Thursday 29 August 2013
`မိုးဦးကျ´
                                   (၁)
 ရွာကလေးက ဆူးရစ်ခြုံထဲရောက်နေတဲ့ ဗူးသီးခြောက်တစ်လုံးလို ခြောက်ခြောက်သွေ့ သွေ့ နိုင်လွန်းလှတယ်။ ဒီကြားထဲ
အနောက်လေနဲ့ ပါပါလာတတ်တဲ့ 
လေပွေတစ်ချက်က ရွာကလေးကို အမှိုက်သရိုက်တွေနဲ့ ပစ်ပေါက်ကျီစယ်ပြီး ပြေးထွက်သွားတတ်ကြသေးတယ်။ ရွာကလေး
အပေါ်မှာ လောဘတကြီးထိုးထွက်
နေတဲ့ ထန်းပင်ကိုင်းကိုင်းကြီးတွေကတော့ မကြာခင်ရောက်လာတော့မယ့် မိုးဦးကျ ကို စိတ်မရှည်စွာစောင့်နေရသလိုမျိုး 
ဘယ်ညာယိမ်းထိုးပြီး ညည်းညူနေကြ
လေရဲ့ ။
 ရွာကလေးရဲ့ ကာလသားခေါင်း ကိုဓာတ်ဖိုဟာ အပိုင်းပိုင်းဖြတ်ထားတဲ့ ရှားသားပိုင်းတွေကို အလယ်တည့်တည့်ကနေ 
ထက်ခြမ်း ခြမ်းချနေတယ်။ အနှစ်
ပြည့်ပြည့်နဲ့  မာကျောလှပါတယ်ဆိုတဲ့ ရှားသားပိုင်းတွေကို မိုးဦးမကျခင်စပ်ကြား ထွန်သွားဖြစ်အောင်လုပ်ဖို့ က သူ့ အတွက်
 အရေးကြီးနေတယ်။
 ``ခွမ်း´´
 ကိုဓာတ်ဖိုက နောက်ဆုံးကျန်နေတဲ့ ရှားသားပိုင်းကို ပုဆိန်နဲ့ အားရပါးရ ပေါက်ချလိုက်တယ် ။ ပြီးတော့ တစ်နွေလုံး
 တသတည်းသလာခဲ့တဲ့ ကိုသာလှ ပန်းပဲဖို
 ထွက် လေးသံဓားမကြီးနဲ့  မိုးဦးကျအတွက် အသုံးတည့်မယ့် ထွန်သွားတွေရအောင် မမောမပမ်းချွန်နေတော့တာပဲ ။  
                             (၂)
 ရွာရဲ့ ဗိန္ဓောဆရာ ဦးသာကတိုးက ဖတ်လက်စ သင်္ကြန်စာကို နှီးကြောဖျာအောက် ပြန်ထိုးထည့်လိုက်ပြီး ဖျာကို နေသားတ
ကျပြန်ဖြစ်သွားအောင် လက်နဲ့ နှစ်
ချက် သပ်လိုက်တယ်။
 ``သိကြားမင်း နွားစီးပြီးဆင်းမှာဆိုတော့ ဒီနှစ် မိုးဦးစောစောကျမှာပဲ´´
 ဦးသာကတိုးက သူတစ်ယောက်တည်း ကြားနိုင်ရုံကလေး ညည်းတယ် ။ မိုးဦးကျတော့မယ်ဆိုတော့ လိုအပ်တဲ့ သစ်ဥသစ်
ဖုတွေစုဖို့  ဦးသာကတိုးလုပ်ရတော့မယ်။ 
ဦးသာကတိုးက ဒီရွာကလေးမှာ လူသူလေးပါး လေးစားအားထားရတဲ့ ဆေးဆရာတစ်ယောက်ပဲ။
 ဒီရွာကလေးတင်လားဆိုတော့ မဟုတ်သေးဘူး ။ ဦးသာကတိုးက ဒီရွာရဲ့ ရွာနီးချုပ်စပ်မှာရှိတဲ့ ရွာတော်တော်များများအထိ
 နာမည်ရထားတဲ့ ဆရာတစ်ယောက်ပဲ။
ဦးသာကတိုးမှာ ရှေ့ နောက်ဆေးပစ္စည်းအစုံထည့်ပြီး ထမ်းလို့ ရတဲ့ ဆိုင်းထမ်းတစ်ခုရှိတယ်။ ဦးသာကတိုးက အိမ်မှာနေတာ
ထက်စာရင် အဲဒီဆိုင်းထမ်းကလေးထမ်းပြီး
ရွားရိုးကိုးပေါက်လျှောက်နေတာက များတယ်။
 ``ကျုပ်တတ်တဲ့ ပညာနဲ့  ကျုပ်ရွာကို ကျုပ်ကယ်မယ် ´´
 ဦးသာကတိုးက လူထူထူရှိရင် အဲဒီစကားကို အမြဲပြောတယ်။
 ``မြို့ က ဆရာဝန်တွေ ခေါင်းခါလိုက်တဲ့ လေးလုံးသမားတောင် ကျုပ်က ကယ်ခဲ့ဖူးတာဗျ´´
 ရွာက လူတွေက လေးလုံးဆိုတာ ဘာရောဂါမှန်းမသိပေမယ့် ဆေးကုမရတဲ့ရောဂါဆိုတာလောက်တော့ သိထားလေတော့ 
ဦးသာကတိုးက အဲဒီလိုပြောတာကိုပဲ ယုံနေ
တော့တာ။
 ယုံမယ်ဆိုလည်း ယုံစရာပါပဲ။
 တစ်ခါတုန်းက ဦးသာကတိုး အိမ်ရှေ့ ကို ကားအကောင်းစားကြီးတစ်စီး ထိုးရပ်လာတယ်။ စက်ဘီးတောင် အိမ်ပေါက်စေ့မရှိတဲ့
 ရွာကလေးမှာ ကားအကောင်းစားကြီး
ရောက်လာတယ်ဆိုတော့ ဦးသာကတိုးတစ်ယောက် အောင်ဘာလေထီတွေ ဘာတွေများ ပေါက်သလားဆိုပြီး တစ်ရွာလုံး 
ဝိုင်းအုံလာကြာတာပဲ။
 ကားတံခါးဆွဲဖွင့်လိုက်တဲ့အချိန်ကျမှ ဦးသာကတိုးကို လူနာလာအပ်မှန်းသိတာ။ လူနာက မနှိုင်းကောင်း နှိုင်းကောင်း
 ခြောက်နှစ်တိတိ ဒုက္ခစရိယာ ကျင့်ထားတဲ့
အလောင်းတော်မြတ်ထက် လှီသေးတယ်။ နံရိုးကြီးတစ်ချောင်း တစ်ချောင်းများဆို အရေပြားပေါ်တင်ထားသလား ထင်
ရလောက်အောင် ငေါထွက်နေတယ်။
 ကားအကောင်းစားကြီးပြန်သွားတာနဲ့ ဦးသာကတိုးက သူ့ ဆေးဆိုင်းထမ်းကလေးကို ဖွတော့တာပဲ။ ဦးသာကတိုးက 
သူဆေးကုရင် ဆေးကို ဂရုတစိုက်တိုက်တာ
ပြုတာထက် မန်းမှုတ်နေတာက များတယ်။ ဆေးတစ်ဖုံစပ်တဲ့အချိန်ထက်စာရင် မန်းမှုတ်နေတဲ့ အချိန်က ပိုကြာတယ် ။
 ဒါပေမယ့် သူ့ ဆေးကို သုံးဖုံအထိ သောက်ပြီးတဲ့လူနာ
ဆိုလို့ ကတော့ သေရွာကတောင် ငေါက်ခနဲ ထထိုင်သွားရမယ်လို့  ဦးသာကတိုးက သူ့ ဟာသူ ပြောလေ့ရှိတယ်။
 ကံကောင်းချင်တော့ ပြောပါတယ်။ ဦးသာကတိုးဆီရောက်လာပြီး တစ်လအတွင်း လူနာက ထူထူထောင်ထောင် ဖြစ်လာတယ်။
 နမ်းခင်းတွေ၊ လယ်ကွင်းတွေထဲ
လမ်းလျှောက်တဲ့အဆင့်အထိ ဖြစ်လာတယ်။ အရင်က ငေါထွက်နေတဲ့ နံရိုးတွေက အသားနဲ့ အရေနဲ့ ဖြစ်လာတယ်။ အရင်က
 အရေတောင် မ၀င်တဲ့ လူနာက ၀မ်းတွင်းသားလေး
လုပ်ပါဗျ ဖြစ်လာတယ်။
 အဲဒီလို လူနာရဲ့  ကျန်းမာရေးအခြေအနေက တစတစ တိုးတက်လာသလို ဦးသာကတိုးရဲ့ အခြေအနေကလည်း တိုးတက်လာ
တယ်။ လူနာရှင် သူဌေးလင်မယားက
ဦးသာကတိုးကို `ဆရာ ဆရာ´နဲ့  ပါးစပ်က မချဘူး ဖြစ်လာတယ်။ နောက်ဆုံး ဘယ်လောက်အထိလည်းဆို ဦးသာကတိုးကို
 မြို့ကို အပါခေါ်တာသာ ကြည့်ပေတော့။
ဒါပေမယ့် ဦးသာကတိုးက မလိုက်ပါဘူး။  ဦးသာကတိုးက ဆောရီးပဲ။ နိုးပဲ... ။
 `` ကျုပ်တတ်တဲ့ပညာနဲ့  ကျုပ်နယ်ကို ကျုပ်ကယ် မယ်´´
 အဲဒီစကားတစ်ခွန်းပဲ ပြောလွှတ်လိုက်တယ်။ သူဌေးကြီးကလည်း ဒီအတိုင်းမထားပါဘူး။ သူ့ ညီကို ဒီလို ထူထူထောင်ထောင်
 ဖြစ်အောင်လုပ်ပေးတဲ့ ဆရာ့အတွက်ဆိုပြီး 
ဦးသာကတိုးလက်မှာ ကျောက်စိမ်းလက်စွပ်ကြီးတစ်ကွင်း ရက်ရက်ရောရော စွပ်ပေးထားခဲ့တယ်။
 အဲဒီကတည်းက ဒီနယ်တစ်ဝိုက်မှာ ဦးသာကတိုးက လေးလုံးတောင်နိုင်တယ် ဖြစ်သွားတာပဲ။ ဒါပေမယ့်လို့  ဦးသာကတိုးဆီက
 ပြန်ပြီး မကြာဘူး လေးလုံးသမားလည်း
သေတာပဲ။ အဲဒီသတင်းကို ကြားတော့ ဦးသာကတိုးက ပြောသေးတယ်။ 
        `` သေနေ့ စေ့ရင် သိကြားမင်း ဆင်းကယ်တောင် မရဘူး´´တဲ့... ။
 အခုလည်း ဦးသာကတိုးက သူ့ ဆိုင်းထမ်းကလေးကို ပြင်တယ်။ နောက်တစ်ရက် နှစ်ရက်နေရင် မိုးရွာတော့မယ်။ မိုးမရွာခင်
 လိုအပ်တဲ့ ဆေးဝါးရှာရမယ်လို့  တွေးရင်း
ဦးသာကတိုးက သူ့ ဆိုင်းထမ်းကလေးကို ပြင်တယ်။
                                    (၃)
 ``ဟဲ့... ငါ မနိုင်မ...´´
 အာခေါင်ခြစ်ပြီး ဆဲလိုက်တဲ့ အသံကြီးနဲ့အတူ ဦးစံတင် လက်ထဲက ၀ါးရင်းတုတ်က နွားပိန်မကြီးပေါ်ကို ဘိန်းခနဲ 
ကျသွားတယ်။ ဦးစံတင်က တုတ်ကို အပြေးလိုက်ကောက်ပြီး
နောက်တစ်ကြိမ် ထပ်ရွယ်လိုက်တဲ့အချိန်မှာ နွားပိန်မကြီးက အလိုက်တသိပဲ ဇက်ကို ဆတ်ခနဲ ချိုးပြီး နောက်ပြန်လှည့်လာ
တယ်။
 ``ငါ ထပ်လုပ်ရ နာတော့မယ်´´
 ဦးစံတင်က ထပ်ကြိမ်းလိုက်ရင်း သူ့ဒေါသကို လျှော့ချလိုက်တယ်။ ဆယ့်နှစ်ရာသီလုံး နေလောင်ထားတဲ့ ဒဏ်ကြောင့် 
ဦးစံတင်ရဲ့အသားအရေဟာ သပိတ်ရောင် ပေါက်နေတယ်။
နေပူမရှောင်၊ မိုးရွာမရှောင် နွားမအုပ်နောက် တကောက်ကောက် လိုက်ခဲ့ရတာ ကြာတော့ ဖိနပ်စီးလေ့ မရှိတဲ့ ခြေဖ၀ါးတွေ
က 
ကျားလျှာနဲ့ နင်လား၊ ငါလားထဲကပဲ... ။
ဆူးမတိုး၊ ခရောင်းမကြောက်တော့ဘူး။
 လယ်ကွက်တွေဟာ နွားတစ်ကောင် မတော်တဆ ခြေချော်ကျရင်တောင် ပြန်နုတ်မရနိုင်လောက်အောင် ပက်ကြားအက်
ကြီးတွေ ထနေတယ်။ ပြန်ငြိမ်သွားတဲ့ နွားအုပ်ကို ကြည့်ပြီး
ဦးစံတင် လယ်ကန်သင်းပေါ် ထိုင်ချလိုက်တယ်။ မရှိမဲ့ ရှိမဲ့ မြက်ခြောက်တွေကို မရမက ကုတ်ဖဲ့ကိုက်နေတဲ့ သူ့နွားအုပ်ကြီးကို
 ကြည့်ရင်း ဦးစံတင် စိတ်မကောင်း ဖြစ်မိတယ်။
 မိုး ရွာမှဖြစ်မယ်... ။ ဟုတ်တယ်။ အဲဒီအကြောင်းဟာ လောလောလတ်လတ် ဦးစံတင် တွေးမိနေတဲ့ အကြောင်းပဲ။
 အစာရှားပါးတော့ နွားလည်း မငြိမ်၊ လူလည်း အငြိမ် မနေရ။
ဆရာ သာကတိုးကတော့ သိကြားမင်းက ဒီနှစ် နွားစီးပြီး ဆင်းသတဲ့။ သိကြားမင်း နွားစီးဆင်း မဆင်းတော့ ဦးစံတင်
 မသိဘူး။ သူ့မှာတော့ အငြိမ်မနေတဲ့ နွားအုပ်ကို စည်းနေရတာ ခြေထောက်တွေ
တိုတော့မယ်။
 ဆင်းရင်လည်း ၀၀ဖြိုးဖြိုး နွားတော့ စီးဆင်းပါ သိကြားမင်းရယ်လို့... ဆုတောင်းရင်း ဦးစံတင် မိုးကို မော့ကြည်
လိုက်တယ်။ မိုးပေါ်မှာ ပျံလွှားငှက်တွေက ပုစဉ်းတွေကို ထိုးသုတ်လိုက်၊
လေထဲကို ဝေ့၀ိုက်ပျံသန်းလိုက်နဲ့ သာသာယာယာပဲ။
      (၄)
 ညတုန်းက မိုးက ပစ်စလက်ခတ်ကြီး ရွာတယ်။ ခြေမျက်စေ့ မြှုပ်လောက်အောင် ထူတဲ့ ရွာလယ်လမ်းက ဖုန်တွေဟာ 
ချက်ချင်း ရေအဖြစ် အသွင်ပြောင်းကုန်တယ်။ နွေတုန်းက နေစားထားလို့
ကျွမ်းနေတဲ့ အပင်အိုတွေဆို ဓားနဲ့ပိုင်းချထားသလို အတုံးအရုန်းပဲ။ 
 ရွာကလေးမှာ ရှိတဲ့ ယောက်ျားသားတွေက အဆင်သင့်ပြင်ထားတဲ့ ထွန်တွေ၊ ထယ်တွေကို ကိုင်ကုန်ကြတယ်။ မိန်းမ
သားတွေကတော့ မျိုးပြာတဲ့သူက ပြာ၊ မျိုးရှာတဲ့သူက ရှာပေါ့။
 ကာလသားခေါင်း ကိုဓာတ်ဖိုဟာ ယာကွက်ထဲ ရောက်ရောက်ချင်း ကွင်းပိုင်နယ်ပိုင်တွေကို လက်ဖက်ခွက် အရင်တင်တယ်။ 
မ ပါ၊ စ ပါ သီးနှံများများ ရပါမယ့်အကြောင်း ဆုတောင်းတယ်။
မိုးမကျခင်က အားရပါးရ ချွန်ထားတဲ့ ထွန်သွားတွေကို ထွန်တုံးမှာ ညီနေအောင် တပ်တယ်။ ဒီအချိန်မှာ ထွန်သွားထိပ်
ကလေးတွေကို ခေါက်လို့ထွက်လာတဲ့ `တ တပ် တပ်´အသံဟာ နားဝင်ပီယံ
အရှိဆုံးလို့ ကိုဓာတ်ဖို ထင်တယ်။
 ``ကဲ... ဖေ့သားကြီးတို့ စကွာ´´
 လက်သပ်မွေးထားတဲ့ နွားညိုကြီး တစ်ရှဉ်းကို ကြိမ်နဲ့တစ်ချက် တို့လိုက်ရင်း ကိုဓာတ်ဖိုဟာ သူ့ရဲ့ ယာထွန်ခြင်းအမှုကို 
စတော့တယ်။
 ကိုဓာတ်ဖို ဒီကနေ့ အူမြူးနေတယ်။ သူအမြဲ လေချွန်နေကျ ရွှေတိုင်ညွှန့်ရဲ့ `လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်ရမည်´
ဆိုတဲ့ သီချင်းကို ခါတိုင်းထက် သာသာယာယာဖြစ်အောင်
ချွန်တယ်။ ထွန်ရှဉ်းကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ရင်းကနေ သှူု့ယာကွက်ကို ကြည့်တယ်။
 သှူု့ယာကွက်ဟာ နှမ်းသုံးစိတ်တိတိ ကျတယ်။ နှမ်းကျဲတဲ့နေ့မှာ မြေသြဇာ ဘယ်နှစ်အိတ်ထည့်ရမယ်၊ နှမ်းပင်လေးတွေ 
ဘယ်နှစ်ရက်သားမှာ ပေါင်းထိုးရမယ်။ မိုးလယ်လောက်အထိသာ
ရာသီဥတု အဆင်သင့်ရင် နှမ်းဘယ်နှစ်တင်းထွက်မယ် ကိုဓာတ်ဖို တွေးတယ်။ အဲဒါဟာ ကိုဓာတ်ဖို တွေးနေကျ၊ ကြိုတွက်နေ
ကျ ကိစ္စပဲ။ ခုလည်း ကိုဓာတ်ဖိုက အဲဒါကို တွေးတယ်။
 မိုးက တစ်ညလုံး သဲကြီးမဲကြီး ရွာထားတယ်ဆိုပေမယ့် မိုးမပေါက်တဲ့ ကျတ်တီးကုန်းနေရာတွေမှာ မြေသားကို ထိုးခွဲနေတဲ့ 
ထွန်သွားသံက တဒီးဒီး ထွက်နေသေးတယ်။ ထွန်တုံးပေါ်
ခြေထောက် တင်တန်တာတင်၊ တစ်ကိုယ်လုံး တက်တန်တက်နဲ့ အကွေ့အလှည့်တွေမှာ ယာစည်းရိုးက နွယ်ပင် ကိုင်းပင်တွေဟာ
 ထွန်သွားကို လာလာချိတ်တယ်။
 ကိုဓာတ်ဖိုဟာ ထွန်ပေါ်တက်လိုက်၊ အောက်ဆင်းလိုက်၊ ထွန်တုံးမှာ လာငြိတဲ့ အမှိုက်တွေကို ခြေထောက်နဲ့ကန်ချလိုက်နဲ့ 
သူ့အလုပ်ထဲ သူ ဈာန်ဝင်နေတယ်။ ပါးစပ်ကတော့ လေအချွန် မပျက်ဘူး။
အဲဒီအချိန်မှာ ယာကွေ့က အမှိုက်တွေနဲ့ရောပါလာတဲ့ သတ္တ၀ါတစ်ကောင်က ထွန်တုံးမှာ လာငြိတယ်။ ဒါကို ကိုဓာတ်ဖိုက
 နွယ်ပင်လို့ပဲ မြင်တယ်။ လေချွန်ရက်ကနေ ခြေထောက်နဲ့ကန်ချလိုက်တယ်။
                                       (၅)
 ``အား...´´          
 နွားအုပ်ကြီးနဲ့ မလှမ်းမကမ်းမှာ ပုဇွန်ကျစ်စာခဲကို ကုန်းဖဲ့နေတဲ့ ဦးစံတင်ဟာ အမှတ်မထင်ကြားလိုက်တဲ့ အော်သံကြီးကြောင့်
လန့်သွားတယ်။ ဘယ်ကလဲ... ။ ဦးစံတင် မျက်လုံးတွေကို 
ကမန်းကတန်း ပွတ်ပြီး ပတ်ဝန်းကျင်ကို အရေးတကြီး လိုက်ကြည့်တယ်။
 တွေ့ပြီ။ ထွန်ရှဉ်းပေါ်က လူတစ်ယောက် လိမ့်ကျသွားတာ ဦးစံတင် တွေ့လိုက်ရတယ်။ ၀ါးရင်းတုတ်ကို ကျစ်ကျစ်ပါအောင် 
ဆုပ်ပြီး ဦးစံတင် ကမန်းကတန်း ပြေးတယ်။ ဦးစံတင်က
ထွန်သမားကို နွားကန်ပစ်လိုက်တယ်လို့ ထင်တယ်။ ဦးစံတင် ထွန်ရှဉ်းနားရောက်တော့ ထွန်သမားက ထွန်လက်တန်းကို 
ဆွဲပြီး အားယူထဖို့ကြိုးစားနေတယ်။
 ``ဟာ... ဓာတ်ဖို´´
 ဦးစံတင်က အာမေဋိတ်သံကြီးနဲ့ခေါ်လိုက်ရင်း ကိုဓာတ်ဖိုကို ဆွဲထူတယ်။ ကိုဓာတ်ဖိုက မျက်နှာကို တစ်ချက်မဲ့လိုက်ရင်း
 ပြောတယ်။
 ``မြွေကိုက်တာဗျ...´´
 ``ဘာ´´
 ဦးစံတင်ရဲ `ဘာ´ဆိုတဲံ အသံက ပြာပြာကြီး။
 ``မြွေကိုက်တာ၊ ဟိုမှာ´´
 ကိုဓာတ်ဖိုက ထွန်တုံးမှာ အမှိုက်တွေနဲ့ လုံးထွေးနေတဲ့ မြွေကို လက်ညှိုးထိုးပြတယ်။ မြွေပွေး။ ဦးစံတင်က လက်ထဲက
ယာစည်းဘောင်မှာ စိုက်ထားတဲ့ ဓားမကို ပြေးယူပြီး မြွေရဲ့အမြီးကို ဖြတ်တယ်။
 ``ရော့... ဒါကို မျိုလိုက်´´
 ပြောပြောဆိုဆို ဦးစံတင်က မြွေအမြီးပြတ်ကို ကိုဓာတ်ဖို ပါးစပ်ထဲ ကလေးပေါက်စ ဆေးခွံ့သလို ခွံ့တယ်။ ကိုဓာတ်ဖိုက
 ခြေထောက်ကို လက်နဲ့ညှစ်ထားရာကနေ
အထိတ်ထိတ်အလန့်လန့်နဲ့မျိုချတယ်။
 ``ခဏနေဦး´´ 
 ဦးစံတင်က နွားကြိုးကို ဖြည်ပြီး ကိုဓာတ်ဖိုရဲ့ မြွေကိုက်တဲ့ ခြေထောက် ဒူးဆစ်အထက်နားကနေပြီး တင်းနေအောင် 
စည်းလိုက်တယ်။ ဦးစံတင်လည်း ကြိုးစည်းပြီးရော
ကိုဓာတ်ဖိုက ကယောင်ကတမ်းတွေ ပြောနေပြီ။ အသားတွေ ပြာလာပြီ။ ဦးစံတင် ဘာမှ မစဉ်းစားနိုင်တော့ဘူး။ ကိုဓာတ်ဖိုကို 
ကုန်းပိုးပြီး ရွာကို ဒုန်းစိုင်းပြေးလာခဲ့တယ်။
                                      (၆)
 ``ဥုံ´´
 ဦးသာကတိုးက လက်ထဲက ဆေးခွက်ကို `ဥုံ´တစ်ချက် ခံလိုက်ပြီး ရွာသူရွာသားတွေ နားမလည်တဲ့ ဂါထာတစ်ပုဒ်ကို 
ရွတ်တယ်။ ကိုဓာတ်ဖိုရဲ့ ဗိုက်ကြီးက ပိန်လိုက် ဖောင်းလိုက်၊
ပိန်လိုက် ဖောင်းလိုက်နဲ့ တစ်ချက်တစ်ချက် အသက်ရှူရပ်သွားတော့မလား ထင်ရတယ်။
 ကိုဓာတ်ဖို ပိုးထိတဲ့ သတင်းကြားပြီး လူတော်တော်များများ ရောက်လာကြတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ 
မိန်းမသားတွေက များတယ်။ လူနောက်ပါလာတဲ့
ခွေးတွေရဲ့ တစ်ကောင်နဲ့တစ်ကောင် ရန်စောင်မာန်မဲသံတွေကလည်း ဆူညံနေတယ်။ မသိများ မသိရင် မျက်လှည့်ဝိုင်းကို လူတွေ အုံနေကြသလိုပဲ။
 ဦးသာကတိုးက ကိုဓာတ်ဖိုကို ပထမဆုံး ဆေးတစ်ဖုံ စတိုက်တယ်။
 ``လေးလုံးသမား ပြန်ထလာတာ ဒီဆေးပဲ´´
 ဦးသာကတိုးက ဒီဆေးဟာ ဒီလို စွမ်းခဲ့ဖူးတယ်ဆိုတာ မမေ့ကြနဲ့ဆိုတဲ့ သဘောနဲ့ ရွာသူရွာသားတွေဘက်ကို လှည့်ပြောတယ်။
 ရွာသူရွာသားတွေကတော့
 ဦးသာကတိုးရဲ့
ပွစိ ပွစိ လုပ်နေတဲ့ ပါးစပ်ကိုပဲ စိတ်ဝင်တစား ကြည့်နေကြတယ်။
 ဆေးတစ်ဖုံ ပါးစပ်ထဲ ရောက်ပြီးတော့ ကိုဓာတ်ဖိုက တွန့်ခနဲ တစ်ချက်လှုပ်သွားတယ်။ `မရတော့ဘူး... မရတော့ဘူး´ဆိုပြီး
 မြေကြီးကို လက်သီးနဲ့ထု
တယ်။ 
ကိုဓာတ်ဖိုက
အဲဒီလို ထုတော့ ဦးစံတင်က အယောင်ယောင်အမှားမှားနဲ့ ကိုဓာတ်ဖိုရဲ့လက်ကို ဖမ်းဆွဲထားရင်း `ကောင်းသွားမှာပါ၊
 ကောင်းသွားမှာပါ´ဆိုပြီး အဖျားတက်နေတဲ့ ကလေးကို ချော့သလို ချော့တယ်။
 ``ဥုံ´´
 ဦးသာကတိုးက နှစ်ဖုံမြောက် ဆေးခွက်ကို တစ်ချက်`ဥုံ´ခံပြီး ကိုဓာတ်ဖို ပါးစပ်ထဲကို လောင်းထည့်လိုက်ပြန်တယ်။ 
ဒီတစ်ခွက်ကျတော့ ကိုဓာတ်ဖိုက အကုန်မသောက်နိုင်တော့ဘူး။
လူနဲ့သတိနဲ့မကပ်တော့ဘူး ဖြစ်လာတယ်။ ဆေးက ပါးစပ်ထဲ တစ်ဝက်၊ အောက်တစ်ဝက် ဖြစ်ကုန်တယ်။
 ``ဒီလောက် ကြေးကြီးတဲ့ ဆေးကိုဟယ်´´
 အသက် ခုနှစ်ဆယ်လောက် ရှိတဲ့ အဒေါ်ကြီးတစ်ယောက်ရဲ့အသံက လူအုပ်ထဲကနေ ခပ်အုပ်အုပ်ကလေး ထွက်လာတယ်။ 
ဦးသာကတိုးက ကိုဓာတ်ဖိုရဲ့ လက်ဖျားခြေဖျားတွေကို စမ်းတယ်။
ကိုဓာတ်ဖိုရဲ့အသားအရေဟာ ပြာရာကနေ မည်းတဲ့ဘက်ဆီ ရောက်လာတယ်။ ပိုးထိထားတဲ့ ခြေထောက်က ဆင်ခြေထောက်
ကြီးလို ယောက်ကိုင်းကိုင်းကြီး ဖြစ်လာတယ်။ နှုတ်ခမ်းတွေက ခြောက်ပြီး
ဖြူဖတ်ဖြူရော် ဖြစ်လာတယ်။ မျက်လုံးတွေက အထက်ကို လည်တက်သွားလိုက်၊ အောက်ကို စိုက်ဆင်းသွားလိုက် ဖြစ်လာ
တယ်။
 ဦးစံတင်က ကိုဓာတ်ဖိုရဲ့ မူမမှန်တော့တဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ဦးသာကတိုးကို အရေးတကြီး ပြောတယ်။
 ``ဆရာ... ဆရာ၊ နောက်တစ်ဖုံ... နောက်တစ်ဖုံ မြန်မြန်လုပ်ပါဗျ´´
 ဦးသာကတိုးက ဦးစံတင်ကို ခေါင်းတစ်ချက် ညိတ်ပြရင်း သုံးဖုံမြောက် ဆေးခွက်ကို ကိုင်လိုက်တယ်။
 ``ဥုံ´´။   ။
                                         လူခါး
                                      စတိုင်လ်သစ် ၊ ၂၀၁၃ ၊ ဇူလိုင် 
No comments: