Wednesday 2 January 2013

လူမိုက်က ကျွန်တော် အဖော်က တီဗက်ဇ်



အစ
“၀ုန်း”
“ဆာယာတာ ဘိုလေး ကာစီး...”
ကျွန်တော့်လက်နဲ့ ကောင်တာ စားပွဲကို ရိုက်ချ လိုက်တဲ့“၀ုန်း”ဆိုတဲ့အသံက ဆိုင်ခန်း ထဲမှာ ပဲ့တင်ထပ် သွားတယ်။
ကျွန်တော့်ကို ပြန်မော့ ကြည့်လာတဲ့ ဆာဗား ကောင်ရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှု တွေနဲ့အတူ အံ့သြမှု တွေပါ ရောပြွမ်း နေတာကို တွေ့လိုက် ရတယ်။ အဲဒီလို ဖြစ်ရမယ်လေ။ ဖြစ်ကို ဖြစ်နေရမယ်။ ဒီလို မိုက်မိုက် ရိုင်းရိုင်း တုံ့ပြန် တတ်ဖို့ သူကိုယ်တိုင် သင်ပြ ပေးခဲ့တာ။ အခု ကျွန်တော့်ရဲ့သင်ယူ တတ်မှုကို သူ အသိ အမှတ်ပြု လိုက်ရပြီ။ သူ့တစ်ကိုယ်လုံး ကိုလည်း ချောင်းအရိုက်ခံ ရတဲ့လူက အမှောင်ထဲမှာ ရှိတဲ့ ရန်သူကို ရှာတွေ့လိုက် သလို အကြည့်မျိုးနဲ့ ကြည့်ပစ် လိုက်တယ်။

“မင်းတို့ ပြောတိုင်း ယုံရ အောင် ငါက”
ကျွန်တော့် ပါးစပ်က စကားလုံးတွေ ထပ်ထွက်လာ ရမဲ့အစား လက်က အနားနီးတဲ့ ကီးဘုတ်ဆီ ရောက်သွားတယ်။ ဆိုင်မှာ လာဆော့နေကျ တရုတ် လင်မယားက တရုတ်လို တွေရော၊ မလေးလို တွေပါ ပွက်ကလော ရိုက်ပြီး ထဆွဲတယ်။ သူ့ အပေါ်ကျ ခွင့်မခဲ့တဲ့ ဒေါသတွေက နံရံပေါ်ကို အရှိန်ပြင်းပြင်း နဲ့ ကျသွားတယ်။
“ခွမ်း”

ကီးဘုတ် အပိုင်းအစ တွေက နံရံရဲ့ ဆန့်ကျင် ဘက်ကို ဖွာလန်ကြဲပြီး ထွက်သွား တယ်။ ဘေးတစ်ဖက် တစ်ချက်မှာ ညှပ်ကိုင်ထားတဲ့ တရုတ် လင်မယားကို တွန်းဖယ်ပြီး ကျွန်တော် ဆိုင်ထဲက ထွက်လာခဲ့တယ်။ ဆိုင်အပြင်ဘက် မှာတော့ မလေးရှား နေက ထုံးစံအတိုင်း ချစ်ချစ် တောက်ပူလို့။

၁။
ပတ်ဝန်းကျင် အသစ် အလုပ်အကိုင် အသစ်ဆိုတဲ့ အသိနဲ့ ဂနာမငြိမ် ဖြစ်နေတဲ့ စိတ်ကို မျက်နှာပေါ် မရောက်အောင် ထိန်းထား ခဲ့သေးတယ်။ ဒါပေမဲ့ ရင်ထဲက ဝေဒနာကို ကွယ်ဝှက်ထား နိုင်လောက်အောင် မကျွမ်းကျင် ခဲ့သေးတော့ ကျွန်တော့် မျက်နှာက မီးဝိုင်း ထားတဲ့ အရူးလို ဖြစ်နေခဲ့တယ်။

“အေး။ မင်း သိထားရ မှာက ဂိမ်းဆိုင်ဆိုတာ တရား စခန်း မဟုတ်ဘူး။ လာဆော့ တဲ့လူတွေက လူဆိုး သူခိုးတွေ ဖြစ်ရင် ဖြစ်မယ်။ ဓားပြတွေ ဖြစ်ရင် ဖြစ်မယ်။ ပိုဆိုးတာက တရားမ၀င် ဖွင့်ထားတာဖြစ် တဲ့အတွက် ရဲဝင် ဖမ်းချင် လည်း ဖမ်းလိမ့်မယ်။ ကြိုက် ရင်လုပ်၊ မကြိုက်ရင် မလုပ် နဲ့။ လစာက ထောင့်ငါးရာ”

ကျွန်တော့်ကို အလုပ် သွင်းပေးမဲ့ ထားဝယ်သား ကိုရာမိုးရဲ့ စကား။ ကျွန်တော့် ဘေးကို ပိဿာလေးနဲ့ ပစ်ချ လိုက်တာကမှ အဲသည်ထက် နူးညံ့ဦးမယ်။ ကြားကြားချင်း မောင်းတင် ထားတဲ့ သေနတ် နဲ့ အချိန်ခံ လိုက် ရသလို တစ်ကိုယ်လုံး ဖိန်းရှိန်း သွားတယ်။ သူကတော့ ဒီ ပတ်ဝန်းကျင်ကို ဖတ်တွယ် ထားခဲ့တာ ဘ၀ တစ်ဝက် ကျိုးခဲ့ပြီ ဆိုတော့ ခွပ် လက်ရနေတဲ့ တိုက်ကြက်ဖ တစ်ကောင်လို မြောက်ကြွ မြောက်ကြွနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိ နေတာ လား၊ မထူး ဇာတ်ခင်းနေတာ လားဆိုတာ တော့ သူ့ကိုယ် စောင့်နတ်ပဲ သိလိမ့်မယ်။

ကိုယ့်နောက်ကို ပြန် ကြည့်တော့လဲ ယောင်ယမ်း ဆွဲလို့တောင် ကောက်ရိုး တစ်မျှင် ဖြစ်ဖြစ် ပါလာစရာ အကြောင်း မရှိဘူး။ ဒီအချိန်မှာ  ငရဲလမ်း ဖြစ်နေ ရင်တောင် မျက်စိမှိတ်ပြီး ဖြတ်လျှောက် ပစ်ဖို့ပဲ ရှိတော့တယ်။ မျက် နှာကို ဇာတ်ကြမ်းကား ထဲက လူမိုက် တစ်ယောက်လို ခက် ထန်အောင် ဆွဲဆန့် လိုက်ရင်း
“ဘာဖြစ်ဖြစ် ချမယ် ဗျာ”
“ဖျောက်”ကိုရာမိုးက လက်ဖျောက် တစ်ချက်ကို ဟန်ပါပါ တီးလိုက်ရင်း-
“ဒီလိုမှပေါ့ကွ။ သက်သက် သာသာနဲ့ ဒီလို လစာမျိုး မလေးရှားမှာ ထမင်းထုပ်နဲ့ လိုက်ရှာ၊ မင်း ထမင်း ထုပ်သိုး သွားမယ် ကိုယ့်လူ။ အေး၊ စိတ်ပေါက်မှ လိပ်လောက်ပြေး လို့တော့ မရဘူး ပေါ့ကွာ။ ဒီ အလုပ်က ကြိုးတန်းပေါ် စင်္ကြံ လျှောက်ရတဲ့ အလုပ်”
ကြောက်စိတ်ကို မသိ ကျိုးကျွန် ပြုပြီး ပြောနေကျ စကား တစ်ခွန်းပြောပေး လိုက်တယ်။

“ကျေးဇူး တင်ပါတယ် အစ်ကို”
“အေး။ ငါ့ကို ကျေးဇူး တင်ရင် မျက်စိရှင်ရှင်၊ နား ရှင်ရှင်နဲ့ အထဲ မရောက်အောင် ကြိုးစား။ အထဲ ရောက်သွား ရင် ငါလည်း ဘာမှမတတ် နိုင်ဘူး။ သူဌေးက ထုတ်ပေး တယ်ဆိုတာ ကလည်း ကမ္မ သကာ”

၂။
ရွာခဲ လှတဲ့ မိုးက ဒီနေ့ည မှ ကျွန်တော့် ကိုများ ရွဲ့ပြီးရွာ နေသလား အောက်မေ့ ရတယ်။ တအုန်းအုန်းနဲ့။ တစ်ခန်း တည်းနေရတဲ့ ဆာဗား နှစ်ယောက် ကတော့ ပုလင်းခွံတွေ ကြား ထဲမှာသိုးလို့။ မလေးနိုင်ငံ သားတွေ ဖြစ်ပါရက်နဲ့ သူတို့ က ကျွန်တော်နဲ့ ဘာမှ သိပ်မထူး တဲ့ကောင်တွေ။ သူတို့က သာ တာဆိုလို့ အိုင်စီကဒ် ကလေး ရှိတာပဲ သာတယ်။ ဒီအလုပ်၊ ဒီလစာ အတူတူပဲ။ ကျွန်တော် တို့ဆီမှာဆို နယ်စွန် နယ်ဖျား က မြို့တက် အလုပ် လုပ်တဲ့ လူတွေလိုပေါ့။ ခံစားခွင့်က တောဘွဲ့ရနဲ့ မြို့ဆိုက်ကား သမားလို နင်လား ငါလားထဲက။
“ဒီအလုပ်က ဘာကောင် ဖြစ်ဖြစ် ဆရာ မရှိဘူး။ နည်းနည်း ကျွမ်းကျင် ရင်တော့ ကောင်တာ ထိုင်ရမယ်။ လစာ တိုးမယ်။ ပိုတာဝန် ကြီးတယ်။ ၀င်ဝင် ချင်းတော့ ဆိုင်ထဲမှာ လူရှိရင် ဆိုင်ထဲမှာနေ၊ လူ မရှိရင် အပြင်မှာ လမ်းကြောင်း ကြည့်ပေါ့။ ရဲဖြစ်ဖြစ် MPPJ ဖြစ်ဖြစ် မြင်တာနဲ့ လစ်တော့”

ကိုရာမိုးရဲ့ ထားဝယ်သံ ၀ဲဝဲက တအုန်းအုန်း ရွာနေတဲ့ မိုးအော်သံကို ကျော်ပြီး အတွေးထဲ ၀င် လာတယ်။ ကျွန်တော့် ကို ဒီစကား တွေပြောတုန်းက မေးချင်လိုက်တာ။ အစ်ကို ရော စ၀င်ခါစက ဘယ်လို ခံစားရ သလဲလို့။ သူ့ပုံက အထုအထောင်း ခံရလွန်းလို့ ထုံပေ နေတာ မျိုးလို့ ကျွန်တော် ထင်တယ်။ သူ့နှုတ်ခမ်း ထောင့်စွန်းက အထက်ကို အမြဲ တမ်းကွေး တတ်လို့။ဒေါင်ကျ ကျပြားကျကျ ဆိုတဲ့ ဆိုက်မျိုး။

ကျွန်တော် ကရော။ ကျွန်တော်ကျတော့ လကုန် ရက်တွေကို ရောက်တိုင်း မဟာ့ မဟာ အမှုကြီး ကျူးလွန် ထားတဲ့ တရားခံတစ်ယောက် လို ခံစားရတယ်။ လကုန်လို့ ဖုန်းဆက် လိုက်တာနဲ့ ခွဲလာခဲ့ ရတဲ့ အိမ်က ပူပူ နွေးနွေး မိဖုရား ခေါင်လေးက ကုန်းဘောင်ခေတ် နှောင်းပိုင်းတုန်းက လင်တော်မောင် ဆုံးမတဲ့ မမြလေး ရဲ့တေးထပ်ထက် အကြောင်း ဆိုးတယ်။ နိဂုံး ချုပ်လိုက်တော့“ဘာလို့ငွေ မပို့တာလဲ”ဆိုတဲ့ မေးခွန်းနဲ့ ချောင်ပိတ် ပိတ်ရိုက် တာပဲ။

“ဘာမှ လာရှင်း ပြမနေ နဲ့။ အိုဗာ စတေးတွေ၊ basic ကြေးတွေ၊ ရဲဖမ်းလို့ ပေးရတာ တွေ၊ ဂိုးသမား မရှိတဲ့ ဂိုးကို သွင်းခိုင်း ရင်တောင် နင်က ခြေ ထောက်ခေါက်လဲ မဲ့အကောင်”
အိမ်ထောင်စု ဇယားရဲ့ နံ ပတ်နှစ်ခုထဲက နံပါတ်တစ်ခု မှာ နေခွင့် ရတဲ့ ကျွန်တော့် အပေါ် ယုံကြည် ကိုးစားတဲ့ အိမ်ရှင်မရဲ့ ချီးမွမ်း ထောမနာ သံ။ “နေနှင့်ဦး ပေါ့ဟာ ငါ အိမ်ပြန် ရောက်မှ နင့်ကိုပတ်စ် ပို့အတုနဲ့ တစ်လှည့်လွှတ် လိုက်ဦး မပေါ့”လို့တွေးရင်း ဆာဗားတွေရဲ့ လက်ကျန် လေးကို လှမ်းယူပြီး အိပ်ဆေး လုပ်ပစ် လိုက်တယ်။

၃။
ဆိုင်တံခါးကို တွန်းဝင် လိုက်တာနဲ့ ပေငါးဆယ်ပတ် လည်အခန်းထဲမှာ“အွန်လိုင်း တွမ်တီဖိုး ဟာဝါ” ဆိုတဲ့စာလုံး ကြီးက ထင်ထင် ရှားရှားကြီး။ မောနီတာတွေ၊ ကီးဘုတ်တွေ ကို ခုံတန်းရှည် ကြီးပေါ်မှာ တန်းစီတင် ထားလိုက် တာများ အရောင်း ခန်းမကြီး လားကျ လို့။ ကောင်တာ ထိုင်နေတဲ့ ဆာဗား ကောင်ရဲ့ “အခုမှ အလုပ် စ၀င်တဲ့ ငချွတ်လေးပဲ”ဆိုတဲ့ အကြည့်က အခန်းထောင့်မှာ တပ်ထားတဲ့ အဲကွန်းတွေထက် တောင် ကျော့စိမ့်လာ စေသေး တယ်။ နံပါတ်စဉ် တပ်ထား တဲ့စက် အရေအတွက်က စုစု ပေါင်းအလုံး သုံးဆယ်။ နှစ်လုံး သုံးလုံး လွတ် နေတာက လွဲရင် စက်တိုင်းမှာ ကစား တဲ့လူတွေနဲ့ အပြည့်။

“ပထမဆုံး ကြည့်ထား ရမှာက ပြေးပေါက်”
အန္တရာယ် အငွေ့ အသက်ကို ရှူရှိုက် ရတိုင်း ကိုရာမိုးရဲ့ စကားက နားထဲကို ယင်တစ်ကောင်လို ဆောင့်ဆောင့် ၀င်လာတယ်။ “တွိုင်းလက်” လို စာတန်းကပ်ထားတဲ့ တံခါးလေးကိုဟပြီး ခေါင်းပြူကြည့် လိုက် တော့ အိမ်သာ ခန်းရဲ့ဘေးဘက်မှာ သံ ဘာဂျာတံခါး တစ်ခုကို သော့ခတ် ရက်သားတွေ့ရတယ်။
“ဟူး...”
တင်းနေတဲ့ စိတ်ကို လျှော့ချပြီး ရင်ထဲက အပူတွေ ကို ပါးစပ်ကနေ အလိပ်လိုက် မှုတ်ထုတ်ပစ် လိုက်တယ်။ အလုပ် သမားက ဆာဗားကောင် နဲ့မှ နှစ်ယောက်တည်း။ ညနှစ် ယောက်၊ မနက် နှစ်ယောက်။ အလုပ်ချိန်က ဆယ့်နှစ်နာရီ တစ်ခါ လူချိန်း။ ဆိုင်က နှစ် ဆယ့်လေး နာရီ ပိတ်ရက်မရှိ။

ဝင်လာတဲ့ Customer ကို စက်ဖွင့်ပေး။ ပိုက်ဆံ ထည့်ရင် ကောင်တာကိုလှမ်း အော်။ စက်ထဲ ၀င်တဲ့ ပိုက်ဆံနဲ့ ကိုယ်အော် လိုက်တဲ့ အရေ အတွက် ကိုက် မကိုက်စစ်။ ကိုက်ရင် အိုကေ ထပ်အော်။ Customer က နက်ကဖီးဆို နက်၊ မိုင်လိုဆို မိုင်လို တစ် ခါသုံးခွက်ထဲ ထည့်ဖျော်ပေး။ ပြီးရင် ကိုယ့်ခုံမှာ ကိုယ်ပြန် ထိုင်။ ဒါပဲ အလုပ်က။
ကိုရာမိုး ပြောတဲ့ ထမင်း ထုပ်သိုးသွားမယ် ဆိုတဲ့အလုပ်။ ထမင်းထုပ်တော့ မသိဘူး။ လူကတော့ ဒီအလုပ်ကြာ ကြာစွဲလုပ်ရင် အော်ရန်းမာ လာ့။ ငပျင်း။ ကြာကြာလုပ် ဖို့ဆိုတာ ကလည်း အဆင်ပြေ မှုမပြေမှုက ဘုရား ဆုပန်တာက မှ ယောက်ျားကွ ဆိုပြီး ယောင် ယမ်းမျှော်မှန်းလို့ ရဦးမယ်။

“ရွှတ်...ရွှတ်...”
ကိုယ့်အတွေး နဲ့ကိုယ် ၀င်္ဂပါထဲ မျက်ကန်းလမ်း လျှောက် တွေးနေတုန်း စက်နံ ပတ်ဆယ့်လေးက အသံ ထွက် လာတယ်။ လှမ်းကြည့်လိုက် တော့ လာဦးဆိုတဲ့ အထာနဲ့ အိန္ဒိယ တစ်ကောင်က ခေါင်း ဆတ်ပြတယ်။ ခေါက်ရိုးကျိုး နေတဲ့ စိတ်နဲ့ ကိုယ်က ခပ်ယို့ ယို့ကလေး အခန်းကျဉ်းထဲ မပြေး ရုံတစ်မည် အနား ရောက်သွား တော့-
“ဘလွန်းမိုင်း၊ စူဒါ့ ဟန့်”

မဆော့ ရသေးဘူး။ မင်း စက်က ဂျန်းဖြစ်နေပြီ ဆိုတဲ့ သဘော။ “ဟုတ်ကဲ့ ခဏ လောက် စောင့်ပေးပါ”လို့ အညင်သာဆုံး မေတ္တာရပ်ခံ တော့ ၀ူးဝူးဝါးဝါး ထလုပ် တယ်။ သူ့ကို ဖျော်ပေးထား တဲ့ ကော်ဖီခွက်က သူ့လက် နဲ့တိုက်မိပြီး အောက်ကျသွား တယ်။ ဒါကို ငနဲက ခြေ ထောက်နဲ့ ကန်ထည့် လိုက်ပြီး  မင်း ဘာလုပ် ပေးမှာလဲ”
အသစ်မှန်း သိလို့ ဖိချင် တာလား။ သူ့ရဲ့နဂို ဗီဇကိုက ဒီအတိုင်းပဲလား မသိဘူး။ ကျွန်တော့် ဒူးနှစ်လုံးက ခေါင်းချင်း ရိုက်နေပြီ။
“ဘာဖြစ်တာလဲ”

ကောင်တာ ထိုင်နေတဲ့ ဆာဗားက လှမ်းမေးတယ်။
“ဒီမှာ ဂျန့်ဖြစ် နေလို့”
အတွေ့အကြုံက စကား ပြောတယ် ထင်တယ်။ စက် ရုပ်လို မျက်နှာနဲ့ အနားရောက် လာပြီး-
“ဒါ စက်က ဖြစ်တာ။ မင်း သူ့ကို အော်စရာ မလို ဘူး။ မစောင့် နိုင်ရင် မင်းပိုက် ဆံပြန်ယူသွား”

သူ့ခန္ဓာကိုယ် ထက် နှစ် ဆလောက် ရှိတဲ့ အိန္ဒိယက ဘာမှ မပြောတော့ဘဲ ပိုက်ဆံ ယူပြီး ပြန်သွားတယ်။ “ဒီ ကောင်က ငါ့ထက် စွာနေပါ လား”ဆိုတဲ့အတွေးနဲ့ဆာဗား ကောင်ကို လှမ်းကြည့်လိုက် တော့ ကျွန်တော့်ကို လက် ယပ်ခေါ်တယ်။

“သူ့ထက် အပုံတစ်ရာ မိုက်တဲ့ ကောင်တွေ တို့သူဌေး ဆီမှာ အများကြီးပဲ။ လုပ်စရာ ရှိရင် တို့တောင် လုပ်စရာ မလို ဘူး။ နောက်မှတ်ထား။ ဘာကောင်ပဲ ဖြစ်ဖြစ် ခပ်ရိုင်းရိုင်း တုံ့ပြန်။ ဒီမှာတွေ့လား။ ဖုန်းတစ်ချက် တော့ လိုက်တာနဲ့ အသက်က ဘယ်က ထွက်ရ မှန်းမသိဘူး ဖြစ်သွားမယ်”
“အမလေး”ကျွန်တော့် ပါးစပ်က အမှတ်တမဲ့ ထွက် သွားတယ်။

“အာပါး အမလေး”
အမလေး ဆိုတာ ဘာလဲ လို့ မေးတာ။ တော်ပါသေးရဲ့ မြန်မာလို နားမလည်လို့။ ခပ် တည်တည်နဲ့ လက်မထောင် ပြလိုက်ရင်း “ငါတစ်ယောက် လုံး ရှိပါတယ်ကွာ”လို့ပြော လိုက်တော့ ဆာဗားကောင်က သဘောကျ သွားတယ်။ အဲကွန်းက အေးလို့ ထင်ပါရဲ့။ ကျွန်တော့်လက်တွေ နည်း နည်းတုန်နေတယ်။

၎။
“တီ...ဒေါင်၊ တီ ဒေါင်”
ဆိုင်ထဲမှာ လူကျ နေတဲ့ အချိန်အ၀င်တံခါးဝမှာ တပ် ထားတဲ့ လူခေါ်ဘဲလ်က ထ မြည်တယ်။ ကောင်တာက ဆာဗားကောင် ရဲ့ရှူးဆိုတဲ့ အသံက မြွေဟောက်တစ် ကောင်ရဲ့ နှာမှုတ် သံလို စူးစူးရှရှ ထွက်လာတယ်။ တစ်ဆိုင် လုံးရှိသမျှ လူတွေ ငြိမ်ကျ သွားတယ်။ ဘာမှန်းမသိပေ မဲ့ အန္တရာယ်ရဲ့ အငွေ့အသက် ဆိုတာတော့ ဦးနှောက်က မီးနီ ပြလာတယ်။ ကောင်တာဆီ သွားပြီး CCTV ကြည့်လိုက်တော့ လား...လား.. ယူနီဖောင်း အပြည့်နဲ့ MPPJ ကလူတွေ။ MPPJ ဆိုတာက မလေးရှားမှာ လိုင်စင်ထုတ် ပေးတဲ့ အဖွဲ့အစည်း။ လိုင်စင် မပြနိုင် ရင်ဆိုင်ကို အရေခွံခွာ၊ လူကို အစစ်အဆေး မရှိ။ အချိန် အကန့်အသတ် မရှိ။

သတ္တိရှိ လှပါတယ်ဆို တဲ့ ဆာဗားကောင်က“ပြေး” လို့ တစ်ချက်အော်ပြီး အသံ ထက်မြန်တဲ့ အရှိန်နဲ့ နောက် ပေါက်ဆီ ရောက်သွားတယ်။ Customer တွေက နွေခေါင် ခေါင်ကြီး လျှပ်စီး လက်သလို မျက်စိတစ်မှိတ် အတွင်း ဆိုင် အပြင်ဘက် ရောက်သွားကြ တယ်။ ကျွန်တော့် ခြေထောက် တွေ နောက်ပေါက်ကို ဦး တည်လိုက်တဲ့ အချိန်မှာ ဆိုင် မျက်နှာစာက တံခါးကိုရိုက် ဖျက်နေတဲ့ တဒုန်းဒုန်း ထုသံ က ဆိုင်ထဲကို လှိုင်းတစ်လုံး လို လှိမ့်ဝင် လာတယ်။

၅။
စာရင်းချုပ် လိုက်တော့ သူဌေးက စက်လုံး ရေသုံး ဆယ်နဲ့ ရှိသမျှ ပစ္စည်းတွေ အကုန်ပါ သွားတယ်။ ဒါပေမဲ့ ကျောင်းသင်ခန်းစာ ထဲကလို တံငါသည်က တံခါးမှူးကို ချော့တဲ့ နည်းနဲ့ ချော့လိုက် တော့ ညတွင်းချင်း ဆိုင်က အကောင်း ပကတိ ပြန်ဖြစ်သွား တယ်။ လာဆော့တဲ့ လူတွေဆီ က နိုင်တဲ့ ဆာဗားကောင်ရဲ့ ဘောင်းဘီ အိတ်ထဲ ထည့်ထား တဲ့ ငွေသုံးထောင် ကျော်က ပြေးရင်း လွှားရင်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်။ သူဌေးရဲ့နောက် ဆက်တွဲအမိန့်က ကောင်တာ ထိုင်တဲ့ ကောင်နဲ့ ကျွန်တော်နဲ့ တစ်ယောက် တစ်ဝက်လျော်။

“ဒါက ဒီလောကရဲ့ စည်းကမ်း”
ရောမမြို့ကြီး ပျက်နေ တာကို တယောထိုး မပျက် တဲ့ဘုရင်လို လေသံမျိုးနဲ့ ဆာဗားကောင်က ကျွန်တော့် ကို ပြောတယ်။ အဲဒီမှာ ကျွန်တော် ဒေါသတွေ စားပွဲ ပေါ်ကျသွား တော့တာပဲ။
“၀ုန်း”
“ငါ လုံးဝမပေး နိုင်ဘူး”

အဆုံး
ဂိမ်းဆိုင်ထဲက ထွက် လာပြီး လမ်းမပေါ် ကျွန်တော့် ရောက်သွားတော့ မလေးရှား နေက ထုံးစံ အတိုင် ချစ်ချစ် တောက်ပူလို့။ အလုပ်ထွက် လာတာကို အလိုက် မသိတဲ့ ဗိုက်က တဂွီဂွီနဲ့ လမ်းဘေး ဆိုင်ထဲ အတင်းဆွဲ ခေါ်တယ်။ ဆိုင်လေးထဲ မှာက အာဂျင် တီးနားနဲ့ ဥရုဂွေးနဲ့ ကန်တဲ့ ကိုပါ အမေရိက ဖလားပွဲ။ ပွဲရ လဒ်က နှစ်ဂိုးစီ သရေ။

တခြား စားပွဲမှာ ထိုင်နေ တဲ့တစ်ယောက် ကပြောတယ်။

“ညံ့လိုက်တဲ့ အာဂျင်တီး နားကွာ။ ဥရုဂွေးက တစ် ယောက်လျော့နဲ့ ကစားနေတာ တောင် သရေတဲ့။ ခုကြည့် ပင်နယ်တီ ကန်ရတော့မယ်”
ပင်နယ်တီ ဆိုတဲ့ အသံ ကြောင့် ကျွန်တော် ဘောလုံးပွဲ ကို စိတ်ဝင်စားသွားတယ်။ ပထမဆုံး အာဂျင်တီးနားရဲ့ အသင်း ခေါင်းဆောင် မက်ဆီ က စကန်တယ်။
“ဂိုး...”

မက်ဆီက လက်သီး လက်မောင်း တန်းပြီး ပရိသတ် ဘက်ကို အောင်ပွဲ ခံတယ်။ နောက် ဥရုဂွေး။ ဥရုဂွေးက လည်း ဂိုးတာ ပါပဲ။ ဟိုကဂိုး သည်ကဂိုးနဲ့ အာဂျင်တီးနားရဲ့ တတိယ မြောက်အလုံးကို တီဗက်ဇ်က ကန်ဖို့ပြင် နေတယ်။ ကျွန်တော့်ဘေးက တစ်ယောက်က ထပြောတယ်။

“မျက်စိမှိတ် ကန်ရင် တောင် တီဗက်ဇ်ကို စိတ်ချ တယ်”တဲ့။ တီဗက်ဇ်က ဂိုး သမားရဲ့ ညာဘက်ကို အသာ လေး ကန်ထည့် လိုက်တယ်။

“ဟာ...ခွီးမှပဲ။ ညံ့ လိုက်တဲ့ကောင်”
တီဗက်ဇ်ကို ထောမနာ ပြုကြတဲ့ အသံတွေ ဆိုင်ထဲမှာ ညံသွားတယ်။ မလေး၊ အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား ဘာသာ မျိုးစုံနဲ့ တီဗက်ဇ်ကို မေတ္တာပို့ ကြတယ်။
ကျွန်တော် အသာပဲ ဆိုင် လေးထဲက ထွက်လာ ခဲ့တယ်။ ဘယ်ကို သွားလို့ ဘာဆက် လုပ်ရမှန်း မသိပေမဲ့ တီဗက်ဇ် ကို အပြစ် ပြောဖို့ စကားလုံး ရှာမရဘူး ဖြစ်နေတယ်။

လူခါး
(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)



1 comment:

ငြိမ်းစိုးဦး said...

အဖွင့်ကနေခေါ်သွားလိုက်တာ တီဗက်ဇ် ကိုတောင် သနားသွားမိ ...