Sunday 17 March 2013

ဝေးမြေရပ်ခြား ပေးစာများ(၁)



                                                                  (၁)

ညီလေးရေ………
            မင်္ဂလာပါကွာ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဘာလိုလိုနဲ့ မင်းပြည်ပကို ထွက်သွားတာ ရက်လနှစ်တွေတောင် အတော်ကြာညောင်းခဲ့ပြီနော်။ မင်းပြည်ပ ရောက်သွားပြီးတဲ့နောက်ပိုင်း ကိုယ်လည်း အရင်လို စာအုပ်ဆိုင်လေး အဖော်ပြုပြီး စာတိုပေစလေးတွေရေးရင်း ရပ်ရေးရွာရေးကို တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။
            ညီလေးရေ…. မင်းက (မင်းသူငယ်ချင်းတွေရော၊ အခြားပြည်ပရောက်နေသူတွေပါ) နေ့ရှိသ၍ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နေရတယ်လို့ ဖုန်းထဲကပြောတော့ ကိုယ်တကယ်စိတ်မကောင်းခဲ့ပါဘူးကွာ။ ပြီးတော့ မင်းတို့အားလုံး ပိုက်ဆံနောက်ကို လိုက်ရင်း လိုက်ရင်း ခေတ်စနစ်နဲ့ ကမ္ဘာ့ရေးရာတွေနဲ့ မျက်ခြေပြတ်သွားမှာလည်း စိုးရိမ်မိတယ်။ အဲဒီ စိုးရိမ်စိတ်နဲ့အတူ မင်းပို့ပေးတဲ့ email လေးတွေကနေတဆင့် မင်းတို့ရောက်နေတဲ့ တိုင်းပြည်ရဲ့ စရိုက်လက္ခဏာတွေကိုသိရတော့ စိုးရိမ်စိတ်က ပိုလို့တောင်ရင့်သန်ကြီးထွားရပါတယ်။
            အချိန်ပြည့်နီးပါး အလုပ်နဲ့လက်နဲ့ မပြတ်လုပ်ပေးနေရတဲ့ မင်းလို ပြည်ပရောက်နေသူအားလုံးအတွက် ဘာလုပ်ပေးရင်ကောင်းမလဲလို့ စဉ်းစားနေမိတဲ့အထိ ဖြစ်ရပါတယ်။ ဒီတော့ ကိုယ်စဉ်းစားမိတယ်။ နေ့ရှိသ၍ အလုပ်နဲ့ လက်နဲ့ မပြတ်လုပ်နေရတဲ့ မင်းနဲ့ မင်းလိုဘ၀တူ လူငယ်လေးတွေအတွက် ကိုယ်ဖတ်မိမှတ်သားမိတဲ့စာလေးတွေ ၊ သတင်းလေးတွေထဲက ကောင်းနိုးရာရာလေးတွေကို တဆင့်ပြန်ပြီး ဖောက်သည်ချပေးရရင် ကောင်းမယ်လို့ ကိုယ်တွေးမိတယ်။
            အဲဒီတော့ ကိုယ်ဖတ်ထားခဲ့ဖူးတဲ့အထဲက ပထမဆုံး မင်းတို့လို လူငယ်လေးတွေနဲ့ ကိုက်ညီမယ့် အကြောင်းအရာလေးတွေကို ပြန်စဉ်းစားရှာဖွေရတယ်။ မင်းတို့လည်း စိတ်ဝင်စားရမယ်။ မင်းတို့ကိုလည်း အကျိုးပြုရမယ်။ တခြားဖတ်မိတဲ့လူတွေအတွက်လည်း အဓိပ္ပာယ်ရှိရမယ်။ နောက်ဆုံး တစ်ဦးတစ်ယောက်မှသည် အများ၊ အများမှသည် မင်းတို့ ကိုယ်တိုင်းပြည်အထိ သဲတစ်ပွင့် အုတ်တစ်ချပ်အဖြစ် အကျိုးပြုရမယ့် စာမျိုးဖြစ်ရမယ်လို့ ကိုယ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
            အဲဒီလိုရှာဖွေလို့ရတဲ့ အထဲကမှ စာပေသမားတစ်ယောက်အနေနဲ့ လူငယ်မောင်မယ်အားလုံးအတွက် ရည်ရွယ်ပြီး ပြောချင်တာဆိုတော့ မင်းတို့ဆီမှာထုတ်ဝေဖြန့်ချိနေတဲ့ စာအုပ်တွေကနေ တဆင့်ပြောပြမှ ရမယ်လို့ အဖြေထွက်လာရတယ်။ အဲဒါကြောင့် မင်းကိုမေးရတာပဲ ။ မင်းရောက်ရှိနေထိုင်တဲ့ တိုင်းတပါးမှာ မြန်မာလိုထုတ်ဝေဖြန့်ချိတဲ့ စာစောင်တွေ မဂ္ဂဇင်းတွေများ မရှိဘူးလားလို့။ မင်းဘက်က ရှိတယ်လို့ အဖြေစကားကြားရတော့ ကိုယ့်မှာ ၀မ်းသာလိုက်ရတာ အတိုင်းမသိပါပဲကွာ။
            ညီလေးရေ…… စာအုပ်စာပေ လူ့မိတ်ဆွေ။ အလိမ္မာစာမှာရှိ။ စာမဖတ်သောသူသည် အကန်းနှင့်တူ၏။ သူများထက် ခေါင်းတစ်လုံးပိုသာချင်ရင် စာဖတ်ရတယ်။ စတဲ့ စာအုပ်စာပေနဲ့ ပတ်သက်တဲ့ အကျိုးပြုဒဿနလေးတွေလည်း စာသင်ကျောင်းတွေကတည်းက ညီလေးဖတ်ခဲ့ မှတ်ခဲ့ဖူးမှာပါ။
            ဟုတ်တယ်ညီလေးရေ………. စာအုပ်စာပေဟာ လူတစ်ယောက်အတွက်(ပဲ့) အထိန်းအကွပ်တစ်ခုပါပဲ။ ခရီးစရိတ်မကုန်ဘဲ ကမ္ဘာပတ်လို့ရတယ်ဆိုတာဟာလည်း စာဖတ်ခြင်းကြောင့်ရတဲ့ အကျိုးတရားတွေကို တင်စားတဲ့ အဆိုပြုချက်တွေပေါ့။ ဥပမာတစ်ခုပြောမယ်နော်ညီ။ ပြီးခဲ့တဲ့ ၂၀၁၂ ၊ နိုဝင်ဘာလ၊ ၁၉ရက် ၊ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲကို မိန့်ခွန်းလာပြောသွားတဲ့ အမေရိကန်သမ္မတ မစ္စတာဘာရက်အိုဘားမားရဲ့ မိန့်ခွန်းကိုတောင် တောဇနပုဒ်မှာရောက်နေတဲ့ ကိုယ်တို့က စာအုပ်စာပေတွေကနေ တဆင့် ပြန်သိရ၊ ကြားရ၊ ဖတ်ရတယ်လေ။ ရန်ကုန်တက္ကသိုလ်ကြီးဆိုတာ ဘယ်နားရှိမှန်းမသိတဲ့ ကိုယ်တို့လို ပြည်သူတွေအတွက် လက်လှမ်းမီရာစာအုပ်တွေက ခေတ်နဲ့ ချိတ်ဆက်ပေးတဲ့ တံတားတွေပဲညီ။ လမ်းမီးတိုင်တွေမှာမီးလင်းဖို့ တစ်တိုင်နဲ့ တစ်တိုင်ချိတ်ဆက်ကူးယူဖို့ လိုအပ်သလို ကိုယ်တို့ လူတွေမှာလည်း တစ်ဦးနဲ့တစ်ဦး အသိ၊အကြား၊အမြင်တွေ ဝေမျှသိစေဖို့ စာအုပ်စာပေက အကောင်းဆုံး ကြားခံ မီဒီယာတစ်ခုပဲညီ။
            အဲဒီတော့……. ညီပြောသလို စာစောင်တွေ၊ မဂ္ဂဇင်းတွေရှိတယ်ဆိုရင် ဖတ်ရ မှတ်ရမယ်ညီ။ တွေ့သမျှစာ အကုန်ဖတ်။ ပြီးတော့ ကောင်းတာကိုယူ မကောင်းတာကို မယူနဲ့ပေါ့။ အဲဒီလိုဖတ်ရင်း ဖတ်ရင်းနဲ့မှ စာဖတ်သက်ရလာတဲ့အခါ စာကောင်းပေမွန်တွေကို မိမိကိုယ်တိုင်ရွေးချယ်ဖတ်တတ်လာမှာပေါ့ညီ။
            တစ်ခုပဲရှိတယ်ညီ….၊ စာဖတ်ချိန်မရှိပါဘူးဗျာဆိုပြီး ဘီယာဆိုင်တွေ၊ KTV ဆိုင်တွေ ၊ ညီပြောပြတတ်တဲ့ မာဆတ်ဆိုင်တွေမှာ အချိန်ကုန်နေရင်တော့ မကောင်းဘူးပေါ့ညီရယ်။ အချိန်ကို အကျိုးရှိရှိအသုံးချပြီး ဘ၀ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားတဲ့ လူပုဂ္ဂိုလ်တွေ အကြောင်းကိုလည်း အလျဉ်းသင့်တဲ့အခါ ညီ့ဆီကို စာရေးပေးပို့ပါဦးမယ်။
            အခုတော့ညီရေ….. ကိုယ် ပထမဆုံး ဖတ်မိတဲ့ သတင်းထူလေးတစ်ခုကို ပြန်ပြီးဖောက်သည်ချပေးပါ့မယ်။ သတင်းကတော့ကြာပါပြီ။ Monday , December , 3.9.2012 ရက်စွဲနဲ့ ပြည်တွင်းထုတ် The Voice ဂျာနယ်မှာ ဖော်ပြပါရှိတဲ့ ` အာရှနိုင်ငံအချို့ HIV/AIDS ရောဂါကူးစက်နှုန်းမြင့်တက်´ ဆိုတဲ့ ခေါင်းစီးနဲ့ ပတ်သက်တာလေးပါ ညီ။
            ကုလသမဂ္ဂက ကောက်ယူတဲ့ HIV/AIDS အစီရင်ခံစာမှာ အာဖရိကနိုင်ငံဟာ ရောဂါကူးစက်နှုန်း သိသိသာသာကျဆင်းသွားတဲ့ အကြောင်းနဲ့ ကျန်အာရှနိုင်ငံအချို့မှာ ရောဂါကူးစက်နှုန်း သိသိသာသာ မြင့်တက်ခဲ့တယ်လို့ International Hevaid Tribune သတင်းစာက ဖော်ပြထားတာကို ပြန်လည်ကိုးကား တင်ပြပေးထားတဲ့ သတင်းလေးပါ။
            ရောဂါကူးစက်နှုန်းကျဆင်းသွားတယ်ဆိုတဲ့ အာဖရိကလို နိုင်ငံအတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပေမယ့် ရောဂါကူးစက်နှုန်းမြင့်တက်လာတယ်ဆိုတဲ့ ကျန်နိုင်ငံတွေအတွက်ကတော့ များစွာသော စိတ်မကောင်းမှုကြီးပါညီ။
            အဲဒီလို ရောဂါကူးစက်နှုန်း သိသိသာသာ မြင့်တက်လာတယ်ဆိုတဲ့ နိုင်ငံ (၉) နိုင်ငံကတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ဂျော်ဂျီယာ၊ ဘီနီဘစ်ဆော၊ မောဒိုဗာတို့ ဖြစ်ကြပါတယ်တဲ့။ ဘယ်လောက်ထိအောင် ကူးစက်မှုနှုန်းမြန်သလဲဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် ၂၅ ရာခိုင်နှုန်းတောင် မြင့်တက်ခဲ့ပါတယ်လို့ ဆိုပါတယ်ညီ။
            အဲဒီလို မြင့်တက်ခဲ့တဲ့နိုင်ငံတွေထဲက ကိုယ်အဓိကထားပြောချင်တာက ကိုယ်တို့ မြန်မာလူမျိုးတွေနဲ့ အများဆုံးထိစပ်နေတယ်လို့ ယူဆရတဲ့ အင်ဒိုနီးရှားနိုင်ငံအကြောင်းပါ။ ဘာကြောင့် ဘယ်လို နီးစပ်တယ်ဆိုတာ နောက်ပိုင်းမှာ ကိုယ်ကျိုးကြောင်းခိုင်လုံအောင် တင်ပြရေးသားပေးပါမယ်ညီ။ အခုတော့ အင်ဒိုနီးရှားနိုင်ငံအကြောင်းလေး နည်းနည်းပြောပါရစေ။
            အင်ဒိုနီးရှားဟာ ဒီကနေ့ အချိန်အထိ ကမ္ဘာမှာ စတုတ္ထလူဦးရေ အများဆုံးနိုင်ငံပါ။ အင်ဒိုနီးရှားဟာ ကျယ်ပြန့်ပေါများလှတဲ့ ကျွန်းမြေတွေကို ပိုင်ဆိုင်ထားပေမယ့် မကြာခဏကြုံတွေ့ရတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ၄င်းနိုင်ငံနဲ့ ခြံစည်းရိုးလေးသာခြားတဲ့ မလေးရှားနိုင်ငံထဲကို ၀င်ရောက်လုပ်ကိုင်စားသောက်ကြတဲ့ လူဦးရေက အဆမတန် များပြားလှပါတယ်။
            အဲဒီတော့ မလေးရှားနိုင်ငံဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်သလို အင်ဒိုနီးရှားလူမျိုးအများစုရဲ့ ကျက်စားပျော်မွေ့ရာနိုင်ငံလည်း ဖြစ်တာပေါ့ညီ။ ဒါကြောင့် အင်ဒိုနီးရှားလူမျိုးနဲ့ မြန်မာလူမျိုးဟာ ထိစပ်မှု အများဆုံးရှိတယ်လို့ ကိုယ်ဆိုလိုတာပေါ့ညီ။
            ကဲ…..ညီရေ…. အဲဒီကိစ္စလေးကို ထားပြီး အရင်ဆုံးပြောခဲ့တဲ့ HIV/ AIDS ကိစ္စလေး ပြန်သွားလိုက်ကြရအောင်။ အထက်က ဖော်ပြခဲ့တဲ့ ကုလသမဂ္ဂရဲ့အစီရင်ခံစာလည်း ဖတ်ပြီးရော အင်ဒိုနီးရှားနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး နက်ဖီစီယာဗိုင်ကတော့ `ဘာတွေ မှားယွင်းမှုရှိလဲ မသိပါဘူး။ ဒီသတင်းက ကျွန်မကိုသွေးလန့်စေပါတယ်´လို့ အလွန်ရှက်ဖွယ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်လို့ ဆိုပါတယ်။
            အဲဒီသတင်းလေးကတော့ The Voice ဂျာနယ်မှာ ဖော်ပြပါရှိခဲ့တဲ့ ကိုယ်ဖတ်ခဲ့ရတဲ့ `HIV/ AIDS ရောဂါ ကူးစက်နှုန်းမြင့်တက်´ဆိုတဲ့ သတင်းလေးကိုပြန်ပြီး ဖောက်သည်ချပေးလိုက်တာပါ။
            အခု ကိုယ် ဆက်ပြီးတော့ပြောမှာက အဲဒီသတင်းရဲ့ နောက်ဆက်တွဲလေးပါညီ။ ကိုယ့်ရဲ့ဆင့်ပွားအတွေးဆိုလည်း ဟုတ်တာပေါ့။ အဲဒါကလည်း ကိုယ့်ဆီကို အဲဒီကအကြောင်းလေးတွေ တကူးတက မေလ်းပို့ အသိပေးရှာတတ်တဲ့ မင်းရဲ့ ကျေးဇူးကြောင့်ပေါ့။ အဲဒီအတွက်လည်း ဒီစာထဲကနေပဲ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုက်ပါတယ် ညီ။

                                                          (၂)

            ဒီလိုပါညီ….။ အင်ဒိုနီးရှားဆိုတာ အခုလက်ရှိ ညီတို့လို မြန်မာလူမျိုးအများစု ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံနဲ့အလွန်နိးစပ်တဲ့ နိုင်ငံမဟုတ်လား။ ညီတို့ပြောသလိုဆို မလေးရှားနဲ့ အင်ဒိုနီးရှားဟာ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ဘာသာစကား…. စသည်အားဖြင့် ကွဲတယ်ဆိုရုံလေး ဆင်တူတဲ့ နိုင်ငံပေါ့။ ကိုယ်က ဒီကနေဆက်စပ်တွေးတောရတာဆိုတော့ စက်ရုံတစ်ရုံတည်း အလုပ်လုပ်၊ ထိတွေ့၊ ဆက်ဆံနေရတဲ့ ညီတို့က အင်ဒိုနီးရှားလူမျိုးတွေရဲ့ အကြောင်းကို ပိုသိမှာပေါ့နော်။ ပိုသိပင် သိငြားသော်လည်း အလုပ်နဲ့ လက်နဲ့ မပြတ်တဲ့ ညီတို့က ကိုယ့်လို ဆက်စပ်တွေးတောမှုမျိုး ပြုမိချင်မှ ပြုမိကြမှာဆိုတော့ ကိုယ့်အတွေးနဲ့တော့ တူချင်မှ တူမှာပေါ့။
ကိုယ်လေ့လာတွေ့ရှိသလောက်ဆို အင်ဒိုနီးရှားလူမျိုးတွေအပါအ၀င်နိုင်ငံခြားသားအတော်များများဟာ living Together ဆိုတဲ့ အတူနေချစ်သူဘ၀ကို အကြောင်းအမျိုးမျိုးနဲ့ကျင့်သုံး နှစ်ခြိုက်နေတဲ့ လူမျိုးတွေလို့ ပြောချင်ပါတယ်။ ညီပြောတဲ့အတိုင်းဆို သူ့လူမျိုးအချင်းချင်းတောင် မဟုတ်ဘဲ ကိုယ်တို့ မြန်မာလူမျိုးတွေအပြင် တခြား နီပေါ၊ ဘင်္ဂလားတွေနဲ့တောင်မှ living Together အဖြစ်ပေါင်းသင်းနေထိုင်ကြတာပဲ မဟုတ်လား။ အခြားသော လူမျိုးတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာ မသိပေမယ့် ကိုယ်တို့ မြန်မာနိုင်ငံသားစစ်စစ် မြန်မာလူမျိုးတွေအတွက်တော့ လောကီရော ၊ လောကုတ္တရာပါ မကောင်းတဲ့ကိစ္စပါညီ။ ကာမေသုမိစ္ဆာစာရာ ဆိုတဲ့  ဘုရားဟောတရားတော်နဲ့လည်း မကိုက်ညီပါဘူး။  ပြုသူရော အပြုခံရသူမှာပါ ဘယ်လိုအကျိုးရလဒ်မှ မကောင်းစေနိုင်ပါဘူး ညီ။ Living Together တို့ရဲ့ ထုံးစံအတိုင်း အတူနေ၊ ပြီးရင် သူလည်း သူ့အိမ်သူပြန် ကိုယ်လည်း ကိုယ့်အိမ်ကိုယ်ပြန်။ အဲဒီလိုနေထိုင်ခြင်းအကျိုးရလဒ်က နောက်မှာကျန်ရစ်ခဲ့သူ ချစ်သူရည်းစား ၊ လက်ထပ်ပေါင်းသင်းထားသော ဇနီး၊ မယား စတဲ့ အပြစ်မဲ့သူတွေအထိ ဆိုးကျိုးဖြစ်စေပါတယ် ညီ။
ကိုယ်ပြောချင်တာ အဲဒါပဲ ညီ….။ အင်ဒိုနီးရှားလူမျိုးတွေဟာ အသက်မပြည့်ခင်ကတည်းက မလေးရှားနိုင်ငံထဲကို နည်းမျိုးစုံ ၀င်ရောက်လာကြတယ်။ ငွေကြေးအားဖြင့်လည်း မြင့်တယ်။ နိုင်ငံအားဖြင့်လည်းမြင့်တယ်။ စားရိတ်စကလည်း သက်သာတယ်ဆိုတော့ အဲဒီလို ၀င်ရောက်လာတာဟာ သဘာဝလို့တောင် ပြောလို့ရပါတယ်ညီ။ အဲဒီအတောအတွင်းမှာမှ ငွေရေးကြေးရေးလေး အတန်အသင့်ရမယ်ဆို ဘယ်လို နိုင်ငံသားနဲ့မဆို အတူတကွ နေထိုင်ပတ်သက်ပစ်လိုက်ကြတာ အများအားဖြင့် အင်ဒိုနီးရှား အမျိုးသမီးတွေပေါ့။ စက်ရုံ၊ အလုပ်ရုံလိုမဟုတ်ဘဲ လွယ်လွယ်ရနိုင်တဲ့ လမ်းဘေးလူစည်ကားရာ နေရာအချို့မှာတောင် ကိုယ်ခန္ဓာအတွက် ဖောက်သည်ကို စောင့်ဆိုင်းနေတတ်တာမျိုးမဟုတ်လား။
            ညီရေ….။ ဘယ်နိုင်ငံသား၊ ဘယ်နိုင်ငံသူမဆို အချိန်တန်တော့လည်း ကိုယ့်ရပ်ကိုယ့်မြေကို ပြန်ကြရတာပဲမဟုတ်လား။ အဲဒီလို ပြန်လာကြသူတွေထဲက အစပထမ ကိုယ်ပြောခဲ့သလို မမှန်ကန်တဲ့နည်းနဲ့ ငွေရှာသူတွေ၊ ထမင်းစရိတ်သက်သာ သက်သာ ခန္ဓာကိုယ်ပုံအပ်ပြီး Living Together နေခဲ့ကြသူတွေ၊ တစ်ယောက်တည်းကို သစ္စာရှိစွာ လက်မတွဲဘဲ ဟောတစ်ယောက် ဟောတစ်ယောက် ထည်လဲတွဲခဲ့ကြသူတွေလည်း မလွဲဧကန်ပါမှာပါပဲလေ။
            အဲဒီကိစ္စရပ်တွေကို မသိနိုင်တဲ့ ကျန်းမာရေးဝန်ကြီးရဲ့ `ကျွန်မကို သွေးလန့်စေပါတယ်´ ဆိုတဲ့ စကားဟာ ဖြစ်နိုင်ချေရှိတာပေါ့ ညီ။ ၀န်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာတောင် နေရာစုံ၊ ထောင့်စုံ၊ မသိနိုင်တဲ့ လူတစ်ယောက်ဟာ သူများနိုင်ငံထဲရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အဖြစ်အပျက်တွေကနေတဆင့် ရောဂါဖြစ်သူဦးရေ တိုးပွားလာတာကို ပိုပြီးတော့တောင် မသိနိုင်တော့ဘူးပေါ့။ ဟုတ်တယ် မဟုတ်လား ညီ။ သိချင်ရင်တော့ ကျန်းမာရေးဝန်ကြီးအနေနဲ့ပါ မလေးနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက် အနေနဲ့ ၀င်ရောက်အလုပ်လုပ်မှ သိလာနိုင်မှာပါ။ ပြီးတော့ သူမကလည်း ၀န်အကြီးတွေပဲ ဂရုစိုက်နေရတာနဲ့ ၀န်အသေးလေးတွေ ကွက်ကျန်နေခဲ့တာပေါ့။
            အမှိုက်ကစ ပြဿဒ်မီးလောင်ပေါ့ညီရယ်။ ပြည်ပကို အလုပ်သမားတွေလွှတ်။ သွားစဉ်ကတော့ ဆေးစစ်ရတာနဲ့ ၊ သွေးစစ်ရတာနဲ့ ၊ ဘီပိုး၊ စီပိုးစစ်ရတာနဲ့။ ပြန်လည်းလာရော အားလုံး welcome ။ အဲဒါပေါ့ညီ။  ၀န်ကြီးအံ့အားသင့်ရတာ အဲဒီလမ်းကြောင်းပေါ့။ (အင်ဒိုနီးရှား ၀န်ကြီးကိုပြောတာနော်)
            ကိုယ်ပြောချင်တဲ့ အဓိကအကျဆုံး အပိုင်းက အဲဒီလိုကျင့်ကြံနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ HIV/ AIDS ရောဂါကူးစက်မှုမြင့်တက်ဆိုတဲ့ ခေါင်းစဉ်မည်းကြီးအောက်ကို ရောက်လာခဲ့ရတာက စတာပဲညီ။
            အင်ဒိုနီးရှားလူမျိုးတွေ အများဆုံးရှိတဲ့ မလေးရှားနိုင်ငံဟာ မြန်မာလူမျိုးတွေ အများဆုံးသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံလည်း ဖြစ်တယ်ညီ။ ပြီးတော့ အင်ဒိုနီးရှားလူမျိုး(အမျိုးသမီး)တွေနဲ့ အတူတကွ ပေါင်းသင်းနေထိုင်တဲ့ မြန်မာလူမျိုးအမြောက်အများ ရှိတယ်ဆိုတဲ့ သတင်းကလည်း နိုင်ငံကျော် ရပ်ကျော် ရွာကျော်ဆိုတော့ ပူရပန်ရတာပေါ့ညီ။ လွယ်လွယ်မြင် သူကြွယ်သူခိုးဖြစ်တဲ့ ညီရေ။ အဲဒီ စကားပုံကို ဟိုဘက်( ကာမ- လိင်) ဘက်လှည့်တွေးကြည့်ပေါ့ညီ။ မိရယ်၊ ဖရယ်၊ မောင်ရယ်၊ နှမရယ်၊ ချစ်သူရယ်၊ မိန်းမရယ် ကင်းဝေးပြီး အုပ်ထိန်းသူမဲ့တဲ့ အရပ်မှာ လွယ်လွယ်ပေးတတ်တဲ့ အင်ဒိုနီးရှား အမျိုးသမီးတွေနဲ့ လွယ်လွယ်ကြိုက်တတ်တဲ့တစ်ချို့သော မြန်မာ အမျိုးသားတွေ……….။

                                                                     (၃)

ဟိုတလောကပဲ ကိုယ်တို့ရပ်ကွက်ထဲကို မင်းတို့လောက် မရှိတရှိလူငယ်လေး တစ်ယောက် ပြန်ရောက်လာတယ် ညီ။ အရင်ကတော့ လူအေးလေးပေါ့။ အပြီးပြန်လာတာတဲ့။ ပထမတစ်ခေါက်ပြန်လာတုန်းကတော့ မလေးရှားမှာပဲ အင်ဒိုနီးရှားအမျိုးသမီးတစ်ယောက်ကို မိန်းမအဖြစ် ငှားထားတယ်လိုလိုပေါ့။ အခုလည်းကျရော မျက်တွင်းဟောက်ပက်ကလေးနဲ့ ။ ဆံပင်ကျိုးတိုးကျဲတဲလေးနဲ့။ နံရိုးငေါငေါလေးနဲ့။
သေချာတယ်ညီ။ မြန်မာပြည်ရဲ့ လူဦးရေစာရင်းထဲမှာ HIV/ AIDS ရောဂါသည်တစ်ယောက်တိုးလာတာပေါ့။ အဲဒီကောင်လေးကတော့ ငြင်းရှာပါတယ်။ အညောင်းမိတာပါတဲ့။ မကြာပါဘူး။ ဖူးစာဆုံသူတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ တစ်နှစ်လောက်လည်း ရှိရော သစ်တုံးကြီးပိုင်းချလိုက်သလို တုံးခနဲ လျှောသွားတာပါပဲ။ ကျန်နေခဲ့ရရှာတဲ့ သူ့မိန်းမမှာလည်း ကိုယ်လေးလက်ဝန်ကြီးနဲ့။ ညီရေ…… မလေးရှားကို တစ်ယောက်အလုပ်လုပ် ထွက်သွားလိုက်တာ သုံးရောက် ရောဂါသည်ဖြစ်သွားတာပေါ့ကွာ။ အလွန်အမင်း စိတ်မကောင်းဖြစ်စရာ စိတ်ထိခိုက်စရာ မကြားဝံ့မနာသာ အဲဒီအကြောင်းအရာတွေဟာ ကိုယ်တို့လို အောက်ခြေလူတန်းစားတွေမှ မဟုတ်ရင် သိဖို့အခက်သားမဟုတ်လားညီ။ ရောဂါရပြီးပြန်လာတဲ့ လူတွေ တစ်ယောက်က နှစ်ယောက်၊ နှစ်ယောက်က သုံးယောက် များလာမှ နိုင်ငံတော်က စစ်တမ်းကောက်လိုက်တော့ အံ့ဖွယ်ပါတကား ဖြစ်ရတာပေါ့ညီ။ အင်ဒိုနီးရှား နိုင်ငံက နမူနာပေါ့။
အဲဒီတော့ ညီရေ…….. အသွေးအသားကို ဈေးကစားလို့ရနေတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ ညီလည်း လူငယ်တစ်ယောက်ပါပဲကွာ ။ ကျန်းမာရေးအသိရှိပါ။ လေ့လာပါ။ နေရာတကာ ငွေပါမှလို့ထင်ရပေမယ့် ငွေနဲ့သွားလို့ မရတဲ့နေရာတွေမှာ အသိပညာလိုအပ်ပါတယ်ညီ။ စဉ်းစားချင့်ချိန်၊ ဆင်ခြင်တုံတရားလက်ကိုင်ထားပါမှ တစ်ဦးတစ်ယောက်ကနေ အများ၊ အများကနေ တိုင်းပြည်ကောင်းဖို့ ဖြစ်လာမှာပါ။
ညီရေ……ကိုယ်တို့ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်များ ပြည်ပက ပြန်လာရင် ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုးလေးဖြစ်ပါစေလို့ ဆုတောင်းပေးနေရတယ်ကွာ။ ပြီးတော့ ပြည်ပက သတင်းတွေကို ကိုးကားရေးတဲ့ ဂျာနယ်တွေမှာ ဘယ်ဇိမ်ခန်းတော့ဖမ်းပြန်ပြီ။ ဘာလူမျိုး ဘယ်နှစ်ယောက်နဲ့များ တွေ့လိုက်ရရင် ငါတို့ မြန်မာတွေတော့ မပါပါစေနဲ့လို့ လည်း ဆုတောင်းနေမိပါတယ်။
ညီရေ……… ညီ့ဆီကို ရေးတဲ့ ကိုယ့်ရဲ့ ပထမဆုံးစာကတော့ ဖတ်မိတဲ့သတင်းလေး တစ်ပုဒ်နဲ့ ပတ်သက်ပြီး ဆင့်ပွားအတွေးလေးကို ဝေမျှပေးလိုက်တဲ့ သဘောလေးလောက်ပါပဲ။ ဒီစာထဲမှာ ညီတို့ လူငယ်တွေအတွက် တစ်စုံတစ်ရာ ချင့်ချိန်တွေးတောစရာလေး တစ်ခုလောက်ပါခဲ့ရင်ကိုပဲ ကိုယ်ရေးရကျိုးနပ်ပါပြီ။ ကိုယ့်ရဲ့ ရည်ရွယ်ရင်းကတော့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဌာနေကို စွန့်ခွာခဲ့ရရှာပြီး မိဝေးဖဝေးနဲ့ တိုင်းတပါးမှာ ရုန်းကန်ငွေရှာနေရတဲ့ မင်းတို့လို လူငယ်လေးတွေကို မူလရည်ရွယ်ထားတဲ့ ကိုယ့်ရဲ့ လမ်းကြောင်းပေါ်ကနေ သွေဖီမသွားစေလိုတဲ့ ရည်ရွယ်ချက်ပါ။
ကားမောင်းသူရဲ့ ရှေ့မှန်မှာ `သင့်အား သင့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး ဇနီးမယားမှ ဘေးမသီ ရန်မခ အိမ်သို့ ချောချောမောမော ပြန်ရောက်ရန် မျှော်လင့်နေပါသည်´ လို့ စာတန်းကလေး ကပ်ထားသလိုပဲ တိုင်းတပါး သူများမြေမှာရောက်နေတဲ့ ညီအပါအ၀င် အခြားသော မြန်မာလူမျိုးမှန်သမျှကိုလည်း ဘေးမသီ ရန်မခ အိမ်ပြန်ရောက်စေချင်တဲ့ စေတနာပါညီ။
အဲဒါမှ ကိုယ်တို့ တိုင်းပြည်လည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး သုံးဘက်သုံးတန်က ပြည့်စုံကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နောက်နောင်ကောက်ယူမယ့် ကုလသမဂ္ဂရဲ့ စစ်တမ်းမှာ `HIV/ AIDS ရောဂါကူးစက်နှုန်းမြင့်တက်´ ဆိုတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံလို့ စာလုံးမည်းကြီးနဲ့ ပါမလာမှာ ဖြစ်ပါတယ်လို့ ပြောကြားရင်း ညီရေ…….. ဒီတစ်ပါတ် ကိုယ့်ရဲ့ ညီ့ထံပေးစာကို ဒီမှာပဲ ခဏရပ်နားလိုက်ပါတယ်နော်။
ညီနှင့်အတူ အားလုံးသော ပြည်ပရောက်နေသူ မြန်မာနိုင်ငံသား အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။   ။

                                                                                                       လူခါး
                                                                           စာပွင့်လွှာ မဂ္ဂဇင်း၊ မလေးရှား၊ ဧပြီလ
                                                                                                ၁၈.၃.၂၀၁၃

1 comment:

ငြိမ်းစိုးဦး said...

တစ်ယောက်အလုပ်လုပ် ထွက်သွားလိုက်တာ သုံးယောက် ရောဂါသည်ဖြစ်သွားတာပေါ့ကွာ ။ ... ချိန်ဆနိုင်စရာ စေတနာကို မြင်နေမိပါတယ် ...