံက စိုးရိမ်စိတ်တို့နဲ့ တုန်ခါနေတယ်။ ကောင်လေးက သော့တွဲကို ကတုန် ကယင်နဲ့ လှမ်းယူပြီး နောက်ဖေး တံခါးဆီသွားတယ်။ အဲဒီ အချိန်ကျမှပဲ ဆိုင်ရှေ့က သုံးယောက်က မှုန်တေတေနဲ့ ပြန်ထွက်သွားတယ်။

“ကောင်လေး ရပြီ”
အတွေ့အကြုံ မရင့်ကျက်သေးတဲ့ကောင်လေးက ကျွန်တော့်ကို ပြန်ပြီး မေးငေါ့နေသေး တယ်။ ကျွန်တော် သူ့ကို လက်ယပ်ပြီး အနားကို ခေါ်လိုက်တယ်။
“ရပြီ ဟိုကောင်တွေ ပြန်သွားပြီ”

အဲဒီတော့မှ ဆော့မယ့် Customer တွေက နေသားတကျ ပြန်ပြီး ငြိမ်သွားကြတော့တယ်။
“နောက်မှတ်ထား၊ အရေးရယ် အကြောင်း ရယ်ဆို ပြေးဖို့သာပြင်”

ကျွန်တော်က ကောင်လေးကို အကျိုးသင့် အကြောင်းသင့် ပြောပြတော့ ကောင်လေးက နား မလည်သလိုနဲ့ ပြန်မေးတယ်။
“အစ်ကိုကရော”

သူ့ကို တစ်ချက်ကြည့်လိုက်တော့ ထားမခဲ့ ချင်ဘူးဆိုတဲ့ မျက်နှာထားမျိုးနဲ့။ ကျွန်တော် သူ့ကို သနားသွားတယ်။ ကျွန်တော့်တုန်းကလည်း ဘာ ထူးလို့လဲ။ ကိုယ်လွတ်ရုန်းလို့ ရရဲ့သားနဲ့ အဖော်ကို ပြန်ငဲ့ခဲ့ဖူးတာပဲ။

“ငါ့ကို မငဲ့နဲ့၊ ငါကလည်း မင်းကို မငဲ့ဘူး”

“အစ်ကိုကလည်း”
ကောင်လေးက ပြောရော့မယ်ဆိုတဲ့ အမူအရာနဲ့ ကျွန်တော့်ကို မယုံသလို လုပ်နေပြန်တယ်။
“အဟုတ်ပြောတာ။ အဆောင်မှာ မင်းကို ငါသက်ညှာပေမဲ့ အလုပ်ထဲ ရောက်ရင်တော့ ဘယ်သူ့ကိုမှ သက်ညှာလို့ မရတော့ဘူး။ တစ်ယောက်လွတ်ရင် တစ်ယောက်အတွက် စိတ်အေးရတယ်။ ဒီတော့ ပြေးဆိုရင် ပြေးသာ ပြေးတော့”

ကောင်လေးက အဲဒီတော့မှ ခေါင်းကလေး ညိတ်တယ်။ သူ့ခေါင်းလေး ဆတ်လိုက်တဲ့ အချိန် မှာပဲ လူခေါ်ဘဲလ်က နောက်တစ်ကြိမ် အသံထပ် မြည်လာတယ်။ နှစ်ယောက်လုံး ပြိုင်တူကြည့် လိုက်တော့ တစ်ခါမှ လာမဆော့ဖူးတဲ့ လူစိမ်းတစ် ယောက်၊ အသားဖြူဖြူ ၀ဖိုင့်ဖိုင့်နဲ့။

အဲဒီလူဟာ အန္တရာယ်ပေးမယ့် လူမဟုတ်မှန်း ကျွန်တော့် ဦးနှောက်နဲ့ မျက်လုံးက တွက်ချက် ပြီး စက္ကန့်ပိုင်း အတွင်း မီးစိမ်းပြလာတယ်။ ခါးမှာ ချိတ်ထားတဲ့ ရီမုဒ်လေးကို ကျွန်တော် နှိပ်လိုက်တော့ Customer က ဆိုင်ထဲ ၀င်လာတယ်။

“မင်းတို့ သူဌေးက ဘယ်လောက်အထိ လျော်နိုင်သလဲ”

Customer က ကျွန်တော့် စားပွဲနား ကပ်လာပြီး မေးတဲ့မေးခွန်း။ ကျွန်တော် တစ်ချက်ပြုံးပြ လိုက်တယ်။ သဘောကတော့ မင်းဘယ်လောက် နိုင်အောင် ကစားနိုင်သလဲ၊ မင်းနိုင်သလောက် လျော်နိုင်တယ် ဆိုတဲ့ သဘောမျိုးပဲ။

Customer က ကျွန်တော့် အပြုံးကို တစ်ချက် အဓိပ္ပာယ် ကောက်ရင်း မီးခိုးငွေ့တွေကို ကျွန်တော့် မျက်နှာဆီ ဟန်ပါပါ မှုတ်ထုတ်လွှတ် လိုက်တယ်။
“ငါ တကယ်မေးနေတာ”

ဒါဟာ ဒီနိုင်ငံက လောင်းကစားသမားတွေ ရဲ့ သွေးတိုးစမ်းတဲ့စကားမှန်း ကျွန်တော်က သိ တယ်။ သူ့အမေးကို မဖြေတော့ဘဲ ကျွန်တော့် ကျောဘက်က နံရံမှာ ကပ်ထားတဲ့ ကျွန်တော်တို့ သူဌေးရဲ့ Logo တံဆိပ်ကို မေးဆတ်ပြလိုက်တယ်။

“သြော် မင်း သူဌေးက...လား”
သူက ကျွန်တော့် သူဌေးရဲ့နာမည်ကို ပါးစပ်က ထုတ်မေးလာတော့ ကျွန်တော်အသာပဲ ခေါင်းညိတ်ပြလိုက်တယ်။

“ကြိုက်တယ်၊ ငါးထောင်ထည့်”

ကျွန်တော်က ကောင်လေးကို မျက်စိမှိတ် ပြလိုက်တယ်။ ကျွန်တော်တို့ချင်းသာ သိတဲ့ ဘာသာစကား။ အဓိပ္ပာယ်ကတော့ ပိုက်ဆံလက်ထဲ ရောက်မှ အော်ဆိုတဲ့ သဘော။ တချို့ Customer တွေက စက်ထဲပိုက်ဆံ ရောက်တာနဲ့ မပေးဘဲထားပြီး မိုက်ကြေး ခွဲတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပိုက်ဆံ အထည့်မှာ ဂရုစိုက် ရတယ်။ တစ်ခုခု လွဲရင်တော့ ကိုယ့်အိတ်ထဲက စိုက်ပေတော့။

Customer ကလည်း ဒါကိုသိတယ်။ စက်တစ်လုံးမှာ ၀င်ထိုင်ပြီးတော့ ပိုက်ဆံကို ချက်ချင်း ထုတ်ပေးတယ်။ ကောင်လေးကပိုက်ဆံကို သေချာ ရေပြီးတော့မှ ကျွန်တော့်ကို လှမ်းအော်တယ်။

“စက်နံပါတ်ဆယ့်သုံး၊ ငါးထောင်”

ယုန်တစ်ကောင်က သူ့ကိုက်လမ်းနဲ့သူ အံဝင်ခွင်ကျဖြစ်သလိုမျိုး ကျွမ်းကျင်မှုနဲ့ ကျွန်တော့် လက်ချောင်းတွေကို ကီးဘုတ်ပေါ် တချောက်ချောက် လှုပ်ရှားပစ်လိုက်တယ်။
ဒါဟာ ကံစမ်းပွဲပဲ။
Customer က ဒူးလေး တလှုပ်လှုပ်နဲ့ စက်ထဲကို စိတ်ဝင်တစား ကြည့်နေတယ်။ တွေ့ခဲ့ရဖူး တဲ့အတွေ့အကြုံအရ ကျွန်တော် သိတယ်။ သူ့ဒူးနဲ့ ဆန့်ကျင်ပြီးတော့ သူ့ရင်ထဲမှာ ဒိုးဒိုးဒိတ်ဒိတ် ဖြစ်နေမယ်ဆိုတာ။

သူကလည်း သိမှာပါပဲ။ ကျွန်တော့်လက် တွေက ကောင်တာစားပွဲကို ဘာကြောင့် တဒေါက်ဒေါက် ခေါက်နေရသလဲဆိုတာကို။
“အိုး”

သူဆော့နေတဲ့စက်ထဲကို ကောင်တာကနေ လှမ်းချက်ရင်း ကျွန်တော့် ပါးစပ်က ထွက်သွားရ တဲ့အာမေဋိတ် သံပါ။ ကြည့်စမ်း လောဘကြီးလိုက်တဲ့ ကစားသမား။ ပိုက်ဆံငါးထောင်ကို တစ်ကွက်တည်း ပုံအောပစ်တယ်။

သူဆော့နေတာက Live Game ထဲက Roulette အမျိုးအစား။ သုည အပါအ၀င် အကွက်ပေါင်းသုံးဆယ့်ခုနစ်ကွက်ရှိတယ်။ တစ် ကျပ်ဖိုးပေါက်ရင် သုံးဆယ့်ခြောက်ကျပ် လျော် တယ်။ ငါးထောင်ဖိုးကို တစ်ကွက်တည်းထိုး ထားတယ်ဆိုတော့ ကျွန်တော် ဘုရားတမိတယ်။

ဟုတ်တယ်။ ကစားသမားတွေ ရှုံးပြီး ဆိုင်က နိုင်မှ ကျွန်တော်တို့က ကော်မရှင်ရတာ။ ဆိုင်က များများနိုင်လေ ကော်မရှင် ရလေပဲ။ ကစားသမားသာ နိုင်သွားပြီဆိုလို့ကတော့ မဖြစ်စ လောက် လစာလေးပဲ မက်စရာရှိတော့တယ်။ ကော်မရှင်ဆိုတာက ဝေးရော။ အဲဒီတော့ သူတို့ ကြိုက်တဲ့အကွက် မောင်းတင်ထားတဲ့ အချိန်မှာ ကျွန်တော်တို့က ဘုရားတနေရတော့တာ။

“လွဲပြီ”

ကျွန်တော် စိတ်ထဲက ကျိတ်ပြီး အော်ပစ် လိုက်တယ်။ ချက်ချင်း ဖုန်းကောက်ကိုင်ပြီး သူဌေးဆီ ဆက်လိုက်တယ်။ သူဌေး ငါ့ကို Point လှမ်းထည့် ပေးဦးလို့။ အဲဒီလိုပဲ။ သူဌေးက ဆိုင်တစ်ဆိုင်ကို Point  ငါးထောင် ဖိုးထက် ပိုထည့်ထားမပေးဘူး။ အဲဒီ ငါးထောင်ကုန်မှ ထပ်တောင်း။ သူက ထပ်ထည့်ပေးတယ်။ ပြီးရင်တော့ လူလွှတ်ပြီး ပိုက်ဆံကို လာသိမ်း သွားတော့တာ။

ကျွန်တော် ဖုန်းပြန်ချလိုက်တဲ့ အချိန်မှာ ကောင်တာစက်ရဲ့ Balance ဆိုတဲ့ နေရာကို Point ငါးထောင်က ဒိုင်းခနဲ ရောက်လာတယ်။
“ဟေ့ နောက်ထပ် ငါးထောင်၊ ဒုန်း”

Customer က စားပွဲကို တစ်ချက်ထုရင်း ငါးထောင် ထပ်ထည့်မယ်လို့ အော်တယ်။ ကောင်လေးက ပိုက်ဆံကို ခပ်မြန်မြန် ရေပြီး ကျွန်တော့်ကို လှမ်းအော်မှ ကျွန်တော်က ရိုက်ထည့်ပေးလိုက်တယ်။ ဒီတစ်ခါ ထည့်တဲ့ ငါးထောင်ကိုတော့ သူက ချိန်ဆပြီး ထိုးမယ့်ပုံ ပေါ်တယ်။ အလှည့်တစ်လှည့် အကျော်ခံလိုက်တာကို တွေ့ရတယ်။ အဲဒီလိုပဲ။ တချို့ Customer တွေက ချက်ကောင်းကို စောင့်တတ်တယ်။ အဲ သူတို့စောင့် တဲ့အလှည့်ကျမှ သူတို့ဂဏန်းထွက်ပြီဆိုလို့ကတော့ မွေးဂဏန်းသမား များလို မရှူနိုင်မကယ်နိုင်ဖြစ်ကရောပဲ။

“နောက်ထပ် ငါးထောင်”

စက်ထဲကို စိတ်ဝင်တစားကြည့်နေရာကနေ Customer က ထအော် တယ်။ ဒီတစ်ခါတော့ အပိုင်တွယ်မယ့်ပုံပဲ။ သူ့စက်ထဲကို လှမ်းချက်လိုက် တော့ ထည့်ထားတဲ့ ငါးထောင်က တစ်ပြားမှ မလျော့သေးဘူး။ ကောင်လေးက နောက်ထပ်ပေးတဲ့ ငါးထောင်ကိုတောင် ရေနေပြီ။ ကျွန်တော် သူဌေးကို ချက်ချင်း Point လှမ်းတောင်းလိုက်တယ်။

“ဘယ်သူ ဆော့နေတာလဲ”

ကျွန်တော့်ဆီက တောင်းတာမြန်လွန်းတော့ သူဌေးက စိုးရိမ်သွားဟန်တူ တယ်။ ကျွန်တော့်ကို မေးတယ်။ ဘယ်သူဆော့တာလဲတဲ့။
“Customer အသစ်”

“အေး ခဏနေရင် ပိုက်ဆံသိမ်း လွှတ်လိုက်မယ်”

“ဟုတ်”

ကျွန်တော် ဖုန်းကို ကမန်းကတန်းချပြီး Customer ရဲ့စက်ထဲကို ငါးထောင် ထည့်ပေးလိုက်တယ်။ ဒါဆိုသူထည့်တာ တစ်သောင်းခွဲ ရှိပြီ။ ကျွန်တော့် လက်ထဲမှာ ငွေပမာဏ များသွားပြီ။ ငွေပမာဏ များလာတဲ့ အတွက် ဆိုင်အဖို့လည်း အန္တရာယ် များလာပြီ။

လာတဲ့လူတိုင်းလိုလို တံခါးဖွင့်ဖွင့် ပေးရလေတော့ ဆိုင်ထဲ ရောက်နေတဲ့ Customer ထဲမှာ လူဆိုး၊ သူခိုး ပါရင်လည်း ပါတတ်တယ်။ အဲဒီလူက သူ့အဖွဲ့ကို ဖုန်းမက်ဆေ့ခ်ျလေး တစ်ခု ပို့လိုက်တာနဲ့ ကျွန်တော်တို့ ဆိုင်ရဲ့ ကံကြမ္မာက မြေလှန်ပြီးသား ဖြစ်သွားနိုင်တယ်။

ကျွန်တော်က နောက်ထပ် ရလာသမျှ ပိုက်ဆံအားလုံးကို ဘေးအိတ် ထဲအကုန်စုပြုံထည့်လိုက်ပြီး အိတ်ကို မြဲနေအောင် လွယ်ထား လိုက်တယ်။ စက်ထဲ ပိုက်ဆံတစ်သောင်း ထည့်ထားတဲ့ Customer က မောက်ကလေး ကိုင်ပြီး သူ့စိတ်ကြိုက် နံပါတ်တွေ ၀ယ်နေတယ်။

သူ့လက်က တစ်ချက် ကလစ်လိုက်တိုင်း ကျွန်တော့် ရင်ထဲက အေးခနဲ အေးခနဲဖြစ် ဖြစ်သွားတယ်။ နိုင်ရင် သူဌေးနိုင်မှာ။ ရှုံးရင်လည်း သူဌေးပဲ ရှုံးမှာပါပဲ။ ဒါပေမဲ့ အဲဒီ အနိုင်အရှုံး အဆုံးအဖြတ် မကွဲခင်မှာ ဘုရား တနေရ တာက ကျွန်တော်တို့ ဖြစ်နေတယ်။ လှံဖျား နားနေတဲ့ ပုစဉ်းကို စိတ်ပူမိတဲ့ ကျီးကန်းတစ်ကောင်ရဲ့ ခံစားမှုမျိုးဆိုတာ ဒီလိုဘ၀မျိုးနေမှာ လို့ မဆီမဆိုင် လျှောက်တွေးနေမိသေးတယ်။

“၀ုန်း ခလွမ်း”

ပစ္စုပ္ပန်နဲ့ ခဏတာ ကင်းကွာသွားတဲ့ ကျွန်တော့်စိတ်တွေ က ဆိုင်တံခါးကြီးတစ်ခုလုံး “၀ုန်း ခလွမ်း”နဲ့ ပွင့်သွားမှ ခန္ဓာကိုယ်ဆီ ပြန်ရောက်လာတယ်။ ကြည့်လိုက်တော့ တံခါး ဖွင့်မပေးလို့ လှည့်ပြန်သွားတဲ့ ကုတ်အင်္ကျီနဲ့ လူသုံးယောက်။ သူတို့ပါလာတဲ့ ဓားအရိုးနဲ့ တံခါးကို ဆောင့်ထုပစ်တာ။
“ချလွမ်း ခွမ်း လန်း လန်း”

မှန်ကွဲစတွေ ဆိုင်ထဲပြန့်ကျဲသွားတယ်။ Customer တွေက ၀ုန်းဆို ပြေးပေါက်ရှာကြ တယ်။
“ပြေး”

မျက်လုံးက ကောင်လေးကို တစ်ချက်ရှာရင်း ကျွန်တော် အော်လိုက်တယ်။ အော်သာ အော်ရတာ ကောင်လေးက ဘယ်ရောက်နေမှန်း မသိဘူး။ နောက်ဖေးပေါက်ကနေ ပြေးထွက်လိုက်တော့ ကျွန်တော့်နောက်က Customer တွေ တသီ တတန်းကြီး ပါလာတယ်။ ကောင်လေးကို ရှာလိုက်တော့ သူက Customer တွေနောက်မှာ တိုးဝှေ့နေတုန်း။

သူ့ကို မစောင့်တော့ဘဲ တွေ့ကရာလမ်းထဲ ကျွန်တော် ၀င်ပြေးပစ်လိုက်တယ်။ လမ်းတွေ တော်တော်များများဖြတ် ပြီး အဆောင်ကို ပြန်ရောက်တော့ ကောင်လေးက ချွေးတွေ တပြိုက်ပြိုက်နဲ့ အဆောင်ကို ရောက်နှင့်နေပြီ။

သွားပြီ။ အဲဒီတော့မှ ကျွန်တော် သတိဝင်လာတယ်။ လွယ်ထားတဲ့ ဘေးလွယ်အိတ် ပါမလာတော့ဘူး။ ကောင်လေးကို ခေါ်ပြီး ကျွန်တော် ပြေးခဲ့တဲ့ လမ်းတွေထဲ လျှောက်ရှာကြည့်လိုက်သေးတယ်။ မတွေ့တော့ဘူး။ ပိုက်ဆံ တစ်သောင်းခွဲကျော်သေးတယ်။ သူဌေးကို ဘယ်လို ပြောရမလဲ။ သူဌေးကို ပြောလို့ ရတယ် ထားပါဦး။ ကောင်လေးကို ဘယ်လို ပြောရမလဲ။ နှစ်ယောက်စလုံးရဲ့ မစို့မပို့ လစာထဲက အဖြတ် ခံရတော့မှာ တော့ အသေအချာပဲ။ ကောင်လေးက လျော်မယ် ထားပါဦး တော့ ကျွန်တော် ဖျောင်ပစ်တာလို့ရော ထင်မသွားနိုင်ဘူး လား။ ကျွန်တော့်ကို ယုံလို့တောင် သူ့လစာတွေ ကျွန်တော့်ဆီ အပ်ထားတဲ့ ကောင်လေး။ ကျွန်တော့်ကို ယုံကြည်ပါဦးမလား။

ကျွန်တော့် အတွေးနဲ့ ကျွန်တော် ကောင်လေးကို ကြည့်လိုက်တော့ ကောင်လေးက တိမ်တွေကြားထဲက ဘယ်ကို သွားနေမှန်းမသိတဲ့ လေယာဉ်ပျံကြီးကို ငေးနေတယ်။

၂။
ကျွန်တော့်တုန်းကလည်း ကောင်တာသမားက ပျောက်သွားတယ် ဆိုလို့ အဲဒီလိုပဲ လျော်ခဲ့ရဖူးပါတယ်။
လူခါး
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)


No comments: