Monday 29 August 2016
မိုးရေတွေစိုနေတဲ့ ပင်လယ်
မနက်လင်းတာနဲ့ ရွှဲတော့တာပဲ
စိတ်ကာအင်္ကျီဝတ်ထားလည်း
အလွမ်းက မလုံဘူး
ဘယ်တော့လည်း ဘယ်တော့လည်းနဲ့ 
ငါ့ကိုငါမေးရင်း
ငါ့အိမ်ပြန်ခရီးဟာ ငါကိုယ်တိုင်မဖြေရဲတဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့
သင်္ကြန်လည်း လွန်ပြီ
မီးထွန်းပွဲတော်လည်း လွန်ပြီ
အမေနေ့ အမေနေ့ ဆိုလည်း ငါ့မှာ
အိမ်ထောင်စုဇယားထဲမပါတဲ့ မိသားစုဝင်တစ်ယောက်လို
အဝေးက ထီးထီးကြီးငေးနေရ
ငါမရှိတုန်း
ငါ့ ဦးကြီးတစ်ယောက် သေသွားတယ်
ငါမရှိတုန်း ငါ့ အဒေါ်နှစ်ယောက်သေသွားတယ်
ဟော အခုလည်း
ငါမရှိတုန်း
ငါချစ်ရတဲ့ ငါ့ကြီးကြီးတစ်ယောက်။(ကောင်းရာ ဘုံဘဝ
ရောက်ပါစေ ဂျီးရေ)
ဘယ်သူမှ မရှိတဲ့ အရပ်မှာ
တစ်ယောက်တည်း ငါငိုခဲ့ရ။
ပိုက်ဆံဆိုတာ
လူမျိုးရေးခွဲခြားတာထက်
ပိုကြောက်စရာ ကောင်းတဲ့ ရန်သူတစ်ယောက်ရယ်ပါ
ချစ်သောမိသားစု
ချစ်သောအဆွေခင်ပွန်း
ချစ်သော အနုပညာ
ပိုက်ဆံကြောင့် ငါခွဲထားခဲ့ရပေါ့
ဒီဝါကျွတ်ရင် ဒီဝါကျွတ်ရင်နဲ့
စိတ်ကူးနဲ့သာယာနေတဲ့ လူပျိုလက်ကျန်တစ်ယောက်လို
အိပ်မက်တွေနဲ့သာ အိမ်ထောင်ကျနေမိ
ဖွဲတယ်
အကြိမ်ကြိမ်ဖွဲတယ်
စိုတယ်
နေ့တိုင်းစိုတယ်
စိုလွန်းလို့ စိုမှန်းမသိသူ
ငိုရလွန်းလို့ ငိုမှန်းမသိသူ ။
အလွမ်းတွေရေ
ငါ့ကို စိတ်ကြိုက် ရွာချပါတော့
ငါဟာ သစ္စာတရားတို့ ဖြင့် စိုစွတ်အပ်သော ပင်လယ်ပါလေ။
လူခါး
16.06 .2016;thu
wakayama ken
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment