Saturday 10 August 2013

ပါးစပ်ရာဇ၀င်ထဲက ဇာတ်လိုက်များ


၁။
တစ်ချို့က ပြောကြတယ်။ အလကား မလေးရှားတဲ့။ စင်္ကာပူက ရှေ့ကလုပ်။ မလေးရှားက နောက်ကနေ အကုန်အတုလိုက်ခိုးတဲ့။
ပြောရင်လည်း ပြောချင်စရာပဲလေ။ ဟိုဘက်နဲ့ ဒီဘက် မြစ်ကျဉ်းကျဉ်းလေးတစ်ခုသာ ခြားတဲ့ စင်္ကာပူနဲ့ မလေးရှားက လက်ဝှေ့အကျော်အမော်နှစ်ယောက် လက်ခမောင်းခတ်ပြီး စိန်ခေါ်နေကြသလိုမျိုး။ ဟိုဘက်ကမ်းကနေ စင်္ကာပူက ကြော်ငြာဘုတ်ကြီးထောင်တော့ မလေးရှားကလည်း ဒီဘက်ကနေ ကြော်ငြာဘုတ်ကြီး ပြန်ထောင်ပြလို့။ စင်္ကာပူက တိုက်တွေ မိုးပေါ်အကာအကွယ်မဲ့ ယိမ်းထိုးပြီးတက်သွားတာ မြင်တော့ မလေးရှားက တိုက်တွေကလည်း မိုးပျံပူဖောင်းတွေလို ကောင်းကင်ကို တလွင့်လွင့်နဲ့၊ စီလို့ ရီလို့။
သူကတော့ စင်္ကာပူဟာ အိမ်ထောင့်တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ဆိုရင် မလေးရှားကိုတော့ မယားဝတ္တရားငါးပါး ကျေပွန်တဲ့ အိမ်ရှင်မကောင်း တစ်ယောက်လို့မြင်တယ်။ ခွဲလို့ မရဘူးပေါ့။ ရှေ့သွားနောက်လိုက် ညီတယ်။ ကြည့်ရင်း ကြည့်ရင်း တိုးတက်ပြောင်းလဲလာလိုက်ကြတာများ နှစ်နိုင်ငံကြားက မြစ်ကျဉ်းကလေးတောင် အံ့သြ၀မ်းသာစိတ်တွေနဲ့ တဖျတ်ဖျတ်တုန်လို့။

၂။
သူကလား ။
သူကတော့  ဟိုး မြန်မာပြည်က လာတဲ့ အလုပ်သမားတစ်ယောက်ပေါ့။ သူ့နာမည်က ကိုသာကောင်း။ မလေးရှားရောက်တာ ကြာပေါ့။ ဘယ်လောက်ထိအောင်ကြာသလဲဆိုရင် ဆယ့်ခြောက်နှစ်ရှိပြီ။ လာတုန်းကတော့ ခဏ၊ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်ဆိုပြီး လာတာ။
သူ ဒီကိုလာခဲ့တဲ့ အကြောင်း စဉ်းစားလိုက်တိုင်း သူတို့ရွာက ၀က်ပွဲစား မြင့်ဆောင်ပြောတဲ့ စကားကို ပြန်သတိရမိတယ်။ သူ မလေးရှားကိုသွားမယ်ဆိုတော့ ၀က်တစ်ကောင် အသားထွက်နှုန်းလောက်သာ စိတ်ဝင်စားတဲ့ မြင့်ဆောင်က သူ့ကို မေးတယ်။
“ကိုသာကောင်း မလေးရှားကိုသွားရင် ဘယ်လောက်ကုန်မှာလဲ” 
မြင့်ဆောင်ရဲ့လေသံက သူ ကုန်ကျမယ့် ပိုက်ဆံကို သိချင်တာထက် သဲထဲရေသွန်ဖြစ်သွားတော့မယ့် ကိစ္စကြီးပါဗျာလို့ အဓိပ္ပါယ်ရတဲ့ အသံမျိုး။
“ဆယ်သိန်းလောက်တော့ ကုန်မှာပေါ့ကွာ”
သူက ပွဲစားက ပြောထားတဲ့အတိုင်းဖြေလိုက်တော့ မြင့်ဆောင်က သူ့ခေါင်းကို သာသာလေး ဘယ်ညာယမ်းတယ်။
“ တစ်လကို ဘယ်လောက်ရမယ်လို့ မှန်းထားလဲ”
“ တစ်လ နှစ်သိန်းလောက်ပေါ့”
သူ့အဖြေစကားကိုကြားတော့ မြင့်ဆောင်က “အဟက်” ဆိုတဲ့ လှောင်ရယ်သံ တစ်ချက်ကို မကွယ်မ၀ှက် အန်ထုတ်တယ်။
“ဒါဆို ကျုပ်ကို အဲဒီဆယ်သိန်းပေး၊ တစ်လ နှစ်သိန်း ကျုပ်ပေးမယ်၊ ဘယ့်နှယ့်လဲ”
သူ့ရင်ထဲ ဖျင်းခနဲပဲ။ ဒါပေမယ့် သူ့ဒေါသကို ထိန်းရင်း သူ့ကို ရယ်ပြခဲ့သလို “အဟက်” လို့ပဲ တိတိလင်းလင်း ပြန်ရယ်ပြလိုက်တယ်။ စိတ်ထဲကတော့ မင်းလို ၀က်ပွဲစားဆီ ငါက အလုပ်လုပ်ရဦးမှာလားကွ။ အေး…. ငါမလေးက ပြန်လာမှ တွေ့ကြသေးတာပေါ့လို့ ကြိမ်းပစ်လိုက်သေးတယ်။
ဟော…ခုတော့ကြည့်။ အေးဂျင့်ဆက်သွယ်ပေးတဲ့ သူဌေးဆီမှာ နှစ်နှစ်။ အခုလောလောဆယ် လုပ်နေတဲ့ သူဌေးဆီမှာက ဆယ့်လေးနှစ်။ ဆယ့်ခြောက်နှစ်တောင်ကျော်ပြီ။ ခုချိန်ထိ ဘာမှ အရာမထင်သေးဘူး။ အိမ်မှာ ကျန်နေခဲ့တဲ့ ဘုစုခရုကလေးတွေတောင် ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်နေကြပြီ။ သူက ခုထိ တစ်လ နှစ်သိန်း မှန်မှန် မပို့နိုင်သေးဘူး။
သူဌေးကတော့ သူ့ကို ရာထူးပေးထားတယ်။ စူပါဗိုက်ဆာတဲ့။ ကလေးတွေက သူ့ကွယ်ရာမှာ နောက်သလိုလို ပြောင်သလိုလိုနဲ့ စူပါဖိုက်တာလို့ မကြားတကြားခေါ်ကြတယ်။ ဟုတ်တယ်လေ။ သူ့ဘ၀ကလည်း ဘာထူးလို့လဲ။ လကုန်လို့ လစာထွက်တာနဲ့ ရေဖိုး၊ မီးဖိုး၊ အိမ်သာပြင်ခ ဘာညာဆိုပြီး သူဌေးပေးတဲ့ စာရွက်တစ်ရွက်နဲ့ ဟိုအဆောင်ကူး ၊ ဒီအဆောင်ကူးပြီး မိုက်ကြေးခွဲရတဲ့ ဘ၀မို့လား။ ဒီကြားထဲ နီပေါတွေ၊ ဘင်္ဂလားတွေက ပါသေးတယ်။ ကြာတော့ ကိုယ့်ကို ကိုယ်တောင် မသတီတော့ဘူး။ အဆံချောင်နေတဲ့ ခရုတစ်ကောင်လို ခံစားရတယ်။ အဲဒီလိုနဲ့ သူ ထွက်ပေါက်ရှာခဲ့တာပဲ။
၃။
သူ့ဘ၀ကို မလေးရှားမြေထဲက ဆွဲထုတ်ချင်နေတာ ကြာပြီ။ ခုမှပဲ သူ့ဆန္ဒပြည့်ဝတော့တယ်။ ဟုတ်တယ်။ မြန်မာပြည်ကနေ မလေးရှား။ မလေးရှားကနေတဆင့် စင်္ကာပူ။ သူ့ဘ၀ကို အလှည့်အပြောင်းဖြစ်အောင်လုပ်မယ်လို့ သူဆုံးဖြတ်ပစ်ခဲ့တယ်။
သူ စင်္ကာပူကို ကူးတော့မယ်။ မလေးရှားကိုရောက်ပြီး ပထမ သူဌေးဆီက ထွက်ပြေးလာတာဆိုတော့ အခု သူက အိုဗာစတေးပေါ့။ အိုဗာစတေးတစ်ယောက်အနေနဲ့ စင်္ကာပူကို ကူးမယ်ဆိုတော့ သူရွေးချယ်လိုက်ရတဲ့ လမ်းက အောက်လမ်း။
စင်္ကာပူနဲ့ မလေးရှားကို ခြားထားတဲ့ မြစ်ကျဉ်းကလေးရဲ့ သုံးပုံတစ်ပုံလောက်အထိ မလေးနိုင်ငံသား ကြားပွဲစားက စက်လှေနဲ့ ပို့ပေးမယ်။ ဟိုဘက်ကမ်းရောက်အောင်တော့ ကိုယ့်အရည်အချင်းနဲ့ ကိုယ် လက်ပစ်ကူး။ ဟိုဘက်ကမ်းရောက်သည်အထိ ချောချောမွေ့မွေ့ဆိုရင်တော့ ဟိုဘက်က ပွဲစားက လာခေါ် အလုပ်ဝင်ပေါ့။
မချောမွေ့လို့ကတော့  …။ ဘာစဉ်းစားရမှာလဲ ။ နောင်ခါလာ နောင်ခါဈေးပေါ့။ ယောက်ျားပဲ၊ သေတစ်နေ့ မွေးတစ်နေ့ပေါ့။
“ကဲ…… ဟိုတစ်ယောက် စက်လှေပေါ်တက်လေ။ ဘာလဲ အခုမှ ကြောက်နေပြီလား”
ပွဲစားရဲ့ ငေါက်ဆတ်ဆတ်အသံကြောင့် သူ့အတွေးတွေက ဓါးနဲ့ အခုတ်ခံရတဲ့ ကြိုးတစ်ချောင်းလို ပြတ်တောက်သွားတယ်။
“ဘာလို့ကြောက်ရမှာလဲ၊ ကြောက်ရင် မင်းကိုပေးထားတဲ့ ရင်းဂစ်နှစ်ထောင်ဆုံးမှာပေါ့” လို့ တွေးလိုက်ရင်း သူ စက်လှေပေါ်တက်လိုက်တယ်။

၎။
စက်လှေပေါ်မှာက သူအပါအ၀င် စုစုပေါင်းလေးယောက်။ လေးဆယ်ကျော် ငါးဆယ်နီးပါးဆိုလို့ သူတစ်ယောက်ပဲ ပါတယ်။ ကျန်တဲ့ သုံးယောက်က အားလုံးလူငယ်တွေ။ “ အင်း အသက်ကြီးလေ လောဘကြီးလေဆိုတာ ဟုတ်များနေသလားပဲ” လို့ သူ တွေးလိုက်မိတယ်။ ဟုတ်တော့ ဟုတ်တန်ကောင်းပါဘူးလေ။ လူတိုင်းလောဘနဲ့ပဲ မဟုတ်လား။
စက်လှေပေါ် သူတို့အားလုံး နေသားတကျ ထိုင်မိတော့မှ ပွဲစားက စက်လှေပေါ်တက်လာပြီး သူတို့ကို မှာစရာရှိတာ မှာတယ်။
“ မင်းတို့ကို နောက်ဆုံးမှာမယ်။ အခု ဆယ့်တစ်ခွဲတာနဲ့ လှေစထွက်မယ်။ ဆယ့်နှစ်ထိုးတာနဲ့ ဟိုဘက်ကမ်းရော ဒီဘက်ကမ်းပါ နှစ်ကူး အထိမ်းအမှတ် မီးရှူး မီးပန်းတွေ ဖောက်လိမ့်မယ်။ အဲ့ဒါကို အခွင့်ကောင်းယူပြီး ဟိုဘက်ကမ်းရောက်အောင် ကူးကြ။ ကမ်းရောက်ရင် ခဏစောင့် ပွဲစားလာခေါ်လိမ့်မယ်” 
ပွဲစားက လွယ်လွယ်ပြောသွားပေမယ့် နားထောင်နေရတဲ့ သူ့မှာ ချွေးစေးတွေတောင်ပျံလာတယ်။
“ အေး … ရောက်အောင် မကူးနိုင်လို့ကတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ ငါ့ စက်လှေက မင်းတို့ ခုန်ချပြီးတာနဲ့ ချက်ချင်းပြန်လှည့်မှာ ။ နောက်လှည့်မကြည့်ဘူး”
ပွဲစားက နောက်ဆုံးစကားကို ခပ်ပြတ်ပြတ် ပြောရင်း စက်လှေကို ကမ်းကနေ ခွာတယ်။
“ ဘုရား….. ဘုရား….”
သူရင်တွေ ခုန်လာတယ်။ သူတို့အားလုံး မဖြစ်မနေ ခုန်ချကြရတော့မှာပါလား။ တဖွားဖွား လွင့်စင်ပြေးထွက်သွားတဲ့ ရေလှိုင်းတွေလို သူ့ရင်ထဲမှာလည်း အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်က လွင့်စင်ဖြာထွက်နေတယ်။
စက်လှေကလေးက လေတဟူးဟူးဖြူးနေတဲ့ ရေပြင်ဖွေးဖွေးကို ထိုးခွဲရင်း ရောင်စုံမီးတွေ လက်နေတဲ့ ခြင်္သေ့နိုင်ငံတော်ဆီကို ခုတ်မောင်းနေတယ်။ စက်လှေ အင်ဂျင်စက်သံ တဒုတ်ဒုတ်ထက် သူ့နှလုံးခုန်သံက ပိုကျယ်နေတယ်လို့  သူထင်မိတယ်။
မြစ်ကလေးကို တစ်ဝက်လောက်ကျော်မိသွားတော့ စင်္ကာပူဘက်ဆီက အုန်းအုန်းဒိုင်းဒိုင်းနဲ့ မီးရှူးမီးပန်းတွေ ပစ်ပေါက်တာကို မြင်လိုက်ရတယ်။ မူလက စက်သံ ဖြေးဖြေးနဲ့ ရွေ့တယ်ဆိုရုံလေးရွေ့တဲ့ စက်လှေက စက်ကုန်ဖွင့်ချလိုက်တယ်။ အတွေ့အကြုံမရှိတဲ့ သူတို့က မှင်တက်မိနေတုန်းမှာ ပွဲစားက အချိန်ကိုက်လှုပ်ရှားလိုက်တာပဲ။ တဒိုင်းဒိုင်းထိုးတက်လာတဲ့ အင်ဂျင်သံဟာ မီးရောင်စုံတွေရဲ့ အငမ်းမရ အော်ဟစ်မြူးတူးမှုအောက်မှာ ပျောက်သွားတယ်။ သူတို့ အားလုံး နောက်ပြန်လှည့်ကြည့်လိုက်တော့ မလေးရှားကလည်း မီးရောင်စုံတွေကြားထဲမှာ လျှပ်စစ်မြို့တော်ဆန်စွာ အလှကြီး လှလို့။
“ကဲ …. ဘာလုပ်နေကြတာလဲ၊ ခုန်ချတော့လေ။ ကင်းလှည့်သေင်္ဘောနဲ့တိုးနေလိမ့်မယ်”
ပွဲစားရဲ့ အညှာအတာကင်းမဲ့တဲ့ အသံက ကြားနေရတဲ့ အသံဗလံအားလုံးကို ကျော်ပြီးထွက်လာတယ်။ သူ့ရှေ့က လူရွယ်သုံးယောက်က သူတို့ကိုယ် သူတို့ ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်နဲ့ ရှေ့ဆင့်နောက်ဆင့် ခုန်ချသွားကြတယ်။
“ဗွမ်း……. ဗွမ်………….ဗွမ်း”
ရေထဲကို မြုပ်သွားပြီး ပြန်ပေါ်လာတဲ့ ၀ရုန်းသုန်းကား လူရိပ်တွေကို သူကြောင်ပြီး ငေးနေမိတယ်။
“ ဟေ့လူ ဘာလုပ်နေတာလဲ၊ ခုန်ချတော့လေ”
ပွဲစားက မှင်တက်မိနေတဲ့ သူ့ကို လှမ်းအော်တယ်။ သူလည်း အားတင်းပြီး ခုန်ချပစ်လိုက်တယ်။
“ အား………”
ရေထဲကို သူ့ကိုယ်လုံးကြီးကျသွားတဲ့ “ဗွမ်း..” ဆိုတဲ့ အသံအစား ကြောက်အားလန့်အားနဲ့ အော်လိုက်တဲ့ “ အား….” ဆိုတဲ့ အသံကြီးပဲ ထွက်လာတယ်။ သူ့ခန္ဓာကိုယ်မှာလည်း ရေတွေရွှဲနစ်နေရမယ့်အစား ချွေးတွေပဲ ရွှဲနစ်နေတယ်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးနားမှာဝိုင်းဖွဲ့နေတဲ့ သူနဲ့ဘ၀တူ လူငယ်တွေက အထိတ်တလန့်မျက်နှာတွေနဲ့ သူ့ကို ကြည့်နေကြတယ်။  အိပ်မက်။ အိပ်မက်မှ အိပ်မက်ဆိုး။ အနားမှာရှိတဲ့ ရေဗူးကိုလှမ်းယူပြီး အ၀ သောက်ပစ်လိုက်တယ်။
“ မက်နေကျ အိပ်မက်ကြီး မက်နေပြန်ပြီထင်တယ်။ ဟုတ်လား ကိုကြီးကောင်း”
သူ့အကြောင်းကို သိနေတဲ့ ရခိုင်သား သန်းလင်းက လှမ်းမေးတော့ ၀န်ခံတဲ့အနေနဲ့ သူ ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။
“ အဲ့ဒါကြောင့်ပြောတာပေါ့။ တသွားတည်း သွားချင်နေတဲ့ စင်္ကာပူ။ ခင်ဗျားဟာက အိပ်မက်နဲ့တင် မစားသာပါဘူးဗျာ။ ရော့ …. ဒါလေး တစ်ခွက်ချလိုက်”
သန်းလင်းက ၀ိုင်းထဲက ခွက်တစ်ခွက်ကို သူ့ဆီလှမ်းပေးတယ်။ သူခေါင်းခါပြလိုက်ရင်း ခေါင်းအုံးအောက်က ဖုန်းအစုတ်လေးကို ဆွဲထုတ်ပြီး ကြည့်လိုက်တယ်။ သုံးနာရီတောင်ထိုးနေပါပေါ့လား။ ဒီကလေးတွေ ခုထိမအိပ်သေးဘူး။ သူ ချွေးတွေကို သုတ်ပစ်ရင်း အိပ်ယာထဲကို ပြန်လှဲနေလိုက်တယ်။
“ မသောက်ချင်လည်းနေဗျာ…။ ဟေ့ကောင်တွေ ချီးယား….”
သန်းလင်းက အရက်ဝိုင်းဘက် ပြန်လှည့်သွားတယ်။ ရယ်လိုက်၊ မောလိုက်၊ သောက်လိုက်နဲ့ သူတို့ကတော့ ဟန်ကိုကျလို့။ မချိပြုံး တစ်ချက်ပြုံးလိုက်ရင်း သူလည်း မျက်လုံးနှစ်လုံးကို ပိတ်ချလိုက်တယ်။

၅။

“ ကိုကြီးအောင်၊ ကိုကြီးအောင်… ထပါဦးဗျ… ဒုက္ခတော့ ရောက်ပြီ”
အလန့်တကြားအော်ရင်း လှုပ်နှိုးလိုက်တာကြောင့် သူ ရုတ်တရက်နိုးလာရတယ်။ မော့ကြည့်လိုက်တော့ တစ်ဖက်ခန်းမှာနေတဲ့ ပအိုဝ့်လေး။
“သန်းလင်းတို့ အဖွဲ့မူးပြီး ကောင်မလေးတွေ အဆောင်ကို ခဲနဲ့သွားထုနေတယ်”
ပအိုဝ့်လေးစကားကို ကြားမှ သူ ပတ်ဝန်းကျင်ကို သတိရသွားတယ်။ ၀ိုင်းဖွဲ့နေကြတဲ့ သန်းလင်းတို့ လူစုမရှိကြတော့ဘူးပဲ။  သူ အိပ်ယာထဲကနေ ပြာပြာသလဲ ထလိုက်ပြီး အဆောင်ပေါ်က ပြေးဆင်းလာခဲ့တယ်။
“ အဲ့ဒီ ကောင်ကို ထုတ်ပေး၊ မပေးရင် နင်တို့ အကုန်လုံးကို သတ်မယ်”
ကောင်မလေးတွေ အဆောင်ဘက်ကို သူရောက်သွားတော့ သန်းလင်းက တော်တော်သောင်းကျန်းနေပြီ။
“ ဟေ့ကောင် သန်းလင်း၊ မင်းမူးရင် အိပ်ပါလားကွ။ ဘာလို့ သူများ အဆောင်ရှေ့ လာအော်နေတာလဲ”
သူလည်း စိတ်ပေါက်ပေါက်နဲ့ သန်းလင်းကို ရင်ဘတ်စောင့်တွန်းလိုက်တယ်။ အဲဒီတော့မှ သန်းလင်းက သူ့ကို တစ်ချက်မော့ကြည့်ပြီး လက်ထဲက အုတ်ခဲကျိုးကို လမ်းဘေးမြောင်းထဲ လွှင့်ပစ်တယ်။
“ ကျုပ် မမူးဘူး ကိုကြီးကောင်းရ။ ဒီကောင်မတွေပေါ့။ အိမ်ထဲမှာ နီပေါတစ်ယောက်ရှိနေတာကို ထုတ်မပေးဘူး။ အေ့…. ဟေ့… ထုတ်ပေး၊ အဲ့ဒီကောင်ကို ငါသတ်မယ်”
သန်းလင်းက လျော့ကျနေတဲ့ ပုဆိုးကို ပြင်ဝတ်ရင်း နောက်တစ်ခါ ထပ်အော်တယ်။ သန်းလင်း အသံကြီးက အရက်သမားတစ်ယောက်ရဲ့ ၀မ်းခေါင်းသံကြီးဆိုတော့ အနီးနားမှာရှိတဲ့ မလေးအိမ်တွေကပါ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ၀ိုင်းအုံလာကြတယ်။ အခြေအနေကို အမြန်ဆုံး ငြိမ်အောင်လုပ်မှ ရတော့မယ်။ မဟုတ်ရင် မလေးတွေရဲ့ ဖုန်းကလေး တစ်ကောလ်အောက်မှာ သူတို့ ဒုက္ခရောက်သွားနိုင်တယ်။
“ တော်တော့ သန်းလင်း။ မင်းသွားတော့။ ကဲ…….. ပအိုဝ့် မင်းတို့ သန်းလင်းကို ခေါ်သွား”
သူ့ကိုလာခေါ်တဲ့ ပအိုဝ့်လေးကို မျက်ရိပ်ပြလိုက်ရင်း သန်းလင်းကို ပအိုဝ့်လေးဆီ တွန်းလွှတ်လိုက်တယ်။ သန်းလင်း ခန္ဓာကိုယ်ဆီက အရက်ချွေးနံ့က ဝေ့ခနဲ သူ့ နှာခေါင်းထဲ ဆောင့်ဝင်လာတယ်။
“ နင်တို့ အကြောင်းကို သိလို့ စောင့်ကြည့်နေတာ ကြာပြီဟေ့၊ အမျိုးဖျက်မတွေ… ထွီ…”
သန်းလင်းက ပအိုဝ့်လေး ဆွဲခေါ်နေတဲ့ကြားကနေ ကောင်မလေးတွေ အဆောင်ဘက်ကို လှမ်းအော်သွားသေးတယ်။  သူ သန်းလင်းကို
“ ဟာ … ဒီကောင်” လို့  အမူအယာနဲ့ ခြောက်လိုက်တော့မှ ကုတ်ကုတ် ကုတ်ကုတ်နဲ့ ပါသွားတယ်။

၆။

ပတ်ဝန်းကျင်က မုန်တိုင်းကျပြီး ပြန်ငြိမ်သွားတဲ့ မြစ်ရေပြင်လို ပြန်လည် တိတ်ဆိတ်သွားတယ်။ တစ်အိမ်စ နှစ်အိမ်စ ထွက်ကြည့်နေတဲ့ မလေးအိမ်တွေကလည်း စိတ်ချ လက်ချ ပြန်ဝင်သွားကုန်ကြတယ်။
“ ကဲ… ညီမတို့ ၊ သန်းလင်းပြောတာ ဟုတ်လား”
ကောင်မလေးတွေက သူ့မေးခွန်းကို မကြားကြတဲ့အတိုင်း ငြိမ်နေကြတယ်။ သူ ကောင်မလေးတွေရဲ့ အချိုးကိုကြည့်ရင်း ခံပြင်းသွားမိတယ်။
“ ဟုတ်လားလို့ မေးနေတယ်လေ”
သူ ခပ်ဆတ်ဆတ် အော်လိုက်တော့မှ ကောင်မလေးတွေက လှုပ်လာတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင် နင်ပြောလိုက်၊ ငါပြောလိုက်ဆိုတဲ့ အမူအယာမျိုးတွေ လုပ်နေကြတယ်။
သူ ဒေါသထွက်ထွက်နဲ့ ကောင်မလေးတွေ အဆောင်ထဲ ၀င်သွားလိုက်တယ်။ ဟိုအခန်းဖွင့်၊ ဒီအခန်းဖွင့်နဲ့ နောက်ဆုံး အိမ်သာနဲ့ကပ်နေတဲ့ ထောင့်ထဲက နီပေါတစ်ယောက်ထွက်လာတယ်။ ရှက်စိတ် ၊ ဒေါသစိတ်တွေနဲ့ နီပေါကို နှစ်ချက်ဆင့် ထိုးပစ်လိုက်တယ်။
“ ခွေးမသား”
သူဘာပြောတယ်ဆိုတာ နားမလည်ပေမယ့် သူ့လက်သီးရဲ့ ဆိုလိုရင်းကိုတော့ နီပေါကောင် ကောင်းကောင်းသဘောပေါက်သွားမှာ သေချာတယ်။ မျက်နှာပေါ်မှာ သူ့ လက်သီးရာက စက္ကန့်ပိုင်းအတွင်း ထင်ထင်ရှားရှားပေါ်လာတယ်။
“ သွား…….. ရှေ့က”
နောက်ကနေ တင်ပါးကို တစ်ချက်ထပ်ကန်လိုက်ရင်း နီပေါကောင်ကို ကောင်မလေးတွေရှေ့ သူခေါ်ထုတ်လာခဲ့တယ်။
“ ဒီကောင့်ကို ဘယ်သူခေါ်သွင်းလာတာလဲ”
နီပေါကို သွက်သွက်ရမ်းသွားအောင် ဆွဲခါလိုက်ရင်း သူ မေးလိုက်တော့ ကောင်မလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငြိမ်နေကြတုန်းပဲ။ တဆတ်ဆတ်တုန်လာတဲ့ သူ့ ခန္ဓာကိုယ်က ဒေါသမီးခိုးတွေ ထွက်နေတယ်လို့ သူ ထင်တယ်။ မြန်မာ မိန်းကလေးတွေချည်းနေတဲ့ အဆောင်မှာ အချိန်မတော်ကြီး လူမျိုးခြားတစ်ယောက်ရောက်နေတာ ဘာသဘောလဲ။
“ မေးနေတယ်လေ”
သူ နောက်တစ်ခါ ထပ်အော်လိုက်တော့မှ ကောင်မလေး တစ်ယောက်စီက အသံထွက်လာတယ်။ အသံက ကြားရတယ် ဆိုရုံလေး။
“ အဲ့ဒါ သမီးရည်းစားပါ ကိုကြီးကောင်း”
“ ဘာ”
သူ့နားထဲ သံရည်ပူ အလောင်းခံရတာထက်ဆိုးတယ်။ ခေါင်းကို သံချောင်းနှစ်ခုနဲ့ ညှပ်ရိုက်လိုက်သလို ကျင်ခနဲ ဒိန်းခနဲ ဖြစ်သွားတယ်။ သူက လုပ်ယူခဲ့တာ မဟုတ်ရပါဘဲနဲ့ သူ့မျက်လုံးတွေကလည်း ပြူးကျယ်ဝိုင်းစက်သွားရတယ်။
“ ဘာရယ်…. ဒီကောင်က နင့်ရည်းစား … ဟုတ်လား”
သူက နီပေါကောင်ကို နောက်တစ်ချက်ဆွဲခါလိုက်ရင်း မေးလိုက်တော့  ကောင်မလေးက အသာအယာပဲ ခေါင်းညိတ်ပြတယ်။ သူ့လက်တွေက ပူပူနွေးနွေးပြတ်သွားတဲ့ အိမ်မြှောင်အမြီးဖျားလေးလို တဆတ်ဆတ်တုန်နေတယ်။
“ တောက်……. ထားစရာရှားလို့ဟာ”
တောက်တစ်ချက်ကို ခေါက်လိုက်ရင်း အနားနီးတဲ့ အဆောင်တံခါးကို သူဆောင့်ကန်ပစ်လိုက်တယ်။
“ လိုင်းကာလီ တာမောင်း”
သူ နီပေါကောင်ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း “ နောက်တစ်ခါ မလိုချင်ဘူး” လို့ ကြိမ်းပစ်လိုက်တယ်။ နီပေါကောင်က ကောင်မလေးကို တစ်ချက်ကြည့်ရင်း မထီမဲ့မြင် ပုံစံမျိုးနဲ့ သူ့ရှေ့က ထွက်သွားတယ်။
“ နင့်ကို သူဌေးပြောပြီး ပြန်ပို့မယ်”
အံသွားတွေကို ကျိတ်ရင်း သူပြောလိုက်တော့ ကောင်မလေးက လည်တိုင်ကိုကျော့ပြီး ခေါင်းကိုတောင်မော့ထားလိုက်သေးတယ်။ လူတွင်ပါလို့ နွားကျားကိုက်တာ သူသိတယ်။ ဒေါသစိတ်ကို မျိုချပြီး ကောင်မလေးတွေ အဆောင်ရှေ့က သူ ပြန်ထွက်လာခဲ့တယ်။

၇။


“ ကိုကြီးကောင်း…….. ခင်ဗျား ဘာလုပ်ခဲ့လဲ”
အဆောင်ကို သူ ပြန်ရောက်တော့ အမူးမပြေသေးတဲ့ သန်းလင်းက ကမူးရှူးထိုး ဒေါသတွေနဲ့ သူ့ကို ဆီးမေးတယ်။ သူ့ လေသံထဲမှာ ဒေါသအရိပ်အမြွက်မပါအောင် သူ အတတ်နိုင်ဆုံးထိန်းရင်း ပြောလိုက်တယ်။
“ သူ့ကို မြန်မာပြည်ပြန်ပို့လိုက်မယ်”
“ ပြန်ပို့ရုံနဲ့ မရဘူး ။ သတ်ပစ်ရမှာ။ အဲ့ဒီလို ကောင်မလေးတွေကြောင့် ကျုပ်တို့တွေ ခေါင်းမဖော်နိုင်လောက်အောင် သိက္ခာကျရတာ”
သန်းလင်းရဲ့ အသံက ငိုချပစ်လိုက်တော့မယ့် အသံမျိုး။ သူ့ရင်ထဲမှာလည်း သန်းလင်းခံစားနေရတဲ့ ခံစားချက်ထက် မလျော့တဲ့ ခံစားမှုက ပဲတင်ထပ်နေတယ်။ ဖြစ်နိုင်ရင် သူလည်း သန်းလင်းလို ပေါက်ကွဲပစ်လိုက်ချင်တယ်။  ဒါပေမယ့် သန်းလင်းနဲ့ စာရင် သူက ပေါက်ကွဲဖြစ်လိုက်ဖို့ထက် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေရှာရမယ့် လူမဟုတ်လား။
“ မင်း………တော်တော့ သန်းလင်း။ ဒီစက်ရုံမှာ ငါ အကြီးဆုံး။ ဒီကိစ္စကို ငါပြေလည်အောင် ဖြေရှင်းပေးမယ်”
သန်းလင်းကို နောက်ဆုံးစကား တစ်ခွန်းပြောလိုက်ရင်း အဆောင်ရှေ့က ခုံလေးပေါ်မှာ သူ သွားထိုင်နေလိုက်တယ်။ လူကသာ ထိုင်နေတာပါလေ..။ စိတ်တွေက အတိတ်နေ့တွေဆီကို  နောက်ပြန်ခုတ်မောင်းနေတဲ့ ရထားကြီး တစ်စင်းလို တရိပ်ရိပ် နဲ့။

၈။

သူ အိမ်ထောင်ကျခါစ၊ ကြည့်မြင်တိုင် ကမ်းနားဈေးကနေ ဟိုတစ်ဖက်ကမ်း စက်စမ်းကို ကူးတို့သမားလုပ်တုန်းက သူ့ဆီမှာ အမြဲစီးနေကျ သူ့ဖောက်သည် ငါးရောင်းတဲ့ ရီးလေးပုမကြီးရဲ့ ပြောစကားတွေကို သတိရမိတယ်။
အဲ့ဒီတုန်းက  ရီးလေးပုမတစ်ယောက် စက်လှေပေါ်ကို ထိုင်လိုက်ရင်း ငါးတွေကို ရေထဲ လွှင့်ပစ်နေတာမြင်တော့ သူက မနေနိုင် မထိုင်နိုင်မေးမိတယ်။
“ အရီးလေး …. ငါးတွေကို ဘာလို့လွှင့်ပစ်နေတာလဲဗျ”
သူ့အမေးကိုကြားတော့ ရီးလေးပုကမက သွားကျိုးတွေကြားထဲက လေထွက်လာအောင် “ရှီး” ခနဲ တစ်ချက်ရယ်လိုက်တယ်။
“ အပုပ်တွေဟေ့…. အပုပ်တွေ”
“ ဟာ……… အပုပ်တွေလည်း နည်းနည်းလေးပဲ….. ရောရောင်းပေါ့ဗျ”
ဒီတစ်ခါတော့ ရီးလေးပုမက လေထွက်ရုံတင် မဟုတ်တော့ဘူး။ အသံထွက်အောင်ပါ ရယ်တယ်။
“ အမယ်လေး ငကောင်းရယ်… ။ ရောရောင်းဖို့ နေနေသာသာ တစ်ကောင်တလေ ပါတာတောင် အကုန်လုံးပုပ်ပါတယ် လုပ်ကြတာ။ နင်မကြားဖူးဘူးလား။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ်ဆိုတာလေ”
အဲဒီလောက်ပဲ။ ရီးလေးပုမက သူ မကြာခဏ ကြားဖူးနေကျ စကားကိုလွယ်လွယ်လေး ပြောလိုက်တယ်။ အဲ့ဒီတုန်းကတော့ သူကလည်း လွယ်လွယ်လေး ပြုံးရုံသာ ပြုံးခဲ့မိတာပဲ။ အခုတော့ သူ လွယ်လွယ် မပြုံးနိုင်တော့ဘူး။ သေသေချာချာစဉ်းစားလေ အသည်းနာလေ။
တကယ်ပါ။ သူ့မှာသာ စွမ်းဆောင်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိခဲ့ရင် ရီးလေးပုမကြီး သူ့ငါးဗန်းထဲက ငါးအပုပ်တွေ လွှင့်ပစ်သလိုမျိုး လောကကြီးနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ အရာအားလုံးကို သူ လွှင့်ပစ်ပေးလိုက်ချင်တယ်။
စကားလုံးလေးတစ်ခုတော့ သူ ကြားဖူးတယ်။  အချိန်ဆိုတာ အကောင်းဆုံး တံမြက်စည်းတဲ့။ ဘယ်သူပြောခဲ့မှန်း မသိပေမယ့် သိပ်ကောင်းတဲ့ စကားလေးလုံးလို့ သူသိထားတယ်။ သူတို့ နေထိုင်ရတဲ့ လူ့ဘုံလောကကြီးနဲ့ မသင့်လျော်တဲ့ သက်ရှိ၊ သက်မဲ့ အရာအားလုံးကို တစ်နေ့ကျရင် အချိန်ဆိုတဲ့ တံမြက်စီးကြီးက မလွဲမသွေ လှည်းကျင်းပစ်လိမ့်မယ်လို့ သူတစ်ထစ်ချ ယုံကြည်တယ်။  တစ်ခုပဲရှိတယ်။ အချိန်ဆိုတဲ့ တံမြက်စည်းကြီး အသက်ဝင်လာအောင်တော့ သူတို့ ဇွဲသန်သန်နဲ့ စောင့်နေကြရလိမ့်မယ်။


                                                                                                      လူခါး
                                                                                      
                                                                  ပေဖူးလွှာ၊ ၂၀၁၃ ၊ သြဂုတ်

No comments: